ဆရာကြီးလူထုစိန်ဝင်းရဲ့စာတွေကို မကြာခဏ ဖတ်ဖြစ်ပါတယ်။ ဖတ်လိုက်တိုင်းလည်း တွေးစရာ၊ သိမြင်စရာ တစ်ခုခု ရနေတော့တာပဲ။ လူထုစိန်ဝင်းရဲ့ ‘ခြင်ချော်လဲစာနဲ့ ဂွမ်းဆီထိစာ’ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်မိတယ်။ အဲသည့်ဆောင်းပါးထဲမှာ ဆရာကြီးက အခုလို ပြောပါတယ်။

‘ဝတ္ထု၊ ကဗျာစတဲ့ ရသစာပေဖတ်တယ်ဆိုတာက ပညာဗဟုသုတဆည်းပူးချင်လို့ မဟုတ်ဘူး။ ရင်ကို ထိခိုက် လှုပ်ရှားသွားစေတဲ့အရသာ တစ်မျိုးမျိုးကို ခံစားချင်လို့ ဖတ်တာ။ ပညာဗဟုသုတလိုချင်ရင် ပညာရပ်ဆိုင်ရာ စာအုပ်နဲ့ စွယ်စုံကျမ်းတွေ ဖတ်မှာပေါ့။’ လို့ ရေးထားပါတယ်။

ဒီအယူအဆကို ကြိုက်ပါတယ်။ ကျနော်လက်ခံပါတယ်။ ဒီလို သဘောထားကိုလည်း လက်ကိုင်ထားပါတယ်။ အခုလက်ရှိအချိန်ထိ ကျနော် စာအုပ် (၄) အုပ်ထုတ်ဝေခဲ့ပြီးပါပြီ။ စာအုပ်အညွှန်း (၂) အုပ်၊ နိုင်ငံရေးဆောင်းပါး တွေက (၁) အုပ်၊ ရသစာအုပ် (၁) အုပ်ဖြစ်ပါတယ်။ အထူးသဖြင့် ရသစာအုပ်ရေးတဲ့အခါမှာ ကျနော့်အတွက် အင်မတန်ခက်ပါတယ်။ နိုင်ငံရေးဆောင်းပါး သို့မဟုတ် ထင်မြင်ချက်ဆောင်းပါးတစ်ပုဒ်ကို ချက်ချင်းရေးလို့ ရနိုင် ပါတယ်။ စာအုပ်အညွှန်း တစ်အုပ်ကိုလည်း သေချာ အာရုံစိုက်ပြီးရေးရင် တစ်ပုဒ်ထွက်ပါတယ်။ သို့ပေမယ့် ရသ စာတစ်ပုဒ်ဟာ ကျနော့်အတွက် အင်မတန်ခက်ပါတယ်။ စာတစ်မျက်နှာ၊ စာနှစ်မျက်နှာလောက်ကို ရေးဖို့ ခက် ပါတယ်။ ကျနော်က ရသစာပေ အဖတ်နည်းပါတယ်။ သိပ် ထိထိရှရှလည်း မခံစားနိုင်ပါဘူး။ ရသစာပေ သဘောတရားတို့၊ ဝတ္ထုရေးသဘောတရားတွေလည်း သိပ်မသိပါဘူး။ သိပ်နားမလည်ပါဘူး။ ဝတ္ထုတွေလည်း တော်တော်အဖတ်နည်းပါတယ်။ ဒါပေမယ့် ကိုယ်ခံစားမိတာကို ရိုးရိုးသားသားရေးလိုက်တယ်။ သရုပ်ဖော်ချက် နဲ့ ဒိုင်ယာလော့ခ်တွေကို စပ်ဟပ်ပြီး ထည့်ရေးတယ်။ စချင်တဲ့နေရာမှာ စာချင်တဲ့ စာကြောင်းနဲ့ စလိုက်ပြီး၊ ဆုံးချင်တဲ့နေရာမှာ ဆုံးချင်တဲ့စကားလုံးနဲ့ ဆုံးချလိုက်တယ်။ စာဘယ်နှမျက်နှာရှိရမယ်ဆိုတာကိုလည်း မစဉ်းစားဘူး။ အဖြစ်အပျက်ဘယ်လို စဉ်မလဲဆိုတာကိုလည်း မစဉ်းစားဘူး။ ဘာရည်ရွယ်ချက်နဲ့ ရေးနေသလဲ ဆိုတာကိုလည်း မစဉ်းစားဘဲ ရသစာလို့ ပြောလို့ရမယ့် စာတချို့ကို ရေးခဲ့ပါတယ်။

စာဖတ်သူတော်တော်များများက ကျနော်ရေးခဲ့တဲ့ ရသစာတချို့နဲ့ပတ်သက်ပြီး အကောင်းဘက်က အားပေးကြ တယ်။ လက်ခံကြတယ်။ ထောက်ခံကြတယ်။ လိုလားကြတယ်။ သူတို့ကိုယ်တိုင်လည်း ခံတွင်းတွေ့တယ်လို့ ပြောတယ်။ ကျနော်ကလည်း ရိုးရိုးသားသား ဝန်ခံထားပါတယ်။ ကျနော် ရသဓာတ်ခံအားနည်းကြောင်း၊ ဝတ္ထုတွေ အဖတ်နည်းကြောင်း၊ ဝတ္ထုသဘောတရား ရသသဘောတရားတွေ သိပ်မသိကြောင်း ဝန်ခံထားပါ တယ်။ ဒါပေမယ့် ကျနော့် ခံစားချက်တွေ ပြင်းပြင်းရှရှဖြစ်တိုင်း ကွန်ပြူတာ ကီးဘုတ်ခ်ခုံပေါ် လက်ချောင်းတွေ ရောက်သွားပြီး စာတစ်ပုဒ်ဖြစ်လာတယ်။ ဒီလိုနဲ့ စာတစ်ပုဒ် စာတစ်ပုဒ်တွေ များလာရင်း စာအုပ်ခပ်ပါးပါး တစ်အုပ်စာရလာတယ်။ စာဖတ်သမားလူငယ်တွေက တွေ့တိုင်း အဲသည့်စာတွေကို စာအုပ်မထုတ်ဘူးလားလို့ အမြဲတမ်းလိုလို မေးတယ်။ မေးတဲ့လူတွေကလည်း တစ်ယောက်စ နှစ်ယောက်စ မက ဖြစ်လာတယ်။ ဒီလိုနဲ့ စာအုပ်အဖြစ် ထုတ်ဖြစ်လာတာပါပဲ။

ဒီစာအုပ်ကို ကြော်ငြာစာ တင်တဲ့အခါမှာလည်း၊ သိစရာလည်း မပါပါ၊ အချက်အလက်လည်း မပါပါ၊ ဗဟုသုတ လည်းမပါပါ၊ အတွေးအခေါ်ဒဿနလည်း မပါပါလို့ ရေးခဲ့တယ်။ ခံစားချက်တွေ၊ အဇ္ဈတ္တတွေ၊ အတ္တတွေ၊ မာန တွေ၊ အချစ်တွေ၊ အမုန်းတွေ၊ နာကျည်းချက်တွေ၊ ခံစားချက်တွေ၊ ဝေဒနာတွေပဲ ပါတယ်လို့ ရေးခဲ့တယ်။ တိုက် တိုက်ဆိုင်ဆိုင် ဆရာကြီး လူထုစိန်ဝင်းပြောခဲ့ဖူးတဲ့ စကားနဲ့ တိုက်ဆိုင်နေတယ်။

ကျနော် ဆောင်းပါးတွေ တော်တော်များများရေးဖြစ်ပါတယ်။ ဆောင်းပါးတွေဆိုတာ အသိတစ်ခု၊ အမြင်တစ်ခု၊ သဘောထားတစ်ခု၊ ထင်မြင်ချက်တစ်ခု၊ ရပ်တည်ချက်တစ်ခု၊ မက်ဆေ့ချ်တစ်ခုခု ပေးချင်ရင် ပို့ချင်ရင် ဆောင်းပါးတစ်ပုဒ်ကို ရေးလိုက်တာပါပဲ။ ဆောင်းပါးဆိုတာ ဆောင်ပါး… ဆိုတဲ့ စကားလုံးကနေ ဆင်းသက် တယ်လို့ လေ့လာခဲ့ရဖူးတယ်။ ဆောင်ပါးဆိုတာ ဆောင်ယူခြင်း၊ ပါးလိုက်ခြင်း၊ ကမ်းလိုက်ခြင်း၊ လှမ်းပို့လိုက်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ပါတယ်။

ရသစာဟာ ခံစားချက်ချင်း ဖလှယ်ကူးလူးတာလို့ နားလည်ပါတယ်။ ရေးသူရဲ့ခံစားချက်နဲ့ ဖတ်သူရဲ့ခံစားချက် ကို စကားလုံး၊ ဝေါဟာရ၊ အက္ခရာတွေ အသုံးပြုပြီး ပို့လွှတ်တာ ဖြစ်ပါတယ်။ အက္ခရာ သင်္ကေတကနေ မျက်လုံး၊ မျက်လုံးကနေ စိတ်ဆီကို ကူးလူးခိုင်းတာ၊ ခံစားခိုင်းတာဖြစ်ပါတယ်။ ဒီတော့ ခံစားချက်ကို ဗဟိုပြုဖြစ်တည်တာ ဖြစ်ပါတယ်။ ဆရာကြီး ဒဂုန်တာရာက ကဗျာဆိုတာကို အဓိပ္ပာယ်ဖွင့်ခဲ့ဖူးတယ်။ ကဗျာဆိုတာ ဘာလဲ။ ဖတ်လိုက်လို့ ရင်ခုန်ရရင် ကဗျာပဲလို့ သတ်မှတ်တယ်။ ဒါဟာ ဆရာကြီး သတ်မှတ်တဲ့ ပေတံဖြစ်ပါတယ်။

ဒီတော့ ရသစာကိုလည်း ဘယ်လို သတ်မှတ်မလဲ။ ကျနော်ကတော့ ဖတ်သူကို ဝေဒနာတစ်ခုခု ပေးနိုင်ရင် ရသ သဘော အကျုံးဝင်တယ်လို့ ယူဆပါတယ်။ ဒါပေမယ့် ရေးသူက ဝေဒနာတစ်ခုခုပေးဖို့ထက် ဗဟုသုတတစ်ခုခု၊ အသိအမြင်တစ်ခုခု ပေးချင်စိတ်လွန်ကဲနေရင်တော့ ဘယ်လိုပဲ ဝတ္ထုအရေးအသားပုံစံနဲ့ရေးထားရေးထား ဒါဟာ ရသစာပေထဲ အကျုံးမဝင်နိုင်ဘူးလို့ ထင်တယ်။

ဝေဒနာလို့ ပြောတဲ့နေရာမှာလည်း အမျိုးမျိုး ရှိနိုင်ပါတယ်။ နာကျင်ခြင်းဝေဒနာ၊ ကြည်နူးခြင်းဝေဒနာ ဒါမှ မဟုတ် ဝေဒနာ တစ်ခုခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဝေဒနာကို အခြေပြုတာ၊ ခံစားချက်ကို အခြေ ပြုတယ်ဆိုတာကတည်းက ရသသဘောဖြစ်တယ်လို့ ပြောလို့ရပါလိမ့်မယ်။ ရသစာပေအတွက် အသိဗဟုသုတ ဆိုတာ အဓိက မကျပါဘူး။ ရသစာပေအတွက် အသိဗဟုသုတဆိုတာ အခရာ မကျပါဘူး။ လိုအပ်တဲ့နေရာမှာ အစာသွပ်ဖြည့်စွက်တယ်ဆိုတဲ့သဘောသာဖြစ်ပါတယ်။ ခံစားချက်ကို ဖော်ညွှန်းတဲ့နေရာမှာ အထောက်အပံ့ သဘောသာဖြစ်ပါတယ်။ အကယ်၍ ရေးသူဟာ ဝေဒနာနဲ့ ခံစားချက်ကို ဇောင်းမပေးဘဲ အသိဗဟုသုတကို အတင်းသွတ်သွင်းနေမယ်ဆိုရင် ရသဟာ ပျက်တယ်။ အသိဗဟုသုတကို ရေးလို့ ရသခံစားမှုကို အနှောက် အယှက်မဖြစ်ရင်တော့ ထည့်ရေးနိုင်ပါတယ်။ ဒါပေမယ့် အနှောက်အယှက်မဖြစ်တိုင်းလည်း ဇွတ်ထည့်ရေးနေ လို့မဖြစ်ပြန်ဘူး။ ခံစားချက်၊ ရသ၊ ဝေဒနာကို ဖော်ပြရေးပြရာမှာ အထောက်အပံ့ဖြစ်စေမှသာ ထည့်ဖို့သင့်တယ်။ ဘာပဲ ပြောပြော ဝတ္ထု၊ ကဗျာ၊ ရသစာပေဆိုတာက ပညာဗဟုသုတအတွက် ရည်ရွယ်တာမှ မဟုတ်တာ။ နှလုံးသားကို ချိန်ပစ်တဲ့ စာပေမြှားတစ်စင်းပဲ မဟုတ်လား။ နှလုံးသားကိုပဲ ချိန်ရမှာပေါ့။

မင်းသေ့
ည ၈ း ၀၀
၁၂ ၊ ဇွန် ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post စာအုပ်စာပေချစ်တယ်ဆိုတာ တကယ်လား…
Next post လက်နဲ့တွေးပါ