ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာမှာ အလွှာနှစ်ထပ်ရှိသည်။ ထိပ်ပိုင်းအလွှာနှင့် အောက်ပိုင်းအလွှာဟူ၍ ဖြစ်သည်။ ထိပ်ပိုင်းသည် ခေါင်းဆောင်မှုဖြစ်ပြီး၊ အောက်ပိုင်းအလွှာမှာ လူထုဖြစ်သည်။ ဒီမိုကရေစီသဘော တရားသည် ထိပ်ပိုင်းမှာတင် ကွက်ပြီး ပျံ့နေလို့ မရ။ အောက်ပိုင်းမှာလည်း ကျယ်ပြန့်စွာ နှံ့စပ်နေရမည်။ အောက်ခြေဒီမိုကရေစီကျင့်ထုံးများကို ချဲ့ရမည်။ သို့အတွက် ပြည်သူပါဝင်မှုကို မြှင့်တင်ရမည်ဟု ဟောသည်။ ဤနေရာတွင် ‘မည်သည့်နေရာ၌ ပါဝင်ရမည်နည်း’ ဆိုသည့် မေးခွန်းပေါ်လာသည်။ အလွှာစုံ၊ နယ်ပယ်စုံတွင် ပါဝင်နိုင်ရေးပင်ဖြစ်သည်။

(၁)

• အုပ်ချုပ်ရေး
• မူဝါဒရေး
• လူထုရေး
• နိုင်ငံရေး
• စီးပွားရေး
• သတင်းအခင်းအကျင်း
• ပြည်ပဆက်သွယ်ရေး
• ဓနဥစ္စာဖန်တီးရေး
စသည့်နယ်ပယ်များတွင် ‘ခွင်’ ကျယ်ကျယ်ရရေးဖြစ်သည်။ ခွင်များသည် လွတ်လပ်ခွင့်များဖြစ်သည်။ ရသည့်ခွင် ကို ဆုပ်ကိုင်ပြီး ပြည်သူ့လွတ်လပ်ခွင့်ကို ချဲ့ယူဖို့ ဖြစ်သည်။ အီးများသလေး၊ ချေးခါးသလေးနှင့် ဆင်ခြေပေးရ မည့် အချိန်မဟုတ်။ Non or All ဆိုသည့် ယူဆချက်ကိုလည်း ဆုပ်ကိုင်၍ မဖြစ်။ အကုန်မှမရရင် တစ်ခုမှ မယူဘူး… ဆိုသူများအတွက် နိုင်ငံရေးအဖွင့်သည် အပြုသဘောဆောင်မည် မဟုတ်။ လုပ်ရင်းကိုင်ရင်း ခွင်ကို ချဲ့သွားရမည့် သဘောဖြစ်သည်။ ဤနည်းဖြင့် ပြည်သူ့လှုပ်ရှားမှုမြင့်လာမည်။ ပြည်သူ့ပါဝင်မှုနှုန်း မြင့်လာ မည်။

လှုပ်ရှားမှုအတွက် အခွင့်အရေး၊ ပါဝင်မှုအတွက် အခွင့်အရေးကို တိုက်ယူခဲ့ကြသည်။ တောင်းယူခဲ့ကြသည်။ တစ်စုံတရာ အတိုင်းအတာတစ်ခုထိ ရှိလာနေပြီဟု မြင်သည်။ ရသလောက်ယူရင်း ချဲ့ယူသွားရမည်ပင်ဖြစ် သည်။

ဤနေရာတွင် သတိထားစရာ တစ်ခုရှိသည်။ ‘ဖြစ်နိုင်ချေ’ များကို ဗဟိုပြုရင်း ‘ဖြစ်သင့်သည်များ’ ‘ဖြစ်ချင်သည်’ များကို မျက်ခြေမပျက်ဖို့ ဖြစ်သည်။ လက်တွေ့ဝါဒီတို့ တင်သော ‘ဖြစ်နိုင်ချေ’ များသည် အပြောင်းအလဲကာလ တွင် အသုံးတည့်နိုင်ပါသည်။ သို့သော် ‘ဖြစ်နိုင်ချေ’ မှာတင် တင်းတိမ်နေလို့ မရ။ ဒီမိုကရေစီဆိုတာ ပန်းတိုင် မဟုတ်။ ကျင့်စဉ်ဖြစ်သည်။ ကျင့်ထုံးဖြစ်သည်။ ရောက်အောင်သွားရမည် မဟုတ်။ ကျင့်ယူရမည် သဘောတရား ဖြစ်သည်။ ခွဲခြားနားလည်ရန် လိုသည်။

(၂)

ဒီမိုကရေစီ၌ အနှစ်သာရများ ရှိသည်။ အချက် (၂) ခုကို ထုတ်ပြမည်။ “အာဏာခွဲဝေမှုပီပြင်ရေး” နှင့် “ပြည်သူ ပါဝင်မှုမြင့်မားရေး” ဖြစ်သည်။ အာဏာခွဲဝေမှုပီပြင်ရေးသည် ထိပ်ပိုင်းအလွှာ ကိစ္စဖြစ်သည်။ ပြည်သူပါဝင်မှု မြင့်မားရေးသည် အောက်ခြေကိစ္စဖြစ်သည်။ အာဏာမဏ္ဍိုင်သုံးရပ်၌ ပီပီပြင်ပြင် အာဏာခွဲဝေမှု ရှိမထားလျှင်၊ အထိန်းအထေလျော့မည်။ ထိုအခါ မဏ္ဍိုင်တစ်ခုခုက လွှမ်းမိုးနေလိမ့်မည်။ သို့ကြောင့် ဒီမိုကရေစီ ချို့မည်။ လွတ်လပ်သော သီးခြားအာဏာမဏ္ဍိုင်များ ပီပီပြင်ပြင် ရှိနေပါသလား။ မေးခွန်းထုတ်ရန်ဖြစ်သည်။

ပြည်သူပါဝင်မှုသည် ယခင်ကထက် ပို၍ ခွင်ကျယ်လာပြီ။ ပြည်သူကလည်း ကိုယ်ပိုင်အသံကို လွှင့်လာနိုင်ပြီ။ သို့သော် ပြည်သူအများမှာ ရောယိမ်းလိုက် ဘသားယိမ်းလိုက်ဖြစ်နေသည်။ အသံများ ထပ်နေသည်။ ကိုယ်ပိုင် အသံစစ်စစ် မဟုတ်။ ပြည်သူ့အသံမှာ သံယောင်လိုက်သံလို ဖြစ်နေသည်။ ပဲ့တင်ထပ်သံလို ဖြစ်နေသည်။ ပြည်သူသည် နောက်မှီးဆွဲလို ဖြစ်နေသည်။ တကယ့် ပြည်သူအများစုက နေ့စဉ် စားဝတ်နေမှု ရုန်းကန်ရေး၌ လုံးချာလိုက်နေသည်။ နိုင်ငံရေးကို စိစစ်ဖို့ အချိန်မရ။ သူတို့ကိုယ်တိုင်လည်း မစိစစ်နိုင်သေး။ ရေချိန်နိမ့်သေး သည်။ ကြားဖန်များရသော ပြည်သူ့အသံများမှာ ခေတ်သစ်ဝါဒဖြန့်ချိရေးဖြင့် ထုတ်လုပ်ထားသော အသံများ သာ ဖြစ်နေသည်။ ငါးပွက်ရာ ငါးစာချ….၊ ငါးစာချရာ ငါးပွက်သည့် သဘောသာဖြစ်သည်။

ပြည်သူပါဝင်မှုသည် လူမှုမီဒီယာမှာပင် အသံကျယ်နေသည်။ လက်တွေ့တွင် အိမ့်ပြင်သို့ ထွက်မလာ။ မှိန်းနေ၊ ကုပ်နေသည်။ ဤအချက်သည် လမ်းပေါ်ထွက်ရေးကို ဆိုလိုသည် မဟုတ်။ လက်တွေ့လုပ်ဆောင်မှု ချို့တဲ့ခြင်း ကို ဆိုလိုသည်။ ပါတီတစ်ခု၊ လူမှုအုပ်စုတစ်ခုက ထုတ်လိုက်သော အသံကို သံယောင်လိုက်နေသည်သာ ဖြစ်သည်။ တကယ့်အသိစိတ်ဖြင့် ထုတ်ဖော်နေသည် မဟုတ်။ မြန်မာလူထုသည် ‘အုပ်စုတွေး’ မှ ရုန်းမထွက် နိုင်သေး။ လူအုပ်ကြီးနောက် လိုက်နေသေးသည်။

(၃)

မူဝါဒဖြစ်စဉ်၌ ပြည်သူပါဝင်ရန် အခင်းအကျင်းပေါ်မလာသေး။ ပြည်သူသည် ဘောက်သောက်ဖြစ်နေသည်။ ချဲလ်နယ်များမှာ ဝေဝါးနေသည်။ ရောထွေးနေသည်။ မူဝါဒကို နီးစပ်ရာ အသိုင်းအဝိုင်းက လုပ်နေသည်။ အကျိုး စီးပွားအုပ်စုများက ကြိုးကိုင်ချယ်လှယ်နေသည်။ အကျိုးစီးပွားအုပ်စုများသည် အာဏာကိုင်ထားသူများနဘေး ဝဲနေသည်။ ၎င်းတို့ရနိုင်မည့် အကျိုးအမြတ်များနှင့် လုပ်ပိုင်ခွင့်များကို အလဲအထပ်လုပ်နေသည်။ အာဏာကိုင် ထားသူများမှာလည်း ကိုယ်ခံအားချို့တဲ့သူက ခပ်များများ။ ‘ငြင်းပယ်နိုင်မှုအင်အား’ နည်းပါးလှသည်။
ပြည်သူသည် အွန်လိုင်းပေါ်က မက်ဆေ့ချ်များအကြား လုံးထွေးနေသည်။ ကိုယ့်အလုပ်ကို ကိုယ်လုပ်ရန် မေ့နေ သည်။ ပြည်သူ့အသံများသည် အပျင်းပြေ၊ အပျော်အပျက် ထအော်နေသလိုဖြစ်နေသည်။ ဤသို့ မဖြစ်သင့်။

• မူဝါဒဖြစ်စဉ်သည် ဘယ်လိုဖြစ်ပေါ်နေသလဲ။
• သိသိသာသာ ထင်ထင်ရှားရှားပေါ်လာသော ပြည်သူပါဝင် နိုင်မည့်မူဝါဒလမ်းကြောင်း ရှိနေပြီလား။
• ဥပဒေစက္ကူပေါ်က ပြဌာန်းချက်စကားလုံးများကို အွန်လိုင်းမီဒီယာတွင် တစ်ယောက်တစ်ပေါက်ပြော နေရုံဖြင့် ပြီးဆုံးပြီလား။
• မူဝါဒနှင့် ဥပဒေကို ခွဲခွဲခြားခြား နားလည်နေပြီလား။
• ရွေးကောက်တင်မြောက်ခံထားသူ စိတ်ထင်ရာ/ ကောင်းနိုးရာရာ လုပ်လိုက်သော ဆုံးဖြတ်ချက်ဟာ မူဝါဒ ဟုတ်ပါသလား။

ယခုလက်ရှိ၌ ပြည်သူ့ပါဝင်ခွင့်ကို မေးခွန်းထုတ်ခြင်းထက် ‘ပါဝင်နိုင်စွမ်း’ ကို ပိုမိုမေးခွန်းထုတ်ဖို့ ဖြစ်ပါသည်။ ခေါင်းဆောင်မှုမှာလည်း ခေါင်းဆောင်နိုင်စွမ်းကို မေးခွန်းထုတ်ဖို့ ဖြစ်ပါသည်။ အလွှာနှစ်လွှာမှာ ချို့တဲ့မှု ကိုယ်စီ နှင့် ဖြစ်သည်။

မင်းသေ့
နေ့လယ် ၁ း ၂၃
၂၈ ၊ ဖေဖော်ဝါရီ ၊ ၂၀၁၉ ။

Previous post ကလောင်ကိုင်သူများ
Next post အသစ်အဟောင်း ကိစ္စ