ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမား မဖြစ်ထွန်းရခြင်း အကြောင်းအရင်းများ

နိုင်ငံရေးသမားလို့ ပြောရင်၊ လူ့အသိုင်းအဝိုင်းက နှုတ်ခေါင်းရှုံ့ချင်ကြသည်။ အကြောင်းမှာ နိုင်ငံရေးသည် အညစ်အထေးလို့ မြင်လို့ဖြစ်မည်။ တချို့ကလည်း နိုင်ငံရေးလို့ ပြောရင် မျက်လုံးပြူးကြသည်။ နိုင်ငံရေးသည် ကြောက်စရာလို့ မြင်လို့ ဖြစ်မည်။ တချို့ကလည်း နိုင်ငံရေးဟုပြောလျှင် မျက်နှာလွှဲသွားကြသည်။ နိုင်ငံရေး သည် ကိုယ်နှင့်မဆိုင်ဟု တွက်ချက်ပုံရသည်။

လူ့အသိုင်းအဝိုင်းက နိုင်ငံရေးအပေါ် မြင်ပုံ အမျိုးမျိုးရှိသည်။ နိုင်ငံရေးဆိုသည်မှာလည်း မျက်နှာစာပေါင်းစုံ ရှိနေသည်သာ။ နိုင်ငံရေးအလုပ်ကို ဘယ်သို့ ဘယ်ပုံ ခံယူကြသနည်း။ ခံယူချက်အမျိုးမျိုး၊ ယုံကြည်ချက်အမျိုး မျိုးရှိပါလိမ့်မည်။
နိုင်ငံရေးကို အညီအဟောက်၊ အညစ်အထေးဟု မြင်ခြင်းသည် အဆန်း မဟုတ်။ နိုင်ငံရေးကို ကြောက်စရာ၊ လန့်စရာ လို့မြင်ခြင်းသည်လည်း မထူးခြား။ နိုင်ငံရေးသည် ကိုယ်နှင့်မဆိုင်၊ ဖာသိဖာသာနေထိုက်သောအရာဟု ဆိုလျှင်လည်း မထူးဆန်း။ အကြောင်းမှာ မြန်မာ့ရေမြေ၌ ဤသို့သော အကြောင်းတရားများ ညီညွတ်နေပြီး၍ ဖြစ်သည်။

နိုင်ငံရေးမျက်နှာစာပေါင်းစုံ ရှိသည့်အနက်၊ နိုင်ငံရေးသမားအမျိုးမျိုးလည်း ရှိနေသည်။ နိုင်ငံရေးအပေါ် ခံယူချက်၊ အမြင်ပေါင်းစုံလည်း ရှိနေသည်။ ဤဖြစ်ပုံသည် သဘာဝပင်။ နိုင်ငံရေး၏ သဘာဝကိုက ဆန်းကျယ် သော၊ ထွေပြားသော၊ နက်နဲနေသော၊ တစ်သတ်မှတ်တည်း မဟုတ်သော သဘောများကို ဆောင်သည့် သဘော။

လူထုက နိုင်ငံရေးသမားကို တစ်မျိုးတည်း မြင်ကြသည်။ နိုင်ငံရေးအလုပ်ကိုလည်း တစ်မျိုးတည်း မြင်ကြသည်။ ဘောင်ဖြင့် ကန့်သတ်ခံရဖန်များလာသော လူ့အသိုင်းအဝိုင်း၌ ထိုသို့အမြင်ရှိသည်မှာလည်း မဆန်း။ တစ်ကြောင်းတည်းတွေးတတ်သော အတွေးပုံစံများဖြင့် ကွပ်ညပ်ခံရဖန်များလာ၍ ဖြစ်ဟန်တူသည်။

မြန်မာ့လူမှုဓလေ့၊ မြန်မာ့နိုင်ငံရေးဓလေ့သည် မပြောင်းမလဲ တသတ်မှတ်တည်းရှိနေသေးသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ / ၆၀ ခန့်က အချိန်နှင့် ယခု အချိန်အထိ ထူးထူးခြားခြားပြောင်းလဲလာသည်တော့ မဟုတ်။ တဖြည်းဖြည်းချင်းနဲ့ ရွေ့လာသော အရွေ့တချို့တော့ ရှိသည်။ သို့သော် သာမန် ပြည်သူလူထုအကြားမှာတော့ ယခင်အတိုင်း၊ ဒုံရင်း ဒုံရင်း အတိုင်းသာ။

နိုင်ငံရေးအလုပ်နှင့် ဆက်နွှယ်၍ ပရော်ဖက်ရှင်နယ်နိုင်ငံရေးသမား မဖြစ်ထွန်းသည့် အကြောင်းတရားများ ရှိနေသည်။ ထိုအကြောင်းတရားများကို ကျနော် ဉာဏ်မှီနိုင်သမျှ ထုတ်နုတ်ပြချင်သည်။

နံပါတ် (၁)

နံပါတ် တစ်အကြောင်းတရားမှာ နိုင်ငံရေးဗီဇစိတ်ကို သင်းသတ်ခံရခြင်းကြောင့်ဖြစ်နိုင်သည်။ နိုင်ငံရေးဗီဇစိတ် ရှင်သန်ရန်၊ နိုင်ငံရေးလွတ်လပ်ခွင့် လိုသည်။ နိုင်ငံရေးလွတ်လပ်ခွင့်သည် အာဏာရှင်စနစ်မှာ ဖယ်ရှားခံရသည်။ လွတ်လပ်ခွင့်ပျောက်ဆုံးခြင်းသည် ပရော်ဖက်ရှင်နယ် ပျောက်ဆုံးခြင်း၏ အဓိက ဇာစ်မြစ်ဖြစ်နိုင်သည်။ ၎င်း အကြောင်းတရားသည် ပတ်ဝန်းကျင်ဖြစ်သည်။

နံပါတ် (၂)

နံပါတ်နှစ်အကြောင်းတရားသည် နိုင်ငံရေးကို ပရဟိတလို့ တွက်ဆခြင်းဖြစ်သည်။ ထိုသို့သော အမြင်သည် မမှား။ သို့သော် မမှန်။ အကြောင်းမှာ ပရဟိတဆိုလျှင် ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းဆိုသည့်နှုန်းစံများ တွဲပါလာ သည်။ နိုင်ငံရေး၌ ထိုနှုန်းစံများသည် အကျင့်ကောင်းများဖြစ်၍ မမှား။ မမှန်ဆိုခြင်းမှာ မည်၍ မည်မျှ ကိုယ်ကျိုး စွန့်ပါမည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။ စွန့်လွှတ်အနစ်နာခံခြင်း၏ နောက်ကွယ်၌၊ နိုင်ငံရေးလုပ်သူကို ရေသောက်ဗိုက်မှောက်၍ အများအကျိုးဆောင်ခိုင်းခြင်း ထင်မြင်ချက်က လိုက်လာသည်။


နိုင်ငံရေးသမားသည် အရိယာ မဟုတ်။ ပုထုဇဉ်ဖြစ်သည်။ တရားဓမ္မကျင့်ကြံအားထုတ်၍၊ လူမှုရေးအလုပ်များ လုပ်နေသည့် ရဟန်းသံဃာတောင် ဝမ်းရေးအတွက် ကြိုးပမ်းအားထုတ်ရသည်။ ထို့ကြောင့် သလုံးမြင်းခေါင်း နှင့် ဆွမ်းခံထွက်၍ ဝမ်းရေးကိစ္စ ပြီးမြောက်စေရသည်။ နိုင်ငံရေးသည် ရဟန်းမဟုတ်။ သံဃာမဟုတ်။ နိုင်ငံရေး သမားသည် လူဖြစ်သည်။ လူဖြစ်၍ လူ့အရေးရှိသည်။ လူ့ကိစ္စရှိသည်။ လူ့လိုအပ်ချက်ရှိသည်။

မြန်မာပြည်၏ လူမှုဓလေ့သည် နိုင်ငံရေးသမားတစ်ယောက်၏ အခြေခံလူ့လိုအပ်ချက်ကို ဖြည့်စွမ်းပေးနိုင်သည့် ဖြစ်စဉ် ပျက်သုဉ်းနေသည်။ နိုင်ငံရေးသမားသည် မည်သည့်နေရာက ဝင်ငွေရပါမည်နည်း။ နိုင်ငံရေးသမား တစ်ယောက်ဟာ ချမ်းသာစရာ မလိုပါ။ သို့သော် သူ့ဝမ်းရေး၊ သူ့မိသားစု၏ အခြေခံလိုအပ်ချက်ကို ဖြည့်ပေး နိုင်လောက်သည့် ဝင်ငွေမျိုး ရှိနေသင့်သည်။


မြန်မာ့လူ့အသိုင်းအဝိုင်း၌ နိုင်ငံရေးအလုပ်မှ ငွေမရ။ ပါတီနိုင်ငံရေးကို ကြည့်ပါ။ အားလုံးသည် အိတ်ထောင်ထဲ က စိုက်ရသည်ချည်းဖြစ်သည်။ ထိုနည်းတူစွာပင် အလှူခံ၍ နိုင်ငံရေးလုပ်ရသည့် အဖြစ်။ မြန်မာပြည်၌ နိုင်ငံရေး အလုပ်ကနေ ဝင်ငွေရတာ ဘယ်လုပ်ငန်းရှိပါသနည်း။ လွှတ်တော်အမတ်ဖြစ်မှ အမတ်လစာ မျှသာ ရသည်။ ထိုလစာမှာလည်း လုံလောက်သည်ဟု မဆိုသာ။

နိုင်ငံရေးအလုပ်မှ ဝင်ငွေမရနိုင်ခြင်းသည် ပရော်ဖက်ရှင်နယ်လစ်ဇင် ပျက်သုဉ်းခြင်း၏ ဒုတိယအကြောင်းအရင်း ဖြစ်မည်။ (လွတ်လပ်စွာ ဆွေးနွေးငြင်းခုန်နိုင်သည်)
နိုင်ငံရေးသမားသည် သူယုံကြည်ချက်အတိုင်းလုပ်သည့် အလုပ်မှ အခြေခံဝင်ငွေလုံလောက်စွာ မရလျှင်၊ သူသည် နှောင်ကြိုးမဲ့ နိုင်ငံရေးသမားဖြစ်ဖို့ အလွန်ခဲယဉ်းသည်။

နံပါတ် (၃)

နံပါတ် သုံး အကြောင်းတရားမှာ နိုင်ငံရေးအဆက်ပြတ်ခြင်းဖြစ်သည်။ မြန်မာပြည်၏ သမိုင်းကို ပြန်ကြည့်ပါ။ ကိုလိုနီခေတ်၊ ဖက်ဆစ်ခေတ်က လွတ်လပ်ရေးအလို့ငှာ နိုင်ငံရေးလုပ်ကြသည်။ လက်နက်စွဲကိုင်တော်လှန်ကြ သည်။ လူထုတော်လှန်ရေးတွေ လုပ်ကြသည်။ ကျင်းထဲကျပ်ထဲမှာ နိုင်ငံရေးလုပ်ရသည်။ ကိုယ့်နိုင်ငံအစိုးရ မဟုတ်။ တိုင်းတစ်ပါး အစိုးရလက်အောက်မှာ ရုန်းရင်းကန်ရင်း၊ ပြေးရင်းလွှားရင်း နိုင်ငံရေး အလုပ်လုပ်ကြရ သည်။ ထားတော့။

လွတ်လပ်ရေးရပြီးတော့ နိုင်ငံရေးလုပ်ဖို့ ခွင်များ၊ ကွက်လပ်များရသည်။ နိုင်ငံရေးသမားများက ချင့်ချင့်ချိန်ချိန် မသုံးကြ။ အရမ်းကာရော၊ ဒရဟော သုံးသည်။ ဆင်ခြင်တုံတရားကဲသည့် နိုင်ငံရေးလုပ်ရပ်များ မဟုတ်။ ပုဂ္ဂိုလ် ရေး အပုပ်ချပွဲများဖြင့် နိဂုံးသတ်သွားသည်။ လွတ်လပ်ခွင့်များ ပိတ်ပင်ခံလိုက်သည်။ နှစ်ပေါင်း ၂၆ နှစ်လောက် အဆက်ပြတ်သွားသည်။ ၈၈ လူထုအုံကြွမှုဖြစ်သည်။ နိုင်ငံရေးသည် အကြမ်းပတမ်းနည်းဖြင့် လုပ်ကိုင်ရတုန်း။ အေးအေးသက်သာ စဉ်းစားတွေးခေါ်ပြီး စမတ်ကျကျ ဆွေးနွေးငြင်းခုန်ရသော အခင်းအကျင်းမျိုးမဟုတ်။
ထို့နောက် ပြေးလွှားရုန်းကန်ရင်း၊ ပုန်းရင်းရှောင်ရင်တိမ်းရင်း နိုင်ငံရေးအလုပ် လုပ်ကြရပြန်သည်။ နှစ်ပေါင်း ၂၀ ကျော် ကြာသွားပြန်သည်။ နိုင်ငံရေးသည် အဆက်ပြတ်လိုက် ၊ ပြန်ဆက်လိုက်ဖြစ်နေသည်။ ပြတ်တောင်း ပြတ်တောင်းနှင့် ဖြစ်သည်။

မြန်မာပြည်တွင်းက နိုင်ငံရေးအလုပ်သည် ကူလီအလုပ်နှင့်တူနေသည်။ နိုင်ငံရေးလုပ်သူသည် စမတ်ကျကျ လုပ်ခွင့်မရ။ ပြေးရင်းလွှားရင်း၊ ရုန်းရင်းကန်ရင်း၊ ရှောင်ရင်းတိမ်းရင်း၊ ပုန်းရင်းခိုရင်း လုပ်ရသည် ဖြစ်ရာ ကူလီ အလုပ်နှင့်တူနေသည်။ နိုင်ငံရေးအလုပ်ကြမ်းလုပ်ရသည်နှင့်တူနေသည်။ အဆက်ပြတ်နိုင်ငံရေးဖြစ်စဉ်အတွင်း နိုင်ငံရေးအလုပ်ကြမ်းလုပ်နေရသူအဖို့ စမတ်ကျသော ပရော်ဖက်ရှင်နယ်ပုံစံမျိုး ဖြစ်မလာခြင်းသည် မဆန်း။

လက်ရှိနိုင်ငံရေး၌ ပရော်ဖက်ရှင်နယ်ကျွမ်းကျင်သော နိုင်ငံရေးသမားများလိုအပ်နေသည်။ သို့သော် နှစ်ပေါင်း များစွာ ကုန်ထမ်းလာသောသူသည် ဘောပင်ကို ချက်ချင်း ဘယ်လိုကိုင်၍ ရမည်နည်း။ ချက်ချင်းလက်ငင်း ကွန်ပြူတာခလုတ်များ ပြေးနှိပ်၍ ရမည်နည်း။

နံပါတ် (၄)

နံပါတ်လေးအကြောင်းတရားမှာ စစ်စရိုက်ဆန်သောဓလေ့ကြောင့်ဖြစ်သည်။ နိုင်ငံရေးလုပ်သူသည် နိုင်ငံရေး အလုပ်ကို ကြမ်းကြမ်းတမ်းတမ်း တော်လှန်ရ၊ ချရ နှက်ရ၊ တွန်းရတိုက်ရသော အလုပ်ဟု မြင်ပုံရသည်။ နိုင်ငံရေး အလုပ်သည် ဦးနှောက် ခါးတောင်းကျိုက်ရသော အလုပ်ဖြစ်သည်။ လက်သီးလက်မောင်းတန်းပြီး၊ တော်လှန်ရေးကြွေးကြော်သံအော်မှ နိုင်ငံရေးလုပ်သည် မမည်။ ကလောင်ကိုင်၍ နိုင်ငံရေးလုပ်လို့ရသည်။ ကွန်ပြူတာကိုင်၍ နိုင်ငံရေးုလုပ်လို့ရသည်။ စုတ်တံကိုင်၍ နိုင်ငံရေးလုပ်လို့ရသည်။ စားပွဲဝိုင်းမှာ နိုင်ငံရေးလုပ် လို့ရသည်။ အခန်းထဲမှာ နိုင်ငံရေးလုပ်လို့ရသည်။ ဟောပြောခန်းမထဲမှာ နိုင်ငံရေးလုပ်လို့ရသည်။

နိုင်ငံရေးသမားများသည် ဦးနှောက်ခါးတောင်းကျိုက်၍ စားပွဲဝိုင်းတွင် ဦးနှောက်ချင်း စီးချင်းထိုးဖို့ စိတ် မသန်။ ကြိုးဝိုင်းထဲမှာ ပုဆိုးခါးတောင်းကျိုက်၍ လက်ခမောင်းခတ်ဖို့လောက်သာ အားသန်သည်။ ဤအချက်ကို ကြည့်၍ တိုက်လိုခိုက်လိုစိတ်ပြင်းထန်သော နိုင်ငံရေးဓလေ့ကို ဆွဲထုတ်လိုက်သည်။
ဤလုပ်ရပ်က မှားသလားဆိုတော့ မမှား။ မြန်မာပြည်က ထိုသို့လုပ်ဖို့ လိုအပ်ချက်ရှိခြင်းကြောင့် တုတ်ဆွဲ၊ ဓားဆွဲရခြင်းဖြစ်သည်။ တုတ်ဆွဲဓားဆွဲ သူများကို မှားသည်ဟု မဆိုလို။ ဖြစ်စဉ်ကို နှိုက်ထုတ်ပြခြင်းသာဖြစ် သည်။

ရှေ့လျှောက် ဤဓလေ့ကိုပင် လူထုက အားပေးအားမြောက် ဆက်ပြုနေလျှင်၊ မြန်မာ့အခင်းအကျင်းကလည်း ထိုသို့လုပ်မှ ရမည့် အခင်းအကျင်းဖြစ်နေဆဲဆိုလျှင် မြန်မာပြည်၌ ပရော်ဖက်ရှင်နယ်နိုင်ငံရေးအလုပ် ဖြစ်ထွန်း လာဖို့ မျှော်လင့်လို့ မရ။ မရရေးချ မရ။

နံပါတ် (၅)

နံပါတ် ငါး အကြောင်းတရားမှာ စားပွဲဝိုင်းနိုင်ငံရေးအမြစ်မတွယ်သေး၍ ဖြစ်သည်။ မြန်မာ့နိုင်ငံရေးသည် စားပွဲဝိုင်းတွေ စဉ်းစားချင့်ချိန်၍ ဆွေးနွေးသုံးသပ်၊ ဆုံးဖြတ်ချက်ချသော အခြေအနေကို မရောက်သေး။ ထိုသို့ သော အခင်းအကျင်းမျိုးသည် ယခုမှ အစပျိုးချိန်ရှိသေးသည်။ တစ်ယောက်ကို တစ်ယောက် ချောက်တွန်း၊ ထိုးနှက်၊ တိုက်ခိုက်၊ ခြေထိုး…. လုပ်ရပ်များဖြင့် နှစ်ပါးသွားနေသရွေ့ ပရော်ဖက်ရှင်နယ်နိုင်ငံရေး ဖြစ်ထွန်းလာ စရာ အကြောင်းမရှိ။
ထိုးတတ်နှက်တတ်၊ ချောက်တွန်းတတ်၊ တိုက်ခိုက်သတ်ပုတ်တတ်သည့် အကျင့်များဖြင့် ပရော်ဖက်ရှင်နယ် အဆင့်သို့မရောက်။ တိုက်ရည်ခိုက်ရည်သာ ကောင်းလာမည်။ ခြေထိုးချောက်တွန်းတတ်ခြင်းသာ ကျွမ်းကျင် လာမည်။ ပရောက်ဖက်ရှင်နယ် နိုင်ငံရေးသမားဖြစ်လာမည်တော့ မဟုတ်။ နိုင်ငံရေးသမားဖြစ်မည့်သူသည် ထိုသို့လုပ်ရပ်များကို လုပ်တတ်လျှင် နိုင်ငံရေးဂရုဖြစ်ပြီဟု မမှတ်သင့်။ ငမြှောက်ငခြောက် အဆင့်သာ ရှိသေး သည်ဟု မှတ်သင့်သည်။

အခြားသော အကြောင်းများလည်း ရှိပါအုံးမည်။

မင်းသေ့
နေ့လည် ၃ း ၃၇
၆ နိုဝင်ဘာ ၂၀၁၈

Previous post အရေးတော်ပုံ နှစ် ၃၀ ပြည့်ပြီ။
Next post ဖတ်ညွှန်းများ စာအုပ် မိတ်ဆက်ပွဲ မှတ်တမ်းဓာတ်ပုံများ