• ပညာယ န ဘဝေ ဌာနံ 
  • ပုထုဇဉ်လူမိုက်တို့၏ ဘဝ၌ ပညာ၏ ပြဋ္ဌာန်းမှုမည်သည် မရှိ။ 

ဆင်ခြင်တုံတရားနဲ့ ပညာ ကြီးမှူးခြင်း မရှိတဲ့ လူ့အဖွဲ့အစည်းဟာ- အမှားသစ်တွေကိုလည်း ထပ်ခါ ထပ်ခါ ပြုကြ တယ်။ အမှားဟောင်းတွေကိုလည်း ထပ်ဖန်တလဲလဲ ပြန်ကျော့ မှားယွင်းတတ်ကြတယ်။ ပညာ – သတိ နဲ့ ဆင်ခြင်တုံတရားဟာ တို့တိုင်းပြည်ရဲ့ အဖြေပဲလို့ ယေဘုယျခြုံပြောရင်၊ တချို့က ကြိုက်ချင်မှ ကြိုက်မယ်။ သို့သော် ဒါကို ငြင်းနိုင်သလား။ မငြင်းနိုင်ဘူး။ လူ့အဖွဲ့အစည်းထဲမှာ – ပညာဝါဒီ၊ သတိအထုံဓလေ့နဲ့ ဆင်ခြင်တုံ တရားဘောင်သာ ကျယ်ရင် ဓမ္မဟာ ဧကန် ဖြစ်ထွန်းပါတယ်။ 

အကုသိုလ် စေတသိက်တွေ 

ဓမ္မကို ငြင်းဖျက်တဲ့ အရာတွေမှာ၊ လူ့စိတ်ထဲက ကိုယ်တွင်း အကုသိုလ်စေတသိက်တွေ ပါဝင်တယ်။ အကုသိုလ် စေတသိက်တွေထဲမှာ အင်မတန် သိမ်မွေ့ပြီး အားကြီးတဲ့ အရာရှိတယ်။ အဲဒါ မာန။ မာနကမ္ဘာ၊ မာနနိုင်ငံတော်၊ မာနလူ့အဖွဲ့အစည်း။ မာနတွေကြောင့်ပဲ မရှိတဲ့ပြဿနာတွေဟာ ရှိလာတယ်။ ပြဿနာအဟောင်းတွေက ပြဿနာအသစ်တွေကို ပြန်လည်‌ မွေးဖွားတယ်။ ပြဿနာ ခပ်သေးသေးတွေက ပြဿနာကြီးတွေ ဖြစ်လာတယ်။ ပြဿနာကြီးတွေက ထုလိုက်ထည်လိုက် ထိန်းမနိုင်သိမ်းမရ အလွန်အမင်း ကြီးထွားလာတယ်။ မာနဟာ ပြဿနာတွေကို ကြီးရာက ငယ်အောင်၊ ကျယ်ရာက ကျုံ့အောင် လုပ်ပေးတာ မဟုတ်ဘူး။ သေးတဲ့အမှု ကြီးအောင်၊ ကြီးတဲ့အမှု အလွန်အမင်း ကြီးထွားအောင် လုပ်တဲ့ လောင်စာ ဆိုတာ တွေ့ရတယ်။ ဒီလောင်စာဟာ တငွေ့ငွေ့လည်း လောင်ကျွမ်းအောင် ပြုတယ်။ စဉ်ဆက်မပြတ် လောင်ကျွမ်းအောင်လည်း ပြုစွမ်းတယ်။ အချိန် ကြာမြင့်စွာ လောင်ကျွမ်းအောင်လည်း တတ်စွမ်းတယ်။ 

ဓမ္မပဒကျမ်းလာ အယူအဆ 

မာနဟာ လူ့အဖွဲ့အစည်းကို ဘယ်သို့ဘယ်ပုံ ဒုက္ခပေးသလဲဆိုတာကို ဆရာ ဦးရွှေအောင် ပြန်လည်ပြုစုရေးသား တဲ့ ဓမ္မပဒ၊ ယမကဝဂ်မှာ အခုလို တွေ့ရတယ်။ 

  • ပုထုဇဉ်လူသားတို့၏ ဘဝဟူသည် သိသိသာသာ ပြိုင်ခြင်းနှင့် မသိမသာပြိုင်ခြင်းတို့၏ ပေါင်းစည်းရာ ဌာနဖြစ်၏။ မာနပင်တည်း။ မာနသည် မိမိထက် သာသူနှင့်လည်း ပြိုင်၏။ တန်းတူနှင့်လည်း ပြိုင်၏။ မိမိအောက် နိမ့်ကျသူနှင့်လည်း ပြိုင်၏။ ဘက်မရွေး မြင်မြင်သမျှနှင့် ပြိုင်၏။ ထိုသို့ပြိုင်ရာမှ မခံချင် စိတ်တို့သည် ဖြစ်၏။ ဒေါသပင်တည်း။ ဒေါသ၊ မာန်၊ မာနတို့ကြောင့် မခံချင်စိတ်တို့ ပြင်းထန်လာသော အခါ မှားမှန်းသိလျက် ဇွတ်တိုး၏။ မလုပ်သင့်မှန်း သိလျက် ဇွတ်လုပ်၏။ ဘာကိုမှ မမြင်။ ယှဉ်ဖက် အပေါ် အသာစီး ရရေး၊ ယှဉ်ဖက် ဒုက္ခရောက်ရေးကိုသာ မြင်၏။ (ဦးရွှေအောင်၏ ဓမ္မပဒ၊ ယမကဝဂ်၊ ၂၀၀၂ ၊ စာ ၇၈) 

ဓမ္မပဒကျမ်းလာ ဆရာ ဦးရွှေအောင်ရဲ့ ဖြည်ထုတ်ရှင်းလင်းချက်အရ၊ မာနရဲ့ သဘောဟာ သိသိသာသာ လည်း ပြိုင်တယ်၊ မသိမသာလည်း ပြိုင်သတဲ့။ လူတို့ဟာ ပြိုင်ဆိုင်ခြင်းကို ထင်ထင်ရှားရှားလည်း ပြုမူတယ်။ မထင် မရှားလည်း ပြုမူတယ် ဆိုတဲ့သဘော။ ထို့နောက်…. ကိုယ့်ထက် သာသူနဲ့လည်း ပြိုင်သလို ကိုယ်နဲ့ တန်းတူ level တူ အဆင့်တူချင်းလည်း ပြိုင်ချင် ဆိုင်ချင်သတဲ့။ နောက်ထပ် ဘယ်လောက်တောင် ဆိုးသလဲဆိုတော့၊ ကိုယ့် အောက် နိမ့်တဲ့သူကိုတောင် ပြိုင်တယ်တဲ့။ မာနဟာ အလွှာတိုင်းပါပဲလား။ အဆင့်တိုင်းပါပဲလား။ နယ်ပယ်တိုင်း ကဏ္ဍတိုင်းလိုလိုပါပဲလား။ 

ဤသို့သော ဖြစ်စဉ်သဘော 

ပြိုင်တဲ့အခါမှာလည်း မပြီးသေးဘူး။ နိုင်ရင် ပျော်တယ်၊ ရှုံးရင် ဝမ်းနည်းတယ်။ နည်းနည်းလေးသာရင် မကျေနပ် ဘူး။ များများသာလိုက်ရမှ လှိုက်မောကျေနပ်တယ်။ ဒီတော့ ပြိုင်လို့ နိုင်ရင် လောဘ။ ပြိုင်လို့ ရှုံးရင် ဒေါသ။ ရှုံး လေလေ မခံချင်စိတ် ဖြစ်လေလေ။ မခံချင်စိတ် ဖြစ်လေလေ၊ ဒေါသဖြစ်လေလေ။ ဒေါသဖြစ်လေလေ ဒေါသဟာ တငွေ့ငွေ့နဲ့ ဖွဲမီးလို အတွင်းကြိတ်လည်း လောင်တယ်၊ တောမီးလို အကန့်အသတ် မရှိ လောင်ကျွမ်း ပြင်းထန်တယ်။ ဒီတော့ ပြိုင်နေတဲ့ကမ္ဘာ၊ ပြိုင်နေတဲ့လောက၊ ပြိုင်နေတဲ့လူ့အဖွဲ့အစည်း၊ ပြိုင်နေတဲ့ နိုင်ငံဟာ သိပ်ကို ပူလောင်သကိုး။ “ငါ နိုင်ရမှ ကျေနပ်မယ် မဟုတ်လား”

ဤသို့သော ပျက်စဉ် သဘော 

ပြိုင်တဲ့အခါ နိုင်ချင်စိတ်က ကြီးစိုးတယ်။ ဓမ္မနဲ့ အဓမ္မ ပြိုင်ကြတယ်ဆိုပေသော်ငြားလည်း၊ ဓမ္မက အမြဲတမ်း အနိုင်မရတာတွေလည်း ရှိတယ်။ နောက်မှ တဖန် ပြန် အသာစီးရတာမျိုးလည်း ရှိလိမ့်မပေါ့။ သို့သော် ဘယ်အချိန်မှ ပြန်နိုင်မလဲ ဆိုတာ မပြောနိုင်၊ မသိနိုင်။ ဒီတော့ လောဘက မစောင့်နိုင်ဖို့ တွန်းအားပေးတဲ့အခါ၊ ဇွတ်အတင်း တိုးပြီး လုပ်တော့တယ်။ ဒါကို ဒေါသ၊ မာန်နဲ့ မာနတို့က မခံချင်စိတ်ဖြစ်အောင် တွန်းအားပေးတယ်။ မခံချင်စိတ်နဲ့ လုပ်သင့်လား မလုပ်သင့်လားဆိုတာလည်း မသိတော့ဘူး။ လုပ်သင့်တာနဲ့ မလုပ်ထိုက်တာကိုလည်း မခွဲခြားနိုင်တော့ဘူး။ ဒါ့ကြောင့်လည်း ကိုယ်က နိုင်ဖို့ မသေချာတော့တဲ့အခါ၊ “မစားရတဲ့အမဲ သဲနဲ့ပက်” ဆိုတာတွေ ဖြစ်လာတယ်။ လောဘက တွန်းအားပေးလို့ နည်းနည်းလေးရသော်လည်း၊ မကျေနပ်တော့ဘူး။ အကုန်ရမှ ဆိုတာ ဖြစ်လာတယ်။ “မစားရ အလျင်း စားရ ဆီထမင်း” “အကုန်လုံးမှ မရရင် တစ်ခုမှ မယူဘူး” ဆိုတဲ့ Non or All ဆိုတာမျိုးတွေ ဖြစ်လာတယ်။ 

တခါတရံ၊ ကိုယ်နိုင်တာ မနိုင်တာ အပထား။ ကိုယ်ရတာ မရတာ အပထား။ သူဒုက္ခရောက်ရင် ကျေနပ်ပြီ … ဆိုတာမျိုးအထိ၊ ယုတ်မာညစ်ထေးတဲ့ အကုသိုလ် စေတသိက်တွေ ကြီးစိုးလာလေ့ရှိတတ်တယ်။ 

ဒါဟာ မာနနိုင်ငံတော်ရဲ့ ဖြစ်စဉ်သဘောအကျဉ်းမျှသာ ဖြစ်ပါတယ်။ 

မင်းသေ့ 

နေ့လယ် ၂း၅၆ 

၂ ၊ ဩဂုတ်၊ ၂၀၂၂။

Previous post ဖက်ဒရယ်အတွက် ကြိုပြင်ရမယ့် ပထဝီစီးပွားရေး
Next post ဓမ္မကို ဆန်းစစ်ခြင်း