၂၀၂၀ အလွန် ပါတီစုံစနစ် ဘယ်လောက်အလုပ်ဖြစ်မလဲ…..

The Voice Journal

The Voice Weekly Journal မှာ ဖော်ပြပါရှိပြီး ဆောင်းပါး။
၂၀၁၉ ဩဂုတ် ၊ ၅ ရက် ။

မြန်မာပြည်ဟာ ပါတီစုံစနစ်နဲ့ အလုပ်ဖြစ်နိုင်ပါသလား။ ဒီအဖြေကို ဖြေဖို့အတွက် အသက်သေပြချက်ကောင်း ကောင်း လိုပါလိမ့်မယ်။ ဒါပေမယ့် မြန်မာပြည်အတွက် ပါတီစုံစနစ်အလုပ်ဖြစ်ခြင်း မဖြစ်ခြင်းဟာ ဖြတ်သန်းမှု ကောင်းကောင်း ရှိပြီးမှ ပြောနိုင်၊ ပြနိုင်ပါလိမ့်မယ်။ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာ (၁၀) နှစ် ခပ်စွန်းစွန်း လောက်သာ ပါတီစုံ အတွေ့အကြုံရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာလည်း ထုတ်နှုတ်ပြရလောက်မယ့် သက်သေကောင်း မဟုတ်ပါ။

အကြောင်းရပ် တချို့

အကြောင်းကတော့ ပါလီမန်ခေတ် ဖဆပလ အဖွဲ့အချုပ်ဟာ၊ အကွဲအပြဲနဲ့ ဇာတ်သိမ်းသွားလို့ဖြစ်ပါတယ်။ ပါလီမန်ခေတ်နိဂုံးချုပ်သွားပြီး စစ်အုပ်ချုပ်မှုကို ပြောင်းလဲသွားရခြင်းမှာ အကြောင်းပေါင်းမျိုးစုံရှိနေပါတယ်။ ပညာရှင်တွေ တော်တော်များများကတော့ အိုင်ဒီယော်လိုဂျီအကွဲအပြဲနဲ့ လူမျိုးစုအရေးကိစ္စတွေကို ဇောင်းပေး ပြောကြပါတယ်။ ဒါဟာ လုံလောက်တဲ့ အကြောင်းအရင်းဖြစ်ပြီလား။


ပါလီမန်ဒီမိုကရေစီ ပျက်သုံးသွားတာဟာ ဦးဗိုလ်သခင် အကွဲအပြဲကြောင့် ဆိုတာလည်း ပါဝင်နေပါတယ်။ နိုင်ငံ ထူထောင်ရေး အင်အားစု သုံးစု အကြားမှာ ယုံကြည်မှုပျက်ယွင်းခြင်းဟာ ပါလီမန်ဒီမိုကရေစီဓလေ့ကို သတ်လိုက် ပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးမဲရချင်မှုတွေ ပြင်းပြလွန်းတာပါပါတယ်။ နိုင်ငံ့ရဲ့အရှိတရား အားသာချက်တွေကို ခုတုံးလုပ်ပြီး မဲဆွယ်ကြတယ်။ အကြောင်းအရင်းကတော့ ဗုဒ္ဓဘာသာ ကို နိုင်ငံတော် ဘာသာအဖြစ် ကြေညာခြင်းနဲ့ လူမျိုးစုအင်အားတွေရဲ့မဲကို ရဖို့ ဖက်ဒရယ်ကိစ္စကို ဇောင်းပေး မဲ ဆွယ်လိုက်ခြင်းပါပဲ။ တပ်က အာဏာသိမ်းတဲ့ တော်လှန်ရေးကောင်စီ အုပ်စုဟာ ဦးနုရဲ့ ဖယ်ဒရယ်အကြောင်းပြု လူမျိုးစုမဲဆန္ဒနယ်တွေမှာ ထောက်ခံမှု ရရေးကိစ္စကို အသားပေးပြောကြပါတယ်။ ဒါဟာလည်း မှန်သင့် သလောက် မှန်နေပါတယ်။

မြန်မာပြည်ဟာ စကတည်းက ယဉ်သကို… ဆိုသလို ဖြစ်နေပါတယ်။ အကြောင်းအချက်တွေကတော့ အများကြီးပါ။ ပါလီမန်ခေတ်ဟာ ၁၉၆၂ မှာ တရားဝင် ချုပ်ငြိမ်းသွားခဲ့ပါတယ်။ ပါတီစုံစနစ်လည်း ပျောက်ဆုံး သွားခဲ့ပါတယ်။ တကယ်တော့ ပါလီမန်ခေတ် ပါတီစုံစနစ်ဟာ ဖဆပလသာ ကြီးစိုးတဲ့ တစ်ပါတီကြီးစိုးတဲ့ စနစ် ဖြစ်ခဲ့ပါတယ်။ နိုင်ငံတော် စနစ်ဟာလည်း ဈေးကွက်ဖြစ်ထွန်းမှု မပီပြင်ခဲ့ပါဘူး။ ကိုလိုနီနယ်ချဲ့ရဲ့ အရင်းရှင်စနစ် တိုက်ပွဲတွေဟာ ဓနဥစ္စာခွဲဝေရေးမှာ ပြင်းထန်ခဲ့တယ်။ နိုင်ငံတော်က ကြီးမှူးတဲ့ အရင်းရှင်စနစ်ပုံစံ ဖြစ်ထွန်းခဲ့ တယ်။ မြေအုတ်တို့ ပြိုလေရာ ကျောက်အုတ်တို့ဖြင့် အစားထိုးအံ့… ဆိုတာ မပြီးမြောက်ခင်၊ မြန်မာပြည်ဟာ စစ်လက်ထက်ကို ရောက်ခဲ့တယ်။ ဒီပုံစံကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်မှာ ပါတီစုံစနစ် လောက်လောက် လားလား ဖြစ်ထွန်းခဲ့တဲ့ အတွေ့အကြုံကောင်းကောင်း မရှိခဲ့ဘူးလို့ ကောက်ချက်ချလို့ ရပါတယ်။

ခြေလှမ်းပြန်စ

ဘာပဲပြောပြော အခု မြန်မာပြည်ဟာ ပါတီစုံစနစ်ကို အတွေ့အကြုံကောင်းကောင်းနဲ့ ဖြတ်သန်းဖို့ ဖြစ်လာနေပြီ။ ၂၀၁၀ ရွေးကောက်ပွဲကိစ္စကို မငြင်းခုန်ကြစို့နဲ့။ လိုရင်းမရောက်မှာ စိုးလို့။ ၂၀၁၅ ကနေ စပြီး ရေတွက်ကြစို့။ ၂၀၁၀ မှာ စတင်ခဲ့တဲ့ ပါတီစုံစနစ် ခြေလှမ်းကို ၂၀၁၅ ရွေးကောက်ပွဲက အသက်သွင်းလိုက်တယ်။ ရလဒ်ဟာ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအာဏာ ရရှိသွားခြင်းပါပဲ။ ဒီကြားထဲမှာ ကြားဖြတ်ရွေးကောက်ပွဲ (၂) ကြိမ်လုပ်တယ်။ အာဏာရပါတီ ရှုံးပွဲတချို့နဲ့ တွေ့သွားတယ်။ လူမျိုးစုပါတီတွေ မခေဘူးဆိုတာ ဖြစ်သွားတယ်။ ဆက်လက်စောင့်ကြည့်ရမှာကတော့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲပဲဖြစ် ပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မြန်မာတွေဟာ ပါတီစုံစနစ်ကို ဘယ်လောက် အသက်သွင်းနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီကြားထဲမှာ နိုင်ငံရေးမဲဆွယ်မှုတွေနဲ့ နိုင်ငံရေးအုပ်စုတွေ အမျိုးမျိုး ပြားနေမှာက တော့ သဘာဝပါပဲ။ ပါတီစုံစနစ် ပလက်ဖောင်းပေါ်မှာ ရှိနေတဲ့ နိုင်ငံရေးအခင်းအကျင်းတော်တော်များများမှာ တွေ့မြင်နေရတဲ့ ပုံစံဖြစ်ပါတယ်။ ပါတီစုံစနစ်ဟာ နောက်ခြေတစ်လှမ်းကို တိတိကျကျ အသက်သွင်းနိုင်မှ ပါတီစုံစနစ်ဟာ မြန်မာပြည်နဲ့ အလုပ်ဖြစ်နိုင်မယ်ဆိုတာကို ယူဆလို့ရနိုင်ပါလိမ့်မယ်။ လက်ရှိအခြေအနေနဲ့ အတိတ်က အခြေအနေကို ကြည့်ပြီး မြန်မာပြည်မှာ ပါတီစုံစနစ် အလုပ်ဖြစ်နိုင်မယ်ဆိုတဲ့ သာဓက ကောင်းကောင်း မပြနိုင်သေးပါဘူး။

ဒီတော့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ဟာ၊ မြန်မာပြည်မှာ ပါတီစုံစနစ် အလုပ်ဖြစ်နိုင် ၊ မဖြစ်နိုင်ဆိုတာကို ထပ်မံ သက်သေထူနိုင်မယ့် ဖြစ်ရပ်ဖြစ်လာပါလိမ့်မယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ အာဏာရပါတီပဲ ဆက်လက်အနိုင်ရ နေမယ်ဆိုရင်တော့ ပါတီစုံစနစ် အားကောင်းဖို့၊ လိုအပ်ချက်တွေ အများကြီး ရှိနိုင်သေးတယ်ဆိုတဲ့အဖြေ ထွက် လာမှာပဲ။ ဒါမှမဟုတ်၊ ပုဂ္ဂိုလ်ရေးဩဇာကို ပါတီစုံအခင်းအကျင်းက မယှဉ်နိုင်သေးဘူးဆိုတဲ့ အဖြေထွက်လာမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် one party dominant system လည်းဖြစ်ချင်ဖြစ်သွားနိုင်တာပဲ။ ဒါပေမယ့် ဒါဟာ ဖြစ်ဖို့ ခဲယဉ်းပါတယ်။ လက်ရှိအာဏာရပါတီဟာ လစ်ဘရယ်ဒီမိုကရေစီဆိုတဲ့ မူဘောင်အပေါ်မှာ အခြေခံပြီး ထွက် ပေါ်လာတာဖြစ်ခြင်းကြောင့်ဖြစ်ပါတယ်။ အဲသည်လိုဖြစ်ရင်တောင် အတိုက်အခံနိုင်ငံရေးအုပ်စုတွေအတွက် ထောက်ပြစရာ လက်နက်ကောင်းကောင်း၊ ပေတံကောင်းကောင်း၊ တိုင်းတာစရာ နှုန်းစံကောင်းကောင်း ဆုပ်ကိုင်ထားနိုင်လို့ ဖြစ်ပါတယ်။

မေးခွန်းတွေ

ပါတီစုံစနစ် အလုပ်ဖြစ်ခြင်း / မဖြစ်ခြင်းဟာ လူမျိုးစုပါတီတွေနဲ့ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးပါတီတွေ ဘယ်လောက်ခွန်အားရှိထားသလဲဆိုတာနဲ့လည်း ဆိုင်ပါတယ်။ ပါတီစုံစနစ်၊ ဒီမိုကရေစီစနစ်နဲ့ နှစ်ပေါင်းများစွာ အဆက်ပြတ်ခဲ့လို့ အားနည်းချက်တွေ ရှိမှာပဲလို့ ပြောချင် ပြောနိုင်ပါတယ်။ သို့ပေမယ့် ပါတီစုံစနစ်ဖွံ့ဖြိုးခြင်းဟာ နိုင်ငံရေးစနစ်ရဲ့ အပံ့အပိုးနဲ့လည်း သက်ဆိုင်သလို လူ့အဖွဲ့အစည်းရဲ့ရေချိန်နဲ့လည်း ပတ်သက်နေပါတယ်။

• မြန်မာ့လူ့အဖွဲ့အစည်းဟာ ပါတီစုံစနစ်ကို ဘယ်လောက် အသက်သွင်းနိုင်နေပြီလဲ။
• မြန်မာ့လူ့အဖွဲ့အစည်းဟာ ပါတီစုံစနစ်နဲ့ ဘယ်လောက် အံဝင်ခွင်ကျရှိနေပြီလဲ၊
• မြန်မာ့လူ့အဖွဲ့အစည်းဟာ နိုင်ငံရေးအုပ်စုတွေကို ဘယ်လို ပုံစံနဲ့ လိုလားလက်ခံလေ့ရှိသလဲ၊
• မြန်မာ့လူ့အဖွဲ့အစည်းဟာ နိုင်ငံရေးလမ်းစဉ်ပေါင်းစုံကို ဆန်းစစ်ရွေးချယ်နိုင် လောက်တဲ့ နိုင်ငံရေး ရေချိန်ဘယ်လောက် ရှိနေပြီလဲ…၊
• နိုင်ငံရေးပါတီတွေဟာ ကိုယ့်ပါတီအင်စတီကျူးရှင်းကို ဘယ်အတိုင်းအတာထိ သက်လုံကောင်းကောင်း တည်ဆောက်ထားနိုင်သလဲ၊
• နိုင်ငံရေးပါတီတွေ အချင်းချင်း အကြားမှာ နိုင်ငံရေးမဟာဗျူဟာ အခင်းအကျင်း ဘယ်လို ရှိထားနိုင်မလဲ၊
• ပါတီအဖွဲ့အစည်းတွေရဲ့ စုဖွဲ့မှု အင်အား ၊ ပါတီတွင်း စေးကပ်မှု အားက ဘယ်လောက်ကောင်း ထားသလဲ ဆိုတာတွေကို ကြည့်ပြီး သိနိုင်ပါ တယ်။

၂၀၂၀ ရွေးကောက်ပွဲဟာ ဒီမေးခွန်းတွေရဲ့အဖြေကို ဖြည့်ပေးနိုင်မယ့် ပေးထားချက်တွေ ဖြစ်နိုင်ပါလိမ့်မယ်။

ဒီလို ဒီလို

မြန်မာပြည်ဟာ နိုင်ငံရေးအုပ်စုတွေအကြားက ပဋိပက္ခ အကျပ်အတည်းတော်တော်များများကြားထဲမှာ ပိနေပါ တယ်။ အစိုးရကိုယ်တိုင်က အကျပ်အတည်းတွေနဲ့ ကြုံနေသလို၊ နိုင်ငံရေးအုပ်စုတွေကြားမှာလည်း တိုက်ပွဲတွေ က ပြင်းထန်နေပါတယ်။ စစ်တပ်ကိုယ်တိုင်က စစ်စီးပွားရေးကို လက်မလွှတ်နိုင်သေးပါဘူး။ ပြည်သူတွေမှာ လည်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေး စတဲ့ ရေချိန်တွေ နိမ့်ကျနေဆဲဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံပလက်ဖောင်းပေါ် တင်ထားတာဖြစ်ပေမယ့်၊ လက်တွေ့မှာ ပါတီစုံအသွင် အပြင် စစ်စစ်ဖြစ်ဖို့ ဆိုတာ အကြောင်းကိစ္စတွေ အများကြီးလိုအပ်နေပါတယ်။ မြန်မာပြည်လူ့အဖွဲ့ အစည်းဟာ ဘယ်လို ပါတီစနစ်မျိုးကို တိမ်းညွတ်သလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲတိုင်း ရဲ့ ရလဒ်တွေဟာ ဒီအဖြေကို ကောင်းကောင်းဖြေနိုင်ပါတယ်။ ဒီလို ဖြစ်ဖို့ဆိုရင် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတွေ ဖြစ်ဖို့တော့ လိုပါတယ်။

ဒါပေမယ့် လောလောဆယ်မှာ လူထုဟာ ပါတီစနစ်ဆိုတာကို ကောင်းကောင်းနားလည် သဘောမပေါက်နိုင် သေးတဲ့အခြေအနေမှာ ရှိပါတယ်။ ပါတီစနစ်၊ နိုင်ငံရေးစနစ်နဲ့ ရွေးကောက်ပွဲ စနစ်ဆိုတာကို ကွဲကွဲပြားပြား နား မလည်နိုင်သေးပါဘူး။ သို့ပေမယ့် ပြည်သူတွေလက်ထဲက မဲဟာ စနစ်တွေကို လက်တွေ့အသက်သွင်းတဲ့ ထုဆစ်ချက်တွေ ဖြစ်ပါတယ်။

ရလဒ်က ဘယ်လို

ပါတီစုံစနစ်ပေမယ့် ပါတီစုံစစ်စစ် မဖြစ်တဲ့ နိုင်ငံတွေ အများကြီး ရှိနေပါတယ်။ အမေရိကားလို နှစ်ပါတီကြီးစိုးတဲ့ စနစ်ကို သွားနိုင်သလား၊ သို့တည်းမဟုတ် စင်္ကာပူက လီကွမ်ယုပါတီ (ပီအေပီ) လို တစ်ပါတီကြီးစိုးတဲ့စနစ်ဖြစ် နိုင်သလား၊ ပါတီ သုံးလေးငါးခု အားကောင်းတဲ့ ညွှန့်ပေါင်းစနစ်မျိုးဖြစ်လာနိုင်သလားဆိုတာကို ရွေးကောက်ပွဲ ရလဒ်တွေကပဲ အဖြေပေးသွားမယ် ထင်ပါတယ်။

အချုပ်အားဖြင့် ပါတီစုံ အားကောင်းသန်မာရေးဟာ ….
• ဦးဆောင်ပါတီတွေရဲ့နိုင်ငံရေး ပုံဖော်မှု
• တည်ရှိနေတဲ့နိုင်ငံရေးပါတီတွေရဲ့ ကြံ့ခိုင်သန်မာမှု
• လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးတိမ်းညွတ်မှု အနေအထားနဲ့
• ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံတွင်းရေခံမြေခံ အရှိတရားတွေက ဝိုင်းဝန်းပြဌာန်းတာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

မင်းသေ့
ညနေ ၃ း ၄၅
၁၉ ၊ ဇွန် ၊ ၂၀၁၉ ။

https://voicejournalmm.com/archives/20219

Previous post အဖေ အောင်ဆန်း သမီး အောင်ဆန်း
Next post ၈၈ နှောင်းပိုင်း မျိုးဆက်