၁၉၈၈ မှာ မွေးဖွားခဲ့တဲ့ တော်လှန်ရေး။ ဘယ်တော့များမှ ဆုံးမှာလဲ… လို့ မျှော်မိတယ်။ တကယ်တော့ တော်လှန်ရေးကို ပြီးဆုံးချင်နေပြီ။ တော်လှန်တာတွေကို ရပ်စေချင်နေပြီ။ ကြွင်းကျန်ရစ်တာတွေလည်း ကုန်စေ ချင်ပြီ။ တော်လှန်ရေးက မပြီးသေးရင်၊ တည်ဆောက်ရေးက ဘယ်တော့များမှ ရောက်ပါ့မလဲလို့ မချင့်မရဲဖြစ်မိ တယ်။

ကျနော်တို့ မျိုးဆက်ကို တော်လှန်ရေးမှာ စုံးစုံးမြုပ်မယ့် မျိုးဆက် မဖြစ်ချင်ဘူး။ တည်ဆောက်ရေးမှာ ကျနော်တို့ ပါချင်တယ်။ ဘယ်ကဏ္ဍက ပါရမလဲ ဆိုတာ တွေးပြီး၊ ကျနော်တို့ တတ်သင့်တဲ့ ပညာကို ကောင်းကောင်းဖြည့် ဆည်းချင်တယ်။

• အရင်မျိုးဆက်ကလည်း တော်လှန်ရေး။
• အခုကျနော်တို့ မျိုးဆက်လည်း တော်လှန်ရေး။
• နောင်လာမယ့် မျိုးဆက်လည်း တော်လှန်ရေးဆိုရင်…၊ ဘယ်တော့များမှ ကျနော်တို့ အဆုံးသတ်ပါတော့မလဲ။

တော်လှန်ရေးကို ပြီးဆုံးစေချင်တဲ့ အကြောင်းရှိတယ်။ တော်လှန်ရေးမှန်ရင် သွေးဒဏ်ရာနဲ့ မကင်းဘူး။ ကျနော် တို့ ရှေ့မျိုးဆက်က မျိုးဆက်တစ်ခု သွေးအိုင်ကြားမှာ ပျောက်ဆုံးခဲ့ပြီ။ ပျောက်ဆုံးတယ်ဆိုတာ သူတို့ ဘဝတွေ ကို ပြောတာပါ။ သူတို့ရဲ့ လုပ်ရပ်တွေက မပျောက်ဆုံးပါဘူး။ ဘယ်တော့မှလည်း ပျောက်ဆုံးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ ဘဝတွေ ပျောက်ခဲ့ပြီ။
သူတို့ ဘဝကို အပျောက်ခံပြီး တော်လှန်ရေးမှာ မြုပ်နှံခဲ့ပြီးပြီ။

တော်လှန်ရေး နှစ် ၃၀ ပြည့်ပြီဆိုတာ အသက် ၃၀ ပြည့်တဲ့ လူတစ်ယောက်လိုပါပဲ။ တော်လှန်ရေးဟာ ကောင်း ကောင်းလူလား မြောက်သင့်နေပြီ။ တော်လှန်ရေးဟာ အသက် ၃၀ နဲ့ လိုက်ဖက်အောင်၊ ရင့်ကျက်မှု ရှိနေသင့် ပြီ။ တော်လှန်ရေးဟာ တော်လှန်ရေး အသက်နဲ့ လိုက်ဖက်တဲ့ ရလဒ်မျိုးကို ထုတ်ပေးနိုင်ခဲ့သင့်ပြီ။

တော်လှန်ရေးက ပြီးပြီလား။ မပြီးသေးဘူးလား။

တော်လှန်ရေးကို တစ်ပိုင်းတစ်စ ရှိသေးတယ်လို့ ယူဆကြတဲ့ လူတွေ ရှိပါလိမ့်မယ်။ တော်လှန်ရေးကို မပြီးဆုံးသေးဘူးလို့ မြင်နေတဲ့လူတွေ ရှိပါလိမ့်မယ်။ တော်လှန်ရေးက ရပ်သင့်နေပြီ၊ တည်ဆောက်ရေး စဖို့ သင့် ပြီလို့ ခံယူတဲ့လူတွေလည်း ရှိပါလိမ့်မယ်။ ဘာတော်လှန်ရေး၊ ဘာတည်ဆောက်ရေးမှ စိတ်မဝင်စားတဲ့ လူတွေ လည်း ရှိပါလိမ့်မယ်။ တော်လှန်ရေးနဲ့ တည်ဆောက်ရေးကတော့ ဆက်ပြီး တွဲသွားရအုံးမှာပဲလို့ ထင်တဲ့လူတွေ လည်း ရှိအုံးမှာပါပဲ။
ဘယ်လိုပဲ ဖြစ်ဖြစ်၊ ကျနော့်မှာ သဘောဆန္ဒတစ်ခု ဖြစ်မိတယ်။

တော်လှန်ရေး မပြီးသေးဘူး ဆိုရင်လည်း ပြီးလိုက်ပါတော့။ ပြီးချင်ပါပြီ။ တော်လှန်ရေးမှာ သေခဲ့တဲ့ အသက် တွေ၊ ကျခဲ့တဲ့ ချွေးတွေနဲ့ ရင်းနှီးခဲ့တာတွေက ဒီမိုကရေစီနဲ့ ထိုက်တန်နေပါပြီ။ လွတ်လပ်ခွင့်နဲ့ ထိုက်တန်နေပါပြီ။ တိုးတက်ရေးနဲ့ ထိုက်တန်နေပါပြီ။ တော်လှန်ရေးမှာ မြုပ်နှံဖို့ လိုသေးတယ်လို့ ယူဆချက် ရှိခဲ့ရင် ကျနော်တို့ နောက်ထပ် အချိန်တွေ၊ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ ဘယ်လောက် ထပ်ရင်းနှီးရအုံးမှာလဲ။ မျိုးဆက် တစ်ခု အပျောက်ဆုံးခံရသေးတာနဲ့ မရသေးဘူးလား။ ကျနော်တို့ မျိုးဆက်ပါ ထပ်ပြီး ပျောက်ဆုံးခံပြီး မြုပ်နှံကြရမှာလား။ ဒီလောက်နဲ့ တင်တော်ပါစို့လား။

ကျနော်တို့ မျိုးဆက်ဟာ တော်လှန်ရေးကာလမှာ လုပ်ဖို့ ကျန်နေသေးတဲ့ အပိုင်း၊ ကဏ္ဍတွေကို ထမ်းဖို့ အချိန် ရောက်ပြီ မဟုတ်လား။ တော်လှန်ရေးရဲ့ အဆင့်တစ်ဆင့် ဖြစ်တဲ့ ဝိုင်းဝန်းတည်ဆောက်ရေးကို သွားကြပါစို့ လား။

ကျနော်တို့ မျိုးဆက်ဟာ ၈၈ အရေးအခင်းကာလနောက်ပိုင်းမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ တော်လှန်ရေးကို မယ်မယ်ရရ မလုပ်ဘူးလို့ ရင့်ကျက်ပြည့်ဝတဲ့ လူတွေ မဟုတ်ဘူးလို့ ယူသော်က ယူနိုင်ပါ တယ်။ ဒါပေမယ့် ကျနော်တို့ သမိုင်းကို မမေ့ပါဘူး။ သမိုင်းကို ချောင်ထိုးမထားပါဘူး။

၈၈ မျိုးဆက် တတိယ မျိုးဆက်ဆိုရင်၊ ကျနော်တို့က စတုတ္ထမျိုးဆက်ပါ။
မျိုးဆက်တစ်ခုကနေ မျိုးဆက်တစ်ခုဆီကို လက်ဆင့်ကမ်းတဲ့နေရာမှာ ဘာတွေကို လက်ဆင့်ကမ်းမှာလဲလို့ ကျနော်မေးလိုက်ချင်ပါတယ်။ ကျနော်တို့ မျိုးဆက်ဟာ ကိုယ့်ရှေ့မျိုးဆက်က အမွေပေးခဲ့တာတွေကို လိုလိုချင် ချင်ရှိပါတယ်။ ဒါပေမယ့် အမွေတိုင်းကိုတော့ လက်မခံပါရစေနဲ့။


အထူးသဖြင့်၊ အမုန်းတရားတွေ၊ အာဃာတတွေ၊ အငြိုးအတေးတွေ၊ ဒေါသတွေ…ကို လက်ဆင့် မကမ်းခဲ့ပါနဲ့။ အမွေအဖြစ် မထားခဲ့ပါနဲ့။ အမှားတော်ပုံတွေကို ရေးသားပြုစုထားပေးခဲ့ကြပါ။ ကျနော်တို့ လေ့လာပါရစေ။ ကျနော်တို့ သင်ခန်းစာ ယူပါရစေ။ ၈၈ အရေးတော်ပုံမှာ မြုပ်နှံခဲ့တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို စံနမူနာပြ အဖြစ် ထားခဲ့ပေးပါ။ ကျနော်တို့ စံပြထားပါရစေ။ ပညာဖြစ်သော အကြောင်းတရားတွေ လက်ဆင့်ကမ်းခဲ့ပါ။ ကျနော်တို့ သင်ယူပါရစေ။ ကျနော်တို့ လေ့ကျက်ပါရစေ။ ဒီလို အမွေကောင်းတွေကို ကျနော်တို့ နှစ်မြို့ပါတယ်။

အငြိုးအတေးတွေ၊ အာဃာတတွေ၊ အမုန်းတရားတွေကို လက်ဆင့်ကမ်းရင်း ကျနော်တို့ ကိုယ်တိုင် ကြိတ်မနိုင် ခဲမရ ဒေါသအာဃာတတွေနဲ့ တစ်ယောက်ကို တစ်ယောက် သံသယနဲ့ မယုံကြည်မှုတွေနဲ့ ဘယ်လိုလုပ် ကြီးပွား တိုးတက်၊ ပြောင်ရောင်ခြင်းကို သွားနိုင်ပါတော့မလဲ။ အမြဲတမ်း မွဲမွဲတေတေ၊ ညှိုးညှိုးခြောက်ခြောက်နဲ့ သိမ်ငယ် နေတဲ့ လူ့အသိုင်းအဝိုင်းမှာ အရေးမပါ၊ အရာ မရောက်ဘဲ ကျင်လည်နေကြရတော့မှာလား။

ကျနော်တု့ိ မျိုးဆက်ကို အဲသည်လို မြင်ချင်ပါသလား။

တိုက်ခိုက်ရုန်းကန်ရခြင်းတွေကို ကျနော်တို့ ဆက်လုပ်ကြရမှာလား။ ဒီမေးခွန်းအား သရဲဘောကြောင်လို့ မေးတဲ့ မေးခွန်း မဟုတ်ပါ။ တော်လှန်ရေးမျိုးဆက်က မြုပ်နှံခဲ့တဲ့ အရင်းအနှီးတွေကို အခြေပြုပြီး ကျနော်တို့ လူ့အသိုင်း အဝိုင်း အဆင့်တစ်ဆင့်ကို မြှင့်ဖို့ ကျနော်တို့ အခြားကဏ္ဍတွေမှာ စွမ်းစွမ်းတမံ လုပ်ကိုင်ချင်တယ်။ လုပ်ပြချင် တယ်။ တည်ဆောက်ပြချင်တယ်။ ကျနော်တို့တတွေ ပညာကောင်းကောင်း သင်ချင်တယ်။ သိသလောက် ပညာနဲ့ တည်ဆောက်ပြခွင့် ရချင်တယ်။

တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုးတဲ့ အလုပ်တွေကို မလုပ်ချင်တော့ဘူး။ တစ်ယောက်ကို တစ်ယောက် သံသယ မျက်လုံးတွေနဲ့ မျက်လုံးဒေါက်ထောက် ကြည့်မနေချင်တော့ဘူး။ ကျနော်တို့ တစ်ယောက် ကို တစ်ယောက် လက်ဆွဲ နှုတ်ဆက်ချင်တယ်။ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး တည်ဆောက်ရေး အုတ်ချပ်တွေကို လက်ဆင့်ကမ်းချင်တယ်။ ကျနော်တို့ဟာ တည်ဆောက်ရေး သံလျက်ကို ကိုင်ချင်တယ်။ ရတတ်သမျှ အုတ်ခဲကျိုးတွေ ဖြစ်ဖြစ်၊ အောက်ခြေခိုင်ခိုင် အုတ်မြစ်ချတာ လုပ်ခဲ့ချင်ပြီ။

အဆောက်အအုံဟောင်းကို ဖြိုတဲ့ အလုပ်က ကျန်သေးသလား။ အဆောက်အအုံဟောင်းက တချို့အစိတ် အပိုင်းတွေ ကျန်နေတယ်ဆိုတာတော့ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် တစ်ဖက်မှာလည်း ရှင်းလင်းရေး လုပ်သင့် တော်လှန်ရှင်းလင်းပြီးခဲ့ပါပြီ။ ဒီတော့ တည်ဆောက်ရေးကို စကြပါစို့။ တော်လှန်ရေးကို အပြီးသတ်ပါတော့။

တော်လှန်ရေးဟာ မပြီးသေးဘူးလို့ ယူဆနေကြရင်ဖြင့်၊ ကျနော်တို့ မျိုးဆက်လည်း အပျောက်ဆုံးခံပြီး ဆက်လက် စတေးကြရအုံးမှာပဲ။ တကယ့်အဖြစ်အပျက်ဟာ ဒီလိုဆိုရင် ကိုယ့်ဘဝကို ကိုယ်တိုင် မြုပ်နှံစတေး ပစ်လိုက်ဖို့ ကျနော်တို့ မျိုးဆက်က တွန့်ဆုတ်နေကြမယ် မထင်ပါဘူး။

တော်လှန်ရေးရဲ့ အသီးအပွင့်ကို ကျနော်တို့ မြင်ချင်ပါပြီ။
နှစ်ပေါင်း ၃၀ ဖြတ်သန်းလာခဲ့တဲ့ တော်လှန်ရေးဟာ ရင့်ကျက်သင့်နေပါပြီ။
သက်ကြီးပု ဖြစ်မနေသင့်တော့ပါဘူး။

တော်လှန်ရေး မပြီးသေးဘူးလို့ ယူဆနေကြသေးရင် မြုပ်နှံခဲ့တဲ့ မျိုးဆက်ကို ညံ့တယ် ပြောရာ ကျပါတယ်။ သူတို့ တာဝန်ကျေခဲ့ပါတယ်။ သူတို့ မြုပ်နှံမှုဟာ အရာရောက်ခဲ့ပါတယ်။ သူတို့ တော်လှန်ရေးဟာ အရွေ့တစ်ခု ဖြစ်ခဲ့ပါတယ်။ တော်လှန်ရေးဟာ မပြီးသေးဘူးလို့ မြင်နေကြရင် ၈၈ တော်လှန်ရေးမျိုးဆက်ရဲ့ လုပ်ရပ်ဟာ အရာမထင်ခဲ့ဘူး၊ အရာမဝင်ခဲ့ဘူး၊ အရွေ့မဖြစ်ခဲ့ဘူးလို့ ခံယူလိုက်ရာကျနေပါလိမ့်မယ်။ သတိချပ်ကြဖို့ ကောင်း ပါတယ်။

ဟောင်းနွမ်းတဲ့ အဆောက်အအုံတွေကို အပြီးသတ် ဖြိုဖျက်ပြီး တော်လှန်ရေးကို အပြီးသတ်လိုက်ကြပါစို့။

ဖောက်ပြန်တဲ့လူတန်းစားတွေ အပြီးသတ် တိုက်ဖျက်ပစ်လိုက်ကြပါစို့။
တော်လှန်ရေးကို လက်စ သတ်လိုက်ကြပါစို့။

တော်လှန်ရေးရဲ့ ရင့်ကျက်မှု အဆင့်တစ်ဆင့်မြင့်ရာဆီ တက်နိုင်ဖို့ ရရာ အုတ်ချပ်ကို ဆုပ်ကိုင်ပြီး၊ အုတ်နေရာ အုတ်၊ သဲနေရာ သဲ၊ သံနေရာ သံ၊ သစ်နေရာ သစ်၊ ကျောက်နေရာ ကျောက်၊ ထုံးနေရာ ထုံး… နှလုံးမူပြီး သန်ရာ ကဏ္ဍတွေမှာ ကိုယ်စီ ထမ်းရွက် တည်ဆောက်ကြပါစို့။

ကိုယ်ကိုယ်တိုင်လည်း သံဆိုရင် သံပီပီသသ၊ သစ်ဆိုရင် သစ် ပီပီပြင်ပြင်၊ သဲဆိုလည်း သဲ အရည်အသွေးပြည့်ပြည့်၊ ကျောက်ဆိုလည်း ကျောက်လား မြောက်မြောက် ဖြစ်အောင် ကြိုးစားကြပါစို့။

ယောင်ဝါးလုပ်၊ လေထပြီး တော်လှန်ရေးအလံ နဘေးမှာ လက်မထောင်ပြီး ဘီယာခွက် မြှောက်မနေကြပါနဲ့။

ဒါဟာ ၈၈ နှောင်းပိုင်း မျိုးဆက်ထဲက မပြောပလောက်စရာ လူသားယူနစ်တစ်ခုရဲ့ အသံချဲ့စက်တစ်ခုလို့ မှတ်ယူ နိုင်ပါတယ်။

မင်းသေ့
၈ ၊ ၈ ၊ ၂၀၁၈ ၊ (မရောက်ခင် ၁ နာရီ အလို)

Previous post ကဗျာရှည်။
Next post ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမား မဖြစ်ထွန်းရခြင်း အကြောင်းအရင်းများ