အသစ်အဟောင်းကိစ္စသည် အပြောင်းအလဲကိစ္စဖြစ်သည်။ အပြောင်းအလဲကာလတွင်၊ အသစ်အဟောင်း ကိစ္စ ပေါ်လာသည်။ အသစ်နှင့်အဟောင်းအကြား ပြဿနာပေါ်လာသည်။ အသစ်နှင့်အဟောင်းအကြား တိုးတိုက်မှု ပေါ်လာသည်။ အသစ်နှစ်အဟောင်းအကြာင်း ပဋိပက္ခပေါ်လာသည်။ အစားထိုးဝင်ရောက်လာသော အသစ်နှင့် တည်ဆဲအဟောင်းအကြား ဝေခွဲရခက်လာသည်။ ဝေခွဲရ ကြပ်လာသည်။ အသစ်ကို ရွေးမည်လော။ အဟောင်း ကို ဆက်လက်ကိုင်ဆွဲမည်လော။

အသစ်အဟောင်းကိစ္စသည် တရားသေအဖြေမရှိ။ အသစ်အားလုံးသည် မကောင်း။ ထိုနည်းလည်းကောင်း အဟောင်းအားလုံးသည်လည်း မကောင်း။ ကောင်း၊ မကောင်း၊ သင့် ၊ မသင့် ဆိုတာကို ခေတ်နှင့် တိုင်းထွာဆုံး ဖြတ်ရန်ဖြစ်သည်။ ပကတိအရှိနှင့် နှိုင်းချိန်သုံးသပ်ရန်ဖြစ်သည်။ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှား အမှား ပိုင်းခြား ကြည့်ရှုရန်ဖြစ်သည်။

(၁)

ကြားကာလ

အသစ်နှင့်အဟောင်းသည် လွန်ဆွဲနေသည်။ အဟောင်းကို ငြီးငွေ့ချိန်၊ အသစ်သည် မျှော်လင့်ချက်ဖြစ်လာ သည်။ အသစ်ကို လိုချင်တပ်မက်သူတို့ များပြားလာသည်။ စနစ်ဟောင်း၊ ဓလေ့ဟောင်း၊ အကျင့်ဟောင်း၊ ကျင့်ထုံးဟောင်း၊ လုပ်ရပ်ဟောင်းများကို မလိုချင်၊ မမြင်ချင် ငြီးငွေ့လာတတ်သည်။ အဟောင်းကြောင့် အကျိုး စီးပွား ထိခိုက်ပျက်စီးလာလျှင်လည်း အသစ်ကို တောင်းတတတ်သည်။ အပြောင်းအလဲသည်၊ အဟောင်း၏ အားနည်းချက်နှင့် အသစ်အပေါ် မျှော်လင့်ချက်တို့မှ ပေါက်ဖွားလာသည်။

ခေတ်၊ စနစ်၊ ဓလေ့၊ ထုံးစံ၊ ယဉ်ကျေးမှု၊ ကျင့်ထုံး၊ လုပ်နည်းလုပ်ဟန်တို့သည် ရွေ့နေသည်။ ပြောင်းနေသည်။ တသားတည်း ဖြစ်တည်မနေ။ ကမ္ဘာပေါ်တွင် လူသားများ အဘယ့်ကြောင့် အခုထိ တည်ရှိနေပါသနည်း။ အကြောင်းကို ရှာရန်ဖြစ်သည်။ ကမ္ဘာကြီးသည် ပြောင်းလဲနေသည်။ ရာသီဥတု၊ ပတ်ဝန်းကျင်အခြေအနေ၊ သွင်ပြင်အနေအထား အားလုံးသည် ရွေ့နေသည်။ လူသားဖြစ်စဉ်သည်လည်း ရွေ့နေသည်။ ‘အီဗော်လူးရှင်း’ သဘောဖြင့် ရွေ့လာသည်။ ဆင့်ကဲဖြစ်စဉ်ဟု ခေါ်သည်။ လူသားသည် နှစ်သန်းပေါင်းများစွာ ပြောင်းလဲဖြစ် တည်လာသော သတ္တဝါဖြစ်သည်။

လူသားသည် ပတ်ဝန်းကျင်ကိုလည်း ပြောင်းသည်။ ပတ်ဝန်းကျင်၏ အပြောင်းခံခြင်း၌လည်း လိုက်ပါသည်။ အပြောင်းအလဲဖြစ်စဉ်၌ လူသားသည် မျက်နှာစာနှစ်ဖက်မှာ ရှိနေသည်။

(၂)

လိုက်ပါမည့်နည်း

အပြောင်းအလဲကို တုံ့ပြန်ရန် နည်း (၃) နည်းရှိသည်။ အလိုက်သင့်အလျားသင့် လိုက်ပါပြောင်းလဲခြင်း၊ ကြံ့ကြံ့ခံ ဆန့်ကျင်ခုခံခြင်းနှင့် အပြောင်းအလဲအလိုကို အစွမ်းကုန်လိုက်လျောခြင်းတို့ ဖြစ်သည်။ အမာနည်း၊ အပျော့နည်းနှင့် အလိုက်သင့်စီးမျောသွားခြင်းဟု နားလည်နိုင်သည်။

အပြောင်းအလဲ၌ အဟောင်းကိုသာ ဆက်လက်ဆုပ်ကိုင်သူကို အမာနည်းသုံးသူဟု ခေါ်မည်။ အသစ်မှာ ငမ်းငမ်းတက်လိုက်ပါသူကို အပျော့နည်းသုံးသူဟု ခေါ်မည်။ အလိုက်သင့်စီးမျော၍ ပြောင်းလဲသူကိုမှု စမတ်နည်းသုံးသူဟု ခေါ်မည်။ ခေတ်သည် ဘယ်နည်းကို ပို၍ လိုလားပါသနည်း။ ခေတ်သည် ဘယ်နည်းဖြင့် ပို၍ အံဝင်ခွင်ကျဖြစ်ပါသနည်း။ ပြဿနာရပ်အားလုံးအတွက် တူညီသော အဖြေတစ်ခုတည်း မရှိနိုင်။ ၂၁ ရာစု သည် အဆက်ပြတ်မှုဖြစ်စဉ်တွင် ရောက်ရှိနေပြီဖြစ်သည်။

(၃)

ဘယ်ပုံပြောင်း

အပြောင်းအလဲပုံစံကို အကြမ်းဖျင်း (၂) မျိုး ရှိနိုင်သည်။ ‘အီဗော်လူးရှင်း’ နှင့် ‘ရီဗော်လူးရှင်း’ ဖြစ်သည်။ အီဗော်လူးရှင်းသည် ဆင့်ကဲပြောင်းလဲသွားခြင်းဖြစ်သည်။ တစ်ပြီးလျှင် နှစ်။ နှစ်ပြီးလျှင် သုံး။ တဖြည်းဖြည်း တရွေ့ရွေ့။ တစ်ဆင့်ချင်း တစ်ထစ်ချင်း ပြောင်းခြင်းဖြစ်သည်။ ရီဗော်လူးရှင်းမှာ ရုတ်ချည်းပြောင်းလဲမှုဖြစ်သည်။ တော်လှန်ရေးသဘောဆောင်သည်။ ချက်ချင်းလက်ငင်းသဘောဆောင်သည်။ ခုန်ပျံကျော်လွှား၊ ခုန်ကူးသွား ခြင်း ဖြစ်သည်။ တရွေ့ရွေ့ မဟုတ်။ တဖြည်းဖြည်း မဟုတ်။ တစ်ဆင့်ချင်း မဟုတ်။

အပြောင်းအလဲ၌ ‘အီဗော်လူးရှင်းလော’၊ ‘ရီဗော်လူးရှင်းလော’။ ဆင့်ကဲလော…၊ ချက်ချင်းလက်ငင်းလော…. ဆိုသည့် မေးခွန်း ရှိသည်။

(၄)

အဟောင်းကြိုက်သူ

အဟောင်းကို ဘယ်သူများ ကြိုက်ကြသနည်း။ အဟောင်းကြောင့် အကျိုးအမြတ် ရနေသူများက မူလအထိုင်ကို သဘောကျသည်။ အသစ်ကို မလိုလား။ အသစ်သည် သူတို့ကို မတည်မငြိမ်ဖြစ်စေသည်။ အဟောင်းသည် သူတို့အတွက် နေသားကျသည်။ သက်သောင့်သက်သာရှိသည်။ စိုးရိမ်သောကဖြစ်စရာ မလို။ လေ့လာမှု အသစ် မလို။ နဂိုမူရင်း ရှိပြီးသားနှင့် အသက်ရှင်လို့ ရနေသည်။ ဤသူသည် အဟောင်းကို ကြိုက်သည်။ အဟောင်းမှာသာ နေချင်သည်။ တည်ဆဲအခြေအနေကို လိုလားနှစ်သက်နေသည်။ ဤသူက အသစ်ကို ရန်သူ လိုသဘောထားသည်။ သူ့ထိုင်ခုံကို လုမည့်သူဟု မြင်သည်။ အပြောင်းအလဲ၌ မလိုက်ပါလို၍ ကြောက်ကန် ကန်ပြီး ငြင်းဆန်နေသူနှင့် တူသည်။

အသစ်ကြိုက်သူ

အသစ်ကို ဘယ်သူများ ကြိုက်ကြသနည်း။ အဟောင်းကို မုန်းသူ၊ အဟောင်းကြောင့် ထိခိုက်နစ်နာသူများက အသစ်ကို မျှော်လင့်ကြသည်။ အသစ်ကို တောင်းတကြသည်။ အသစ်ကိုသည် သူတို့၏ ဘဝသစ်ဖြစ်နိုင်သည်။ ဘဝဟောင်းသည် မသာယာ။ နှစ်လိုဖွယ် မရှိ။ နေချင့်စဖွယ် မကောင်း။ အဟောင်း၌ ငြီးငွေ့နေပြီ။ တစ်ခါလာ မဲပြာပုဆိုး… မဖြစ်ချင်တော့။ မျှော်လင့်ချက်အသစ်၊ ဘဝသစ်၊ နေထိုင်မှုအသစ်၊ စနစ်သစ်၊ ခေတ်သစ်၊ အတွေး အခေါ်သစ်၊ ခံစားမှုအသစ်ကို လိုချင်သည်။

အဟောင်းသည် အသစ်လိုလားသူများကို မကြိုဆို။ ရှုတ်ချသည်။ ထို့ကြောင့် အသစ်နှင့် အဟောင်းအကြား ပဋိပက္ခများဖြစ်လာသည်။ အသစ်နှင့်အဟောင်းသည် အကျိုးစီးပွားအပေါ် မှီတည်နေသည်လား။

ဝေခွဲမရသူ

အသစ်နှင့်အဟောင်းအကြား ပြတ်ပြတ်သားသား မရှိသေးသူများကို ဝေခွဲမရသူ စာရင်း၌ ထည့်မည်။ အသစ်ကို လည်း သံသယရှိနေသည်။ အဟောင်းကိုလည်း အကောင်းမြင်နေသေးသည်။ လွန်ဆွဲမှု အားပြိုင်မှုဒဏ်ကို လည်း ခံနေရသေးသည်။ ဉာဏ်ကလည်း နုံ့နဲနေသေးသည်။ အချက်အလက်လည်း ထပ်လိုနေသေးသည်။ လုံ့လထုတ်မှုလည်း လျော့နေသေးသည်။ နှစ်ဖက်လုံးမှ အကောင်းများကိုလည်း မြင်နိုင်သေးသည်။ နှစ်ဖက်လုံး မှာ အကျိုးစီးပွားက ရှိနေသည်။ လုံခြုံမှုက မတည်ငြိမ်တော့။ ‘ရွေးမလား၊ သေမလား’ ဆိုသည့် အခြေအနေ လည်း မကြုံသေးတော့၊ အိပဲ့အိပဲ့နှင့် တွေဝေလို့ ကောင်းနေသေးသည်။

ဘယ်ဘက်မှ မပြတ်လိုက်လို့ မဖြစ်သေး။ နှစ်ဖက်လုံးမှာ မျှထားနိုင်သေးသည်။ ဤသို့သော အခြေအနေကို ဝေခွဲမရသူတို့ ကြုံလေ့ရှိသည်။ တစ်ထပ်တည်း ကြုံသည် မဟုတ်။ တစ်ကွက်စီ ကြုံခြင်းဖြစ်သည်။

ဝေခွဲမရသူ ဆိုသည်မှာ စဉ်းစားနေသူလည်းဖြစ်နိုင်သည်။ ဆက်လက်စောင့်ကြည့်နေသူလည်းဖြစ်နိုင်သည်။ နှစ်ဖက်အကျိုးကို မြင်နေသူလည်းဖြစ်နိုင်သည်။ မပိုင်၍ မရိုက်သေးသူလည်းဖြစ်နိုင်သည်။ အချက်အလက် မစုံ၍ ဝေခွဲရခက်နေသူလည်းဖြစ်နိုင်သည်။ ကိုယ့်အတွေးနဲ့ကိုယ် အကျဉ်းကျနေသူလည်းဖြစ်နိုင်သည်။ အတွေး မရှင်းသူလည်းဖြစ်နိုင်သည်။ အမြင်ကျဉ်းသူလည်းဖြစ်နိုင်သည်။ နေသာသေးလို့လည်းဖြစ်နိုင်သည်။ တာမလုံ သေးလို့လည်းဖြစ်နိုင်သည်။ ထို့ကြောင့် ပြတ်ပြတ်သားသားရွေးချယ်ခြင်းကို မပြုနိုင်သေးတာလည်းဖြစ်နိုင် သည်။ ဘယ်အရာမှ တရားသေ မမှန်၊ အခြေအနေနှင့်အချိန်အခါပေါ်မှာသူ မူတည်သည်ဟု ယူဆထားသူ လည်းဖြစ်နိုင်သည်။ ဝေခွဲမရသူမှာ နှစ်ဖက်စလုံးမှာ ရှိနိုင်သည်။ အပြောင်းအလဲကာလ၌ ထိုသူများသည် ‘ကင်း မိတ်ကာ’ ဖြစ်နိုင်သည်။

အများစုမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချထားသူများ မဟုတ်ကြ။ တွေဝေနေသူ၊ စောင့်ကြည့်နေသူ၊ ဝေခွဲရ ခက်နေသူများသာ များသည်။ ရံဖန်ရံခါ ထိုသူများသည် အပြောင်းအလဲကို ဆုံးဖြတ်နိုင်ကြသည်။ အပြောင်းအလဲ၌ ဘယ်ဘက်လိုက်မည်နည်း။ အုံလိုက်ကျင်းလိုက် ပါသွားလျှင် မရွေးမခံရသူ အထိနာသည်။ အပြောင်းအလဲသည် ရွေ့နေသည်။

(၅)

လော်ဘီများ

ထို့ကြောင့် ထိုသူများအကြား လောဘီများ ပြေးလွှားနေသည်။ သတင်းများကို ဖုံးလိုက်၊ ရောလိုက် လုပ်နေ ကြသည်။ အမှားနှင့် အမှန်ကို ရောထွေး၍ လော်ကြသည်။ ဆော်စရာရှိတာကို ဆော်သည်။ လော်ခြင်း၊ ဆော်ခြင်းကိစ္စသည် အချိန်တိုင်းတွင်ဖြစ်ပျက်နေသည်။ တစ်ဖက်နှင့်တစ်ဖက် အသာစီးရရေးသည် အရေးကြီး သည်။ ထို့ကြောင့် အသစ်အဟောင်းကိစ္စများအကြား လော်ဘီများ၊ ဆော်ဘီများ ရောထွေးပြေးလွှား တွန်းတိုက် ကုန်ကြသည်။
ဤကား၊ အသစ်နှင့် အဟောင်းအကြား အကူးအလူးကာလဖြစ်ပါတော့သည်။

မင်းသေ့
ည ၁၀ း ၅၆
၇ မတ် ၂၀၁၉ ။

Previous post ကျင့်ထုံး နှစ်ခု ၊ သံယောင်လိုက်မှု
Next post ဂျင်းနိုင်ငံ ၊ ဇော်ကန့်လန့်နိုင်ငံ ၊ ဘဲလို နိုင်ငံ