@ တည်နေရာ ရန်ကုန် မုန့်ဟင်းခါး အက်ဆေး

အများက ခေါ်ကြတာကတော့ ၊ မုန့်ဟင်းခါး။ တချို့ကတော့ မုန့်ဟင်းငါး….။
မုန့်ဟင်းခါးသည် မခါးပါ။ ချိုပါသည်။
ကလေးရော လူကြီးရော ကြိုက်ကြသည်။

မုန့်ဟင်းခါးသည် လူတန်းစားခွဲခြားမှု မရှိပါ။ KFC သည် လူတန်းစား ခွဲခြားမှု ရှိသည်။ ရန်ကုန်၌၊ KFC ဆိုင်များ နေရာတော်တော်များများတွင် ရှိသည်။ သို့သော် မုန့်ဟင်းခါး ဆိုင်များလောက်တော့ မပေါပါ။ မုန့်ဟင်းခါးဆိုင် သည် လမ်းဘေးမှာလည်း ရှိသည်။ လမ်းမကြီးပေါ်လည်း ရှိသည်။ လမ်းသွယ်ထဲမှာလည်း ရှိသည်။ ဆိုင်ထဲမှာ လည်း ရှိသည်။ ပလက်ဖောင်း ပေါ်မှာလည်း ရှိသည်။ ရန်ကုန်၌ တစ်သောင်းခွဲတန် မုန့်ဟင်းခါး ရှိသည်။ လေးရာတန် မုန့်ဟင်းခါး ရှိသည်။ ရှစ်ရာတန် မုန့်ဟင်းခါး ရှိသလို၊ တစ်ထောင်တန် မုန့်ဟင်းခါးလည်း ရှိသည်။ မုန့်ဟင်းခါးကို အတန်းအစား အစုံ စားသည်။ အလွှာစုံစားသည်။ မုန့်ဟင်းခါးကို ဆင်းရဲသားလည်း ကြိုက်သည်။ သာမန် လက်လုပ်လက်စားလည်း ကြိုက်သည်။ လူလတ်တန်းသားလည်း ကြိုက်သည်။ လူဂုဏ်တန်လည်း ကြိုက်သည်။ သူဌေးသူကြွယ်ကြီး လည်း ကြိုက်သည်။ သို့သော် သူတို့စားသော ဆိုင်များမှာမူ မတူ။

မုန့်ဟင်းခါးဆိုင်များသည် ရန်ကုန်၌ မှိုလို ပေါက်နေသည်။ မြို့လည်ခေါင်၌ ရှိသည်။ ရပ်ကွက်ထဲ၌ ရှိသည်။ တိုက်ခန်းများအကြား ရှိသည်။ ဈေးကြီးမှာလည်း ရှိသည်။ ဈေးငယ်လေးမှာလည်း ရှိသည်။ ဆိုင်ကြီးကနားကြီး နဘေးမှာ ရှိသည်။ ဟိုတယ်ကြီး ကပ်ရပ်မှာလည်း ရှိသည်။ လက်ဖက်ရည်ဆိုင်ကြီး ရှေ့တွင်လည်း ရှိသည်။ ဗာဒန်ပင်အောက်တွင်လည်း ရှိသည်။ အထမ်းသည်နှင့် ရောင်းသလို၊ လမ်းဘေး ခုံခင်း၍လည်း ရောင်းသည်။ တချို့ ဆိုင်များမှာ မနက်ခင်း၌ ထွက်သည်။ တချို့ဆိုင်များမှာ ညနေခင်း၌ ထွက်သည်။ တချို့က မနက်ခင်းတွင် ထွက်၍ နေ့လယ်ခင်းတွင် သိမ်းကာ၊ ညနေပိုင်း၌ ပြန်ထွက်သည်။

ရန်ကုန် မုန့်ဟင်းခါးကို ကုလားပဲနှင့် ချက်သည်။ ငါးနှင့်ချက်သည်။ ငါးများများ၊ ငါးပေါပေါ ထည့်နိုင်သည့် ဆိုင် မှာ လူကျတတ်သည်။ လူများတတ်သည်။ ပေါပေါပဲပဲ ရောင်းသောဆိုင်များလည်း ရှိသည်။ မုန့်ဖတ် မျှင်မျှင် ရှိသော ဆိုင်နှင့် မုန့်ဖတ် တုတ်တုတ် ရှိသော ဆိုင်များ ကွာခြားသည်။ ငှက်ပျောအူ ခပ်ကြမ်းကြမ်းထည့်သော ဆိုင်နှင့်၊ ငှက်ပျောအူ ခပ်နုနု ထည့်သော ဆိုင်လည်းကွာခြားသည်။ မုန့်ဟင်းခါးကို လက်အိတ်စွပ်၍ ပြင်ပေး သော ဆိုင်ရှိသလို၊ လက်ဗလာနှင့် ပြင်ပေးသော ဆိုင်လည်း ရှိသည်။

မုန့်ဟင်းခါးဆိုင်တော်တော်များများမှာ စည်ပင် ခွင့်မပြုသော ဧရိယာမှာ ရှိနေကြသည်။ စည်ပင်လာလျှင်၊ ရရာ ပစ္စည်း ဆွဲသိမ်း၍ လုံခြုံရာမှာ ဝှက်ထား ကပ်ထား ထမ်းပြေးရသည့် အတွေ့အကြုံကို ရန်ကုန်မုန့်ဟင်းခါးသည် များ ရိုး၍ပင် အီနေပေပြီ။ မုန့်ဟင်းခါး စားသူကလည်း မုန့်ဟင်းခါးသည်ကို ထောင့်ချင့်၍ စည်ပင်ကို စိတ်မဆိုး အား၊ မုန့်ဟင်းခါးသည်ကို ကရုဏာသက်ရသည်က အကြိမ်ကြိမ် ဖြစ်သည်။

မုန့်ဟင်းခါးကို အီကြာကွေးနှင့် တွဲစားသည်။ ဘူးသီးကြော်နှင့် တွဲစားသည်။ ကြက်သွန်ကြော်နှင့် တွဲစားသည်။ နံနံပင် ထည့်မလား၊ ပဲသီးထည့်မလား၊ ငရုပ်သီးထည့်မလား၊ အချည်ရည်ညစ်မလား….။ အိုးဘဲဥနှင့် စားမလား။ ပလိန်းပဲ ကြိတ်မလား။ ကြိုက်တာရသည်။ မုန့်ဖတ် နည်းနည်းလား၊ အရည်များများလား။ ကြက်သွန်ဥ ထည့် မလား။ ငါးဖယ်ညှပ်အုံးမလား။

ရန်ကုန်မှာ အနေကြာသူကတော့ မုန့်ဖတ်ကို ပိုကြိုက်ပေလိမ့်မည်။ အောက်ပြည်ဆင်းလာသော အညာသားများ ကမူ၊ ဟင်းရည်ကို ပိုတောင်းပေလိမ့်မည်။ ရန်ကုန်မှာ မုန့်ဟင်းခါးစားသည်။ အညာမှာ မုန့်ဟင်းခါးသောက် သည်။ ဤသို့ အသုံးကွဲပြားသည်။

အငန်နှင့် အချဉ် ကိစ္စ လာအုံးမည်။ အငန်အတွက် ငံပြာရည်သုံးကြတာတော့ ဆိုင်တိုင်းမှာ ဖြစ်သည်။ သို့သော် တံဆိပ်ကွာသည်။ ပေါချောင်ကောင်းဆိုင်က ငံပြာရည် ခပ်ပေါပေါ။ ခပ်ပဲပဲ။ ကွာလတီထိန်းသည့် ဆိုင်က တံဆိပ် အကောင်းစား သုံးသည်။ တံဆိပ်ကို လူမြင်အောင် ဖော်တတ်သည့် အကျင့်လေး ရှိသေးသည်။ ထို့ နောက် အချဉ်။ အချဉ်အတွက် သံပရိုသီးစိတ်ထားတာ ရှိသည်။ ရှာလကာရည် ပုလင်း ထောင်ပေးထားတာ ရှိ သည်။ သံပရိုသီးစိတ်ထားပေးသော ဆိုင်က ၊ အထာမြင့်သောဆိုင်။ ရှာလကာရည် ထောင်ပေးထားသော ဆိုင် က မည်ကာမတ္တ။ တတ်လို့ လုပ်စားသူ မဟုတ်။ ငတ်လို့ လုပ်စားသူ။ တချို့ကလည်း နှစ်မျိုးလုံးထားပေးထား သည်။ စားသုံးသူ အကြိုက်။ ကြိုက်ရာရွေး။ ဤဆိုင်ကား စေတနာဆိုင်။

မုန့်ဟင်းခါးသည် အာဟာရတန်ဖိုး မြင့်သော အစားအစာဖြစ်သည်။ မုန့်ဟင်းခါးသည် ရန်ကုန်၏ သရုပ်ဖြစ်သလို၊ မြန်မာ၏ သရုပ်လည်းဖြစ်သည်။ ရန်ကုန်ရောက်သော နိုင်ငံခြားသားက မုန့်ဟင်းခါးကို စားတတ်သည်။ တချို့ လည်း လမ်းဘေးအထမ်းသည်ဆီမှာပင် မြန်မာတွေလို ငုပ်တုပ် ထိုင်စားတတ်သေးသည်။ မနက်ဆိုလျှင်၊ မုန့် ဟင်းခါး ဆိုင် အသေအလဲ လိုက်ရှာတတ်သော နိုင်ငံခြားသူတစ်ယောက်ကို တွေ့ဖူးသည်။ မုန့််ဟင်းခါး မရှိလျှင် မနေတတ်လေသလား။

မုန့်ဟင်းခါးသည် စွဲတတ်သည်လား မပြောတတ်။ မုန့်ဟင်းခါး ပူပူကို နှုတ်ခမ်းတေ့ မှုတ်သောက်ရသည်ကိုက အရသာဖြစ်ပါသည်။ ရှားရှားပါးပါး ကြက်သွန်ဥကို နောက်ဆုံး ဟင်းရည် အဆစ်တောင်းပြီး အဝသောက်ပြီးမှ၊ ဝါးမြိုလိုက်ရသည် အရသာသည် ချိုလို့ မြနေတော့သည်။


မုန့်ဟင်းခါးသည် စားသူ အကြိုက် ကိုယ်တိုင် ဖန်တီးခွင့်ရသော အစားအစာလည်းဖြစ်နေပြန်သည်။ လိုချင်သော အချဉ်၊ အငံ၊ အစပ်ကို လိုသလို ပြုပြင်နိုင်သည်။ တွဲဖက်စားရမည့် အကြော်၊ အီကြာကွေး၊ ငါးဖယ်ကို ရွေးချယ် လို့ ရသည်။ မုန့်ဖတ် နှင့် ဟင်းရည် အချိုးကို စားသုံးသူ အကြိုက် ချိန်ဆလို့ ရနေပြန်သည်။ မုန့်ဟင်းခါးသည် ရေးသူရော ၊ စားသုံးသူပါ ဖန်တီး၍ ရနိုင်သော အစားအစာဖြစ်နေသည်။

အေး၍ စိုစွတ်သော ရန်ကုန်ဒေသကို မုန့်ဟင်းခါးက လွှမ်းမိုးထားသည်။ မုန့်ဟင်းခါးသည် အစာကြေလွယ် သည်။ စားလို့ လွယ်သည်။ ချက်လို့ လွယ်သည်။ အရသာ အစုံစုံပါဝင်နေသည်။ ဟင်းခပ်အမွှေးအကြိုင်လည်း ပါသေးသည်။ စပါးလင်၊ ချင်း၊ ကြက်သွန်ဖြူ… ဆီသပ်၍ ချက်ရသည်။ ကုလားပဲ ပြုတ်ရသည်။ ငါးပြုတ်ရည် ထည့်ပြီး ငါးကို အရိုးနွှင်ထည့်ရပြန်သည်။ ဆန်မှုန့် အနည်းငယ် ပါသည်။ တချို့လည်း ရွှေကြည်လို အမှုန့်မျိုး ထည့်သေးသည်။ အမြန်ချက်လိုသူကတော့၊ ကုလားပဲကို မသုံး။ ပဲမှုန့်ကို သုံးသည်။

ကြက်သွန်ဥကို အလုံးလိုက် ထည့်ထားခြင်းကြောင့် ချိုသည်။ ငါးသည်လည်း ချိုသည်။ ပဲမှုန့်နှင့် ဆန်မှုန့် ကြောင့် အရည်သည် ပြစ်သည်။ ငှက်ပျောအူဖတ် အကွင်းလိုက် လှီးထည့်ခြင်းကြောင့် ဖိုက်ဘာဓာတ် ရသည်။ အမျှင်ဓာတ်ရသည်။ အမျှင်ဓာတ်က အစာအိမ် အူလမ်းကြောင်းကို ကောင်းကျိုးပေးသည်။ ပဲနှင့် ကြက်ဥ၊ ဘဲဥ ပါသောကြောင့် ပရိုတိန်းဓာတ်ရသည်။ မုန့်ဖတ်သည် ဆန်နှင့် လုပ်သောကြောင့် ကစီဓာတ်ရပြန်သည်။ အရည် လို သောက်လို့ ရသလို၊ အဖတ်လိုလည်း စားလို့ ရပြန်သည်။ ဝါးလို့ရတာလည်း ရှိသည်။ ပါးစပ်ထဲထည့် ဟို ဖက် ဒီဖက် လှိမ့်ပြီး မြိုချလိုက်ရတာလည်း ရှိသည်။ ရှေ့သွားဖြင့် ထောက်ထောက်ထောက်ထောက် ဝါးလိုလျှင် ပဲသီးတောင့်ရှည် ခပ်ပါးပါးကို နှိုင်းချင်း ထည့်ခိုင်း၍ ရသည်။ အရှေ့ပိုင်းတွေ အစိမ့်စား၍ အနောက်ပိုင်းတွင် ချဉ်ငန်စပ်စားလို့ ရသည်။

ကျနော့် ဘဝတွင် အင်မတိ အင်မတန် အကောင်းဆုံးသော မုန့်ဟင်းခါး စားခဲ့ဖူးသည်။ အလွန်ဆိုးရွားသော မုန့် ဟင်းခါးကိုလည်း စားခဲ့ဖူးသည်။ ယခုအချိန်ထိ မမေ့သေးသော အကောင်းဆုံး မုန့်ဟင်းခါးမှာ ငါးသိုင်းချောင်း တွင် ရှိသည်။ ယခုတိုင် မမေ့သေး။ စားဖူးသမျှထဲတွင် အဆိုးရွားဆုံးသော မုန့်ဟင်းခါးကိုမူ၊ တောင်သာမြို့တွင် စားခဲ့ရသည်။ ယခုတိုင် မမေ့သေး။ ရန်ကုန်သည် အကောင်းစားကြီးလည်း မဟုတ်၊ အဆိုးရွားကြီးလည်း မဟုတ်။ နှစ်ခြိုက်စွာ စားသုံးနိုင်သည့် မုန့်ဟင်းခါးဒေသဖြစ်သည်။ သို့သော် ဆိုင်ကဲကိုတော့ ကောင်းကောင်း ခတ်တတ်မှ ရပေလိမ့်မည်။

မုန့်ဟင်းခါး ဆိုင်၌ လူစုံတပ်စုံ ရှိသည်။ ဝန်ထမ်းလည်း ရှိသည်။ ဈေးသည်လည်း ရှိသည်။ ဆိုင်ပိုင်ရှင် လည်း ရှိသည်။ အိမ်ရှင်မလည်း ရှိသည်။ ကျောင်းသားလည်း ရှိသည်။ ကားသမားလည်း ရှိသည်။ ဆိုက်ကား ဆရာလည်း ရှိသည်။ ကျောင်းဆရာလည်း ရှိသည်။ မန်နေဂျာလည်း ရှိသည်။ ဂျာနယ်လစ်လည်း ရှိသည်။ ကဗျာဆရာလည်း ရှိသည်။ စတိုးဆိုင်က လူကြီးလည်း ရှိသည်။


မုန့်ဟင်းခါးဆိုင်၌ ဗမာလည်း ရှိသည်။ ရှမ်းလည်း ရှိသည်။ တရုတ်ကြီးလည်း ရှိသည်။ ကောင်လေးလည်း ရှိသည်။ လူကြီးလည်း ရှိသည်။ ကောင်မလေးလည်း ရှိသည်။ မိန်းမကြီးလည်း ရှိသည်။ ပျိုပျိုအိုအို၊ နုနုရင့်ရင့် အရွယ်စုံ၊ ဆိုဒ်စုံ ဂိုက်စုံ ရှိသည်။

မုန့်ဟင်းခါးဋီကာသည် တော်ရုံဖြင့် မပြီးသေး။ မုန့်ဟင်းခါး ဆိုင် ရေနွေးကြမ်း ပန်းကန်လုံးနှုတ်ခမ်းမှာ ပေကျန်နေသည့် နှုတ်ခမ်းနီရာ အကြောင်းပြောရန် ကျန်သေးသည်။

မင်းသေ့
နံနက် ၀ း ၀၆
၂၄ ၊ ဩဂုတ် ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post တည်နေရာ ရန်ကုန်
Next post @ တည်နေရာ ရန်ကုန် ကန်စွန်းရွက် အက်ဆေး