ဘဝမှာ ရှင်သန်ဖို့အတွက် စကားပုံသုံးခုနဲ့ အကြုံးဝင်အောင် ဖော်ပြလို့ ရတယ်။
- (၁) ရေကြည်ရာ မြက်နုရာ ရှာ
- (၂) တစ်ရွာမပြောင်း သူကောင်း မဖြစ်
- (၃) သေချင်တဲ့ ကျား တောပြောင်း
ဒဿန (၁)
ရေမကြည်ရင် ကြည်အောင်
မြက်မနုရင် နုအောင်
လူတွေဟာ ကမ္ဘာဦးအစကတည်းက — တိရိစ္ဆာန်တွေလို ရေကြည်ရာ မြက်နုရာ လှည့်လည်ရှာဖွေစားသောက် ပြီး နေထိုင်ကြတာပဲ။ အဲသည်လို အချိန်တုန်းကတော့ — ကြီးနိုင် ငယ်ညှင်း။ နိုင်ရာ စားပေါ့။ သို့သော်လည်း တဖြည်းဖြည်းနဲ့ လူ့အဖွဲ့အစည်းရဲ့ အဆင့်အတန်း တစ်စုံတစ်ရာ မြင့်မားတိုးတက်သိမ်မွေ့လာတာနဲ့အမျှ၊ လူသားတွေဟာ တိရိစ္ဆာန်တွေလို ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာနေထိုင်တာမျိုး မလုပ်ကြတော့ဘူး။ နေရာအတည်တကျ နေလာကြတယ်။ သူတို့ အတည်တကျနေတဲ့နေရာမှာ — ရေမကြည်ရင် ကြည်အောင် လုပ်တတ်လာကြတယ်။ မြက်မနုရင် နုအောင် လုပ်တတ်လာကြတယ်။
လူတွေဟာ ပိုမိုယဉ်ကျေးလာလေလေ၊ သူတို့ နေထိုင်ရာ ဒေသကို ပိုမိုနေပျော်တဲ့ နေရာထိုင်ခင်းဖြစ်အောင် ကြိုးစားအားထုတ်လာလေလေ ဖြစ်ပါတယ်။ လူဟာ ရုန်းကန်သလို၊ တိရိစ္ဆာန်ကလည်း အသက်ရှင်ဖို့ ရုန်းကန်တာပဲ။ တိရိစ္ဆာန်မှာတော့ – စွမ်းရည်အကန့်အသတ်ရှိတယ်၊ အသိဉာဏ်အကန့်အသတ် ရှိတယ်။ ခံစားသက်ဝင်မှုအားဖြင့်လည်း အကန့်အသတ် ရှိတယ်။ ဒါပေမယ့် လူကတော့ ခံစားမှုအားဖြင့်လည်း အကန့်အသတ် မရှိဘူး။ အသိဉာဏ်အားဖြင့်လည်း အကန့်အသတ် မရှိဘူး။ စွမ်းရည်အားဖြင့်လည်း အကန့်အသတ် မရှိဘူး။ သူတို့ မလုပ်နိုင်တဲ့အရာတွေတောင် အမျိုးမျိုး တီထွင်ကြံဆပြီးတော့ ဖြစ်မြောက် အောင် ကြံဆောင်နိုင်စွမ်း ရှိတယ်။
လူတွေဟာ ယဉ်ကျေးလာလေလေ၊ ကိုယ်နေထိုင်တဲ့နေရာကို ရေကြည်အောင် မြက်နုအောင် ပိုလုပ်တတ်လာလေလေပဲ။ ယခင်က လူ့အရိုင်းဘဝတုန်းကလို ရေကြည်တဲ့နေရာမှ နေထိုင်တဲ့လူတစ်စုကို ပိုအုပ်စုကြီးတဲ့ လူတစ်စုကလွှမ်းမိုးလုယူဖို့ ကြိုးစားတာမျိုး မလုပ်တော့ဘူး။ ဒါဟာ လူယဉ်ကျေးတွေရဲ့ အလုပ်ပဲ။
ကျနော်တို့ဟာ ကိုယ့်အသက်ရှင်သန်မှုအတွက် – ရေကြည်တဲ့နေရာကို ပြောင်းရွှေ့ရတာမျိုးတွေ ကြုံရနိုင်ပါ တယ်။ ကျနော်တို့ဟာ ကိုယ့်ဘဝ လုံခြုံရေးအတွက် – မြက်နုတဲ့နေရာကို ပြောင်းရွှေ့နေထိုင်ရတာမျိုးတွေ ကြုံရနိုင်ပါတယ်။ ကျနော်တို့ဟာ ကိုယ့်မိသားစု စားဝတ်နေရေးအတွက် – ရေကြည်တဲ့ နေရာ မြက်နုတဲ့နေရာကို ပြောင်းရွှေ့ရတာမျိုးတွေ ကြုံရနိုင်ပါတယ်။ ဒါဟာ ဘဝအခြေခံလိုအပ်ချက်မို့၊ လူသားတွေရဲ့ အခြေခံသဘာဝမို့ အပြစ်ရယ်လို့တော့ မဟုတ်ပါဘူး။
သို့သော်လည်း ကိုယ်နေထိုင်မွေးဖွားခဲ့တဲ့ ဇာတိချက်မြှုပ်ဒေသမှာ ရေ မကြည်ရင် ကြည်အောင်၊ မြက်မနုရင် နုအောင် လုပ်ပေးဖို့ တာဝန်ရှိပါတယ်။ ကိုယ်တိုင် ရေကြည်တဲ့နေရာ ရောက်တဲ့အခါ ရေနောက်နေတဲ့ ကိုယ့်မွေးရပ်ဒေသလေးကို ပြန်ငဲ့ကြည့်ပေးပါ။ ဒါဟာ လူယဉ်ကျေးတွေရဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ ကိုယ်တိုက် မြက်နုတဲ့နေရာ ရောက်တဲ့အခါ မြက်မနုတဲ့ ကိုယ့်မွေးရပ်ဒေသလေးကို ပြန်ငဲ့ကြည့်ပေးပါ။ ဒါဟာ လူယဉ်ကျေးတွေရဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။
လူယဉ်ကျေးတွေကို ကျနော်တို့ များများ တွေ့ချင် မြင်ချင်ပါတယ်။
မင်းသေ့
ညနေ ၅း၄၅
၁၆ ၊ စက်တင်ဘာ၊ ၂၀၂၂။