မြန်မာနိုင်ငံရေးသမားတွေဟာ – အထူအပါး နားမလည်ဘူး။ အကင်းမပါးဘူး။ အတိုင်းအရှည်ကို မသိဘူး။ အကန့်အသတ်ကို နားမလည်ဘူး။ “ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ နိုင်ငံရေး” ဆိုတဲ့ အဘိဓမ္မာကို နားမလည်ရင် နေပါ၊ အခြေခံပြည်သူ့စည်းရုံးရေးအယူအဆကိုတော့ အခြေခံအားဖြင့် ကြေလည်သင့်ပါတယ်။ ပြည်သူကို စည်းရုံးပါ — ပြည်သူကို အမိန့် မပေးနဲ့၊ မစော်ကားနဲ့။ 

ပြည်သူဆိုတဲ့ စကားလုံးကလည်း နိုင်ငံရေးအုပ်စုတိုင်းက သုံးလွန်းလို့ ဆီသည်မ လက်သုပ်လို ဖြစ်နေပါပြီ။ 

မြန်မာပြည်ကတော့ — အတိုက်အခံ မလုပ်တတ်တဲ့ အတိုက်အခံပါတီ၊ မအုပ်ချုပ်တတ်တဲ့ အာဏာရပါတီ၊ စစ်သားကနေ နိုင်ငံရေးသမားဖြစ်သွားသူနဲ့ နိုင်ငံရေးသမားကနေ စစ်သားဖြစ်သွားသူတွေ ဝဲလည်လိုက်နေတဲ့ လူ့အဖွဲ့အစည်းကြီးဖြစ်နေတော့တာပါပဲ။ 

စစ်ပညာဆိုတာဟာ — ပရော်ဖက်ရှင်နယ်ကျကျ လေ့လာသင်ယူရတဲ့ ပညာရပ်တစ်ရပ်လို တန်ဖိုးရှိပါတယ်။ နိုင်ငံရေးသိပ္ပံဟာ တန်ဖိုး ရှိသလို၊ စစ်ရေးသိပ္ပံကလည်း တန်ဖိုးမမဲ့ပါဘူး။ သူ့တန်ဖိုးနဲ့ သူ ဖြစ်ပါတယ်။ လူထုကို မဲဆွယ်စည်းရုံးသလို လူပိန်းကြိုက်ဝါဒတရားဟောနိုင်ရုံနဲ့ စစ်ရေးနယ်မှာ အောင်နိုင်မှု ရတယ်လို့ မထင်စေလိုပါ။ မြန်မာနိုင်ငံရေးသမားတွေကပဲ — လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်တဲ့သူတွေ ဖြစ်လာတဲ့အခါ စစ်ရေးကို လူပိန်းကြိုက် မဲဆွယ်သလို ဦးဆောင်နေတော့တာ တွေ့ရတယ်။ 

မြန်မာနိုင်ငံရေးသမားတွေက — လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်လိုက်ကြရတော့၊ လက်ဝဲသုန္ဒရ အမတ်ကြီးရဲ့ နန္ဒီသေနပျို့မှာ ရေးသားတဲ့ အလင်္ကာပိုဒ်ကို ပြန်ကောက်နုတ်ကြတယ်။ 

  • စစ်နည်းဗျူဟာ ဘယ်လိုသာလည်း 
  • စွဲကိုင်လက်နက် ဘယ်လိုထက်လည်း 
  • ပြည်သူ့နှလုံးမသိမ်းကျုံးလျှင် 
  • ပြည်သူ့ခွန်အား မကိုးစားလျှင် 
  • ဓားသွားလည်း ကြွေ ၊ လှံလည်း ခွေအံ့… တဲ့။ 

လက်နက်ကိုင်တော်လှန်ရေးမှာ လူပိန်းကြိုက်နည်းနဲ့ ပြည်သူထဲမှာ ရန်သူအသစ်မွေးခြင်းဟာ ကိုယ်ရပ်တဲ့မြေပြင်ကို ချိနဲ့အောင် လုပ်နေတာပဲ။ တနေ့တခြား ပြည်သူလူထုထဲမှာ ထောက်ခံသူတိုးမလာဘဲနဲ့ မလိုလားသူတိုးအောင် လုပ်နေတာဟာ – ရန်သူအသစ်ကို မွေးတာပဲ။ ပြည်သူထဲမှာ ရန်သူအသစ်မွေးရင်တော့ ပြည်သူ့နှလုံးကိုလည်း ဘယ်တော့မှ သိမ်းကျုံးနိုင်မှာ မဟုတ်ဘူး။ ပြည်သူ့ခွန်အား ကိုးစားတယ်သာ ပြောနေတာ၊ တကယ်တော့ လူအုပ်ကြီးကို အားကိုးနေတာပါ။ တကယ့်ပြည်သူလူထုကို ကိုးစားနေတာ မဟုတ်ပါဘူး။ ပြည်သူလူထုနဲ့ လူအုပ်ကြီးနဲ့ မတူဘူး။ ပြည်သူလူထုနဲ့ လူအုပ်ကြီးဟာ တူသလိုလိုနဲ့ မတူဘူး။ 

မိတ်ဆွေကို ရန်သူဖြစ်အောင် လုပ်တာ မြန်မာ့နိုင်ငံရေး။ 

ရန်သူမဟုတ် မိတ်ဆွေမဟုတ်ဖြစ်နေသူကို ရန်သူ့ဘက် တွန်းပို့တာ မြန်မာ့နိုင်ငံရေး။ 

မင်းသေ့ 

ည ၁၁း၀၀

၁၆ ၊ စက်တင်ဘာ၊ ၂၀၂၂။ 

Previous post အန်ယူဂျီ ဩဇာမညောင်းသေးတဲ့ ကာကွယ်ရေးအဖွဲ့တွေ
Next post သာသနာ့အာဏာရှင်တွေနဲ့ မဆိုင်