၈၈ အရေးအခင်းအပြီး၊ (၂) နှစ်ခန့်အကြာမှာ ၊ ကျနော့်ကို မွေးခဲ့ပါသည်။ ကျနော့်ကို ကျနော် ၈၈ နှောင်းပိုင်း မျိုးဆက်ဟု သတ်မှတ်ထားသည်။ ၈၈ အရေးအခင်းကို မကြုံလိုက်စေကာမူ၊ စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် လူဖြစ်ကြီးပြင်းခဲ့မှုကို ကောင်းကောင်း မှတ်မိသိရှိနေပါသည်။

ကျနော်တို့ ၈၈ နှောင်းပိုင်းမျိုးဆက်သည်၊ အတိတ်နှင့် အနာဂတ်၏ လွန်ဆွဲမှုဒဏ်ကို အမြဲလိုလိုခံနေရသည်။ အတိတ်၏ အာဃာတများကို လက်ဆင့်ကမ်းသွန်သင်ခြင်းခံရသည်။ အနာဂတ်အတွက် အာသာချင်ခြင်းများကို ဖြေဖျောက်ဖို့ အဖြေရှာရသည်။ ဤသို့ဖြင့် အတိတ်နှင့် အနာဂတ်သည် ကျနော်တို့ မျိုးဆက်အပေါ် လွန်ဆွဲဖြစ် တည်ခိုင်းနေသည်။
ကျနော်တို့အဖို့၊ အတိတ်မှာလည်း နေထိုင်လို့မရ။ အနာဂတ်ကိုလည်း လောကြီးလို့ မရဖြစ်နေကြသည်။ လေ့ လာစရာ ရှားပါးသည့်ခေတ်မှာ ကြီးပြင်းလာခဲ့ရ၍ လေ့လာမှုများပြားလာသောခေတ်မှာ ရှင်သန်နေရသည်။ ဘာကို လေ့လာရမလဲ၊ ဘာကို အာရုံပြုရမလဲဆိုတာ ကျနော်တို့ ဝေခွဲရခက်နေကြသည်။ အခြေအနေအရ မျှော လိုက်ချင်လည်း လိုက်လို့ ရနေသည်။ လေဖမ်းဒန်းစီး၍ မှီးလိုက်လို့လည်း လွယ်ကူနေကြသည်။ အခင်းအကျင်း အစုံစုံကို ကျနော်တို့ မျက်မြင်ဒိဋ္ဌတွေ့နေကြရသည်။ သို့သော် ကျနော်တို့မှာ မတည်ငြိမ်။ စိတ်အားဖြင့်လည်း မတည်ငြိမ်။ ကိုယ်အားဖြင့်လည်း မတည်ငြိမ်။ ဤခေတ်ကာလသည် ကျနော်တို့ ၈၈ နှောင်းပိုင်းမျိုးဆက်ကို မြူဆွယ်နေသော အကြောင်းတရားများ များစွာ ရှိလာနေပြီ။


ယခင်ကလို၊ ရန်သူ မိတ်ဆွေချည်း ခွဲကြည့်လို့ မရနိုင်တော့။ အဖြူ အမည်းမှန်ပြောင်းတစ်လက်တည်းဖြင့်လည်း မလုံလောက်နိုင်တော့။ အသွေးအရောင်သည် စုံလင်လာနေပြီ။ မက်မောစရာများလည်း များပြားလာသည်။ လားရာများလည်း များပြားနေသည်။ ကျနော်တို့၏ လာရာမှာမူကား၊ အထုံအလေ့အကျင့်ကောင်း ကင်းပျောက် ခဲ့သည့် ဖြတ်သန်းမှုက ဆင်းသက်လာသည်။

တို့မျိုးဆက်

အင်္ဂလိပ်စာကို သင်ကြားခဲ့သော်လည်း၊ ကောင်းကောင်း တတ်မြောက်ခဲ့သော မျိုးဆက် မဟုတ်။ နယ်စပ်မျဉ်း များပွင့်သောခေတ်မှာ ကြီးပြင်းလာရသော်လည်း ဖော်ဖော်သီသီ သုံးစွဲနိုင်သော အခြေအနေကို မဖြတ်သန်းခဲ့ရ။ ဖတ်စရာရှိလာသော်လည်း၊ ဖတ်ဖို့ အခြေအနေ ပေးခြင်း မခံခဲ့ရသော ဘဝ။ အမှောင်ခေတ် မဟုတ်စေကာမူ၊ အမည်းခေတ်ဖြစ်ခဲ့ပါသည်။ အဖြူ အမည်း သဲကွဲချင်ပါသော်လည်း ၊ အမြင်အာရုံချို့တဲ့သော လူကြီးသူမများ၏ ပြဌာန်းချက်များအောက်တွင် ရှင်သန်ခဲ့ရပါသည်။

ကျနော်တို့သည် ဘွဲ့ရ ပညာမတတ်များ ဖြစ်ခဲ့ရသည်။ ပညာဆိုသည်ကို ရေးတတ်ဖတ်တတ်ပါသော်လည်း၊ ဆိုင်းဘုတ်ကို ပညာထင်ခဲ့မိကြသည်။ ဘွဲ့ကို ပညာထင်ခဲ့မိကြသည်။ ဒီဂရီကို ဂုဏ်သိက္ခာထင်ခဲ့မိကြသည်။ အောင်လက်မှတ်များရရေးသည် ကျနော်တို့နေ့စဉ်ဘဝ၏ ကြိုးပမ်းချက်ဖြစ်ခဲ့သည်။ စာတိုပေစ ဖတ်၍ လူကြား ထဲ မြည်တွန်တောက်တီးခြင်းသည် ကျနော်တို့၏ ဘဝအာသာဖြစ်ခဲ့သည်။ ထားရာနေ၊ စေရာသွား။ လူကြီးသူမ စကား မြေဝယ်မကျ နားထောင်ခြင်းသည် လူလိမ္မာစာရင်းအသွင်းခံရသည်ဟု ကျနော်တို့ မှတ်ထင်လာခဲ့သည်။ ဆရာ/ ဆရာမကို နှုတ်ပြန်မေးခွန်းထုတ်ခြင်းသည် ရိုင်းစိုင်းသည်ဟု ကျနော်တို့ မှတ်ထင်ခဲ့သည်။ ဘွဲ့လက်မှတ် တစ်ခုသည် ဘဝကြီးကို နေပျော်သာယာစေလိမ့်မည်ဟု ကျနော်တို့ ယုံကြည်ခဲ့ကြသည်။ ကျောင်းစာသည် ဂုဏ်သိက္ခာဖြစ်ပြီး၊ ပြင်ပစာပေသည် သူပုန်သကန်ဟု နားလည်ခဲ့ကြသည်။

ခိုင်းတာလုပ်၊ ခံမပြောနဲ့…. ဆိုတာ ကျနော်တို့ နားထဲတွင် စွဲမြဲနေသည်။ သဘောမညီခြင်းသည်၊ ကလန်ကဆန် ပြုခြင်း၊ သွေးကွဲအောင် ပြုခြင်း၊ တည်ငြိမ်မှုပျက်ယွင်းအောင် လုပ်ခြင်းဟု သိမြင်ခဲ့ရသည်။ ထို့ကြောင့် လူအများ နှင့် ပတ်သက်လျှင် ခေါင်းငုံတိုးလျှိုးခြင်းသည် ကျနော်တို့ ၈၈ နှောင်းပိုင်းမျိုးဆက်၏ သရုပ်သကန်လိုဖြစ်လာ သည်။ လေ့လာခြင်း၊ တတ်သိခြင်းသည် ကျနော်တို့နှင့် မဆိုင်။ ခိုင်းတာလုပ်၊ ပြောစကားနားထောင်ခြင်းသည် ပင် ကျနော်တို့ဘဝကို သာယာငြိမ့်ညောင်းစေသည်ဟု သွတ်သွင်းခံကြရသည်။

စစ်ဗိုလ်ကြီးလုပ်မယ်

ကျနော်တို့အတွက် အတိတ်သည် နာကျည်းစရာများ များများစားစား မရှိခဲ့သည့်တိုင်၊ အားရကျေနပ်စရာများ လည်း များများစားစား ရှိခဲ့သည် မဟုတ်။ လေ့လာခွင့်ကို အတင်းအကျပ် ပိတ်ပင်တားဆီးခြင်းကို မခံရစေကာ မူ၊ လေ့လာမှုကို အားပေးအားမြှောက်ပြုခဲ့သော ဝန်းကျင်မှာ မရှင်သန်ခဲ့ရ။ ပွင့်လင်းလာသော ခေတ်တွင်၊ ကျနော်တို့သည် မကျက်တကျက် ပေါင်မုန့်များ ဖြစ်ခဲ့ကြသည်။ စာဖတ်ဓာတ်ခံ ပီပီပြင်ပြင် မရှိသေးခင်မှာပင်၊ အင်တာနက် လှိုင်းလုံးရိုက်ခတ်ခြင်းကို ခံခဲ့ရသည်။ ပရမ်းပတာဖြစ်ခြင်းကို ကျနော်တို့ သတိမထားမိ။ အာရုံ (၅) ပါး၏ ဆွဲဆောင်မှုကို သတိမမူမိ။ ဆွဲခေါ်ရာပါလာသည့် အမှီးတန်းလန်း သတ္တဝါများဖြစ်နေကြသည်။

ဝေဖန် ပိုင်းခြားမှုကို ကျနော်တို့ နားမလည်။ မျက်စိထဲ မြင်သည့်အရာသည် အမှန်ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ မြင်ကွင်းများကိုထိန်းချုပ်စီရင်နိုင်သောသူများက၊ ကျနော်တို့ကို ပုံသွင်းထုဆစ်ခဲ့ကြပါသည်။ ကျနော်တို့ ဆယ် တန်း စာမေးပွဲ အောင်လျှင် စစ်တက္ကသိုလ်ထဲ ဝင်ပြီး စစ်ဗိုလ်လုပ်မည်ဟု အကြံအစည်ရှိခဲ့သည်။ အဖေ့၏ ကျေးဇူးပြုမှုဖြင့် ကျနော် ဒီအက်စ်အေထဲ မရောက်ခဲ့။ ကျနော်တို့ ငယ်ငယ်က စစ်ဗိုလ်သာ အရာဝင်သည်။ စစ် ဗိုလ်သာ အရာရောက်သည်။ စစ်ဗိုလ်သာ အခြေခိုင်သည်၊ စစ်ဗိုလ်သာ တင့်တယ်သည်ဟု ထင်ခဲ့သည်။ အစိုးရဝန်ထမ်း လုပ်ခြင်း၊ မြေပွဲစား ကားပွဲစားလုပ်ခြင်း၊ ကားလေးတစ်စီးဝယ် ဆီထုတ်စားခြင်းနှင့် စစ်ဗိုလ်လုပ် ခြင်းတို့သည် အရာဝင်သော ခေတ်ဖြစ်ခဲ့ပါသည်။

ကျနော် ကိုယ်တိုင်လည်း စစ်ဗိုလ်ကြီးတစ်ယောက်ဖြစ်ချင် ခဲ့ပါသည်။ အဖေက အလုပ်က အပြန်၊ အိမ်အပေါက် ဝမှာ “သတိဆွဲ၊ ဗိုလ်မှူးတိုး… အလေးပြု” ဟု အမြဲတမ်း လိုလို နှုတ်ဆက်သည်ကို သဘောကျနှစ်ခြိုက်ခဲ့သည်။ နေ့လယ်နေ့ခင်း ရေချိုးအပြီး၊ အမေက သနပ်ခါးလိမ်း ပေးနေတုန်း အမေ့ရင်ခွင်ထဲမှာ ‘ဗိုလ်မှူးအကျီ ၤဝတ်မှာ ၊ ဗိုလ်မှူးအကျီ ၤဝတ်မှာ…” ဆိုပြီး ပုခုံးဘားနှင့် ရင်ဘတ် ပေါ်က အဖုံးပါ အိပ်ကပ်နှစ်ခုနှင့် အဝါရောင်အကျီ ၤကို ဝတ်ပေးဖို့ ပူဆာခဲ့သည်ကို အမှတ်ရနေမိသည်။

ကျောင်း

ကျနော်သည် ကျောင်းစာကြည့်တိုက်ကို (၃) ကြိမ်ထက် ပို၍ မရောက်ဖူး။ (၁) ကြိမ်ထက် ပို၍ စာအုပ် မငှားရမ်း ဖူး။ ကျောင်း၏ မာတီမီဒီယာ စာသင်ခန်းထဲ၌၊ ကွန်ပြူတာခန်းကို ဘုရားခန်းလို ရိုသေဝပ်တွားခဲ့ရသည်။ အတန်း ထဲမှ ဗိုလ်ကြီးတစ်ယောက်၏ သားက၊ ကျနော်တို့ကို အမြဲတမ်း ဦးဆောင် ညွှန်ကြားတတ်သည်။ ကျနော်တို့ အတန်းထဲတွင် ကွန်ပြူတာ ကိုင်တတ်သော၊ ကွန်ပြူတာ ကိုင်ရဲသောသူမှာ မနေ့တစ်နေ့ကမှ ကျောင်းပြောင်း လာသော ဗိုလ်ကြီးသား တစ်ယောက်ပင် ရှိပါသည်။ ကျနော် ငယ်စဉ်က ၊ ကွန်ပြူတာ ကီးဘုတ်ခံကို လက်ဖြင့် တစ်ခါတို့ဖူးသည်။ ကွန်ပြူတာ မောက်ခ်ကို လက်ဖဝါးဖြင့် အုပ်၍ အနည်းငယ် လှုပ်ရမ်းကြည့်ခဲ့ဖူးသည်။ ကွန်ပြူတာနားကို သိပ်မကပ်နဲ့…. လို့ အတန်းပိုင် ဆရာမ၏ တားမြစ်ခြင်းကို ခံရဖူးသည်။ ကွန်ပြူတာပျက်သွား လျှင်၊ ကျနော် မလျှော်နိုင်။ ကျနော့် မိဘလည်း မလျှော်နိုင်။

ကျောင်းများစ,ဖွင့်လျှင်၊ အသင်းကြေးပေးရသည်။ ကျောင်းက တံမြက်စည်းဖိုး၊ ရေအိုးဖိုး၊ ဂေါ်ပြားဖိုး၊ အမှိုက် တောင်းဖိုးကို အတန်းသားတွေ စုပေးရသည်။ တစ်ယောက် (၅) ကျပ်၊ (၁၀) ပေးရသည်။ ကျောင်းဖွင့်မှာ ကျနော် ကြောက်နေသည်။ ကျောင်းများစဖွင့်လျှင်၊ အတန်းပိုင်ဆရာမက ကျူရှင်ဖွင့်တော့မယ်… ဟူသော သတင်းစကားကို ကျနော် ကြောက်နေမိခဲ့သည်။ ကျနော် ကျူရှင်မတတ်နိုင်ဘူး… ဆရာမ လို့ ပြန်ပြောဖို့၊ နှုတ် လေးနေခဲ့မိသည်။ ကျူရှင်မတတ်လျှင် ကျောင်းမှာ အဆင့်ကောင်းကောင်း မရ…. ဆိုတာလည်း ကျနော် မသိ။ ကျူရှင်တတ်သော ကျောင်းသားမှာ စာမေးပွဲမေးခွန်း အတိအကျရသည်ဆိုတာလည်း ကျနော် နားမလည်ခဲ့။ ရံဖန်ရံခါ ဝါဆိုသင်္ကန်းကြေး၊ ကထိန်သင်္ကန်းကြေး၊ ဆရာကန်တော့ပွဲကြေး၊ စုံညီပွဲတော်ကြေး၊ ကျောင်းဆောင် ဖွင့်ပွဲကြေး…. တို့ကို ကျနော် ကြောက်လန့်နေခဲ့ဖူးသည်။ ဆရာမ…. ကထိန်သင်္ကန်းကြေးကို လကုန်မှ ပေးလို့ ရလား…. ဆိုတဲ့ မေးခွန်းကို အတန်းရှေ့ထွက်၍ ဆရာမကို မရဲတရဲမေးခဲ့ဖူးသည့် အကြိမ်ပေါင်းများစွာ ရှိခဲ့ သည်။

ဒန်ချိုင့် ၊ မျှစ်နှင့်ပဲပြုတ်ကြော်

ဆရာမက လက်ဖဝါးဖြန့်၍ ဝါးခြမ်းပြားနှင့် ရိုက်သည်။ ကျောင်းစာ မပြီးလို့ဖြစ်သည်။ လက်ဖမိုးကို သစ်သား ပေတံဖြင့် ခေါက်သည်။ ပုဒ်စာမှားလို့ ဖြစ်သည်။ အတန်းရှေ့တွင် ထိုင်ထ လုပ်ရသည်။ ကျောင်းစာ မကျက်ခဲ့လို့ ဖြစ်သည်။ အတန်းသူများနှင့် အတန်းသားများကို အင်္ဂလိပ်စာ မီးနင်းပြိုင်ခိုင်းသည်။ မရတဲ့သူကို ရတဲ့သူက လူအများရှေ့ နားရွက်ဆွဲပြီး သူထိုင်နေသည့်နေရာထိ လိုက်ပို့ရသည်။ အတန်းထဲ၊ ဆရာမ စာသင်ချိန်း ပါးစပ် ဖြဲပြီး သမ်းလျှင် ကော်ရစ်ဒါရှေ့မှာ ဒူးထောက်ခိုင်းသည်။ အတန်းချိန် နောက်ကျလျှင်၊ အဆူခံရသည်။ ကျောင်း မုန့်စားဆင်းချိန်တွင်၊ ဗိုက်မဆာသလို ဟန်ဆောင်တတ်သည့် အကျင့် ကျနော် ရထားပြီးပြီ။ အိမ်က ထည့်ပေး လိုက်သည့် ဒန်ချိုင့်ထဲက ထမင်းနှင့် ပဲပြုတ်ဆီဆမ်းကို အခန်းထဲမှာ ချောင်ကပ်စားခဲ့သည်။ အရသာအရှိဆုံးမှာ၊ ဒန်ချိုင့်ထဲက မျှစ်နှင့်ပဲပြုတ်ရောကြော်ထားသည့် ဟင်းလျာဖြစ်သည်။ ဂေါ်ရခါးသီးနှင့်စားတော်ပဲရောကြော်ထား သည့် ဟင်းလျာဖြစ်သည်။ ရံဖန်ရံခါ ဗယာကြော်အကွင်းတစ်ကွင်းပါသည်။ သရက်ချဉ်သုပ်ပါသည်။ မုန့်ဖိုးကို သုံးရက်ခြားတစ်ခါ ရသည်။ သို့သော် ပုံမှန်မဟုတ်။ တစ်ခါတရံ တစ်ကျပ်၊ တခါတရံ နှစ်ကျပ်။ ကျောင်းရောက် လျှင် ကြံညောင်စေး တစ်ခု တစ်ကျပ်ပေး၍ ဝယ်လိုက်သည်။ ပါးစပ်ထဲမှာ အားရပါးရ မြှုံ့နေလိုက်သည်။ မဲမဲတူး တူး ထန်းပင်မြစ်ဖုတ်ကို ကျောင်းလွယ်အိတ်ထဲ ထည့်လာသည်။ အိမ်မှာ ပြုတ်သည့် ကန်စွန်းဥပြုတ်ကို ကြွပ် ကြွပ်အိတ်နှင့် ထုတ်လာသည်။ ကျောင်းရောက်မှ ချောင်ကပ်၍ ဖြည်စားသည်။

သိမ်ငယ် မျိုးဆက်

၈၈ နှောင်းပိုင်းမျိုးဆက်သည်၊ ချို့တဲ့သော ဘဝကို ဖြတ်သန်းလာခဲ့ရပါသည်။ အားငယ်၊ သိမ်ငယ်ရသည့် စိတ် ဝေဒနာတို့ဖြင့် ဖြတ်သန်းခဲ့ရပါသည်။ ထားရာနေ၊ စေရာသွား ကြောက်ရွံ့စိုးထိတ်နေရသောစိတ်ဖြင့် ကြီးပြင်း လာခဲ့ရပါသည်။ အတန်းထဲတွင် ကျူရှင်မတက်နိုင်၍ ဆရာမ၏ ငြိုငြင်ခြင်းကို ခံခဲ့ရသည်။ ဘာကြေး၊ ညာကြေး ကို နောက်ကျမှ ပေးနိုင်ခဲ့၍ (တခါတရံလည်း လုံးဝမပေးနိုင်) လူမွဲစာရင်းအသွင်းခံခဲ့ရသည်။ ပိုက်ဆံရှိ၊ စားနိုင် သောက်နိုင် ဗိုလ်ကြီးသား၊ ပွဲစားသား၊ လက်ဖက်ရည်ဆိုင် ပိုင်ရှင်သား တို့၏ ဗိုလ်ကျခြင်းကို ခံခဲ့ရသည်။ အတန်းထဲတွင် သူတို့က လူရာဝင်သည်။ အဆင့် (၁) ၊ (၂) များ ခဏ ခဏ ရသည်။ ကျနော့်၏ အဆင့်မှာ (၄၀) နှင့် (၆၀) အကြား စုန်ချည် ဆန်ချည် ကူးလူးကျင်လည်လျက်….

မင်းသေ့
၈ ၊ ၈ ၊ ၂၀၁၉ ။
၈၈၈၈ အရေးအခင်း (၃၁) နှစ်ပြည့်။
ရန်ကုန်မြို့။
ညနေ ၄ း ၀၀

The Voice Journal Previous post ၂၀၂၀ အလွန် ပါတီစုံစနစ် ဘယ်လောက်အလုပ်ဖြစ်မလဲ…..
Next post တရုတ်တွေ နီတုန်းလား….