ဒီနေ့ မိတ်ဆွေ တစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့တယ်။ သူနဲ့ ပြောရင်း ကျနော် ပြောဖြစ်ခဲ့တဲ့ စကားလေး တစ်ခု။ 

  • အခုအချိန်မှာတော့ကွာ….၊ မြင့်မြင့်ပျံဖို့တော့ မကြိုးစားတော့ပါဘူး။ ဝေးဝေးပျံဖို့နဲ့ လွတ်လွတ်လပ်လပ် ပျံ့နိုင်ဖို့၊ အချိန်ကြာကြာပျံသန်းနိုင်ဖို့ပဲ ကြိုးစားတော့တယ်… လို့။ 

လွတ်လပ်သောစိတ် — စာအုပ်ကို ပြန်သတိရမိပြန်တယ်။ စိတ်ရဲ့ လွတ်လပ်ခြင်း နဲ့ ဘဝဖြစ်တည်မှုရဲ့ လွတ်လပ် ခြင်း။ ကျနော့်ရဲ့ စိတ်နဲ့ ဘဝကို တုပ်နှောင်မယ့်အကြောင်းတရားတွေက ဖန်လာတယ်။ ဒါကို သတိနဲ့ ကြည့်လို့ သိတိုင်း လွတ်လပ်ခြင်းတွေအကြောင်းကို ထပ်ခါထပ်ခါ စဉ်းစားနေမိတယ်။ 

နောက်… ကျနော် သိပ်အကြိုက်ဆုံး စာအုပ် တစ်အုပ်ဖြစ်တဲ့ … ယောနသံစင်ရော်။ လွတ်လပ်စွာ ပျံသန်းခြင်း ရဲ့ အနက်အဓိပ္ပာယ်ဟာ ဘဝမှာ အပြည့်အဝ အဆုံးစွန်ဆုံးအထိ ရောက်ချင်ခဲ့တယ်။ မြင့်မြင့်ပျံဖို့ ကြိုးစားရင် မလွတ်မလပ် ဖြစ်လာတဲ့ ပျံသန်းခြင်းကိုလည်း တဖြည်းဖြည်း နားလည်လာတယ်။ အမြင့်ပျံငှက်လည်း မဖြစ်ချင်ပါ။ အနိမ့်ပျံငှက်လည်း မဖြစ်ချင်ပါ။ အတောင်ပါသော်လည်း မပျံသန်းနိုင်တဲ့ ဘဝမျိုးလည်း မဖြစ်ချင်ပါ။ 

အတောင်တွေဟာ ပျံသန်းဖို့ မဟုတ်လား။ 

လေအဟုန်ထဲမှာ – လွတ်လပ်စွာ ဖြန့်ကျက်ပြီး ပျံသန်းနိုင်ခြင်းကို လိုချင်တယ်။ တခါတရံ အနိမ့်မှာ ပျံမယ်၊ တခါတရံ အမြင့်ဆုံးထိ ပျံသန်းမယ်။ တခါတရံလည်း လေဟုန်စီးမယ်။ တခါတရံလည်း ခွန်စိုက်အားစိုက် ပျံမယ်။ 

ခင်မောင်တိုး ဆိုတဲ့ ကြိုးကြာသံ သီချင်းလို…။ “အများနည်းတူ သက်လုံမကောင်းရင် မွေးဖွားရာ အရပ်ဆီ…. မိုင်ထောင်ချီ ပြန်လေရင်း….. ကြိုးကြာငှက် တချို့လေ ချီလာစဉ် ကျန်ရစ်ပြီ…” တဲ့

သက်လုံမကောင်းလို့ မွေးဖွားရာအရပ်ကို ပြန်ဖို့ ကြိုးစားရင် ကျန်ရစ်ဖြစ်ခဲ့တာတော့ မလိုချင်ပါ။ အဝေးဆုံးကို ပျံဖို့ ကြိုးစားနေရင်း သက်လုံမကောင်းလို့ ကျန်ရစ်ဖြစ်ခဲ့တာကို မလိုချင်ပါ။ သက်လုံမကောင်းလို့ မရောက်တဲ့ ခရီးဟာ ကျန်ရစ်ငှက်ရဲ့ ဘဝပေါ့။ 

ဘဝဟာ ငှက်တစ်ကောင်ဆိုရင် ကျန်ရစ်ငှက်တော့ မဖြစ်ချင်ပါ။ ဆုံးဖြတ်ချက်ချပြီးတဲ့ အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်သွားဖို့ ကြိုးစားမယ်။ မိုင်ထောင်ချီ ခရီးအတွက် သက်လုံကောင်းအောင် လေ့ကျင့်တည်ဆောက်ထားပါ့မယ်။ ပျံနေရင်းလည်း သက်လုံကို လေ့ကျင့်သလို၊ တွေဝေမှု မရှိတဲ့ ပျံသန်းခြင်းမျိုးကိုလည်း လိုလားတယ်။ 

လောကထဲမှာ ကျန်ရစ်ငှက်တွေ အမြောက်အမြားပါပဲ။ တချို့က အမြင့်ဆုံးထိ ပျံလိုက်မဟဲ့လို့ ကြုံးဝါးထပျံပြီးခါမှ၊ လှုပ်လီလှုပ်လဲ့နဲ့ တဖြုတ်ဖြုတ် ကြွေကျတဲ့ အတောင်ညောင်းငှက်တွေလည်း တစ်ပုံတစ်ပင်ပါပဲ။ 

အဝေးဆုံးကို ပျံမယ်လို့ ကြွေးကြော်ပြီးမှ သက်လုံမကောင်းလို့ ကျန်ရစ်ငှက်ဘဝနဲ့ နိဂုံးချုပ်ကြရတာတွေလည်း ဒုနဲ့ ဒေးပါပဲ။ 

ဘဝမှာ အချိန်သက်တမ်းကြာအောင် အဝေးဆုံးထိ ဘယ်လောက်ခရီးပေါက်ခဲ့သလဲဆိုတာကသာလျှင် အရေးကြီး ကြောင်း ကျနော် ပိုပိုနားလည်လာရတယ်။ အသက်ငယ်ရွယ်စဉ်မှာတော့ — အမြင့်ဆုံးထိ ပျံသန်းနိုင်ဖို့ကို အဓိက ဦးစားပေးခဲ့တာကို ဝန်ခံပါတယ်။ အခု အသက် (၃၀) ကျော်အရွယ်ရောက်လာတော့၊ ကိုယ့်အတွက် အမြင့်ဆုံးပျံသန်းခြင်းဟာ အခရာ မဟုတ်တော့တာကို တဖြည်းဖြည်း နားလည်လာတယ်။ 

ငါ ဘယ်လောက် အဝေးဆုံးထိ ပျံသန်းနိုင်သလဲ။ 

ငါ ဘယ်လောက် ကြာကြာ ပျံသန်းနိုင်သလဲ…. ဆိုတဲ့ အချက်နှစ်ချက်ဟာ ဘဝအတွက် အလွန်အရေးကြီးလာတယ်။ အခရာကျလာတယ်။ 

ကျနော်တို့အတော်များများဟာ — ဟုန်းခနဲ ထတောက်ပြီး ငြိမ်းသွားတဲ့ ကောက်ရိုးမီးငှက်တွေ၊ သက်လုံမကောင်းလို့ နေရစ်ခဲ့ရတဲ့ ကျန်ရစ်ငှက်တွေ၊ အသံသာရှိ ပျံသန်းမှုမရှိတဲ့ အတောင်ညောင်းငှက်တွေ မဖြစ်စေဖို့ သိပ်လိုတာပဲ။ 

မင်းသေ့ 

နံနက် ၄း၁၂ 

၁၅၊ စက်တင်ဘာ၊ ၂၀၂၂။ 

Previous post ရေမကြည်ရင် ကြည်အောင် ၊ မြက်မနုရင် နုအောင် 
Next post မြန်မာစစ်တပ်တော့ လုံးဝ မနိုင်,နိုင်တော့ဘူး