ကိုမျိုးဇင်က မေးတယ်။
ကျနော်က ဖြေတယ်။
ဒီလိုနဲ့ အင်တာဗျူး တစ်ပုဒ် ထွက်လာတယ်။

၁) မင်းသေ့ ဖြစ်လာပုံကို ပြောပြပေးပါအုံး။

မင်းသေ့ ဖြစ်လာပုံကတော့ တက္ကသိုလ်ကျောင်းသားဘဝ အစက စတယ်လို့ ပြောလို့ရမယ်။ တက္ကသိုလ်ရောက် တော့ တက္ကသိုလ်ပညာရေးကို အများကြီးမျှော်လင့်တယ်။ ဒါပေမယ့် ကိုယ်မျှော်လင့်သလို ဖြစ်မလာဘူး။ ကိုယ် မျှော်လင့်တာက ဒီတက္ကသိုလ်ကျောင်းကြီးဟာ ငါ့ကို တကယ့်ပညာတတ် တစ်ယောက်ဖြစ်အောင် လုပ်ပေးနိုင် မှာပဲလို့ ထင်ထားတာ။ ဒါပေမယ့် တက္ကသိုလ်ကို တကယ်ရောက်လာတဲ့အခါမှာ ကျနော် သိချင်တဲ့အရာတွေကို တက္ကသိုလ်က လုပ်မပေးနိုင်တာတွေ့လိုက်ရတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို မေးခွန်း တစ်ခု မေးလိုက်တယ်။ ငါ သိချင်တဲ့အရာတွေက သူများ လုပ်ပေးမှ သိလို့ရမှာလား။ ဒါမှမဟုတ် တက္ကသိုလ်က လုပ်ပေးမှ သိလို့နားလည် လို့ ရမှာလား။ သူများက လုပ်မပေးဘဲ ကိုယ့်ဘာသာ သိအောင်၊ နားလည်အောင် လုပ်လို့ မရဘူးလား… လို့ မေးလိုက်တယ်။ လုပ်လို့ရတယ်လို့ အဖြေထွက်တယ်။ ဒါဆိုရင် ဘာနဲ့ လုပ်လို့ရသလဲ။ စာအုပ်တွေနဲ့ လုပ်လို့ ရ မယ်လို့ ထင်ခဲ့တယ်။ တက္ကသိုလ်ကျောင်းသားဘဝ ပထမနှစ်မှာပဲ လူက စာရူးပေရူးစဖြစ်နေပြီ။ ဒါပေမယ့် စာအုပ်တွေနဲ့ ကိုယ့်ဘာသာလုပ်လို့ရမယ်လို့ မယုံဘူး။ မယုံတော့ လုပ်ကြည့်တယ်။ လုပ်ကြည့်တော့ တကယ် ဖြစ်လာတယ်။ ဒီတော့ ယုံသွားတယ်။ ဘယ်သူ့အကူအညီမှ မပါဘဲနဲ့ စာအုပ်တွေနဲ့ ကိုယ့်ဘာသာ သိအောင်၊ နားလည်အောင် လုပ်လို့ရတယ်ဆိုတာကို မယုံလို့ ကိုယ်တိုင် လုပ်ကြည့်လိုက်တာ။ ဒီလိုနဲ့ စာရူးပေရူး စစ်စစ် ဖြစ်လာတယ်။ ကျောင်းစာကို အာရုံမစိုက်တော့ဘူး။ ကျောင်းမှာလည်း စာညံ့လာတယ်။ စာညံ့လာတာ၊ အတန်း ထဲမှာ ဘိတ်ဆုံးဖြစ်လာတာကိုလည်း ဂုဏ်ယူတတ်လာတယ်။ ဒီလိုနဲ့ စာတွေ အဖတ်များရင်း ရေးတတ်ချင်လာ တယ်။ ဒီတော့ ကိုယ်ကြိုက်တဲ့စာအုပ်တွေထဲက စာတွေကို မှတ်စုစာအုပ်တွေထဲကို ကြည့်ပြီး လက်ရေးလှလှ ရေးတွေ ကူးရေးပြီး မှတ်စုထုတ်တယ်။ ဒီလိုနဲ့ စာတွေ စစမ်းရေးဖြစ်လာတယ်။ စာဖတ်သက်တမ်း (၄) နှစ် ကျော် လောက်မှာ စာတစ်ပုဒ်ကို ကောင်းကောင်းရေးတတ်တဲ့အဆင့်ကို ရောက်လာတယ်။ ဒါပေမယ့် လူကြိုက် အောင် ရေးနိုင်တဲ့အဆင့်ကိုတော့ စာဖတ်သက်တမ်း (၁၀) နှစ်နီးပါးလောက်ရောက်မှ ရလာတယ်လို့ ထင်တယ်။ မင်းသေ့ ဆိုတဲ့ ကလောင်နာမည်ကိုတော့ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကတည်းက ရွေးထားတဲ့ ကလောင်ပဲ။ အခုထိ မပြောင်းဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်က တက္ကသိုလ် ဒုတိယနှစ်ပေါ့။

၂) မင်းသေ့ ဆိုတဲ့ နာမည်နဲ့ စတွေ စရေးဖို့အတွက် ဘယ်လိုအတွေးမျိုး ရခဲ့တာလဲ။

အခုနက ပြောခဲ့တဲ့ ထဲမှာ နည်းနည်းတော့ပါသွားပြီ။ တက္ကသိုလ်ကျောင်းသားဘဝတုန်းက ဖြစ်ချင်တာတွေ များခဲ့တယ်။ ရေနံအင်ဂျင်နီယာလည်းဖြစ်ချင်တာပဲ၊ ကဗျာဆရာလည်းဖြစ်ချင်တာပဲ၊ ဖလော်ဆော်ဖာလည်း ဖြစ်ချင်လိုက်တာပဲ၊ စာရေးဆရာလည်း ဖြစ်ချင်လိုက်တာပဲ၊ ဆရာ့ ဆရာကြီးတွေရဲ့ ဟောပြောချက်တွေ နား ထောင်ပြီး၊ ဟောပြောပို့ချသူလည်းဖြစ်ချင်လိုက်တာပဲ။ စာရေးဆရာဖြစ်ချင်တာကတော့ တက္ကသိုလ် ကျောင်း သားဘဝက ပိုပြီး စိတ်ဇောအားကြီးခဲ့တယ် ထင်တယ်။ ဒါပေမယ့် ကိုယ့်နာမည်အရင်းက စာရေးရင် သုံးလို့ မကောင်းဘူးလေ။ ကြည့်လိုက်။ အောင်ကိုကိုတိုးတဲ့။ ကလောင်အဖြစ်သုံးရင် မတင့်တယ်ဘူး။ နာမည်က ရှည် တယ်။ ပြီးတော့ သမားရိုးကျပဲ။ ပြီးတော့ မှတ်ရခက်တယ်။ ပြီးတော့ နာမည် ဆင်တူတွေ အများကြီးပဲ။ အဲဒီလို နဲ့ ကလောင်တစ်ခုကို ရွေးပြီး စဉ်းစားရင်း ရှာဖွေရင်း မင်းသေ့ ဆိုတာကို ရလာတယ်။ မင်းသေ့ နာမည်က အခုထိ နာမည်တူ မရှိသေးဘူး။ စာရေးဆရာလောကမှာလည်း မရှိသလို၊ အပြင်မှာလည်း ကျနော် မတွေ့ဖူး သေးဘူး။ မြန်မာပြည်မှာ ဖေ့ဘုတ်သုံးစွဲသူ (၂၅) သန်းကျော်လောက် ရှိမယ်ထင်တယ်။ အခုအချိန်ထိ ဖေ့ဘုတ် မှာကို နာမည်တူ မတွေ့သေးဘူး။

မင်းသေ့ ဆိုတာကတော့ ဂျာမန် ဒဿနစာဆို ၊ ဂိုးသေ့ (Gothe) ဆိုတာကို ပုံတူကူးပြီး မြန်မာမှု ပြုလိုက်တာ။ မင်းဆိုတာက နှုတ်က ထုတ်ရွတ်လိုက်ရင် ပြင်းပြင်းရှရှရှိတယ်။ ဌာန်ကရိုဏ်းကျတယ်လို့ ထင်တယ်။ ပြီးတော့ အဓိပ္ပာယ်ရှိတယ်။ မင်းဆိုတော့ KING ပေါ့။ ဘုရင်ပေါ့။ အကြီးအမှူးပေါ့။ အဓိပတိပေါ့။ ခေါင်းဆောင်ပေါ့။ ဒီသဘောကို ညွှန်းလိုက်တာ။ သေ့ဆိုတာကတော့ အဓိပ္ပာယ်နှစ်ခွ ထွက်နိုင်တယ်။ ခြသေ့ၤ။ ခြသေ့ၤက ခွန်အား ကြီးတယ်၊ ရဲရင့်တယ်၊ သတ္တိရှိတယ်၊ တစ်ကောင်တည်း ဒါပေမယ့် ခြသေ့ၤ… လို့ ဆိုတယ် မလား။ ကျနော်က တစ်ကိုယ်တော်သမား။ ဒါ့ကြောင့် ဒီစကားလုံးကို ကြိုက်တယ်။ ခြသေ့ၤဆိုတာ တခြား တိရိစ္ဆာန်တွေလို အဖော် အပေါင်းနဲ့ နေပြီး စွာတာ မဟုတ်ဘူး။ တစ်ကောင်တည်းနဲ့ စွာတာ။ ဒီတော့ ဒါကို ကြိုက်တယ်။ နောက် အဓိပ္ပာယ်တစ်ခုကတော့ ရသေ့။ ရသေ့ဆိုတာကတော့ ခေတ်တိုင်း၊ ကာလတိုင်းမှာ ရှိနိုင်တယ်။ ဘုရား ပွင့်ပြီး တော့လည်း ရှိနိုင်တယ်။ မပွင့်သေးခင်ကလည်း ရှိနိုင်တယ်။ သူဟာ ဘာလဲဆိုတော့ သူတော်ကောင်းတရားကို သူ့နည်းသူ့ဟန်နဲ့ ရှာဖွေပြီး ကျင့်ကြံနေတဲ့သူ။ သူကျင့်တဲ့တရားတွေက လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တွေတော့ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ဒါပေမယ့် သူနည်းသူ့ဟန်နဲ့ သူ့ဘာသာ ရှာဖွေပြီး သူတော်ကောင်းတရားကို ကျင့်ကြံနေတဲ့သူလို့ အဓိပ္ပာယ်ရတယ်။ ဒါ့ကြောင့် ဒါကို ကြိုက်တယ်။ ကျနော် မလွတ်မြောက်ချင်သေးဘူး။ ကျနော် နိဗ္ဗာန်မရချင်သေးဘူး။ ဒါပေမယ့် သူတော်ကောင်းတရားကို နှစ်သက်တယ်။ သူတော်ကောင်းတရားကို မြတ်နိုးတယ်။ ဒါ့ကြောင့် ရဲရင့်ခြင်း၊ သတ္တိရှိခြင်းနဲ့ ဖြူစင်၊ စင်ကြယ်ခြင်းကို ပေါင်းပြီး ဒီကလောင်ကို ယူလိုက် တာ။

ပြီးတော့ သေ့ဆိုတဲ့နာမည်က မြန်မာမှာ အတော်အသုံးနည်းတယ်။ ပြောဆိုဆက်ဆံရေးမှာလည်း မတွေ့ရဘူး။ အရေးမှာလည်း တော်တော်နဲ့ တွေ့ရခဲတဲ့စကားလုံး။ ပြီးတော့ မြန်မာတွေ ဘယ်သူမှ မသုံးဘဲ ပစ်ထားထားတဲ့ စကားလုံးလို့ ပြောလို့ရတယ်။ ဆိုလိုတာက သူ့ချည်းသက်သက် မသုံးထားဘူးလို့ ပြောတာ။

တကယ်တော့ ဂျာမန် အသံထွက်က (သေ့) လို့ မထွက်ပါဘူး။ ထေးလ်….လို့၊ ထားလ်…. လို့ ထွက်တယ် ထင်တယ်။ ဂျာမန် တိုးဂိုက် သူငယ်ချင်းတစ်ယောက်က ပြောပြလို့ သိရတယ်။

၃) အဲသည်လို အတွေးမျိုးရပြီး စာစရေးဖို့ ဘယ်လို စတင်ခဲ့သလဲ။

စတွေကတော့ စာဖတ်စဉ်ကတည်းက အရေးကျင့်ခဲ့တာပဲ။ မှတ်စုတွေ ထုတ်လိုက်၊ ကိုယ့်ဘာသာ ရေးစမ်းကြည့်လိုက်။ ရေးခဲ့တဲ့ စာမူကြမ်းတွေ အများကြီးပဲ။ စတိုင်လ်အမျိုးမျိုးနဲ့ ရေးခဲ့ဖူးတယ်။ ကိုယ်သဘော ကျတဲ့ စာရေးဆရာတွေရဲ့ ရေးဟန်တွေကို အတုခိုးပြီး ရေးကြည့်တယ်။ မှတ်စုတွေလည်း အများကြီးထုတ်ခဲ့ တယ်။ စာအုပ် (၁၆) အုပ်လောက်ရှိမယ်။ ခပ်ထူထူရော၊ ခပ်ပါးပါးမှတ်စုစာအုပ်ရော အစုံပဲ။ ဒီလိုနဲ့ အရေးတတ် လာတယ် ထင်တယ်။

ပြီးတော့ ကျနော်ရေးရင် ကွန်ပြူတာနဲ့ရေးတယ်။ ကွန်ပြူုတာနဲ့ရေးတာ လွန်ခဲ့တဲ့ ၂၀၁၂ လောက်ကတည်းက စပြီးရေးတာ။ အခုတော့ အတော်အသားကျနေရပြီ။ ဒီ့နောက်ပိုင်း စာတွေ ခပ်များများရေးဖြစ်တော့ တချို့စာ တွေက ကိုယ်ရေးလိုက်တယ်လို့ကို မထင်ဘူး။ အစပိုင်းမှာသာ ကိုယ်က အာရုံစိုက်ပြီး ရေးလိုက်တာ။ တချို့ အပိုဒ်တွေဆိုရင် ကိုယ်ရေးဖို့ တွေးမထားမိဘူး။ လက်က သူ့ဘာသာသူ ရေးသွားတယ်လို့ ထင်တယ်။ ရေးပြီး သား စာတွေကို ပြန်ဖတ်ခဲတယ်။ ဒါပေမယ့် စာအုပ်ထုတ်တော့ ပရုဖ် (proof) က ပြန်ဖတ်ရတယ်။ ဒီတော့မှာ တွေးလိုက်မိတယ်။ ဒီစာက ငါရေးထားတာ ဟုတ်ရဲ့လားပေါ့။ အဆန်းသား…။ ငါ ဒီလိုတွေးခဲ့ဖူးသလားပေါ့။ ဒီတော့မှ ပြန်တွေးမိတယ်။ တချို့စာတွေက အလေ့အကျင့်များလို့ လက်က သူ့ဘာသာ automatically ရေး သွားမိတာ ထင်တယ်။ သိစိတ်နဲ့ မဟုတ်ဘူး။ မသိစိတ်က ရေးလိုက်မိတာထင်တယ်။

စာကတော့ ရေးခဲ့တာကြာပြီ။ ဒါပေမယ့် လူမသိဘူး။ ဘယ်သိမလဲ။ ကိုယ်က ဂျာနယ်တိုက်တွေကိုလည်း စာမူ မပို့ဘူးလေ။ ရေးပြီး သိမ်းသိမ်းထားတယ်။ ကွန်ပြူတာနဲ့ ရေးရင်လည်း ပရင့်ထုတ်။ ပြီးတော့ အံဆွဲထဲ ထည့် ထားတယ်။ ဒီလိုလုပ်ခဲ့တာ လေးငါး နှစ်လောက်ရှိတယ်။ ပြီးတော့ အွန်လိုင်းလည်း မသုံးဖြစ်ဘူး။ ဖေ့ဘုတ်လည်း မဖွင့်ဖြစ်ခဲ့ဘူး။ ၂၀၁၅ လောက်ကမှ စသုံးတာ။ ပြီးတော့ ရေးပြီးသားစာ အွန်လိုင်းလည်း မတင်ဘူး။ သိမ်းသိမ်းထားတယ်။ ၂၀၁၇ လောက်ကမှ စာအုပ်အညွှန်းတွေ ရေးတင်မိရင်း ဖတ်သူနည်းနည်း ရလာတယ်ထင်တယ်။

၄) စာတွေအများကြီးရေးနိုင်ဖို့ ဘယ်လို ပြင်ဆင်မှုတွေ လုပ်ခဲ့သလဲ။

ပြင်ဆင်တာကတော့ သီးသန့်ကြီးထားပြီး အထူးတလည် ပြင်ဆင်တာကို မလုပ်ခဲ့ဘူး။ အကြောင်းကတော့ စာဖတ်တာ စာရေးတာက ကိုယ့်ရဲ့နေ့စဉ် အလေ့အထလိုဖြစ်လာတယ်။ စာမဖတ်ရရင်၊ စာမရေးရရင် မနေနိုင် သလိုဖြစ်လာတယ်။ ကိုယ့်ဦးနှောက်ထဲက စာထုတ်မရေးနိုင်ရင်တောင် မှတ်စုစာအုပ်ထဲ တစ်ခုခုကို ကူးမရေးရ ရင် မနေနိုင်လောက်တဲ့ အလေ့အကျင့်မျိုးကို ရလာတယ်။ ဒီအလေ့အကျင့်ကို တက္ကသိုလ်တက်ခဲ့တဲ့ (၅) နှစ် ကာလအတွင်းမှာ ကောင်းကောင်းရခဲ့တယ်။ စာတွေ ဖတ်တာ၊ မှတ်စုတွေ ထုတ်တာက စွဲစွဲမြဲမြဲလုပ်ဖြစ်တယ်။ တခါတရံ စာမေးပွဲကာလမှာတောင် ကျောင်းစာ မလုပ်ဘဲ အပြင်စာတွေ လျှောက်ဖတ်နေခဲ့တဲ့ အကြိမ်က အများကြီးပဲ။ ဒါ့ကြောင့်လည်း တခါမှ မကျခဲ့ဖူးတဲ့ စာမေးပွဲကို တက္ကသိုလ်မှာ တစ်နှစ်ကျခဲ့တာထင်တယ်။ ပြင်ဆင်မှုလို့ သီးသန့်ပြောချင် ပြောလို့ရနိုင်တာက စာကို မျက်စိနဲ့ဖတ်တာတင် မဟုတ်ဘဲနဲ့ လက်နဲ့ မှတ်စု နာနာထုတ်ပြီး ဖတ်ခဲ့တာကို ပြင်ဆင်မှုလို့ ပြောချင် ပြောလို့ရနိုင်တယ်။ ဒါပေမယ့် ဒါကို ပြင်ဆင်မှုလို့ မထင်ခဲ့ ဘူး။ ကိုယ့်ဘာသာ စာဖတ်တာကို အပျော်ဖတ်မဟုတ်ဘဲ နေ့စဉ် ကျောင်းသင်ခန်းစာ လုပ်သလိုကို လုပ်ခဲ့တာ။ ဘောပင်ကိုင်ပြီး မှတ်စုအထုတ်များခဲ့လို့ ညာဖက် လက်သန်းကြွယ်တောင် ခပ်စောင်းစောင်းဖြစ်ပြီး ကောက်နေ တယ်။ ဘောပင်က လက်သန်းကြွယ်ပေါ် တင်ရေးတာကိုး။

၅) စာစရေးတဲ့အခါမှာ ကိုယ်ဖတ်ထားတဲ့ အကြောင်းအရာနဲ့ ကိုယ်ရေးချင်တဲ့အကြောင်းရာတွေ အံဝင်ခွင်ကျ ဖြစ်လာအောင် ဘယ်လိုသုံးသပ်ပြီးရေးခဲ့သလဲ။

ကျနော်စာရေးရင် လွတ်လွတ်လပ်လပ်ပဲ ရေးပါတယ်။ မလွတ်မလပ် ရေးခဲ့တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကိုယ့်စာရေးပြီးတိုင်း ကိုယ့်စာကိုကိုယ်ပြန်ဖတ်တဲ့အခါ မလွတ်မလပ် ရေးတဲ့စာတွေထက် လွတ်လွတ်လပ်လပ် ရေးတဲ့ စာတွေက ပိုကောင်းတာကို တွေ့ရတယ်။ ကျနော်ကိုယ်တိုင်လည်း အားရသလို၊ ဖတ်ရတဲ့သူတွေက လည်း ပိုသဘောကျတာတွေ့ရတယ်။ ဒါ့ကြောင့် စာကို ရေးရင် လွတ်လွတ်လပ်လပ်ပဲ ရေးချင်တယ်။ ဒီမူက ကျနော့်မူပဲ။ ကိုယ်ဖတ်ထားတဲ့ အကြောင်းအရာနဲ့ ကိုယ်ရေးချင်တဲ့အကြောင်းအရာကို တမင်တကာကြီး အံဝင် ခွင်ကျဖြစ်အောင် ညှိ မယူပါဘူး။ ခေါင်းထဲမှာ အသွေးအသားထဲမှာ အလိုအလျောက် မျှခြေညှိထားပြီးသားလို့ ထင်တယ်။

စာရေးရင် အရေးအကြီးဆုံးက mood ပဲ။ မု(ထ်) မရရင် ဘာမှ ရေးလို့ မရဘူး။ မု(ထ်) ရရင် စာက ရေးတာ ရပ်လို့ကို မရတော့ဘူး။ ခေါင်းထဲက ပြောစရာတွေ ကုန်မှ ရပ်တော့တာပဲ။ စာရေးရင်လည်း ဘယ်နှမျက်နှာ ရှိရမယ်ဆိုတာကို တမင်တကာကြီးသတ်မှတ်မထားဘူး။ ဒီတော့ စာရေးရင် ရေးချင်တဲ့နေရာက စရေးတယ်။ ရေးချင်တဲ့စာကြောင်းက စလိုက်တယ်။ ဆုံးချင်တဲ့နေရာမှာ ဆုံးလိုက်တယ်။ ဆောင်းပါးတွေ ရေးရင် ခေါင်းစဉ် တိုတွေကို ဆောင်းပါး အားလုံးပြီးမှာ လိုက်တပ်တာ များတယ်။ မု(ထ်) ဆိုတာက တခြား မဟုတ်ဘူး။ ခေါင်းထဲ မှာ ပြောချင်တဲ့ ကိစ္စတစ်ခု ကွက်ကွက်ကွင်းကွင်း လက်ခနဲ ပေါ်လိုက်တာကို ခေါ်တယ်။ အဲဒါကို တင်ပြဖို့ အတွက်လည်း ခေါင်းထဲက တစ်အားကြီး ညစ်ထုတ်နေရတဲ့ အခြေအနေ မဟုတ်ဘူး။ ဒါကို တင်ပြဖို့အတွက် ခေါင်းထဲမှာ ပြောစရာ အကြောင်းအရာ၊ အချက်အလက်က အရံသင့်ရှိနေပြီးသားကို ပြောတာ။ ဒါကို ကိုယ့်စိတ် ထဲမှာ အလိုလို သိနေတယ်။ ဒါကို မု(ထ်) ရတယ်လို့ ကျနော် သတ်မှတ်တယ်။

၆) ပထမဆုံး စာအုပ်ဖြစ်တဲ့ မင်ခြစ်ကောက်ကြောင်းများ စာအုပ်ကို ဘယ်လို စရေးဖြစ်ခဲ့သလဲ ဆိုတာ သိချင်ပါတယ်။

ဒါကတော့ ၂၀၁၇ မှာ ကျနော် စာအုပ်အညွှန်းတွေ စရေးဖြစ်တယ်။ အရင်ကတည်းက ရေးဖို့စိတ်ကူးမိပါတယ်။ ဒါပေမယ့် မရေးဖြစ်ဘူး။ စာအုပ်အညွှန်းရေးချင်တဲ့စိတ်က မနောကံအဆင့်မှာတင် ဖြစ်နေတယ်။ ကာယကံ အဆင့်ကိုရောက်မလာဘူး။ ၂၀၁၇ မတ်လလောက်မှာ ကာယကံမြောက်အဆင့်ကို ရောက်လာတယ်။ ဒီတော့ ရေးဖြစ်တယ်။ ရေးတဲ့အခါမှာလည်း အရင်တုန်းကလို စဉ်းစားပြီး မရေးဘူး။ ရေးချင်တာတွေပဲ ရေးလိုက်တယ်။ စချင်တဲ့နေရာက စရေးတယ်။ ဆုံးချင်တဲ့နေရာမှာ ဆုံးလိုက်တယ်။ လူတွေ ကြိုက်အောင် ရေးရမယ်ဆိုတဲ့ စိတ် အစွဲကို ဖျောက်ပစ်လိုက်တယ်။ ဘယ်သူဖတ်ဖတ် မဖတ်ဖတ်၊ ငါ့ဘာသာရေးချင်လို့ ရေးတယ်ကွာ…. ဆိုပြီး စိတ်ကို လွှတ်ပြီးရေးတယ်။ ရေးရင်လည်း နာမဝိသေသနတွေ၊ ကြိယာတွေ၊ နာမ်တွေ၊ နာမ်စားတွေ၊ သဒ္ဒါတွေ ကို ခေါင်းထဲက စဉ်းကို မစဉ်းစားဘူး။ ဒီလိုနဲ့ ကိုယ်ဖတ်ပြီးသားစာတွေကို ကိုယ့်ဘာသာ စာအုပ် အဖုံးမြင်လိုက် တာနဲ့ ခံစားရတဲ့ အမြင်၊ ခံစားချက်၊ ယူဆချက်တွေကို ရေးလိုက်တာ။ စာအုပ်အညွှန်းတွေ တစ်နေ့ နှစ်ပုဒ် နှုန်း လောက် ရေးတဲ့အထိဖြစ်လာတယ်။

မင်ခြစ်ကောက်ကြောင်းများက စာအုပ်အညွှန်း အပုဒ် (၃၀) ပါတယ်။ အဲဒီ့အပုဒ် (၃၀) ဟာ စရေးတဲ့ စာအုပ် အညွှန်းတွေပဲ။ အဲဒီ့တစ်အုပ်ရေးဖို့ အသားတင်ကြာချိန်က (၁) လကျော်လောက်ပဲ ထင်တယ်။ အဲဒီလောက်ပဲ ထင်တယ်။ ဟုတ်တယ်။ ဒီလိုနဲ့ မန္တလာကောလိပ်ကျောင်းဆင်း။ စာဖတ်ပေဖတ် လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုဇော်သက်က ကျနော့်စာတွေကို ဖတ်မိပြီး၊ သူစာအုပ်ထုတ်ဝေရေး လုပ်ကြည့်ချင်တယ်လို့ ဆက်သွယ်တယ်။ ကျနော်က ပြောတယ်။ မင်း စဉ်းစားအုံးနော်….။ အရှုံးခံနိုင်လို့လား….၊ အရှုံးက စတွက်ထားလို့ ပြောလိုက်တယ်။ အလွန်ဆုံး အရင်းပေါ့ကွာလို့.. ပြောလိုက်တယ်။ သူက အားလုံးစဉ်းစားပြီးပြီ။ လုပ်ကြည့်ချင်တယ်။ လုပ်ခွင့်ပေး ပါပြောလို့ ဒါဆိုလည်း လုပ်ချင်ရင် လုပ်ကွာဆိုပြီး ပေးလိုက်တယ်။ သူက စာမူခတွေ ဘာတွေ လာပြောတယ်။ ကျနော်က အဲဒါတွေကို စာအုပ်ထုတ်ပြီး (၆)လလောက်ကြာမှ ပြောကွာလို့ ပြောလိုက်တယ်။ သူက ရောင်စုံအိပ် မက်များ စာပေဆိုပြီး မှတ်ပုံတင်လုပ်လိုက်တယ်။ ဒီလိုနဲ့ ၂၀၁၇ ဩဂုတ်လလောက်မှာ မင်ခြစ်ကောက်ကြောင်း များ စာအုပ် ထွက်လာတယ်။ ကလောင်သစ်အနေနဲ့ ကျနော် ထင်မထားခဲ့ဘူး။ စာပေခြေလှမ်းစလိုက်နိုင်တယ် လို့ ပြောလို့ရမယ်။ စာအုပ်က ထုတ်ချင်နေတာ ကြာပြီ။ မထုတ်ဖြစ်တာ။ ကိုဇော်သက်ရဲ့ ကျေးဇူးပြုမှုနဲ့ ကျနော် စာပေခြေလှမ်းကို တရားဝင် စာနိုင်ခဲ့တယ်လို့ ပြောလို့ရမယ်။ အဲဒီ့ ၂၀၁၇ မှာပဲ ကျနော့်ဆောင်းပါးတွေ၊ စာအုပ် အညွှန်းတွေကို မုံရွာဂေဇက်က ကိုနိုင်စိုးက အပတ်စဉ် ထည့်တယ်။ သူက စာမူခအကြောင်းပြောတယ်။ ကျနော်က အစ်ကိုရာ အဲဒါတွေ မပြောနဲ့။ ကျနော်က ကျနော့်စာမူပုံနှိပ်ဖော်ပြရင်ကို ကျေနပ်နေတာ…. လို့ ပြော လိုက်တယ်။ အခုထိ မုံရွာဂေဇက်က ကျနော့်စာမူကို တစ်ကော်လံ အမြဲတမ်း အပတ်စဉ် ထည့်တယ်။ မှတ်မှတ် ရရ မုံရွာဂေဇက်မှာ ပထမဆုံးပါတဲ့စာမူခေါင်းစဉ်က နိုင်ငံတည်ဆောက်ရေးသမား ဦးလှ။ လူထုဦးလှ အကြောင်းရေးတာ။ လူထုဦးလှ ရာပြည့်စာတမ်းများ စုစည်း စာအုပ်ကို စာအုပ်အညွှန်းရေးတာ။ စာအုပ် အညွှန်းဆိုတာထက် ရုပ်ပုံလွှာသဘောဆန်ပါတယ်။

ဒီလိုနဲ့ တခြား ဂျာနယ်၊ မဂ္ဂဇင်းတချို့တွေမှာ စာမူတောင်းလို့ ရေးဖြစ်သွားတယ်။ တချို့လည်း စာမူတော့ တိုက်ရိုက်မတောင်းဘူး။ နီးစပ်ရာက တိုက်တွန်းတယ်။ ဒီတော့ ပို့ဖြစ်သွားတယ်။ ပို့တော့လည်း ပါတာက များတယ်။ ဒီတော့ အားရှိတာပေါ့။ အားရှိတော့ ရေးအားရှိတယ်။ တွန်းအားဖြစ်တယ်။ ဒီလိုနဲ့ များများရေးဖြစ် တယ်။

၇) စာအုပ်အညွှန်းတွေ အပြင် ဘယ်လိုစာမျိုးတွေ ထပ်ရေးဖို့ အစီအစဉ် ရှိသလဲ။

သူများတွေကတော့ ပြောတယ်။ ကိုမင်းသေ့က ရသမှာ လက်စ ရှိတယ်တဲ့။ ကိုယ်က ကိုယ့်ကို ရသစာရေးဆရာ အဖြစ် လူအသိအမှတ်ပြုမခံချင်ဘူး။ ပညာဆိုင်ရာ၊ ဘာသာရပ်ဆိုင်ရာတွေကိုရေးတယ်လို့ လူအသိအမှတ်ပြု စေချင်တာ။ တကယ်တော့ လူတွေက ကျနော် ရသဆန်ဆန် ခပ်တိုတိုတွေရေးရင် ပိုပွက်တယ်ထင်တယ်။ ဒါပေမယ့် ကျနော် ရသဆန်ဆန် စာတချို့ရေးကြည့်တယ်။ တော်တော်များများသိတာကတော့ နွယ်ပေါ့။ နွယ် စာအုပ်လည်း အခု စတုတ္ထမြောက်စာအုပ်အဖြစ် ထုတ်ဖြစ်သွားတယ်။ ဒါကလည်း အကြောင်းတရားတွေ။ ဒါပေမယ့် ကျနော် အခု စာရေးဆရာ မဖြစ်ချင်တော့ဘူး။ စာရေးသူပဲဖြစ်ချင်တော့တယ်။ အကယ်ဒမစ်ပိုင်းကို သွားချင်တယ်။ စာရေးဆရာဆိုတာ စာရေးသူပဲဖြစ်ချင်တော့တယ်။ Writer မဖြစ်ချင်ဘူး၊ Author ပဲဖြစ်ချင် တယ်။ ဒါပေမယ့် ဒါက ကြိုးစားယူရအုံးမယ်။

အသက်ကြီးရင်တော့ တကယ် မဖြစ်မနေရေးချင်တာ တစ်ခုရှိတယ်။ အဲဒါက သမိုင်းနောက်ခံ ဝတ္ထုရှည် တစ်အုပ် လောက်ရေးချင်တယ်။ ထပ်ထူထူ၊ ထူထူထဲထဲပေါ့ဗျာ။ ဂန္တဝင်တန်းဝင်တဲ့ အဆင့်မျိုးရှိတဲ့စာမျိုးပေါ့။ ဒါက အိပ်မက်ထဲက အိပ်မက် တစ်ခု။ သိန်းဖေမြင့်ရဲ့ အရှေ့ကနေဝန်းတို့၊ သခင်တင်မြရဲ့ ဘုံဘဝမှာဖြင့်…တို့၊ ကျော်ဝင်းရဲ့ ပျောက်ဆုံးသွားသောမျိုးဆက်….တို့၊ ဒါတွေကို သဘောကျတယ်။ ဒီလိုရေးတတ်ချင်တယ်။

တကယ်ရေးကြည့်လိုတော့ ရသက တကယ်ခက်တယ်ဗျ။ ကျနော့်အတွက် အတော်ခက်တယ်။ ရသကို ကျနော် မသိဘူး။ ဝတ္ထုလည်း အဖတ်နည်းတယ်။ စာပေသဘောတရား၊ ဝတ္ထုသဘောတရားတွေလည်း နားမလည်ဘူး။ သိပ်လည်း ထဲထဲဝင်ဝင်မလေ့လာဖြစ်ဘူး။ ခံစားမှု နက်နက်နဲနဲလည်း သိပ်မဖြစ်ဘူး။ လူက မာမာတောင့်တောင့် ဆိုတော့ ရသက ကျနော့်အတွက် အတော်ခက်တဲ့ စာပဲ။ အရင်က ရသရေးတဲ့စာရေးဆရာတွေကို သိပ်အထင် မကြီးဘူး။ ဒါပေမယ့် အခု အမြင်ပြောင်းသွားတယ်။ ရသရေးတဲ့စာရေးဆရာဟာ တော်ရုံလူ လုပ်လို့မရဘူး။

၈) ထပ်ဆင့်မေးခွန်းအနေနဲ့၊ နောက်ထပ်ရေးမယ့် စာအုပ်မျိုးတွေကို ဘယ်လို ရည်ရွယ်ချက်မျိုးကြောင့် ရေးချင် တယ်လို့ ထင်သလဲ။

ကျနော့် အမြင်တွေက ပြောင်းတတ်တယ်။ အထူးသဖြင့် ဖြတ်သန်းမှုနဲ့ အသက်အရွယ်ကို လိုက်ပြီး ပြောင်းတတ် တယ်။ အခုဖြစ်နေတဲ့ အမြင်ကို ပြောချင်တယ်။ ကျနော် စာအုပ်တွေရေးထားခဲ့ချင်တယ်။ ကျနော် နိုင်ငံရေး နယ်ထဲကို ရောက်နေတယ်။ ဒါပေမယ့် ကျနော် ခြေတစ်လှမ်းနောက်ဆုတ်လိုက်တယ်။ နိုင်ငံရေးဆိုတာထက် စာပေကို ကျနော် ပိုဖိချင်တယ်။ နိုင်ငံရေးဘက်မှာ တချို့ကျနော် အားထုတ်ခဲ့တဲ့ အင်အားတွေ၊ အချိန်တွေ၊ လုပ်အားတွေက အဟောသိကံဖြစ်ခဲ့တယ်လို့ မြင်မိတယ်။ ဒါ့ကြောင့် ကျနော်သေရင်လည်း အရာထင်နိုင်မယ့် စာပေကိုပဲများများ လုပ်ချင်တော့တယ်။ ၂၀၆၀ လောက်ဆိုရင် မင်းသေ့ ဆိုတာ ရှိချင်မှ ရှိတော့မှာ။ သေချင် သေသွားမယ်။ ဒီတော့ မင်းသေ့ သေရင် ဘာပြနိုင်ခဲ့သလဲ။ မင်းသေ့လို့ ပြောလို့ရမယ့်အရာ ဘာရှိသလဲ။ သိပ် များများစားစား မရှိနိုင်ပါဘူး။ စာအုပ်တွေပဲ ကျန်ခဲ့လိမ့်မယ်။ စာအုပ်တွေပဲ ချန်ထားခဲ့ချင်တယ်။ စာကတော့ အသက် သေဆုံးတဲ့အထိ ရေးချင်တယ်။ စာမရေးရ မနေနိုင်တဲ့ရောဂါ ကျနော် ရနေပြီ။ ကွန်ပြူတာ မရှိရင် အသက်မရှင်နိုင်တော့တဲ့အခြေအနေကို ရောက်နေပြီ။ ဒါက နည်းနည်းလွန်သွားမလား။ ကီးဘုတ်ခုံပေါ် လက်ချောင်းတွေ တင်ပြီး မကစားရင် စိတ်ထဲ နေမထိထိုင်မသာဖြစ်တဲ့ အကျင့်ကို ကျနော်ရနေပြီ။ ဒါ့ကြောင့် ကျနော် စာအမြဲလိုလိုရေးဖြစ်တယ်။ စာအုပ်တွေနဲ့ပဲ မင်းသေ့ ဆိုတာကို လက်ညှိုးထိုးပြလို့ ရမယ်ထင်တယ်။

၉) စာရေးဆရာတစ်ယောက်ရဲ့ဘဝမျိုးနဲ့ ဘယ်လို ရပ်တည်ရှင်သန်မလဲ။

မြန်မာပြည်ဟာ စာရေးဆရာအဖြစ် အသက်မွေးလို့ ကောင်းတဲ့ နိုင်ငံမျိုး မဟုတ်ဘူးလို့ ဆရာကြီးရွှေဥဒေါင်းက ပြောဖူးတယ်။ ဒီလိုနိုင်ငံမျိုးမှာတောင် စာရေးဆရာအဖြစ် အသက်မွေးခဲ့တဲ့ လူတွေ ရှိတယ်။ သူတို့က အခက် အခဲ အကျပ်အတည်းကြားကကို ရအောင် နေထိုင်သွားကြတာ။ ဥပမာ – ဆရာကြီးမြသန်းတင့်တို့၊ အခုခေတ်မှာ ဆို ဆရာကျော်ဝင်းတို့လိုပေါ့။ အစက အဲသည်လောက် ခက်ခဲမယ် မထင်ရဘူး။ ဆရာကြီး မြသန်းတင့်ရဲ့ ဘဝ ကို လေ့လာကြည့်တယ်။ အင်မတန်ခက်ခဲတာကို လုပ်နိုင်ခဲ့လို့ လေးစားကြည်ညိုရတယ်။ ဆရာကျော်ဝင်း လည်း ထိုနည်းလည်းကောင်းပဲ။ ဆရာမြသန်းတင့်တို့ ခေတ်က စာရေးပြီး အသက်မွေးလို့ အဆင်ပြေနိုင်သေး တယ်။ ဒါတောင် ဆရာကြီး မြသန်းတင့်ရဲ့ဘဝက ချို့ချို့တဲ့တဲ့ပဲ။ ဒီဘက်ခေတ်ဆို ပိုလို့ ဆိုးတာပေါ့။ ဒီဘက် ခေတ်မှာဆို ကျနော်နဲ့ နီးနီးစပ်စပ် ရှိတာ ဆရာကျော်ဝင်း။ ဒီလိုခေတ်မှာတောင် ဒီလိုလုပ်နိုင်တဲ့လူ ရှိတယ် ဆိုတော့ ပိုအံ့ဩရတယ်။ ကျနော်ဆိုရင် မလုပ်နိုင်ဘူး။

ဒါ့ကြောင့် စာပေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ဖို့ ကျနော့်မှာ ရည်ရွယ်ချက် မရှိဘူး။ စာပေဆီကနေ ကျနော် ဘာမှ မယူဘူး။ စာပေကို ကျနော်ကပဲ ပေးမယ်။ ကျနော် ရစရာရှိတာကို စာပေမဟုတ်တဲ့ တခြားနယ်ပယ်က ကျနော် ယူမယ်။ စာပေနဲ့တော့ အသက်မမွေးဘူး။ ဘာလို့လဲ ဆိုတော့ မြန်မာပြည်ဟာ စာရေးခြင်းနဲ့ အသက် မွေးလို့ ကောင်းတဲ့နိုင်ငံ မဟုတ်လို့ပဲ။ ဒါဟာ လူ့အဖွဲ့အစည်းရဲ့ ရေချိန်နဲ့လည်း ဆိုင်တယ်၊ စီးပွားရေး အဆင့် အတန်းနဲ့လည်း ဆိုင်တယ်။ မြန်မာ့လူမှုဓလေ့နဲ့လည်း ဆိုင်တယ်။

၁၀) ကိုယ်ပုံဖော်ချင်တဲ့ ဘဝမျိုးက ဘယ်လိုမျိုးဖြစ်မလဲ။

ဖြစ်ချင်တာတော့ အများကြီးပဲ။ လောဘကြီးတဲ့အထဲမှာ ကျနော်ပါမယ် ထင်တယ်။ ဒါပေမယ့် ကျနော်က အောင့်အီးနိုင်တယ်။ သိုသိပ်နိုင်တယ်။ စောင့်နိုင်တယ်။ တစ်ဖက်မှာလည်း ကျနော် ဘာလုပ်နိုင်တယ်ဆိုတာ ကျနော် သိတယ်။ ကျနော် ဘာမလုပ်နိုင်ဘူး ဆိုတာ ကျနော်သိတယ်။ ကျနော် ဘာလုပ်ချင်တယ်ဆိုတာလည်း ကျနော့်ကို ကျနော် မေးခွန်း ထပ်ခါ ထပ်ခါ ထုတ်ပြီး သိအောင်လုပ်တယ်။ ကျနော် ဘာမလုပ်ချင်ဘူး ဆိုတာ လည်း ကျနော့်ကို ကျနော် အမြဲပြန်ကြည့်ပြီး မေးတယ်။ ဒီတော့ ကျနော့်မှာ အကန့်အသတ်ရှိတယ်ဆိုတာ ကျနော်နားလည်တယ်။


ဆရာ ဒဂုန်တာရာကို အားကျတယ်။ အသက်ကြီးရင် သူ့လိုပဲ တောင်ပေါ်ဒေသ အောင်ပန်းမြို့လို တောင်ပေါ် မြို့လေးမှာ အေးအေးချမ်းချမ်း ခေါင်းချနေထိုင်သွားချင်တယ်။ ခြံလေးဝန်းလေးနဲ့၊ တိုက်ပုလေးတစ်လုံး ရှိရင် ရပြီ။ စိုက်လို့ပျိုးလို့ရမယ့် မြေကွက်လပ်အပိုလေး။ ကျနော့် စာအုပ်စင်ထားဖို့ နေရာရှိမယ်။ လတ်လတ်ဆတ် ဆတ် စားလို့ရနိုင်မယ့် ဟင်းသီးဟင်းရွက်တွေ ပေါမယ်။ ဒီလိုနေရာမျိုးမှာ ကျနော် နေထိုင်ချင်တယ်။ ကျနော် အသက်ကြီးရင် နိုင်ငံရေးလည်း မလုပ်ချင်ဘူး။ စိတ်လည်း မဝင်စားချင်ဘူး။ နိုင်ငံရေးစိတ်ဝင်စားတဲ့ ကိုယ့်ကိုယ် ကိုလည်း တခါတရံ မကျေနပ်ဘူး။ ငါ ဒါတွေကို ဘာ့ကြောင့် စိတ်ဝင်စားနေရတာလဲပေါ့။ စိတ်မဝင်စားဘဲ နေလို့ ရရင် သိပ်ကောင်းမှာပဲလို့ မကြာခဏ တွေးတယ်။ ဒါပေမယ့် မရဘူး။ နိုင်ငံရေးကိစ္စတွေက ကျနော့် အသွေး အသားထဲကို စိမ့်ဝင်ပျံံ့နှံ့နေပြီ ထင်တယ်။

လူ့ဘဝက တိုတိုလေး။ ဒါ့ကြောင့် ကျနော်လုပ်ချင်တာတွေ လုပ်ခဲ့ချင်တယ်။ တောင်ပေါ်တောရွာလေးမှာ ကလေးတွေကို စာသင်ပေးရင်း ရွာကကျွေးတဲ့ ထမင်းကို စားပြီး တစ်နှစ်လောက်နေခဲ့ဖူးချင်တယ်။ စက်ဘီး စီးပြီး မြန်မာတစ်ပြည်လုံးကို ပတ်ချင်တယ်။ စာအုပ် သုံးသောင်းလောက် စုစည်းချင်တယ်။ အခုတော့ ထောင့် ငါးရာ ၊ နှစ်ထောင်နီးပါးလောက်ပဲ ရှိသေးတယ်။ သင်္ကန်းဝတ်နဲ့ တောတောင်စိမ်းစမ်းရှိတဲ့ကျောင်းလေးမှာ လေးငါးခြောက်လလောက် လောကကြီးနဲ့ အဆက်အသွယ် မလုပ်ဘဲ၊ တစ်ပါးတည်းနေဖူးချင်တယ်။ အခုတော့ တစ်လလောက်နေခဲ့ဖူးပြီးပြီ။ အသက် (၆၀) လောက်ထိ နေရရင် စာအုပ် (၁၀၀) လောက်ရေးထားခဲ့ချင်တယ်။ အင်္ဂလိပ်လိုလည်း ရေးချင်တယ်။ သုတေသနစာတမ်းတွေ၊ သုတေသနကျမ်းတွေကိုလည်း အင်္ဂလိပ် / မြန်မာ နှစ်မျိုးလုံးနဲ့ ရေးခဲ့ချင်တယ်။ စာကတော့ ကိုယ်ရေးချင်တာတွေပဲ ရေးမယ်။ မရေးချင်တာတွေ မရေးဘူး။ ဘယ် သူ ဘာပြောပြော ကိုယ်ရေးချင်ရင် ရေးမယ်၊ ကိုယ်မရေးချင်ရင် မရေးဘူး။ အခုအချိန်ထိတော့ ကိုယ်ရေးချင် တာပဲ ရေးနေတာပဲ။ ကိုယ်မရေးချင်တာဆို ရေးလို့ကို မရဘူး။ ငွေကတော့ ရှာရမယ်။ ဒါပေမယ့် စာပေက ငွေ မရဘူး။ ဒါ့ကြောင့် နိုင်ငံရေးစာသင်ပြီးတော့ပဲ ငွေရတယ်။

အရင်တုန်းကတော့ အများအတွက်၊ ပြည်သူလူထုကြီးအတွက်ဆိုပြီး ကြီးကြီးကျယ်ကျယ်တွေ တွေးခဲ့ဖူးတယ်။ အခုတော့ အဲဒီ့အတွေးတွေ ပါးပါးလျလျဖြစ်သွားပြီ။ ဘာအတွက် ညာအတွက်ဆိုတာထက် ကိုယ်လုပ်ချင်တာ တွေကိုသာ အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့ချင်တယ်။ ကိုယ်လုပ်တာတွေက အများအကျိုးဖြစ်ရင်၊ အများ အတွက် အထောက်အကူဖြစ်ရင် ပီတိဖြစ်တယ်။ ကျေနပ်တယ်။ ဒီလောက်နဲ့ ရပ်ထားချင်တယ်။

မဟာမြိုင်တောရ ဆရာတော် ဦးဇောတိက စာအုပ်ထဲက မေးခွန်းကို ဖြေထားတယ်။ ငါ လူ့ဘဝကို ဘာလုပ်ဖို့ ရောက်လာတာလဲ….လို့။ ငါ လူ့ဘဝကို ရောက်လာတာဟာ ငါတတ်နိုင်သလောက် အသိဉာဏ်အဆင့်အတန်း ကို မြင့်သထက် မြင့်အောင် လုပ်ခဲ့ချင်တယ်၊ ငါ့ အသိဉာဏ်ကို သုံးခွင့်ရတဲ့နေရာမှာပဲ ငါနေထိုင်ချင်တယ်။ ငါ့အသိဉာဏ်ကို သုံးခွင့်ရတဲ့အလုပ်ကိုပဲ ငါလုပ်ချင်တယ်။ ငါ့အသိဉာဏ်ကို သုံးခွင့်မရတဲ့ အလုပ်ကို ငါ တစ် သက်လုံး မလုပ်ဘူး။ ငါ့အသိဉာဏ်ကို သုံးခွင့်မရတဲ့နေရာမှာ ငါ တစ်သက်လုံး မနေဘူး။ ငါ့ အသိဉာဏ်ကို ဆက်လက်တိုးပွားအောင် လုပ်မပေးနိုင်တဲ့ အလုပ်မျိုးကို ငါ တစ်သက်လုံး မလုပ်ဘူး။ ငါ့အသိဉာဏ်ကို ဆက်လက် အဆင့်မြင့်အောင် လုပ်မပေးနိုင်တဲ့ နေရာမျိုးမှာ ငါ တစ်သက်လုံး မနေဘူး။ ငါ လူ့ဘဝကို ရောက် လာတာက တတ်နိုင်သမျှ အသိဉာဏ်အဆင့်အတန်း မြင့်အောင် လုပ်ခဲ့ဖို့အတွက် လူဖြစ်လာတာပါ။ ငါသိ သလောက်၊ ငါနားလည်သလောက် တခြားလူတွေ ဖတ်မှတ်လေ့လာလို့ရအောင် စာတွေရေးထားခဲ့ချင်တာသာ ဖြစ်ပါတယ်။ ငါနားလည်တာကို ပြောပြချင်တယ်။ ငါနားလည်တာကို တခြားသူတွေ သိစေချင်တယ်။ ဒါ့ကြောင့် ငါ စာတွေ ရေးတယ်။ ငါ ဘာကိုမှ ကြီးကြီးကျယ်ကျယ်ကြီး လုပ်နိုင်မယ် မထင်ပါဘူး။ ငါ လုပ်နိုင်တာ နည်း နည်းလေး။ ငါလုပ်နိုင်တာက စာလေးရေးတတ်တာပဲ လုပ်တတ်တာပါ။ ဒါ့ကြောင့် စာရေးတဲ့အလုပ်ကို ငါ အမြဲမပြတ်လုပ်နေတာကို ကျေနပ်နေတာပါပဲ။ စာရေးနေရင်း၊ စာရေးပြီးသွားရင်လည်း ငါ တစ်ခုခုကို သေချာ သဘောပေါက်နားလည်သလို ခံစားရတယ်။ ဘဝတက္ကသိုလ်မှာ စာဖတ်ခြင်း၊ စာရေးခြင်း အလုပ်ဟာ သင်ခန်း စာတွေကို လေ့လာရ၊ ဖတ်ရ၊ မှတ်ရ၊ အိမ်စာလုပ်ရသလိုပါပဲ။ တစ်ပုဒ်တစ်ပုဒ် ဖတ်ပြီးတိုင်း၊ ဖြေဆိုပြီးတိုင်း ငါ ပိုပို ပျော်လာတယ်၊ ပိုပို ကျေနပ်လာရတယ်။ ဒီနည်းနဲ့ပဲ ငါ အသက်ရှင်ပါတယ်။

ဒီလောက်ပါပဲ။

What an amazing interview ‼️
Loved reading every bit of your journey !


တက္ကသိုလ်ကျောင်းသားဘဝတုန်းက ဖြစ်ချင်တာတွေ များခဲ့တယ်။ ရေနံအင်ဂျင်နီယာလည်းဖြစ်ချင်တာပဲ၊ ကဗျာဆရာလည်းဖြစ်ချင်တာပဲ၊ ဖလော်ဆော်ဖာလည်း ဖြစ်ချင်လိုက်တာပဲ၊ စာရေးဆရာလည်း ဖြစ်ချင်လိုက်တာပဲ၊ ဆရာ့ ဆရာကြီးတွေရဲ့ ဟောပြောချက်တွေ နား ထောင်ပြီး၊ ဟောပြောပို့ချသူလည်းဖြစ်ချင်လိုက်တာပဲ။


Seems like almost all of your dreams have materialised already ! What great intentions and passion and perseverance too!
You have been one who seemingly has known who you are since very young, and you have clearly followed your dream in your heart as well …
No wonder we can feel your energy and passion and dedication in all of your writings, no matter what the topic may be.


I, for one, for the very first time – read your writing about sayadaw u jotika one fine day a few years back, and really enjoyed reading your words and your flow of ideas.


I myself …just as you …have so much interest in so many topics and feel there is never enough time to pursue all that we wish, in this short stay we have in this life.


Nevertheless …a book …a good book …a well written book 📚-which has a clear message that can propel my knowledge and quench my thirst for learning …will always be my best friend in this world …for the truth that comes from reading any truth ….is felt so deeply within …and the change is permanent and life propelling always …


May you continue to share your amazing thoughts with the world …
We need them & we sincerely appreciate them too!
Thanks for sharing this wonderful interview 🌟👏!

စင်္ကာပူက မိတ်ဆွေ အစ်မ မစိုးမိုးလွင်ရဲ့ မှတ်ချက်ကို ဖော်ပြလိုက်ပါတယ်။
Previous post လက်နဲ့တွေးပါ
Next post ဆရာအလုပ်ဆိုတာ