စာရေးတဲ့အလုပ်ဟာ စိတ်အလုပ်နော်။ တချို့က စာရေးတယ်ဆိုတာ လက်က ရေးတယ်လို့ ထင်နေတာ။ မဟုတ်ဘူး။ စာရေးတယ်ဆိုတာ စိတ်အလုပ်။ စိတ်က ရေးနေတာ။ စိတ်က တွေးတဲ့အတိုင်း လက်က လိုက်ပါ ရတာ။ စိတ်က စေစားတဲ့အတိုင်း လက်က လိုက်လုပ်ရတာ။ စိတ်က အမိန့်ပေးတဲ့အတိုင်း လက်က နာခံရတာ။ စိတ်က ပုံဖော်တဲ့အတိုင်း လက်က ကပြအသုံးတော်ခံရတာ။ 

ဆရာ ဒဂုန်တာရာက စာရေးတဲ့အလုပ်ဟာ — စိတ် နဲ့ လက်ရဲ့ ဆက်သွယ်မှုပဲလို့ ပြောဖူးတယ်။ ဒီနေရာမှာ စိတ်ဆိုတာကို အတွေး၊ စိတ်ကူး၊ အိုင်ဒီယာ၊ အမြင်၊ ခံစားမှု၊ အသိဉာဏ် စသည်ဖြင့် ချဲ့ကား ကောက်ယူနိုင်တယ်။ စာရေးတယ်ဆိုတာ စိတ်အလုပ်။ လက်ရဲ့ အတတ်ဟာ လေ့ကျင့်ရည်ဝလာတာနဲ့ အမျှ၊ တဖြည်းဖြည်းနဲ့ ပိုပြီး စိတ်နဲ့ တစ်သားတည်းကျလာတယ်။ စိတ်ထဲက တွေးတဲ့အတိုင်း လက်က အလိုလို လိုက်ရေးတာပဲ။ 

တချို့က အရေးကျင့်တယ်လို့ ပြောတယ်။ ဒါကလည်း လိုတာမှန်ပါတယ်။ ဒါပေမယ့် အဲသည့်ထက်ပိုအရေးကြီး တာရှိတယ်။ အဲဒါကတော့ စိတ်ကို ကျင့်ပေးရမှာ။ စာရေးဖို့အတွက် စိတ်ကို ကျင့်ပေးရမှာ။ စာရေးရင်း စိတ် အလေ့အကျင့်ကို အလေ့အထဖြစ်အောင် ကျင့်ထားရမှာ။ စာရေးတဲ့စိတ်ဖြစ်အောင် ကျင့်ရမှာ။ 

ကျနော်ကတော့ စိတ်ထဲမှာလည်း ရေးနေတာပဲ။ လက်ကလည်း ရေးနေတာပဲ။ လက်က ရေးနေတာကို စိတ်ကလည်း လိုက်တယ်။ စိတ်က သွားတာကို လက်ကလည်း လိုက်တယ်။ ဒီလိုနဲ့ စိတ်နဲ့ လက်ဟာ တလှည့်စီ ကွန့်မြူးနေတာပဲ။ စာရေးတဲ့လက်ဟာ လေ့ကျင့်လို့ ရပါတယ်။ စာရေးတဲ့စိတ်ကတော့ တမင်တကာ စိတ်နှစ်ပြီး  ကျင့်မှ ရတယ်။ အဲသည်လို ကျင့်တဲ့အခါမှာ အချက် (၂) ချက်ကို ပြောချင်တယ်။ 

  • (၁) Consistency 
  • (၂) Commitment 

ဒီနှစ်ချက်က သိပ်လိုတာပဲ။ စာရေးတဲ့စိတ်ဖြစ်အောင် ကျင့်တဲ့နေရာမှာ နံပါတ်တစ် အရေးအကြီးဆုံးက တစ်သတ်မတ်တည်း တစိုက်မတ်မတ် ကျင့်နေဖို့။ ဒါက သိပ်အရေးကြီးတယ်။ နောက်တစ်ခုက အဖြစ်ရှိအောင် လုပ်ဖို့၊ ဖြစ်မြောက်အောင် လုပ်ဖို့။ ဒါကို လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် မရမချင်း လုပ်နေတာမျိုး။ ဒါကို commitment လို့ ပြောမယ်။ ဒီနှစ်ခုကို လုပ်နိုင်ဖို့အတွက် ရူးသွပ်မှုအပေါ်မှာ အခြေခံရတယ်။ မရူးရင် ဒါတွေကို မလုပ်နိုင်ဘူး။ လုပ်ရင် တစ်ရက် တစ်မနက် လောက်လုပ်မယ်။ ပြီးတော့ ပစ်ထားလိုက်မယ်။ တစ်လ နှစ်လ လောက် လုပ်မယ်။ ပြီးတော့ ပစ်ထားလိုက်မယ်။ အခုဟာက နှစ်ပေါင်းများစွာ လပေါင်းများစွာ လုပ်နေဖို့ ပြောတာ။ ကျနော် လုပ်လာတာ (၁၅) ကျော်ပြီ။ 

စာရေးတဲ့အလုပ်ကို စိတ်ပါမှ တစ်ရက် နှစ်ရက်လောက် လုပ်မယ်။ ရတယ်။ တစ်ပတ်မှ နှစ်ရက် သုံးရက်လောက် လုပ်မယ်။ ရသေးတယ်။ တစ်လ နှစ်လ လောက် လုပ်ကြည့်မယ်။ ရတာပါပဲ။ ဒါပေမယ့် စာရေးတဲ့စိတ် ဖြစ်ဖို့ အတွက် နေ့စဉ်လုပ်မယ်၊ ရက်သတ္တပတ်တိုင်းလုပ်နေမယ်။ တစ်လ နှစ်လ မဟုတ်ဘူး၊ လေးငါး ခြောက်လ တစ်နှစ်ထိ လုပ်မယ်။ ခက်လာပြီ။ နောက်ထပ် တစ်နှစ် နှစ်နှစ် မဟုတ်ဘူး။ လေးငါးခြောက်နှစ် ခုနှစ်နှစ်ထိ လုပ်မယ် ။ ပိုခက်သွားပြီ။ ဆယ်နှစ် ဆယ့်ငါးနှစ် အခက်ဆုံးဖြစ်သွားပြီ။ ဒီလို နှစ်ပေါင်းများစွာ စာရေးတဲ့စိတ်ကို လေ့ကျင့်ဖို့ကတော့ ရူးသွပ်မှုအပေါ်မှာ အခြေခံသွားပြီ။ ရူးသွပ်မှုဆိုတာကလည်း ဝါသနာအပေါ်မှာ အခြေခံသွား ပြီ။ ဝါသနာဆိုတာလည်း မွေးယူမှုအပေါ်မှာ အခြေခံသွားပြီ။ 

ဒေါက်တာသန်းထွန်း ပြောခဲ့ဖူးသလိုပဲ….။ 

  • ဝါသနာမပါဘူးလို့ ပြောရလောက်အောင် မင်းက ဘယ်တုန်းက မွေးယူဖူးလို့လဲ။ ဝါသနာဆိုတာ မွေးယူရတာ။ 

ဒီလိုပဲ ပြောချင်ပါတယ်။ 

ဝါသနာဆိုတာ မွေးယူရတာ။ ဝါသနာအပေါ်မှာ အခြေခံပြီး ရူးသွပ်မှုဆိုတာ ဖြစ်လာတာ။ ရူးသွပ်မှုအပေါ်မှာ အခြေခံပြီး တစိုက်မတ်မတ် လေ့ကျင့်မှုဆိုတာ ဖြစ်လာတာ။ တစိုက်မတ်မတ် စဉ်ဆက်မပြတ် တသတ်မတ် တည်း လေ့ကျင့်လာရင်း ပါရမီဆိုတာ ဖြစ်လာတာပဲ။ ဒါဟာ လုပ်ယူလို့ ရတယ်။ စာရေးတဲ့စိတ်ဟာ လေ့ကျင့်ယူ ရင် ရပါတယ်။ 

မင်းသေ့ 

နံနက် ၁း၃၄ 

၂၂ ၊ စက်တင်ဘာ၊ ၂၀၂၂။

Previous post ယုတ်နိမ့်တဲ့ စိတ်တွေ ဖျောက်ကြပါ
Next post တိုင်းရေးပြည်သစ်