အဖေ အောင်ဆန်း၏ ရည်မှန်းချက်မှာ၊
မြန်မာပြည်သူများ သူ့ကျွန်လက်အောက်မှ လွတ်မြောက်ရေးဖြစ်သည်။
သမီးအောင်ဆန်း၏ ရည်မှန်းချက်မှာ၊
ယခင်က စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး။
ယခု အထွေထွေ တရား မျှတမှုမှသည် ပြည်သူ့ ဘဝ လွတ်လပ်ရေး ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းမှာ၊ တော်လှန်ခွင့်သာရပြီး အုပ်ချုပ်ခွင့်မရခဲ့သူဖြစ်သည်။ သမီးအောင်ဆန်းမှာမူ၊ တော်လှန် ခွင့်လည်းရ အုပ်ချုပ်ခွင့်လည်း ရသူဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းမှာ နိုင်ငံရပ်ခြား အနောက်တက္ကသိုလ်ကြီး များ၌၊ ပညာသင်ယူခွင့်မရ။ နိုင်ငံရေးသိပ္ပံကို သင်ယူလေ့လာခွင့်မရ။ အင်္ဂလိပ်ပေးသော တက္ကသိုလ်ပညာရေးကို သာ ရရှိခဲ့သည်။ သို့သော် ကိုအောင်ဆန်းဘဝမှာ စာပေကို ဘဝတက္ကသိုလ်လုပ်၍၊ နိုင်ငံရေး ဘာသာကို ‘ငါဆရာ ငါတပည့်’ အပတ်တကုတ်လေ့ကျက်ခဲ့သည်။ နိုင်ငံရပ်ခြားသို့ အဆက်အသွယ်မယ်မယ်ရရ မရှိဘဲ၊ ထွက်သွားသည်။ ရရာအဆက်အသွယ်ကို ရှာကြံခဲ့သည်။ အမွိုင်တွင် သောင်တင်နေခဲ့ဖူးသည်။ ဒဂုန်တာရာ စကားလုံးနှင့်ပြောရလျှင်၊ ဧကမူစိတ်ကို အဓိပတိထား၍ မြန်မာ့လွတ်လပ်ရေး၌သာ ကျောက်ချခဲ့သူဖြစ်သည်။

သမီး အောင်ဆန်း ဘဝနှင့် အဖေ အောင်ဆန်းဘဝမှာ တူ သလိုလိုနှင့် မတူ။ ခေတ်ချင်းလည်း ကွာလှသည်။ သဘာဝချင်းလည်း ကွာခြားလှသည်။ အဖေ တိုက်ခဲ့သော ကိုလိုနီအစိုးရမှာ နိုင်ငံရပ်ခြားအစိုးရဖြစ်သည်။ သမီး တိုက်ခဲ့သော စစ်အစိုးရမှ မြန်မာပြည်တွင်း အစိုးရဖြစ်သည်။ အဖေက နိုင်ငံခြားသားကို တိုက်ခဲ့သည်။ သမီးမှာ ကိုယ့်အတွင်းထဲက စစ်အာဏာရှင်ကို တိုက်ရသည်။ အဖေ သုံးခဲ့သော နည်းမှာ လက်နက်ကိုင်နည်း။ သမီး သုံးခဲ့သောနည်းမှာ နှလုံးရည်တိုက်ပွဲနှင့်ယှဉ်သော နိုင်ငံရေးနည်း။

တနည်းဆိုရသော် အဝိဟိ ံသနည်း။
အကြမ်း မဖက်သောနည်း။

အဖေ အောင်ဆန်းမှာ၊ တော်လှန်ရေးကိုသာ လုပ်နိုင်ခဲ့သည်။ တည်ဆောက်ရေးကို လုပ်ခွင့်မရ။ သမီးအောင် ဆန်းမှာ တော်လှန်ရေးကိုလည်း လုပ်ခဲ့ရသည်။ တည်ဆောက်ရေးကိုလည်း လုပ်နေရသည်။ တစ်ဖက်မှာလည်း နိုင်ငံရေးမျှခြေညှိအောင် အားထုတ်နေရသေးသည်။ သမီးသည် ဖအေ နှင့် တူသည့်နေရာ၌ တူသည်။ မတူသည့် နေရာ၌လည်း အသွင်သွင်ကွဲပြားနေသည်။
အဖေ အောင်ဆန်းမှာ တိုင်းပြုပြည်ပြုလွှတ်တော်မှ အခြေခံ ဖွဲ့စည်းပုံးစည်းမျဉ်းကို ဆွေးနွေးညှိနှိုင်းနေစဉ် လုပ်ကြံခံလိုက်ရသည်။ သမီးအောင်ဆန်းမှာ၊ စစ်အစိုးရအလိုကျ စီရင်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေဘောင် အတွင်းမှာ အုပ်ချုပ်ရေးအလုပ်ကို လုပ်နေရသည်။ အဖေ အောင်ဆန်းက အလုပ်ဖြစ်ရေးကို ရှေးရှုသည်။ သမီး အောင်ဆန်းကလည်း လက်တွေ့ကျကျ ရှုမြင်ချက်ရှိသည်။ သို့သော် သမီးအောင်ဆန်း၌ စံတန်ဖိုးအခံ ရှိသည်။ တစ်ဖက်မှာလည်း စံတန်ဖိုးအတိုင်း အသေဆုပ်ကိုင်ထားခြင်း မရှိ။ ဤနေရာ၌ အဖေ နှင့် သမီး တူသည်။
တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပဋ္ဌွဲ လုပ်ရာတွင်၊ အဖေ အောင်ဆန်းက ‘ပညာတတ်တွေ မလိုဘူး၊ လက်ညှိုးထောင်တတ်ရင် တော်ပြီ’ ဟု အမတ်ရွေးကောက်ပွဲ မိန့်ခွန်း၌ ပြောခဲ့ဖူးသည်။ ၂၀၁၅ ရွေးကောက်ပွဲ အမတ်မဲရွေးပွဲ၌လည်း သမီးအောင်ဆန်းက ‘လူကို မကြည့်နဲ့ ပါတီကိုကြည့်’ ဟု ဆိုခဲ့ပြန်သေးသည်။

အဖေ အောင်ဆန်း ဦးဆောင်ခဲ့သော ဖဆပလမှာ၊ တပ်ပေါင်းစု ပုံသဏ္ဍာန်ဖြစ်သည်။ သမီးအောင်ဆန်း ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း တပ်ပေါင်းစု ပုံသဏ္ဍာန်ပင်ဖြစ်သည်။ ကွန်မြူနစ်ပါတီ သည်၊ ဖဆပလအတွင်းက ထုတ်ပယ်ခံရသည်။ ‘အောင် စု တင်’ စုပြီး ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်း ပြီး သိပ်မကြာခင်မှာ ‘ဦးအောင်ကြီး’ တို့က ကွန်မြူနစ်တို့ကို အကြောင်းပြုပြီး၊ မဲခွဲကြရာ ဦးအောင်ကြီးတို့အစု ဒီ/ချုပ်ကနေ ခွဲထွက်သွားသည်။ တပ်ပေါင်းစုအသွင်ဖြင့် စတင်ခဲ့သော ဖဆပလနှင့် ဒီ/ချုပ် တို့လည်း အသွင် ပြင်ပြင် တူနေပြန်သည်။ ဖဆပလ ကို ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူလွတ်လပ်ရေး အဖွဲ့ချုပ်ဟု အပြည့်အစုံ ခေါ်ဝေါ်သည်။ ဒီ/ချုပ်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟု အပြည့်အစုံခေါ်ဝေါ်သည်။ အဖွဲ့ချုပ် ဟူသော အသုံးအနှုန်းသည် တူညီနေသည်။

အဖေ အောင်ဆန်းက နယ်ချဲ့နှင့် စေ့စပ်ရေးလုပ်ခဲ့ခြင်းကို ၊ အပနာမ ပြောခဲ့သူများ ရှိသည်။ သမီးအောင်ဆန်း က စစ်ဗိုလ်ချုပ်များနှင့် စေ့စပ်ရေးလုပ်ခြင်းအပေါ် အပနာမ ပြောသူများလည်း ရှိနေသည်။ အင်္ဂလိပ်နှင့် စားပွဲ ဝိုင်းဆွေးနွေးပွဲ လုပ်တာကို မနှစ်မြို့သည့် တော်လှန်ရေးသမားများက၊ အဖေအောင်ဆန်းကို နယ်ချဲ့အရင်းရှင် နှင့် ပြန်ပေါင်းထုတ်သွားပြီဟု ဆိုကြသည်။ သမီးအောင်ဆန်းက စစ်ဗိုလ်ချုပ်ကြီးများနှင့် စားပွဲဝိုင်း ဆွေးနွေးပွဲ လုပ်တာကို မနှစ်မြို့သည့် အစွန်းရောက်နိုင်ငံရေးသမားများ ရှိသည်။ ၎င်းတို့ကမူ စေ့စပ်ညှိနှိုင်းရေးနှင့် စားပွဲ ဝိုင်း နိုင်ငံရေးကို စိတ်မဝင်စား။ လမ်းပေါ် နိုင်ငံရေးကိုသာ အာရုံကျကြသည်။ ဤကား မပြောင်းလဲသော မြန်မာ့ အခင်းအကျင်း ဖြစ်သည်။

အဖေ အောင်ဆန်းက “လွတ်လပ်ရေးရပြီးရင်၊ ပါတီတိုက်ပွဲတွေက ရှောင်ကွင်းချင်လို့ နိုင်ငံရေးထဲက ထွက်ပြီး စာလေးရေးမယ်” ဆိုပြီး ဆန္ဒရှိခဲ့သည်။ သမီးအောင်ဆန်းအတွက်မူ၊ နိုင်ငံရေးထဲက သူ့ကို ထွက်ခွင့်မပေး၊ နိုင်ငံရေးက သူ့ကို အမြဲအလိုရှိနေသည်။ သူကလည်း နိုင်ငံရေးထဲ၌ သေသည်အထိ အာရုံကျနေလိမ့်မည် ထင်သည်။ နိုင်ငံရေးကလည်း သူ့ကို လိုအပ်နေသည်။ ပြည်သူကလည်း သမီး အောင်ဆန်းအပေါ်မှာသာ အာရုံကျနေသည်။ ပြည်သူ့က သမီးအောင်ဆန်းကို သူတို့ မြင်ကွင်းထဲကနေ အပျောက်မခံ။ အစဉ်အမြဲ အလိုရှိ နေသည်။

အဖေ အောင်ဆန်းကိုလည်း ပြည်သူက ချစ်သည်။ ယုံကြည်သည်။ သမီးအောင်ဆန်းကိုလည်း ပြည်သူက ချစ် သည်။ ယုံကြည်သည်။ အဖေ အောင်ဆန်း ခေတ်၌ နိုင်ငံရေးနယ်ထဲမှာ သူနှင့် မတိမ်းမယိမ်း နိုင်ငံရေးဩဇာ ရှိကြသော နိုင်ငံရေးခေါင်းဆောင်များ ရှိကြသည်။ ယှဉ်ဘက်နိုင်ငံရေးသမားများ ရှိသည်။ သမီးအောင်ဆန်း ခေတ်၌မူ ယှဉ်ဘက်နိုင်ငံရေးသမားများ မရှိကြ။ သမီးအောင်ဆန်းမှာ အရွယ်အရရော၊ အတွေ့အကြုံအရရော၊ အသိဉာဏ်အရရော၊ နိုင်ငံရေးဩဇာအရ လက်ရှိအခြေအနေမှာ အရိပ်က မိုးထိုးနေသည်။ သမီးအောင်ဆန်း ကို ယှဉ်ပြိုင်ဖက်ပြုလို့ ရသည့် နိုင်ငံရေးသမားက ပြည်တွင်းမှာ မရှိ။ ပြည်ပမှာလည်း မရှိ။ အာဏာချင်း အားပြိုင် နေသည့် စစ်ဗိုလ်အုပ်စုသာ ရှိသည်။ ဤကား ကွာခြားချက်။

အဖေ အောင်ဆန်းမှာ ၊ ထောင်မကျဖူး။ သမီးအောင်ဆန်းမှာ နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ပေါင်းများစွာ ထောင် ကျဖူးသည်။ အဖေ အောင်ဆန်းက နိုင်ငံရေးကို အောက်ခြေအဆင့် တက္ကသိုလ်ကျောင်းသားဘဝကတည်းက လှုပ်ရှားပြီး တက်လာသော တော်လှန်ရေးသမား၊ နိုင်ငံရေးသမားဖြစ်သည်။ သမီးအောင်ဆန်းမှာ နိုင်ငံရေးကို အလယ်တန်းမှ ဖြတ်တက်လာသူဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘဝ အောက်ခြေနိုင်ငံရေးဖြတ်သန်းမှုမျိုး က နေ တက်လာသူ မဟုတ်။ အရေးအခင်းကာလကျမှ၊ စီနီယာနိုင်ငံရေးသမားအိုကြီးများက အလားအလာရှိ သော၊ မျိုးစေ့ဗီဇဓာတ်ခံကောင်းသော သမီးအောင်ဆန်းကို တွန်းတင်လိုက်ကြ၍ သမီးအောင်ဆန်းမှာ နိုင်ငံရေး အလယ်တန်းအဆင့်ကနေ ဖြတ်တက်ပြီး ထိပ်တန်းရောက်လာသော နိုင်ငံရေးသမားဖြစ်သည်။

အဖေ အောင်ဆန်းသည် အမျိုးသားရေးစိတ်ဖြင့်၊ ကိုလိုနီနယ်ချဲ့ကို တွန်းတိုက်ခဲ့သည်။ သမီးအောင်ဆန်းမှာ၊ လစ်ဘရယ်နှုန်းစံအခံဖြင့် အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး၊ လူမှုဘဝ တရားမျှတရေးကို ရည်မှန်း ပြီး အစွန်းရောက်အမျိုးသားရေးဝါဒီများကို တွန်းတိုက်နေရသည်။ အဖေ အောင်ဆန်း၏ ရည်မှန်းချက်မှာ၊ မြန်မာပြည်သူများ သူ့ကျွန်လက်အောက်မှ လွတ်မြောက်ရေးဖြစ်သည်။ သမီးအောင်ဆန်း၏ ရည်မှန်းချက်မှာ၊ ယခင်က စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး။ ယခု အထွေထွေ တရား မျှတမှုမှသည် ပြည်သူ့ ဘဝ လွတ်လပ်ရေး ဖြစ်သည်။ အဖေ အောင်ဆန်း ခေတ်မှာ ပြည်သူတို့ အချုပ်အနှောင် ဘဝက မလွတ်မြောက် သေး။ သမီးအောင်ဆန်းခေတ်မှာလည်း ပြည်သူတို့ အချုပ်အနှောင်ဘဝက မကင်းပြတ်သေး။ အထွေထွေ အစည်းအနှောင်တရားများကို ခံစားနေရသေးသည်။
ဤကား အဖေနှင့် သမီးအကြားက နှိုင်းယှဉ်ချက် အမြင်တချို့ဖြစ်ပါသည်။

မင်းသေ့
နံနက် ၀ း ၀၉
၇ ၊ ဩဂုတ်လ ၊ ၂၀၁၉ ။
ရန်ကုန်မြို့ ။

Photo Credit – Time Magazine
Previous post ရှေ့နှစ်လမ်းတိုး ၊ နောက်တစ်လှမ်းဆုတ်
The Voice Journal Next post ၂၀၂၀ အလွန် ပါတီစုံစနစ် ဘယ်လောက်အလုပ်ဖြစ်မလဲ…..