ဖက်ဒရယ်အတွက် ကြိုပြင်ရမယ့် ပထဝီစီးပွားရေး

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် ကြိုပြင်ရမယ့်ကိစ္စတွေ အတော်များများ ရှိနေပါတယ်။ သို့သော်လည်း လောလောဆယ်အားဖြင့် ကျနော် သတိထားမိတာ တစ်ချက် ပြောချင်ပါတယ်။

ပထဝီစီးပွားရေး (Geo-economic issue)

ပထဝီစီးပွားရေးကိစ္စ ဖြစ်ပါတယ်။ ဖက်ဒရယ်နိုင်ငံရေးပဋိညာဉ်မှာ သက်ဆိုင်ရာနိုင်ငံရေးအစုအဖွဲ့တွေရဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်နဲ့ နိုင်ငံရေးသဘောတူညီချက်တွေ ပြီးစီးရင် နောက်ကနေ လိုက်ပါလုပ်ဆောင်ရမယ့် အလုပ်တွေ တစ်ပုံကြီး ရှိနေပါတယ်။ လက်တွေ့အားဖြင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့အခါ ပြည်နယ်အလိုက် လက်တွေ့ စီမံ ခန့်ခွဲရမယ့် လူမှု-စီးပွား အရေးအရာတွေ မြောက်မြားစွာ ရှိနေပါတယ်။ အဲသည့်အတွက် ပထဝီစီးပွားရေးရဲ့ အရေးပါ မှုဟာ ထိပ်ကို တက်လာပါလိမ့်မယ်။

နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တွေမှာ ပေါ်လစီရှုမြင်ချက်တွေကို ကြည့်ဖို့အတွက် “ပထဝီ နိုင်ငံရေး” ဆိုတာကို အဓိက ဇောင်းပေးကြည့်ရှုပါတယ်။ သို့သော်လည်း လက်တွေ့မှာ ဖက်ဒရယ်စနစ်ကို ပြည်တွင်း မှာ ကာယကံမြောက် အကောင်အထည်ဖော်ဖို့အတွက်ဆိုရင် ယေဘုယျသတ်မှတ်ထားတဲ့ နိုင်ငံရေးကတိကဝတ် တွေနဲ့တင် မလုံလောက်တော့ပါဘူး။ ဖက်ဒရယ်စနစ်ရဲ့နောက်ကွယ်မှာ technical issue ​တွေ အများကြီးပါဝင်နေ တယ်ဆိုတာ ပြောချင်ပါတယ်။ ဖက်ဒရယ်အတွက် ဘုံသဘောတူညီမှုရဖို့ဟာ နိုင်ငံရေးကိစ္စ ဖြစ်ပါတယ်။ ဒီ့အတွက် နိုင်ငံရေးသမားတွေနဲ့ လူထုခေါင်းဆောင်တွေ ဝိုင်းဝန်းလုပ်ရပါလိမ့်မယ်။ ဖက်ဒရယ်ကို ကျင့်သုံးဖို့ လက်တွေ့ အကောင်အထည်ဖော်ကြတဲ့အပိုင်းမှာတော့ နိုင်ငံရေးသမားတွေနဲ့ချည်း မလုံလောက်တော့ဘူး။ အဲသည့်နေရာမှာ တက်ကြွလှုပ်ရှားသူတွေလည်း ပါသင့်သလောက်ပဲ ပါရတော့မယ်။ ပိုပြီး လိုအပ်လာမှာက သက်ဆိုင်ရာနယ်ပယ် ကဏ္ဍအလိုက် ကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။ သူတို့ကို Expert တွေလို့ ပြောချင်လည်း ပြောနိုင်တယ်။ ဒါမှ မဟုတ်၊ ပညာရှင်တွေလို့ ပြောရင်လည်း ပြောနိုင်တယ်။  ပိုတိတိကျကျ ပြောရရင် သက်ဆိုင်ရာဘာသာရပ်အလိုက် အထူးပြု ကျွမ်းကျင်သူ​တွေ အလွန် လိုအပ်လာပါလိမ့်မယ်။

ပေါ်လစီအထုပ်အပိုး ပြင်ပေးဖို့

ဖက်ဒရယ်စနစ်ကို အသေးစိတ် အကောင်အထည်ဖော်နိုင်ဖို့အတွက် နိုင်ငံရေးခေါင်းဆောင်တွေကို ထောက်ပံ့ကူညီ ပေးရမယ့် အထူးပြုကျွမ်းကျင်သူ အုပ်စုတွေ ရှိလာပါလိမ့်မယ်။ ဖက်ဒရယ်စနစ်အတွက် လိုအပ်တဲ့ ကဏ္ဍ အသီးသီး ရှိနေပါလိမ့်မယ်။ သို့သော် အဲသည့် ကဏ္ဍတွေထဲမှာ “ပထဝီစီးပွားရေး” ရဲ့ အခန်းကဏ္ဍဟာ ပိုလို့ ကျယ်ကျယ်ပြန့် ပြန့် လိုအပ်လာလိမ့်မယ်။ ဒီ့အတွက် အခုကတည်းက ကြိုပြင်ထားကြဖို့ ဖြစ်ပါတယ်။

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုတွေကိုပဲ ကြည့်ကြည့်၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေကိုပဲ ကြည့်ကြည့် အားလုံးလိုလိုက နိုင်ငံရေးဘက် သိပ်သန်ကြပါတယ်။ နိုင်ငံရေးလုပ်နေတဲ့အဖွဲ့အစည်းတွေပါဆိုမှ၊ နိုင်ငံရေးဘက် သိပ်သန်နေတယ်လို့ ပြောတာ။ ခင်ဗျား ရူးနေသလား လို့ အငေါ်တူးချင် တူးနိုင်ပါတယ်။ နိုင်ငံရေးကို ဒီလို ဘောင်ကျဉ်းကျဉ်းပဲ ရှုမြင်နေလို့လည်း ဇီးရွက်လောက်လေးသာ ကျယ်တဲ့ မြန်မာပြည်ထဲမှာ အုပ်စုပေါင်း သောင်းခြောက်ထောက်နဲ့ လိုရင်း မရောက်၊ ပြဿနာတွေ ထွေပြားနေတာလို့ ပြန် တုံ့ပြန်ချင်ပါတယ်။

နိုင်ငံရေးဆုံးဖြတ်ချက်တစ်ခုရဲ့နောက်ကွယ်မှာ အသေးစိတ် လုပ်စရာတွေ အမြောက်အမြား ပါဝင်နေတယ်ဆိုတာ မသိဘဲ နေရော့သလား။ မသိဘူးဆိုရင်တော့ “ပိန်း… ပိန်းတား…ပိန်းတက်” လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ နယ်ပယ်အလိုက် အထူးပြု ကျွမ်းကျင်သူ လိုအပ်နေတယ်။ အဲသည့်အတွက် ကြိုပြင်ပါလို့ ပြောချင်ပါတယ်။ အထူး သဖြင့် ဖက်ဒရယ်ယူနစ်တွေ အသီးသီးပေါ်လာပြီးရင် “ပထဝီစီးပွားရေး” အရ စီမံခန့်ခွဲရမယ့်ကိစ္စတွေ အမြောက် အမြား ရှိလာပါလိမ့်မယ်။ ဒါဟာ ပညာရပ်ဆိုင်ရာကိစ္စတွေ ပိုဖြစ်လိမ့်မယ်။ ဘာသာရပ်ဆိုင်ရာကိစ္စရပ်တွေ ပိုဖြစ်လိမ့်မယ်။

အထူးပြုကျွမ်းကျင်သူတွေရဲ့ အခန်းကဏ္ဍ

ဖက်ဒရယ်ယူနစ်အသီးသီးက သက်ဆိုင်ရာ ခေါင်းဆောင်တွေကို ‘ပထဝီစီးပွားရေး’ နဲ့ပတ်သက်တဲ့ ပေါ်လစီအထုပ် အပိုးတွေ ပြင်ဆင်ပေးမယ့်သူတွေ လိုအပ်ပါတယ်။ ခေါင်းဆောင်အသီးသီးကလည်း နိုင်ငံရေးကို ဘောင်ကျဉ်းကျဉ်း နဲ့ ကြည့်တာမျိုး မလုပ်ပါနဲ့။ နိုင်ငံရေးလုပ်တယ်ဆိုတာ လူထုအကျိုးစီးပွားအတွက်၊ လူထုကို ချမ်းသာအောင်၊ ကြွယ်ဝအောင်၊ အေးချမ်းအောင်၊ ငြိမ်းချမ်းအောင်၊ တည်ငြိမ်အောင်၊ တိုးတက်အောင်၊ နေပျော်အောင်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု နဲ့ စိတ်ပိုင်းဆိုင်ရာ ငြိမ်းအေးမှု ရှိအောင် လုပ်ဆောင်ပေးရတဲ့အလုပ်ဖြစ်ပါတယ်။ နိုင်ငံရေးဇာတ်ရှုပ်ထဲမှာ စကားလုံးတစ္ဆေခြောက်ခံရင်း ဘဝမတုံးချင်စမ်းပါနဲ့။ လက်တွေ့ကျကျ လုပ်ဖို့ လိုပါတယ်။

ပြည်သူကို ကြီးပွားချမ်းသာအောင် စနစ်ကောင်းတစ်ခု တည်ဆောက်ဖို့အတွက်ဆိုရင် နိုင်ငံရေးတစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာ နားလည်ပါ။ ဘာသာရပ်အသီးသီး၊ ပညာရပ်အစုံစုံက အထူးပြုကျွမ်းကျင်သူတွေရဲ့ အခန်းကဏ္ဍဟာ ပိုအရေးကြီးတယ်။ အလုပ်ဖြစ်နိုင်သလောက် နိုင်ငံရေးကတိကဝတ်တွေ လုပ်ဆောင်ပြီးရင် လက်တွေ့ကျကျ လုပ်သင့်တာတွေကို လုပ်ဖို့ ပြင်ပါ။

ဆင်ကောင်ကြီး အမြီးကျမှ တစ်နေမယ်

မြန်မာပြည်မှာ နိုင်ငံရေးခေါင်းဆောင် လုပ်သူတွေ များပြားပေမယ့်၊ လက်တွေ့ ပြည်သူက ဘာလို့ အကျိုးကျေးဇူး မရသလဲဆိုတာကို မေးခွန်းထုတ်ပါ။ လုပ်သင့်လုပ်ထိုက်တာတွေကို ပျက်ကွက်နေလို့ ဖြစ်ပါတယ်။ ဖက်ဒရယ်အတွက် အာဏာခွဲဝေရေးတွေ လုပ်တာဟာ နိုင်ငံရေးအာဂျင်ဒါသက်သက် ဖြစ်ကောင်းဖြစ်လိမ့်မယ်။ သို့သော် အာဏာခွဲဝေရေးနောက်ပိုင်းမှာ နယ်ပယ်ကဏ္ဍတွေကို အကောင်အထည်ဖော်ဖို့အတွက် လိုလာပါပြီ။ ဗဟိုလည်း ဗဟိုအစိုးရအလိုက် လုပ်ပိုင်ခွင့်ရထားတဲ့ အာဏာတွေကို အသက်သွင်းပြီး အကောင်အထည်ဖော်ရပါ လိမ့်မယ်။ ပြည်နယ်လည်း ပြည်နယ်အစိုးရအလိုက် လုပ်ပိုင်ခွင့်ရထားတဲ့ အာဏာတွေကို အသက်သွင်း အကောင် အထည်ဖော်ရပါလိမ့်မယ်။ သက်ဆိုင်ရာ ဒေသအလိုက် ဖွံ့ဖြိုးရေးနဲ့ အုပ်ချုပ်စီမံရေးကို လုပ်ဆောင်တဲ့အခါမှာ “ပထဝီစီးပွားရေး” ရဲ့ အရေးပါမှု၊ အရာရောက်မှုကို ပိုကြီးမားလာပါလိမ့်မယ်။ အဲသည့်ကျမှ စနစ်တကျ အကောင် အထည်မဖော်နိုင်ရင်၊ “ရာထူး” ယူထားတာပဲ ရှိမယ်။ ပြည်သူက ဆင်းရဲမြဲ၊ မွဲတေမြဲ ဖြစ်နေမှာ မုချဖြစ်ပါကြောင်း လက်တို့ သတိပေးလိုက်ရပါတယ် ခင်ဗျား….

မင်းသေ့

နေ့လယ် ၁၂း၀၈

၂၈၊ ဧပြီ၊ ၂၀၂၂။

Previous post ရွေးချယ်နိုင်ခွင့် မရှိတဲ့ဘဝ
Next post မာနနိုင်ငံတော်