သူရဲကောင်းလက်မှတ်က အရေးကြီးသလား

လူထုအကျိုးစီးပွားက အရေးကြီးသလား 

မြန်မာ့နိုင်ငံရေးသမိုင်းနောက်ခံကို လေ့လာကြည့်တဲ့အခါမှာ၊ နိုင်ငံရေးခေါင်းဆောင်အတော်များများဟာ အယူဝါဒရဲ့ ကျေးကျွန်ဘဝကနေ ရုန်းမထွက်နိုင်ခဲ့တာကို တွေ့ခဲ့ရတယ်။ ဘာအယူဝါဒရဲ့ လက်အောက်ခံမှ မဖြစ်ခဲ့ဘူးလို့ သတ်မှတ်ကြတဲ့ခေါင်းဆောင်တချို့တွေထဲမှာတောင် အယူဝါဒကို မကျော်နိုင်တာတွေ တွေ့ရတယ်။ ခေါင်းဆောင်ဆိုတာလည်း လူပဲဖြစ်တာမို့ ၊ အကန့်အသတ်တွေရှိနေမှာပါပဲ။ အယူဝါဒကနေ လွတ်လပ်အောင် ကြိုးစားခြင်းကိုယ်၌က အယူဝါဒတစ်ခုဖြစ်တယ်လို့ အမည်ပညတ်ကြလေတော့၊ ပြောရလည်း ခက်ပါတယ်။ 

ခေါင်းဆောင်တွေဟာ နည်းနာနဲ့ ပန်းတိုင်ကိုလည်း ခွဲခွဲခြားခြား၊ ကွဲကွဲပြားပြား ကြည့်မြင်ကြတာထက် ရောထွေးနေကြတာများတယ်။ အတော်များများဟာ နည်းနာကို ပန်းတိုင်နေကြတာများတယ်။ အဲဒါကို အရင်ကလည်း ကြုံတာပဲ။ အခုလည်း ကြုံနေကြတာပဲ။ နည်းနာ (mean) ဆိုတာ ဘာလဲ။ ပန်းတိုင် (end) ဆိုတာ ဘာလဲ။ 

ဒါကို မညှာမတာ ဆန်းစစ်ကြည့်စမ်းပါ။ 

ဦးဆောင်သူဆိုသူတွေဟာ — မထူးဇာတ် ခင်းကြတာလည်း တွေ့မိပါတယ်။ ခေါင်းဆောင်ရယ်လို့ ဖြစ်လာတော့ သိက္ခာနဲ့ ဂုဏ်ကိုလည်း ထိန်းရသေးတယ်။ အထူးသဖြင့် တစ်ဖက်ပိတ်လမ်းအန္တရာယ်ထဲ ထိုးကျသွားတဲ့အခါမှာ ပြန်လည်ပြင်ဆင်ခွင့်ရတယ်ဆိုရင်တောင် ခေါင်းဆောင်အတော်များများက သိလျက်နဲ့ ဇွတ်တိုးကြတာများတယ်။ ပြန်လည် တပ်ခေါက်ဖို့ မကြိုးစားကြဘူး။ နောက်ကြောင်းပြန်လှည့်ရင် သိက္ခာကျတယ်လို့ တွေးတယ်လေ။ သွားနေတဲ့လမ်းက ချိုးလိုက် ကွေ့လိုက်ရင်၊ ဒါမှမဟုတ် ပြင်ဆင်လိုက်ရင် — ခေါင်းဆောင်မှုဂုဏ်သိက္ခာကို ထည့်တွက်ကြတယ်။ မှားရင် ပြင်နိုင်ဖို့ဟာ သာမန်လူတစ်ယောက်အတွက်လည်း ခက်သလို၊ ခေါင်းဆောင်လုပ်သူအတွက်က ပိုလို့ ခက်ခဲနေတာ တွေ့ရတယ်။ 

ခေါင်းဆောင်တွေဆိုတာ လူအများအကျိုးစီးပွားအတွက် တာဝန်ယူကြရတဲ့သူတွေ ဆိုပေမယ့်၊ လက်တွေ့မှာ လူထုအကျိုးစီးပွားနဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာကို ယှဉ်လာရင်၊ သူရဲကောင်းလက်မှတ်ကိုပဲ သေသည်အထိ ယူသွားချင်ကြတာများတယ်။ လူထုအကျိုးစီးပွားကို ကိုယ့်ဂုဏ်သိက္ခာအပျက်ခံပြီး ရင်းနှီး မြှုပ်နှံကြတာမျိုး မလုပ်ဝံ့ကြဘူး။ ဒါ့ကြောင့်လည်း မြန်မာ့နိုင်ငံရေးသမိုင်းကို ကြည့်ရင် — သူရဲကောင်းတွေများပေမယ့် လူထုအကျိုးစီးပွားတော့ ပျက်စီးဆုတ်ယုတ်နေခဲ့တာမျိုးဖြစ်နေတယ်။ ဒါဟာ အခုထိပဲ။ အခုလည်း ဒီလိုပဲ။ တကယ့်ခေါင်းဆောင်ဆိုတာဟာ သူရဲကောင်းလက်မှတ်ကို ငမ်းငမ်းတက်အလိုရှိနေတဲ့သူ မဟုတ်ဘူး။ တကယ့် ခေါင်းဆောင်ဆိုတာ သူရဲကောင်းလက်မှတ်ကို သေသည်အထိ ယူဆောင်သွားရမယ်လို့ ဆုံးဖြတ်ချက်ချထားသူ မဟုတ်ဘူး။ တကယ့်ခေါင်းဆောင်ဆိုတာ လူထုအကျိုးစီးပွားကို သေသည်အထိ ထမ်းရွက်သွားနိုင်သူကို ခေါ်တာဖြစ်တယ်။ တကယ့်ခေါင်းဆောင်ဆိုတာ လူထုအကျိုးစီးပွားကို ကိုယ့်ကိုယ်ကို မြှုပ်နှံပြီး ကျေးဇူးပြုနိုင်သူသာ ဖြစ်တယ်။ သူရဲကောင်းလက်မှတ်ရဲ့ ကျေးကျွန်ဖြစ်နေတဲ့ကောင်တွေ မဟုတ်ဘူး။ 

မင်းသေ့ 

နံနက် ၄း၂၀ 

၂၅၊ စက်တင်ဘာ၊ ၂၀၂၂။

Previous post ဝပြည်နယ်ကိစ္စ
Next post ယုတ်နိမ့်တဲ့ စိတ်တွေ ဖျောက်ကြပါ