လူဟာ ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်သင့်တယ်နော်။ သူတစ်ပါးပျက်စီးမှ ငါ အောင်မြင်မယ်ဆိုတဲ့ အယူအဆမျိုး တွေဟာ ဒီဘက်ခေတ်မှာ သိပ်များတာပဲ။ ငါချမ်းသာဖို့ သူဆင်းရဲရမယ်၊ ငါ ကောင်းစားဖို့ သူဒုက္ခရောက်ရမယ် ဆိုတဲ့ အယူအဆတွေ သိပ်များတာပဲ။ သူဆင်းရဲမှ ငါ ချမ်းသာမယ်၊ သူဒုက္ခရောက်မှ ငါ ကောင်းစားမယ်၊ သူကျရှုံးမှ ငါ အောင်မြင်မယ်ဆိုတဲ့ အတွေးအခေါ်မျိုးတွေ ခပ်များများ တွေ့နေရတယ်။ ဒီလို စိတ်ဓာတ်ယုတ်ညံ့မှုတွေကို ပညာတတ်ပါတယ်ဆိုတဲ့ လူတန်းစားထဲမှာတောင် အတော်များများတွေ့နေရလို့ ဝမ်းနည်းစရာကောင်းလိုက်တာလို့ ငြီးတွားမိတယ်။ 

တစ်ဦးချင်းရဲ့ စိတ်အရည်အသွေးတွေဟာ ဘာလို့ အဲသည့်လောက်ထိ နိမ့်ပါးညံ့ဖျင်းကုန်ကြရတာလဲ။ 

တကယ်တော့ တစ်နေ့ထက် တစ်နေ့ ကိုယ့်ရဲ့ စိတ်အရည်အသွေးကို‌ မြှင့်နေဖို့ တာဝန်ရှိတယ် မဟုတ်လား။ ငါဟာ လူ့ဘဝကြီးထဲ ဘာအလုပ်ကို လုပ်ဖို့ ရောက်လာတာလဲလို့ ပြောရင် — ကိုယ့်ရဲ့ စိတ်အရည်အသွေးကို မြင့်အောင် မြှင့်ဖို့အတွက် လူ့ဘဝကြီးထဲ ရောက်လာတာပါလို့ ပြောမယ်။ ကိုယ့်ရဲ့ စိတ်အရည်အသွေးကို တိုးတက်အောင် ၊ ပြောင်းလဲအောင် – သိသင့်သိထိုက်တာတွေကိုလည်း သိအောင် လုပ်မယ်။ သိချင်တာတွေလည်း သိအောင် လုပ်ရမယ်နော်။ ဒီနေရာမှာ သိတယ်ဆိုတာ နားလည်တာကိုလည်း ဆိုလိုတယ်။ 

တချို့က သိတယ်လို့တော့ ပြောတယ်။ ဒါပေမယ့် တကယ်နားမလည်ကြတာများတယ်။ သိတာနဲ့ နားလည်တာနဲ့ မတူပါဘူး။ တူသလိုလိုနဲ့ မတူဘူးနော်။ 

လူတွေရဲ့စိတ်ဓာတ်ယုတ်နိမ့်မှုတွေကို တဖြည်းဖြည်းနဲ့ သိနားလည်အောင် လုပ်ရတာကိုက အသိဉာဏ်အတွက် အထောက်အပံ့ကောင်းဖြစ်တယ်။ ဘယ်လိုလူတွေမှာ ဘယ်လို စိတ်ဓာတ်ယုတ်နိမ့်မှုတွေ ရှိတယ်၊ ဘယ်လိုလူတွေမှာ ဘယ်လိုစိတ်ဓာတ်မြင့်မြတ်မှုတွေ ရှိတယ်ဆိုတာကို သိအောင် လုပ်ရတာက လောကအကြောင်းကို သိအောင် လုပ်ခြင်း မည်ပါတယ်။ 

မြန်မာ့ရှေးထုံးမှာ — လောက ဓမ္မ ရာဇ အရေးအရာတွေကို သိနားလည်အောင်တဲ့အခါ ပညာရှိလို့ သတ်မှတ်ခေါ်ဝေါ်လေ့ရှိကြတယ် မဟုတ်လား။ လူတွေရဲ့ အမူအကျင့်နဲ့ လူတွေရဲ့ စိတ်ဓာတ် အတွေးအခေါ်တွေ၊ သူတို့ရဲ့ ကိုယ်ကျင့်တရားနဲ့ ကိုယ်ရည်ကိုယ်သွေးတွေဟာ ဘယ်သို့ ဘယ်ပုံ ဖြစ်ပျက်နေသလဲဆိုတာကို မျက်စိကြီးကြီး နားကျယ်ကျယ်နဲ့ နှလုံးသားကို ဖွင့်ပြီး နားလည်အောင် လုပ်ခြင်းကိုက တကယ့်လုပ်ရပ်ကြီး တစ်ခုပါ။ 

လူတချို့ကို ကြည့်လိုက်ရင် ပညာတတ်တယ်၊ စာတတ်တယ်လို့တော့ ပြောပါရဲ့ ။ နှလုံးသားက ကျဉ်းမြောင်းလိုက်တာ။ လူတချို့ကို ကြည့်လိုက်ရင်လည်း အသက်နံပါတ်တော့ကြီးပါရဲ့။ စိတ်ဓာတ်က ညံ့ဖျင်းလိုက်တာ။ လူတချို့ကို ကြည့်လိုက်ရင်လည်း ရာထူးရာခံတွေတော့ ရှိပါ့။ စိတ်သဘောထားက ယုတ်နိမ့်လိုက်တာ။ လူတချို့ကို ကြည့်လိုက်ရင် ငွေကြေးဥစ္စာတော့ ချမ်းသာပါရဲ့။ ကိုယ်ရည်ကိုယ်သွေးက သိမ်ဖျင်းလိုက်တာ။ 

လူရယ်လို့ ဖြစ်လာရင် – ကိုယ့်ကိုယ်ကို ပြန်ပြန်ကြည့်နေဖို့တော့ လိုတယ်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့ ပြောတဲ့နေရာမှာ ကိုယ့်စိတ်ကို ပြန်ကြည့်ဖို့ လိုတာပဲ။ ကိုယ့်စိတ်က ဘာဖြစ်နေတယ်၊ ကိုယ့်အတွေးက ဘယ်ကို ရောက်နေတယ်ဆိုတာကို သတိနဲ့ သိအောင်ကြည့်မှသာ မြင်တယ်။ သတိနဲ့ မယှဉ်တဲ့အသိဉာဏ်ဟာ မီးမပါတဲ့ ကားတစ်စီးလိုပဲ။ နေ့အခါမှာတော့ သိသာချင်မှ သိသာလိမ့်မယ်။ ညအမှောင်ထဲ သွားလာရရင်တော့ လုံးဝ မရှိမဖြစ်ပါပဲ။ 

လူတွေကို ကြည့်လိုက်ရင် အသိတော့ ရှိပါရဲ့။ သတိမကပ်နိုင်တဲ့သူက ခပ်များများ။ သတိကပ်နိုင်ဖို့ကလည်း လွယ်တဲ့အလုပ်မှ မဟုတ်တာ။ သမာဓိရှိတဲ့သူမှ သတိကပ်ဖို့ ဖြစ်နိုင်တာပဲ။ သမာဓိဆိုတာ စိတ်တည်ငြိမ်မှု ရှိတဲ့သူလို့ ယေဘုယျသတ်မှတ်နိုင်တယ် မဟုတ်လား။ စိတ်တည်ငြိမ်မှု မရှိတဲ့သူမှာ သတိရယ်လို့ မကပ်နိုင်ဘူး။ သတိမကပ်နိုင်တဲ့သူဟာ — ကယောက်ကယက်ဖြစ်နေတော့တာပဲ။ သူ့ကိုကြည့်လိုက်ရင် လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတယ်။ မတည်ငြိမ်ဘူး။ စိတ်က ကယောင်ကတန်းနဲ့ လုပ်ချင်တာတွေ လုပ်နေတယ်၊ ပြောချင်တာတွေ ပြောနေတယ်။ တွေးချင်ရာတွေ တွေးနေတယ်။ သတိမကပ်နိုင်တော့ စိတ်က လွင့်ချင်ရာ လွင့်နေတော့တာပဲ။ ဆောက်တည်ရာ မရဘူး။ 

သတိမကပ်နိုင်တဲ့စိတ်မှာ အသိကလည်း ချို့တဲ့တော့ စိတ်ယုတ်စိတ်မာက ဝင်ဖို့ လွယ်တော့တာပဲ။ ဒါ့ကြောင့် လူတွေရဲ့ စိတ်ထဲမှာ သူတစ်ပါးပျက်စီးမှ ငါ အောင်မြင်မယ်ဆိုတဲ့ အယူအဆမျိုးတွေ။ ငါချမ်းသာဖို့ သူဆင်းရဲရမယ်၊ ငါ ကောင်းစားဖို့ သူဒုက္ခရောက်ရမယ် ဆိုတဲ့ အယူအဆတွေ သိပ်မျာလာတာပဲ။ သူဆင်းရဲမှ ငါ ချမ်းသာမယ်၊ သူဒုက္ခရောက်မှ ငါ ကောင်းစားမယ်၊ သူကျရှုံးမှ ငါ အောင်မြင်မယ်ဆိုတဲ့ အတွေးအခေါ်မျိုးတွေ ခပ်များများ တွေ့နေရတယ်။ ဒါဟာ လူတစ်ချင်းစီရဲ့ ဘဝကိုရော၊ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ ကံကြမ္မာကိုရော ဆွဲချ ထိုးချလိုက်ရမယ့် အောက်တန်းကျပြီး သိမ်ဖျင်းတဲ့အကျင့်တွေပါ။ တတ်နိုင်သမျှ ပါးအောင်တော့ ဖျောက်ဖျက်ကြပါ….။ 

မင်းသေ့ 

နံနက် ၃း၅၈ 

၂၅၊ စက်တင်ဘာ၊ ၂၀၂၂။

Previous post သူရဲကောင်းလက်မှတ်ရဲ့ ကျေးကျွန်
Next post စာရေးတဲ့စိတ်ကို ကျင့်ရမှာ