• လူထုရဲ့ ဒုက္ခအဖိအစီးမှာ နှုတ်ဆိတ်နေခဲ့တဲ့ ဘုန်းကြီးတွေနဲ့ မဆိုင် 
  • အာဏာရှင်စစ်မင်းကို သစ္စာခံတဲ့ သာသနာ့အာဏာရှင်တွေနဲ့ မသက်ဆိုင် 
  • ဗုဒ္ဓသာသနာကို “ငါ ဘုန်းကြီး သာသနာ” လုပ်ချင်သူတွေနဲ့ မဆိုင်
  • သာသနာကို ဘယ်သူပိုင်သလဲ
  • နိုင်ငံတော်ကို ဘယ်သူပိုင်သလဲ
  • ပြည်သူကို ဘယ်သူပိုင်သလဲ 

သမိုင်းဆရာ ဒေါက်တာသန်းထွန်းဟာ — “သာသနာကို ဘယ်သူမှ မပိုင်ဘူးကွ” လို့ ပြတ်ပြတ်သားသား ပြောခဲ့ဖူး တယ်။ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကို ရုပ်ပိုင်းနည်းနဲ့ ထိန်းကွပ်ဖို့ အစိုးရအုပ်ချုပ်မှုစနစ် ပေါ်ပေါက်လာရတယ်။ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကို နာမ်ပိုင်းနည်းနဲ့ ထိန်းကွပ်ဖို့ ဘာသာရေးစနစ် ပေါ်ပေါက်လာရတယ်။ အုပ်စိုးသူ လူတန်းစားတစ်ရပ်ဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေတယ်။ နိုင်ငံတော်ကို ထိန်းချုပ်ဖို့ လက်နက်ကိုင်တပ်ကို သုံးပါတယ်။ လူ့အဖွဲ့အစည်းကို ထိန်းချုပ်ဖို့ ဗြူရိုကရေစီယန္တရားကို သုံးပါတယ်။ လူ့စိတ် တွေကို အုပ်စိုးဖို့ ဘာသာရေးကို သုံးပါတယ်။ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း အဆောက်အအုံထဲမှာ — အုပ်စိုးသူ လူတန်းစား၊ လက်နက်ကိုင်တပ်နဲ့ ဘာသာရေးဂိုဏ်းတွေဟာ အပြန်အလှန် အမှီသဟဲပြု ရှင်သန်ရပ်တည်နေ တယ်။ 

၎င်းတို့ရဲ့ မူလရည်မှန်းချက်က — နိုင်ငံတော်ဆိုတဲ့ လူ့အသိုင်းအဝိုင်းကြီးကို ဖရိုဖရဲ ပရမ်းပတာ မဖြစ်အောင် ထိန်းကွပ်ဖို့ ဖြစ်ပါတယ်။ ဒီလို ထိန်းကွပ်ဖို့ ကြိုးစားရင်း ထိန်းချုပ်ရေးလက်တံတွေကို ဖန်တီးလာကြရတယ်။ ထိန်းချုပ်ရေးလက်တံတွေကို အသက်သွင်းဖို့ အာဏာနဲ့ လုပ်ပိုင်ခွင့် လိုအပ်လာတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း အာဏာနဲ့ လုပ်ပိုင်ခွင့်ဟာ သောက်လေသောက်လေ ငတ်မပြေတဲ့ ဆားငန်ရေလို ဖြစ်လာတယ်။ လောကီလူ့ ဘောင်မှာ အာဏာနဲ့ လုပ်ပိုင်ခွင့်ဟာ ဖောက်ပြန်တဲ့လူသားမျိုးစိတ်တွေကို မွေးဖွားပေးတယ်။ လောကီနယ်မှာ စည်းနဲ့ မျဉ်းနဲ့ ဥပဒေနဲ့ ထိန်းကွပ်တာတွေ ရှိသလို ၊ လူ့အဖွဲ့အစည်းကို စည်းမျဉ်း ဥပဒေနဲ့ လက်နက်နဲ့ ထိန်းကွပ်လို့ မရနိုင်တဲ့အရာတွေအတွက် ဘာသာရေးကို အသုံးချကြပါတယ်။ ဘာသာရေးဟာ အုပ်စိုးသူလူတန်း စားရဲ့ လက်ဝေခံ ဝါဒမှိုင်းလို ဖြစ်လာတယ်။ ဒီဝါဒမှိုင်းကို ဖြန့်ချိနေတဲ့ ဝါဒဖြန့်ချိရေးမှူးတွေဟာ ဘုန်းကြီးတွေ ဖြစ်လာကြတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ ၊ ဆရာ – ဒကာ ဆက်ဆံရေးဟာ ခေတ်သစ်ကမ္ဘာ့သမိုင်းထဲမှာ နှစ်ပေါင်းများစွာ ပေါ်လာပြီးဖြစ်တယ်။ အာဏာစက်နဲ့ ဓမ္မစက်ကို သုံးပြီး လူ့အဖွဲ့အစည်းကို ထိန်းကွပ်ဖို့ ကြိုးစား တယ်။ နန်းတော်နဲ့ ကျောင်းတော်အကြား အပြန်အလှန် အမှီသဟဲပြုပြီး ရှင်သန်ကြတယ်။ ဘုရင်နဲ့ ဘုန်းကြီးဟာ လူ့အဖွဲ့အစည်းကို အုပ်စိုးတဲ့ လူတန်းစားနေရာကို ရောက်လာတယ်။ 

ဓားပြအားလုံး၏ အပေါင်းအစု 

အစိုးရမင်းတွေဟာ – နိုင်ငံပိုင်လို့ သုံးနှုန်းပြီး လူထုရဲ့ ဥစ္စာဓနနဲ့ စည်းစိမ်တွေကို လုယူသိမ်းပိုက်ကြတယ်။ လက်နက်ကိုင်ပြီး လုယက်တဲ့ လူတစ်စုကို ဓားပြလို့ ခေါ်ပေမယ့်၊ လက်နက်ကိုင်ပြီး လုယက်တဲ့ အင်စတီကျူး ရှင်းကြီးတစ်ခုကိုတော့ ဓားပြလို့ မခေါ်ဘူး၊ စစ်တပ်လို့ ခေါ်တယ်။ အစိုးရအဖြစ် မင်းလုပ်အုပ်ချုပ်သူတွေဟာ – လက်နက်ကိုင်တပ်ကို အုတ်မြစ်တည်ပြီး တိုင်းပြည်ထဲက ဓနဥစ္စာနဲ့ စည်းစိမ်တွေကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစား တယ်။ လက်ဝါးကြီးအုပ်လို့ ဇက်ပိုးမသပ်နိုင်ရင် လုယူသိမ်းပိုက်တယ်။ ဒါကို နိုင်ငံပိုင်လုပ်တယ် (nationalization) လုပ်တယ်လို့ ခေါ်တယ်။ 

နိုင်ငံဆိုတာ ဘယ်သူလဲ 

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီဖွဲ့ပြီး အရပ်သားအစိုးရကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းခဲ့တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းဟာ – ပြည်သူပိုင်သိမ်းတယ် လို့ ခေါ်ဝေါ်ပြီး လူထုရဲ့ ဓနဥစ္စာကို ဓားပြတိုက်သိမ်းယူတယ်။ တကယ်တော့ ဒါဟာ ဓားပြရဲ့ လုပ်ရပ်ပဲ။ ဒါပေမယ့် လူတစ်စုက လုပ်တာ မဟုတ်ဘူး။ အင်စတီကျူးရှင်းကြီး တစ်ခု ဖွဲ့စည်းပြီး ဓားပြအလုပ်ကို လုပ်တာ။ ဒါပေမယ့် ဒါကို လူအများကြားမှာ နိုင်ငံပိုင်သိမ်းတယ်၊ ပြည်သူပိုင်သိမ်းတယ်လို့ သုံးနှုန်းပေမယ့် တကယ့်လက် တွေ့မှာ နိုင်ငံတော်က ပိုင်သတဲ့လား၊ ပြည်သူလူထု ပိုင်သတဲ့လား။ တခါတရံ စည်းမျဉ်းဥပဒေဆိုတဲ့ စကားလုံးတွေနဲ့ လူထုရဲ့ လုပ်အားကို ဂုတ်သွေးစုပ်ဖို့ ပုံဖော်ခံထားရတယ်။ အစိုးရဟာ လူထုကို ဂုတ်သွေးစုပ်ဖို့ တရားဝင်ပုံဖော်ထားတဲ့ ဓားပြအဖွဲ့အစည်းကြီးနဲ့ တူတယ်။ အုပ်ချုပ်မင်းလုပ်သူတွေဟာ – လူထုရဲ့ စည်းစိမ်နဲ့ ဓနဥစ္စာကို လုယူရာမှာ တရားဝင်ဖြစ်အောင် နိုင်ငံပိုင်လို့ သုံးပြီး အမှားကို အမှန် လုပ်ဖို့ ကြိုးစားတယ်။ 

  • နိုင်ငံကို ဘယ်သူ ပိုင်သလဲ။ နိုင်ငံ ပိုင်လို့ နာမည်တပ်ပြီး သိမ်းယူလိုက်တဲ့ ဓနဥစ္စာကို တကယ်ပိုင်ဆိုင် သွားတာက ဘယ်သူလဲ။ 

သာသနာက ပိုင်လို့ ရသလား 

ပဒေသရာဇ်ခေတ်ဦးပိုင်းကတည်းက သာသနာပိုင်ဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်းနေကြပါပြီ။ ပဒေသရာဇ်တိုင်း ပြည်တွေမှာ — အာဏာစက်နဲ့ ဓမ္မစက်အကြား ပူးတွဲအာဏာချုပ်နှောင်မှုတွေ ရှိနေခဲ့တာ ကြာပါပြီ။ နန်းတော်နဲ့ ကျောင်းတော်အကြား အပြန်အလှန် ဆက်ဆံရေး ညီညွတ်အောင် လုပ်ပြီး လူ့အဖွဲ့အစည်းကို ထိန်းကွပ်ဖို့ ကြိုးစားနေတာ ကြာပါပြီ။ ဆရာ နဲ့ ဒကာ (တနည်းအားဖြင့်) မင်းဆရာ ဘုန်းကြီး နဲ့ သာသနာ့ဒါယကာ ဘုရင် အကြား ဆက်ဆံရေးကောင်းမွန်အောင်တည်ဆောက်ပြီး လူထုကို ရုပ်ပိုင်းအားဖြင့်၊ နာမ်ပိုင်းအားဖြင့် ဝိုင်းဝန်း ကွပ်ညှပ်ကြတာဟာ အစဉ်အလာထုံးတမ်းလို ဖြစ်လာနေတာ ကြာပါပြီ။ 

ပဒေသရာဇ်ခေတ်ပျက်သုဉ်းပြီး ခေတ်သစ်နိုင်ငံတော် ပေါ်လာတော့လည်း၊ နိုင်ငံရေးနဲ့ ဘာသာရေးအကြား ယှက်နွှယ်မှုဟာ အကင်းမပြတ်ပါဘူး။ ပုံစံတမျိုးနဲ့ ရှိနေခဲ့တယ်။ ခေတ်သစ်နိုင်ငံတော်ပေါ်လာပေမယ့် ပဒေသရာဇ်ခေတ်က ကျင့်သုံးခဲ့တဲ့ သာသနာပိုင်ဆိုတဲ့ အသုံးအနှုန်းက ဆက်ရှိနေတာပါပဲ။ သံဃာ့အဖွဲ့အစည်းကို စစ်တပ်ပုံစံနဲ့ တည်ဆောက်ပြီး အထက်အောက်ပုံစံ ပုံသွင်းယူထားတာ ဖြစ်ပါတယ်။ သာသနာကို ဘယ်သူ ပိုင်သလဲ။ သာသနာကို ပိုင်လို့ ရသလား။ စစ်တပ်ထဲမှာ ဗိုလ်ချုပ်ကြီး / ဗိုလ်ချုပ်မှူးကြီး ရှိသလို၊ သာသနာမှာ လည်း သံဃာချုပ်မှူးကြီး ရှိသလား။ သာသနာဟာ အစိုးရမင်းအဆက်ဆက်ကို ဩဇာခံတဲ့ လူတန်းစားအလွှာ တစ်ရပ်ဖြစ်နေတာ ကြာပါပြီ။ သာသနာပိုင်မင်းဆရာ ဘုန်းကြီးတွေဆိုတာဟာ အစိုးရမင်းအဆက်ဆက်နဲ့ ပလဲပနံသင့်စွာ ပေါင်းဖက်ပြီး ဘာသာရေးအားဖြင့် လူထုကို မှိုင်းတိုက်နေတာ ကြာနေပါပြီ။ 

သာသနာပိုင်မင်းဆရာ ဘုန်းကြီးတွေနဲ့ သူတို့နောက်လိုက်တွေဟာ — ဆရာ ဒကာ ဆက်ဆံရေးအကြား စည်းစိမ်ရစ်ပြီး အစိုးရမင်းကို သစ္စာခံနေတာ ကြာညောင်းနေပါပြီ။ ရေပေါ်ဆီ ဘုန်းကြီးလူတန်းစားအလွှာဟာ မြန်မာပြည်မှာ သိပ်အားကြီးနေတယ်။ အောက်ခြေနင်းပြား လူထုဘက်က ရဲရဲဝံ့ဝံ့ ရပ်တဲ့ သံဃာတွေဟာ ဘယ်တုန်းကများ ပေါ်ခဲ့ဖူးပါသလဲ။ 

ရွှေဝါရောင်တော်လှန်ရေး 

မြန်မာပြည်မှာတော့ ရှားရှားပါးပါး ပေါ်ထွက်ခဲ့ဖူးပါတယ်။ အထူးသဖြင့် … အာဏာစက်ပြင်းထန်ပြီး လူထုကို ညှင်းပန်းနှိပ်စက်မှုမှာ အထူးဝါယမစိုက်အားထုတ်တဲ့ စစ်အစိုးရလက်ထက်မှာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးလို့ အမည်ပညတ်ချင်ပါတယ်။ 

သံဃာ့အဖွဲ့အစည်းထဲက အဖိနှိပ်ခံ အောက်ခြေလူထုဘက်က ရဲရဲဝံ့ဝံ့ ထွက်ရပ်ခဲ့တဲ့ ရဟန်းပျိုတွေဟာ ၂၀၀၇ ခုနှစ် ဩဂုတ် – စက်တင်ဘာ နဲ့ အောက်တိုဘာလတွေထဲမှာ ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေးတွေထဲက တစ်ခုသော တော်လှန်ရေးဖြစ်ခဲ့ပါတယ်။ ရွှေဝါရောင်ဆိုတာဟာ သင်္ကန်းကို ရည်ညွှန်းပါတယ်။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေဟာ — ပြည်သူလူထု ကျွေးတဲ့ ဆွမ်းကို စားပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားကို လိုလားတဲ့ လယ်ယာမြေကောင်းသဖွယ်ဖြစ်ကြရပါ တယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ရဟန်းပျိုတွေဟာ ပြည်သူလူထု ကပ်လှူတဲ့ ဆွမ်းကို ဘုန်းပေးသုံးဆောင်ခဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အုပ်စိုးသူအစိုးရမင်းရဲ့ ဖိစီးနှိပ်စက်ခြင်းကို ခံရတဲ့ ပြည်သူ လူထုရှေ့က မားမားမတ်မတ် ရပ်တည်ခဲ့ကြပါတယ်။ သံဃာ့အဖွဲ့အစည်းထဲမှာ အဖိနှိပ်ခံ ပြည်သူလူထုဘက်က က ရပ်တည်ရဲတဲ့ ရဟန်းပျိုတွေ ရှိနေသလို၊ သံဃာ့အဖွဲ့အစည်းထဲမှာ အစိုးရမင်း ပေးကမ်းတဲ့ လုပ်ပိုင်ခွင့် အာဏာနဲ့ ရစ်မူးနေတဲ့ သံဃာ့အဖွဲ့အစည်းခေါင်းဆောင် မင်းဆရာ ဘုန်းကြီးလူတန်းစားတွေလည်း ရှိနေပါတယ်။ 

သာသနာ့အာဏာရှင်တွေနဲ့ မဆိုင်  

ရွှေဝါရောင်တော်လှန်ရေးဟာ — အာဏာရှင်စစ်မင်းကို သစ္စာခံပြီး ဗုဒ္ဓသာသနာကို “ငါ ဘုန်းကြီး သာသနာ” လုပ်ချင်တဲ့ သာသနာ့အာဏာရှင်တွေ ရှိနေပါတယ်။ ရွှေဝါရောင်တော်လှန်ရေးဟာာ — စစ်အစိုးရကို သစ္စာခံပြီး လူထုရဲ့ ဒုက္ခနဲ့ အကျပ်အတည်းအတွက် နှုတ်ဆိတ်နေတဲ့ ဘုန်းကြီးလူတန်းစားကို ကိုယ်စားမပြုပါဘူး။ လူထုရဲ့ ဒုက္ခကို ငြိမ်းနိုင်သမျှ ငြိမ်းအေးဖို့ မေတ္တာရပ်ခံတဲ့ ရဟန်းပျိုတွေကိုသာ ကိုယ်စားပြုပါတယ်။ သာသနာကို ခုတုံး လုပ်ပြီး မင်းဆရာ ဘုန်းကြီး ဖြစ်ချင်တဲ့၊ မင်းကိုးကွယ်တဲ့ ဘုန်းကြီးရာထူးကို မက်မောတွယ်ငြိနေပြီး သင်္ကန်းပတ် ထားတဲ့ပုထုဇဉ်လူတွေဟာ ရွှေဝါရောင်တော်လှန်ရေးကို ကိုယ်စားမပြုပါဘူး။ လူထုဘက်က မရပ်တည်ဘဲ အစိုးရစစ်မင်းကို သစ္စာခံတဲ့ ဘုန်းကြီးတွေဟာ လူထုရဲ့ ဒုက္ခဖိစီးမှုကို သက်သာဖို့ မေတ္တာရပ်ခံတဲ့အထဲမှာ မပါပါ ဘူး။ အစိုးရစစ်မင်းကို သစ္စာခံတဲ့ ဘုန်းကြီးတွေဟာ — ရွှေဝါရောင်တော်လှန်ရေးကို ဂုဏ်ယူဖွယ်ရာလို့ မြင်ကြမှာ မဟုတ်ပါဘူး။ အောက်ခြေနင်းပြား လူထုရဲ့ ဒုက္ခဘဝကို သက်သာစေဖို့ မေတ္တာရပ်ခံတဲ့ ရဟန်းပျိုတွေ ကတော့ — ရွှေဝါရောင်တော်လှန်ရေးကို ဂုဏ်ယူဖွယ်ရာလို့ မြင်နေကြပါလိမ့်မယ်။ 

မင်းသေ့

ည ၁၀း၂၆ 

၁၆ ၊ စက်တင်ဘာ၊ ၂၀၂၂။ 

Previous post ပြည်သူ နဲ့ လူအုပ်ကြီး တူ / မတူ 
Next post ရေမကြည်ရင် ကြည်အောင် ၊ မြက်မနုရင် နုအောင်