၂၀၁၈ ခုနှစ်မှာ ရေးကြည့်ခဲ့တဲ့ ကဗျာ….။
ကဗျာလို့တော့ ထင်တာပဲ….
ကဗျာရှည်လို့ ၊ ဘာမသိ ညာမသိ နဲ့ တပ်လိုက်တယ်….။

မြစ်ရဲ့ တစ်ဖက်ကမ်း မြို့ကြီး ပြကြီးမှာ ငါနေတယ်။
အဲ့ဒီမှာ လူတွေလည်း စုံတယ်။
စရိုက်တွေလည်း စုံတယ်။
အလုပ်အကိုင်တွေလည်း စုံတယ်။
အသွေးအရောင်လည်း စုံတယ်။
ချစ်ခြင်း မေတ္တာတွေ စုံသလို၊
အမုန်းတရားတွေလည်း စုံတယ်။

အဲ့ဒီ့မြို့မှာ ငါ့ကို မွေးခဲ့တယ်။
ငါ ဒီမြို့မှာပဲ ခေါင်းမချချင်လို့၊ တခြားမြို့တွေကို ခြေဆန့်ခဲ့တယ်။
တခြားမြို့တွေမှာ ငါ့မြို့နဲ့ မတူတဲ့ အရာကို ငါရှာတယ်။
ငါတွေ့တာ ခံစားချက်တွေ။
ဒါပေမယ့် … ငါ့မြို့က အတ္တတွေ ပိုများတယ်။

နွားခြေရာခွက်ထဲက ဖားသူငယ်လို ငါဖြစ်ခဲ့ဖူးတယ်။
ဝါးလုံးခေါင်းထဲလည်း လသာဖူးတယ်။
အပြင်ကို ခေါင်းပြူထွက်ကြည့်မိတော့….
ငါ့ကိုယ်ငါ သိမ်ငယ်လာတယ်။
ငါကြီးမြတ်တယ်လို့ ထင်တဲ့အရာတွေက သေးသွားတယ်။
ငါ မြင့်မြတ်တယ်လို့ ထင်တဲ့အရာတွေက ကျုံ့ဝင်သွားတယ်။
ငါ့ကိုယ်ငါ ကောင်းလှပါချည်ရဲ့လို့ ထင်တာတွေက
ဆိုးယုတ်သွားတယ်။
ငါတော်တယ်လို့ ထင်ခဲ့တယ်။
တကယ်တော့…
ငါဟာ အထင်အမြင်နဲ့ အသက်ရှင်နေတဲ့သူ။

လူတွေကို ငါပြုံးပြတယ်။
ငါ့ကို ပြန်ပြုံးပြတာ လိုချင်လို့ ငါပြုံးခဲ့တယ်။
အပြုံးတွေ ပြန်မရတဲ့ အခါ ၊
ငါဝမ်းနည်းတယ်။
မျှော်လင့်ရင် မောတယ်ဆိုတာ ငါသိလိုက်တယ်။
မမျှော်လင့်ဘဲ လုပ်တတ်ဖို့ ငါသိလိုက်တယ်။

ချစ်ခြင်းတွေကို မမျှော်လင့်ဘဲ ပေးတတ်ဖို့ ငါကြိုးစားတယ်။
ငါ မရခဲ့ဘူး။
ငါ အတ္တကြီးနေတယ်။
ငါ့မှ ငါလို့ သတ်မှတ်နေတယ်။

ငါနေတဲ့ မြို့မှာ မိုးမရွာဘူး။
ရွာရင်လည်း သည်းသည်းမဲမဲပဲ။
သူနေတဲ့ မြို့မှာ မိုးရွာတယ်။
မိုးကို တွေ့ချင်လို့ မြို့ကို ပြောင်းခဲ့တယ်။

လူ့အပြုံးမှာ အရောင်တွေ ရှိမှန်း ငါ သိလာတယ်။
ငါ နားလည်လိုက်တာက လူ့နှလုံးသား အယူအဆ။
တစ်နေ့တော့ ၊
တစ်ခုခု ဖြစ်လာမယ်လို့ မျှော်လင့်တယ်။
မျှော်လင့်ရင်း ဝေးတာ မောလွန်းတယ်။

ချစ်ခြင်းကို မရည်ရွယ်ပါ။
တွယ်နှောင်ခြင်းဟာ အခြားတစ်ဖက်မှာ။
တုပ်နှောင်ခြင်းနဲ့ ဝေးရာ…
နယ်မြေရဲ့ အခြားတစ်ဖက်မှာ ဝေးကွာ။

အထီးကျန်ခြင်းကို ငါ ခံစားရတယ်။
ကာမဂုဏ်ရဲ့ စည်းစိမ်ကို မက်မောမိတယ်။
ပူလောင်ခြင်းကိုလည်း ရှာရဲ့….
အေးမြခြင်းကိုလည်း တပ်မက်ရဲ့….

ဘယ်ဆီလဲ ဘယ်မှာလဲ….
စိတ်ဆိုး စိတ်ကောက်ခြင်းတွေက အဖန်တလဲလဲ ။

အစတုန်းကတော့ ငါ မငြီးငွေ့ဘူး။
ကြာလာတော့ ငါ ညစ်ထေးလာတယ်….
တုံးတိုက်တိုက် ကျားကိုက်ကိုက်
ငါ မိုက်ရိုင်းတတ်လာတယ်….။

ဘဝဒဏ်ရာဟာ
တဖြည်းဖြည်းနဲ့ နက်လာတယ်။ များလာတယ်။
ဖြစ်တည်ခြင်း အိုးစားကွဲမှုတွေလည်း ထပ်တလဲလဲ
တွန့်ဆုတ်ခြင်း အမူအရာတွေလည်း
အိုးစားကွဲ…။

ရန်သူကို ရန်မမူလို့
သူ ပေးမယ့် ဒဏ်ရာက ခံသာသလား။
အပေါင်းအသင်းဟာ
မိတ်ဆွေ မဟုတ်လို့…
အသည်းအသန် ယုံကြည်နိုင်သလား။

ဘဝမှာ မေးခွန်းတွေနဲ့ ပြည့်နေတယ်
ဖြစ်တည်ခြင်း ဒဏ်ရာတွေကို
အချိန်နဲ့ ကုစားတယ်။
တွေးထင်ခြင်းတွေက တကယ်ဖြစ်မလာ
ငါကိုယ်တိုင်ကလည်း ကဗျာမဲ့ ၊ ကာရံမဲ့

ချိုချိုသာသာ တီတီတာတာတွေကို ငါ တပ်မက်တယ်။
ဒုက္ခသစ္စာဟာ အတွယ်အတာမှာ ရှိတာလည်း ဟုတ်ရဲ့….
စွဲလမ်းခြင်းကို ငါသိတယ်။
တပ်မက်ခြင်းကို ငါ နားလည်တယ်။
ဒါပေမယ့် ငါ တပ်မက်ချင်တယ်။ ငါ စွဲလမ်းချင်တယ်။
ရမ္မက်တစ်ခုဟာ
ဆားငန်ရေလို သောက်မပြေ….
ငါ မက်မောနေလေရဲ့….

စကားလုံးတွေဟာ လမ်းဆိုရင်
ရစ်ပတ်ခြင်းတွေဟာ သံယောဇဉ်ပေါ့….
ဒဏ်ရာတွေလည်း ရှိရဲ့…
တီးတိုးခြင်းတွေလည်း ပိုင်ဆိုင်ရဲ့ …
ဓနဥစ္စာကို ငတ်မွတ်ရဲ့…

အောင်မြင်ခြင်း ကျော်ကြားခြင်းဟာ ဒဏ်ရာ
လူတွေ အလိုချင်ဆုံး ဒဏ်ရာ
စိတ်တွေက ဒဏ်ဖြစ်တယ်။
ခန္ဓာမှာ အနာတရ….
ထုံဖျင်းဖျင်း ခံစားရတာ….
နေ့နဲ့ ည …..။

@@@

ကဗျာရှည်ကို ငါဆက်ရေးတယ်။
ဘဝမှာရေးစရာ ကျန်သေးတယ်လေ…
ဖြစ်တာတွေလည်း ရှိ၏
ပျက်တာတွေလည်း ရှိ၏
ဖြစ်ခြင်းက ပျက်ခြင်းကို မွေးဖွားသလား…
ပျက်ခြင်းကပဲ ဖြစ်ဖို့ ဖြစ်လာသလား…
ငါ မသိ ငါ မရှိ…။

နေ့တွေဟာ ပြောင်းလာတယ်။
နာရီလက်တံတွေလည်း ပိုလည်လာတယ်။
အရင်က နှေးတယ်လို့ ထင်တယ်
အခု မြန်တယ်လို့ ထင်ပြန်တယ်
စိတ်က ဆောက်တည်ရာမဲ့….
လေအဝေ့မှာ ပျံ့လွင့်သလို ဖြစ်ရဲ့….

စာအုပ်တွေကို သဲကြီးမဲကြီး ရှာကျန်ရင်း
လောကနွံထဲကို တိုးဝင်လာ
သိသိကြီးနဲ့ တိုးဝင်လာ
သိလို့ မိုက်တာ ပိုဆိုးသတဲ့….
ငါဆိုးချင်တယ်…
အကောင်းပြောခံရတာ များပြီ…။

ဆိုးသွမ်းခြင်း ဂုဏ်ပုဒ်ကို ငါယူပါရစေ…
မင်း မယူလည်း လောကက ပေးမှာ
လူတွေက ပေးချင်တာ….
ချီးမွှမ်းခြင်းဟာ သာယာစရာ
ကဲ့ရဲ့ခြင်းဟာ လောကဓံမှာ

အနီရောင်စာအုပ်က တော်လှန်ရေးတဲ့
အပြာရောင်စာအုပ်က တဏှာအရေးတဲ့
အစိမ်းရောင်စာအုပ်က မျက်မှန်စိမ်းတဲ့
မြက်ခြောက်ကို စားတဲ့ မျက်မှန်စိမ်းတပ်တွေလည်း ရှိရဲ့
ဘာလာလာ ထိုးနှက်မယ့် တရားသေဝါဒီတွေလည်း စုံရဲ့
ကာမဂုဏ်ကို တပ်မက်တဲ့ သောက်ရူးတွေလည်း ပေါရဲ့ ။

ရဲရဲတောက်လည်း ဆိုဖူးတယ်…
တောင်းပန်တိုးလျှိုးခြင်းကိုလည်း ဖွင့်ဟဖူးတယ်…
ဒူးလည်း ထောက်ဖူးတယ်…
မော်လည်း ကြည့်ဖူးတယ်….
ငါ စရိုက်က အရိုင်းဆန်တယ်…
တောတွင်း ဥပဒေမှာ ကိုက်ညီတယ်…။

ဒဿနလို့ ခေါင်းစဉ်တပ်ပြီး
အတွေးတွေက ဗလချာရမ်း…
စကားလုံးတွေက ဗရမ်းဗတာ
နိမ့်လိုက် မြင့်လိုက် တုံ့နှေးလိုက် ….

တာဝန်တွေလည်း ပြည့်
သင်ယူစရာတွေလည်း ပြည့်
ဒေါသတွေလည်း ပြည့်
အလိုမကျမှုတွေလည်း ဖွင့်ကျ ၊ သွန်ချ
ဘယ်ရောက်လို့ ဘယ်ပေါက် ၊
သူလာမှာလား…
ငါ သွားရမှာလား….

နှလုံးသား နယ်နိမိတ်ကို တိုးစမ်းကြည့်တယ်
မာတယ် ၊ ပျော့တယ် ၊ နူးညံ့တယ်….
ငါ့ လက်ချောင်းတွေ သွက်လက်တယ်…
သူ့ကျောပြင်ကို ပွတ်သပ်လို့…
သူ့လက်ချောင်းတွေကလည်း ငါ့ပါးပြင်ကို တို့ထိလို့…

အရိုင်းဆန်တဲ့ စကားတွေက နူးညံ့တယ်တဲ့
ဟုတ်သလား…
ငါ ထင်တဲ့ လောကကြီးကမှားနေသလား….
အမှားက အမှန်….
အမှန်က အမှား….
ညစ်ထေးခြင်းကို ကြိုက်သတဲ့လား….

မိုးသည်းတဲ့ ညတွေ
အော်သံတွေလည်း ဆူညံလို့
နှင်းကျတဲ့ မနက်တွေ
ငါ့လက်ပြင်လည်း ထုံဖျင်းလို့
နွေပူတဲ့ နေခင်းတွေ
ချွေးစေးတွေလည်း ကျလို့

ရိုက်ခတ်ခြင်း သတ်ပုတ်ခြင်း ထိုးနှက်ခြင်း
အငေါ်တူးခြင်း မိုက်ရိုင်းစော်ကားခြင်း ထွေးပွေ့ယုယခြင်း
တပ်မက်ခြင်း မက်မောခြင်း မုန်းတီးခြင်း
ရိုင်းဆိုင်းခြင်း ယုတ်မာခြင်း
တဏှာမှာ စီးမျောခြင်း….

ရုန်းကန်တယ် လှုပ်ရှားတယ်
အနာဂတ်အတွက် တွေးပူတယ်
စိုးရိမ်မှုဟာ ကြောင့်ကြမှုတွေကို မွေးလို့ ဖွားလို့
ရေရာမှုတွေဟာ တံပိုးတပ် ခိုင်းစေလို့

ဘဝဟာ ပင်လယ်
ဘဝက ကန္တရ
ဘဝဟာ လူလုံးမလှ
ငါဆိုတဲ့ ဗဟိုချက်ကို ဆုံလည်နွားလို နင်းလျှောက်ရ။

ဦးနှောက်က ဗလာ
စိတ်အစဉ်မှာ ဟာတာတာ
ဘာကိုမှ မကျေနပ်
လောဘနဲ့ အသက်ဆက်
ထားခဲ့ရမှာ လတ်လတ်ဆတ်ဆတ်
ယာယီပိုင်ဆိုင်ခြင်းတွေမှာ တပ်မက် ။

ရယ်ခြင်းဟာ ပြုံးခြင်း မဟုတ်
ပြုံးခြင်းဟာ ငိုခြင်း မဟုတ်

နလပိန်းတုံးတွေ ထူအအတွေ
သောက်ပျင်းတွေ နလဒူတွေ
အထူအပါးနားမလည်ခြင်းတွေ
မင်းဟာ သိသလား
ငါဟာ သိသလား
အမှောင်ကမ္ဘာမှာ နင်လား ငါလား။

@@@

ချစ်ခြင်းနဲ့ ဖွဲ့သီတဲ့ ကဗျာတစ်ပုဒ်
တိုးတီးစွာ ရွယ်ဆိုနေတယ်
ငါ့ ရင်ခွင်မှာ သူမှိန်းပြီး
ငါသွတ်သွင်းတဲ့ စကားလုံးကို ခုန်မင်လျက် …..
ဆုပ်ကိုင်ထားတဲ့ ကဗျာစာအုပ် လွတ်အကျ
တုန်ရီသော လက်ဖျား အစ….။

တိမ်တွေ ငိုတယ်
လေတွေ ပြိုတယ်
ရွှေတိဂုံစောင်းတန်းမှာ တို့ လျှောက်တယ်
ဘယ်ဆီမှန်း မသိ
ရင်ပြင်ဆီ ရောက်ခဲ့
လက်အုပ်ကို ချီ
ဘာသာတရားတွေ အစီအညီ
သီးသန့်ကိုယ်စီ
ယုံကြည်ခြင်းတွေ ဖလှယ်သည်။

အခန်းက တိတ်ဆိတ်
စာတစ်ကြောင်း ရိုက် ၊ စာတစ်ကြောင်း ဖျက်
ရေးသင့် မရေး သင့် စဉ်းစား
ရေးချင်တာပဲ ရေးသွား

အသံက တိုးတိတ်တိတ်
ရင်ခုန်ခြင်း ခပ်စိပ်စိပ်
စကားသံတွေက လွတ်လွတ်လပ်လပ်
တွယ်နှောင်ခြင်း ကင်းရဲ့
တစ်ယောက်ကို တစ်ယောက် ချည်းကပ်တဲ့
တေးသံတွေ ဖလှယ်တယ် နေ့တစ်ဝက်။
ငါ့ လက်ချောင်းတွေ လျှက်ထားတယ်
မျက်လုံးက ဘေးဘီဝဲတယ်
သူ့ ရင်သားကို ငေးကြည့်တယ်
ငါ မဝံ့မရဲ
ရင်ထဲတော့ လှိုက်ဖိုဆဲ

လက်ဖဝါးပြင် မို့မို့ကို ဆုပ်ကိုယ်ပြီး
ငါပြောတယ်။
ငါ နှင်ရာ လိုက်မလား….
မျက်လုံးပိတ်ပြီး လိုက်ရဲလား…
သတ္တိရော ရှိရဲ့လား…
ငါ့ အနာဂတ်က မရေရာ၊ မသေချာ
ချစ်ခြင်းတောင် စည်းဘောင်မဲ့
တိုးတိုးခြင်း တိုက်ခတ်
တစ်စစ ကြွေပဲ့ ….။

လွန်းချည်လို စုန်ဆန်
နှလုံးသား ခုန်ဟန်
လှိုက်ဖိုဖို မောလျလျ
လှုပ်ချည်လှုပ်လှည့် လှိုင်းအကြွ။

ရေပြင်က ခပ်သဲ့သဲ့
စီးဆင်းသံ ငါ ကြားရဲ့
ပိုးချည်လို နူးညံ့တဲ့ သံယောဇဉ်တို့ ထုံမွှမ်းသတဲ့…။
အမိ…
တိတိရိရိ နဲ့ သတ်ခဲ့
ချစ်ခြင်းတို့ ဖွဲ့နှောင်
ရုန်းမရ ငေးမှိုင်ကျတဲ့ ရီဝေသော အချစ်တောင်…။

စကားတွေ သီတယ်
အချစ်တွေ စီတယ်
သုဉ်းဆိတ်ခြင်းတွေ ရီတယ်
ခပ်သဲ့သဲ့ တီးတိုးသံ ငါ ရင်ခုန်လို့ နေတယ်။

ခြေတစ်လှမ်း လှမ်းခဲ့ပါ
မင်း ခြေတစ်လှမ်းက ငါ့ ခြေနှစ်လှမ်းပေါ့
ငါ ယောက်ျားပဲ ….
ငါ လှမ်းရမှာပေါ့
ဖွင့်ထားလား တံခါး
စေ့ထားရင် လာချင်တယ်
ငါ့မှာ အချစ်တွေ ရှိတယ်….။

ကာရံမဲ့ ကဗျာတွေ ငါ ရွတ်တတ်တယ်
မင်း ယုံလား….
ငါ့ အသံကို ကြားချင်လား….
ရင်ခုန်သံကို နားစိုက်ထောင်
လောက အမှောင်…။

ခြေလှမ်းတွေဟာ ကဗျာမဲ့
ကာရံတဲ့ စည်းချက်ညီ
ဆည်းဆာရီ ချောင်းနဘေး
နှမချော့တေး….။

@@@

တေးသံတွေ စီပေါ့…
တေးသံတွေ ရီပေါ့….
ဒွိဟ သံသယတွေအကြား
ငါ လျှောက်ခဲ့…
ယုံတစ်လှည့် ၊ မယုံတစ်လှည့် …
သံသရာဟာ ဝဲလည်ခဲ့….။

အူသံတွေလည်း ကြားတယ်
ဟောင်သံတွေလည်း ကြားတယ်
ကဲ့ရဲ့သံ…
ချီးမွှမ်းထောပနာပြုသံ…
ဝတ်ပြုဆုတောင်းသံ…
လူတွေဟာ အသံပေါင်းစုံကို ပြုနိုင်လေရဲ့….
ေဩာ်…. လက်လေးသစ်မျှ ရှိသော ပါးစပ်။

ရင်ခုန်သံဟာ
မောဟိုက်သံ ဖြစ်ခဲ့….
မောခြင်း ပန်းခြင်း
ခရီး လှမ်းခြင်းးးး

တောနဲ့ တောင်နဲ့
မြေနဲ့ရေနဲ့
ခြံနဲ့ ဝန်းနဲ့
အသိုင်းနဲ့ အဝိုင်းနဲ့
ခပ်သဲ့သဲ့ အသံကြားရဲ့….
ငိုညည်းသံလား…. ညည်းတွားသံလားး
သာယာမှိန်းမောနေသံလားးး။

မင်းသေ့

Previous post ဗလုံးဗထွေး ရှုမြင်ချက်များ
Next post အရေးတော်ပုံ နှစ် ၃၀ ပြည့်ပြီ။