• တွေးရင် လက်နဲ့တွေးပါ။
• စိတ်ကူးယဉ်ရင် လက်နဲ့စိတ်ကူးယဉ်ပါ။

ဒီလို ပြောလိုက်လို့ ဖတ်ရသူမှာ ကြောင်တောင်တောင် ဖြစ်သွားနိုင်ပါတယ်။ မဖြစ်ပါနဲ့။ မဖြစ်ပါနဲ့။ လက်နဲ့ တွေး လို့ရသလား၊ လက်နဲ့ စိတ်ကူးယဉ်လို့ ရသလား လို့ မေးချင်နေပြီမလား။ တချို့ပါးရည်နပ်ရည်ရှိသူကတော့ ချက် ချင်းသိပါလိမ့်မယ်။

လက်နဲ့တွေးပါ။
လက်နဲ့စိတ်ကူးယဉ်ပါ။

ကိုယ့်အတွေးကို အတွေးအဖြစ်နဲ့သာ မထားလိုက်ပါနဲ့။ အတွေးကို လက်တွေ့လုပ်ပါ။ လူတော်တော်များများက ခပ်များများ တွေးပါလိမ့်မယ်။ တစ်ရေးနိုးသော် အကြံပေါ်၊ ပေါ်တဲ့အကြံ တစ်သိန်းတန် ဆိုတဲ့ မြန်မာစကားပုံ ရှိတယ် မဟုတ်လား။

လူတော်တော်များများက အတွေးကို အတွေ့နဲ့တင် ရပ်ထားကြတယ်။ အတွေးကောင်း တွေကို အကောင်အထည်ဖော်ဖို့၊ တွန့်ဆုတ်နေကြတယ်။ အတွေးကောင်းတွေကို လက်တွေ့လုပ်ဖို့ အချိန်ဆွဲ နေကြတယ်။ နေ့ရွှေ့ညရွှေ့ လုပ်နေတယ်။ အိရောအိရောလုပ်နေတယ်။ မနက်ဖြန်များစွာကို ရွှေ့နေတယ်။ အချိန်ရှိပါသေးတယ်၊ ဖြည်းဖြည်းဆေးဆေးပေါ့… ဆိုပြီး ဝေ့ဝိုက်နေကြတယ်။ လက်တွေ့ မလုပ်ဖြစ်ကြဘူး။ အတွေးတွေကို လက်တွေ့ဖြစ်အောင် မကြိုးစားမိတတ်ကြဘူး။

ဒါ့ကြောင့် တွေးမယ့်တွေးရင် လက်နဲ့တွေးပါလို့ တိုက်တွန်းလိုက်ရတာဖြစ်ပါတယ်။ လက်နဲ့တွေးသူတွေဟာ လက်တွေ့တကယ်ဖြစ်လာကြတယ်။ အတွေးကို ခေါင်းထဲမှာတင် ထားလိုက်ရင် မကြာခင်ပျောက်သွားတယ်။ အတွေးကို စိတ်ထဲမှာတင် ထားလိုက်ရင် ခဏလေးနဲ့ ပျောက်သွားတယ်။ တက်ကျမ်းဆရာတွေ တော်တော် များများက တိုက်တွန်းကြတာ ရှိပါတယ်။ ကိုယ့်ရည်မှန်းချက်ကို၊ ကိုယ့်ဦးတည်ချက်ကို၊ ကိုယ်ဖြစ်ချင်တာကို စာအုပ်ထဲမှာ ချရေးပါ၊ ချရေးရင်လည်း တိတိကျကျ ချရေးပါ၊ ယေဘုယျ ချမရေးပါနဲ့၊ အချိန်၊ ကိန်းဂဏန်း တိတိကျကျနဲ့ ဘယ်အချိန်မှာ ဘယ်အတိုင်းအတာအထိ၊ ဘယ်လောက်ထိ ဖြစ်အောင်လုပ်မယ်ဆိုတာ ချရေးဖို့ တိုက်တွန်းပါတယ်။ ဒါက ဘာလဲဆိုတော့ အတွေးကို လက်တွေ့အရ ပြောင်းနိုင်ဖို့ ပထမဆုံးအဆင့်အနေနဲ့ မီးထိုးပေးလိုက်တဲ့ အဆင့်ဖြစ်ပါတယ်။ ဒီနည်းဟာ တကယ်လုပ်ဖြစ်ရင် အတော်အသုံးဝင်တာ တွေ့ရပါတယ်။

ဒီတော့ လက်နဲ့တွေးပါ။ လက်နဲ့စိတ်ကူးယဉ်ပါ။

ရိုက်ညီအစ်ကို

စိတ်ကူးယဉ်သူတွေကြောင့်သာ ကမ္ဘာကြီးက တိုးတက်လာတာဖြစ်ပါတယ်။ ရိုက်ညီအစ်ကို နှစ်ယောက်ဟာ လေထဲမှာ ငှက်တွေလို ပျံလိုက်ရင် ဘယ်လောက်ကောင်းမလဲလို့ စိတ်ကူးယဉ်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့ဟာ စိတ်ကူးကို စိတ်ကူးအတိုင်း စိတ်ထဲမှာတင် မထားလိုက်ကြဘူး။ လက်နဲ့စိတ်ကူးယဉ်ဖို့ ကြိုးစားကြတယ်။ ဒီလိုနဲ့ လေယာဉ်ဆိုတာ ပေါ်လာတယ်။ လေထဲပျံနိုင်အောင် ရိုက်ညီနောင်အရင် စိတ်ကူးယဉ်ခဲ့တဲ့ လူတွေ မြောက်မြား စွာ ရှိခဲ့ပါတယ်။ ရိုက်ညီနောင်ကျမှ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

လေယာဉ်တီထွင်တဲ့လူတွေကို ကြည့်ပြီး လူတွေကတော့ ပြောခဲ့ကြတယ်။ အလကား အလုပ်တွေတဲ့။ လေထဲကိုသာ ပျံစေချင်ရင် ဘုရားသခင်က လူတွေကို နဂိုကတည်းက အတောင်တွေ တပ်ပေးလိုက်မှာပေါ့… တဲ့။ ဘုရားသခင်အလို ဆန့်ကျင်နေကြတဲ့လူတွေဆိုပြီး ရှုတ်ချခဲ့ကြတယ်။

ဂရေဟမ်ဘဲလ်

ဂရေဟမ်ဘဲလ်ဟာ တယ်လီဖုန်းကို တီထွင်ခဲ့တယ်။ ဒီလိုကြိုးမျှင်ကလေးကနေ တစ်ဆင့် ဟိုးအဝေးကြီးကလူနဲ့ စကားပြောနိုင်တယ်တဲ့။ လူတွေ ကြားတော့ ဟားကြတာပေါ့။ ဂရေဟမ်ဘဲလ်ဟာ သူ့စိတ်ကူးကို ပြောပြပြီး သူဌေးတစ်ယောက်ကို အရင်းအနှီးထုတ်ပေးဖို့၊ ရှယ်ယာထည့်ဝင်ဖို့ ပြောတာကို အဲဒီသူဌေးက ရယ်ကျဲကျဲလုပ် ပြီး မဖြစ်နိုင်ဘူးဆိုပြီး ငြင်းလိုက်သတဲ့။ ဂရေဟမ်ဘဲလ်ဟာ လက်နဲ့ စိတ်ကူးယဉ်ခဲ့တယ်။ သူတို့တွေရဲ့ ကျေးဇူး ကြောင့် ကျနော်တို့ ကမ္ဘာကြီးဟာ အခုဆိုရင် ဂြိုလ်ကမ္ဘာအချင်းချင်းတောင် ဆက်သွယ်လို့ရတဲ့ အနေအထားကို ရောက်နေပြီ။

အခုကျနော်တို့ တစ်ကမ္ဘာလုံးဟာ တစ်ယောက်နဲ့ တစ်ယောက် ဖုန်းဆက်ရင် ‘ဟဲလို’ လို့ ပြောကြတယ် မဟုတ် လား။ တစ်ကမ္ဘာလုံးမှာ ဘာလို့ ဟဲလို လုပ်ကြသလဲ။ ဂရေဟမ်ဘဲလ်ဟာ သူ တီထွင်လိုက်တဲ့ ဖုန်းနဲ့ သူ့ချစ်သူ ကောင်မလေးကို အရင်ဆုံးလှမ်း စကားပြောတယ်တဲ့။ ချစ်သူကောင်မလေးက အဝေးတစ်နေရာမှာ နားထောင် နေတယ်၊ ကောင်မလေးနာမည်က… ဟဲလို.. တဲ့။ သူ့ချစ်သူကို ခေါ်တဲ့နာမည်။

အခုတော့ တစ်ကမ္ဘာလုံးမှာ ‘ဟဲလို’ တွေ ဖြစ်ကုန်ပြီ။

အယ်ဒီဆင်

အယ်ဒီဆင်ဆိုတဲ့ ချာတိတ်လေးဟာ နေမင်းကြီးကို အံတုဖို့ စိတ်ကူးယဉ်ခဲ့တယ်။ နေ့မှာ လင်းတယ်၊ ညမှာ မှောင်တယ်။ ညမှာ နေ့လို လင်းအောင် လုပ်လို့ မရဘူးလား။ နေမင်းကြီး မရှိရင် လူတွေ အလင်းရောင် မရနိုင်တော့ဘူးလား။ ကမ္ဘာလောကကြီး အလင်းရောင် မရနိုင်တော့ဘူးလား။ အယ်ဒီဆင်ဟာ သူ့စိတ်ကူးယဉ် မှုကို လက်တွေ့ အကောင်အထည်ဖော်ခဲ့တယ်။ သူ့စိတ်ကူးယဉ်မှုကို စိတ်ကူးအတိုင်း မထားခဲ့ဘူး။ စိတ်ကူး ကို လက်တွေ့ လုပ်တယ်။ လက်နဲ့စိတ်ကူးယဉ်ခဲ့တယ်။ ဒီလိုလူတွေကြောင့် ကမ္ဘာကြီးဟာ အခုလို တိုးတက်ဖွံ့ဖြိုး လာခဲ့တယ်။

ဟင်နရီဖို့

ဟင်နရီဖို့ဟာ မြင်းမပါတဲ့ ယာဉ်ကို တီထွင်ခဲ့တယ်။ မြင်းတွေ မရှိ၊ လားတွေ မရှိ၊ နွားတွေ မရှိလည်း လူတွေ မြန်မြန်သွားနိုင်တယ်၊ တစ်နာရီသွားရမယ့် ခရီးကို ဆယ့်ငါးမိနစ်လောက်နဲ့ ရောက်နိုင်မယ့် စက်ကို တီထွင်ခဲ့ တယ်၊ ယာဉ်ကို တီထွင်ခဲ့တယ်။ ဒီလိုတီထွင်မှုတွေဟာ တကယ်တော့ သဘာဝကို ဆန့်ကျင်ပြီး စိတ်ကူးယဉ်ခဲ့ တာလို့ ဆိုနိုင်တယ်။ တကယ် အဲသည့်ခေတ်က လူတွေလို စဉ်းစားကြည့်လေ။ မြင်းမပါဘဲ ဒီရထားအိမ်ကြီးကို ဘယ်လို ရွေ့အောင် လုပ်မလဲ။ တွေးကြည့်ရင် ဖြစ်နိုင်စရာ အကြောင်းကို မရှိဘူး။ ဒီလိုနဲ့ ကမ္ဘာကြီးရဲ့ မြေကျော တွေကို ကျုံ့အောင် ချုံ့ပစ်လိုက်နိုင်ကြတယ်။ ဒါဟာ ဟင်နရီဖို့လို လက်နဲ့ စိတ်ကူးယဉ်ခဲ့တဲ့ လူတွေကြောင့်သာ ဖြစ်လာတာပါ။

မလွယ်တဲ့အလုပ်

တီထွင်သူတွေ၊ စွန့်စားသွားလာသူတွေကို ကြည့်လိုက်ပါ။ တော်တော်များများဟာ စိတ်ကူးဉာဏ်ကွန့်မြူးတဲ့ လူ တွေချည်းပါပဲ။ ဒါပေမယ့် ဒီလူတွေဟာ စိတ်ကူးကို လက်တွေ့ အကောင်အထည်ဖော်ကြတယ်။ စိတ်ကူးကို လက်တွေ့လုပ်ကြည့်တယ်။ လက်နဲ့တွေးတဲ့လူဟာ စိတ်ချည်းသက်သက် တွေးတဲ့လူထက်တော့ ပိုပင်ပန်းတယ် ပိုခက်ခဲတယ်။ ဇွဲလုံ့လလည်း ပိုရှိရတယ်။ အတွေးကို အတွေးအတိုင်း မထားချင်သူတွေကြောင့်သာ ကမ္ဘာကြီး ဟာ ပြောင်းလဲလာတာဖြစ်ပါတယ်။

စိတ်ထဲမှာ နှလုံးသားထဲမှာ စိတ်ကူးယဉ်ရင် သက်သာတယ်၊ လွယ်တယ်၊ မပင်ပန်းဘူး၊ ချွေးလည်း မထွက်ဘူး၊ အတိုက်အခိုက်လည်း မရှိဘူး၊ ကဲ့ရဲ့မယ်သူလည်း မရှိဘူး၊ ရှုတ်ချမယ့်သူလည်း မရှိဘူး။ ဒီတော့ သာယာတယ်။

လက်နဲ့စိတ်ကူးယဉ်သူကတော့ မသာယာဘူး၊ မသက်သာဘူး၊ ပင်ပန်းတယ်၊ ရှုတ်ချတာ၊ ကဲ့ရဲ့တာ၊ စော်ကား မော်ကားလုပ်တာ၊ ထိုးနှက်တိုက်ခိုက်တာတွေ ခံရနိုင်တယ်၊ ဒီလိုတုံ့ပြန်မှုတွေကို ခံနိုင်ရည် မရှိရင် စိတ်ဓာတ်ကျ မယ်၊ စိတ်ကျရောဂါရမယ်၊ ကိုယ့်ကိုယ်ကို သိမ်ငယ်လာမယ်၊ အရှုံးသမားဖြစ်လာမယ်။ လူဟာ အသိအမှတ်ပြု မခံရရင် စိတ်ရောဂါ ရတယ်။ ဒီလိုနဲ့ ဘဝဇာတ်သိမ်းသွားမယ်။

ဗင်ဂိုး

အင်မတန် နာမည်ကျော်တဲ့ ပန်းချီကျော်တစ်ယောက် ရှိတယ်။ ဗင်းဆင့် ဗင်ဂိုးတဲ့။ သူဟာ ပန်းချီတွေကို ရူးရူး သွပ်သွပ် ဆွဲခဲ့တယ်။ ပန်းချီအတွေးအခေါ်၊ ရှုထောင့်သစ်တွေကို ဖော်ထုတ်နိုင်ခဲ့သူပဲ။ ဒါပေမယ့် သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတယ်။ သူ့ကိုယ်သူ သတ်သေသွားတယ်။ သူ့ပန်းချီတွေ ဟာ သူသေပြီး အချိန်ကာလ တစ်ခုကြာလောက်မှ ကျော်ကြားလာတယ်။ မထင်မှတ်လောက်အောင် ကျော်ကြားလာတယ်။ ဗင်ဂိုးကို အားပေးသူဟာ သူ့ညီတစ်ယောက်ပဲ ရှိတယ်။ ဗန်ဂိုးဟာ ကောင်မလေးတစ်ယောက် သဘောကျ တယ်၊ ချစ်တယ်၊ ဒါ့ကြောင့် ဖွင့်ပြောတယ်။ အဲသည့်ကောင်မလေးက ခါးခါးသီးသီး ငြင်းတယ်။ သူဟာ အားအား ရှိတိုင်း ပန်းချီတွေသာ ဆွဲတယ်။ လယ်ကွင်းအစပ်မှာ သွားဆွဲတယ်။ ရွာ့အပြင်ဘက်မှာ သွားဆွဲတယ်။ ကလေးတွေက သူ့ကို စတယ်၊ နောက်တယ်။ လူတချို့ဟာ သူ့ကို အရူးကြီးလို့ပြောပြီး ခဲနဲ့ ထုတယ်။ သူ့ပန်းချီဟာ သူ ရှိစဉ်မှာ မရောင်းရခဲ့ဘူး။ မှတ်မှတ်သားသား (၁၀) ဒေါ်လာနဲ့ ပန်းချီကား တစ်ချပ်လောက်သာ ရောင်းခဲ့ရတယ်။ သူ သေပြီးတဲ့နောက်မှာ သူ့ပန်းချီကားတွေဟာ ကမ္ဘာမှာ မရှိခဲ့ဖူးတဲ့ ဈေးနှုန်းတွေနဲ့ အလုအယက် ဝယ်ယူခြင်းခံရတယ်။ ဒေါ်လာသန်းချီတန်တဲ့ ပန်းချီကားတွေ ဖြစ်သွား တယ်။

ဗင်ဂိုးဟာ သူ့အနုပညာဈာန်ကိုနှစ်ပြီး ပန်းချီတွေ ဆွဲခဲ့တယ်။ သူဟာ စိတ်ဝေဒနာရခဲ့သူလို့ ပြောလို့ရမယ်။ ဒါပေမယ့် သူဟာ သူ့စိတ်ကူး၊ သူ့ဈာန်သမာပတ်ကို ပန်းချီတွေထဲ ထည့်ခဲ့တယ်။ လက်နဲ့ ပန်းချီတွေထဲမှာ ရေးခြစ်ခဲ့တယ်။ ဒီလိုလူရဲ့ လက်ရာတွေဟာ ကမ္ဘာ့ထိပ်တန်း အဆင့်ရောက်လာတယ်။

• လက်နဲ့စိတ်ကူးယဉ်တာက လွယ်တဲ့အလုပ် မဟုတ်ဘူး။
• လက်နဲ့တွေးတာဟာ လွယ်တဲ့အလုပ် မဟုတ်ဘူး။
• ဒါ့ကြောင့် လူတိုင်း မလုပ်နိုင်ကြဘူး။ လူတိုင်း မလုပ်ချင်ကြဘူး၊ လူတိုင်း မလုပ်ဝံ့ကြဘူး။
• ကိုယ့်ဘာသာ လူမသိ သူမသိ စိတ်ထဲမှာ သာသာယာယာ စိတ်ကူးယဉ်ရတာ သက်သာတယ်လေ၊ သာယာ တယ်လေ၊ ကြည်နူးစရာကောင်းတယ်လေ၊ မပင်ပန်းဘူး။
• ပင်ပန်းတဲ့ အလုပ်ကို လူတိုင်း မလုပ်နိုင်ကြဘူး။

မင်းသေ့
ညနေ ၄ း ၃၉
၂၃ ၊ ဇွန် ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post ရသစာ
Next post အင်တာဗျူး