ကျနော် အခုရေးသားတဲ့ ဆောင်းပါးဟာ၊ လက်ဝဲဒဿနကနေ ဆင်းသက်တဲ့ အယူအဆလို့ မထင်မှတ်စေလို။ လူ့အဖွဲ့အစည်းကို တကယ်အကျိုးပြုဖို့အတွက် လက်တွေ့ကျသော ချည်းကပ်မှု လို့ နားလည်ပေးစေလိုပါတယ်။

အကန့်အသတ်တွေ

မြန်မာပြည်မှာ ပညာတတ်အရေအတွက်ဟာ နည်းပါးလွန်းတဲ့ ပမာဏမှာ မရှိပါဘူး။ တစုံတရာ ပညာတတ် အဆင့် အတန်း ရှိတဲ့ လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ သို့သော်လည်း တတ်မြောက်ထားတဲ့ ပညာရပ်တွေဟာ လူ့အဖွဲ့အစည်း ကို ထိထိရောက်ရောက်အကျိုးပြုဖို့အတွက် အကန့်အသတ်တွေနဲ့ ကြုံနေရပါတယ်။

  • ဝန်းကျင်ရဲ့ အကန့်အသတ်
  • စနစ်ရဲ့ အကန့်အသတ်
  • ဓလေ့ယဉ်ကျေးမှုရဲ့ အကန့်အသတ်
  • ခေတ်ရဲ့ အကန့်အသတ်
  • အခြေအနေရဲ့ အကန့်အသတ်
  • လူတွေရဲ့ အကန့်အသတ်

စသည်ဖြင့် အကန့်အသတ်ပေါင်းစုံ ရှိနေပါတယ်။ အဲသည်လို များပြားတဲ့ ပြင်ပအကန့်အသတ်တွေ အကြောင်း မပြောလိုပါဘူး။ တစ်ဦးချင်းဆီရဲ့ ကိုယ်တွင်းဓာတ်ခံနဲ့ပတ်သက်ပြီး ကန့်သတ်ထားတဲ့ အကန့်အသတ်ကိုသာ ဇောင်း ပေးပြောချင်ပါတယ်။ အဲဒါကတော့ ဆင်စွယ်နန်းက ပညာတတ်တွေ အကြောင်း ဖြစ်ပါတယ်။

ခေတ်ပညာတတ်တွေ ပေါများလာ

ဒီနေ့ခေတ် လူငယ် လူလတ်ပိုင်းတွေထဲမှာ နိုင်ငံတကာပညာရေးကို လက်လှမ်းမီတဲ့သူ အမြောက်အမြား ရှိပါတယ်။ ဘာသာစကားမျိုးစုံကို ပြောဆိုဆက်သွယ်တတ်သူတွေလည်း ခပ်များများ ရှိနေပါတယ်။ ထိုနည်းလည်းကောင်း ယခင်ကထက် အင်္ဂလိပ်ဘာသာစကားကို တတ်ကျွမ်းတဲ့ လူငယ် လူလတ်ပိုင်းအရေအတွက်ကလည်း လွန်ခဲ့သော ဆယ်စုနှစ် (၂) ခုလောက်ထက်စာရင် အလွန်အမင်း များပြားလာတယ်လို့ တွက်ဆနိုင်ပါတယ်။ ပွင့်လင်းလွတ်လပ် တဲ့ ခေတ်ကာလအပိုင်းအခြားတချို့ထဲက ဖြစ်ထွန်းလာတဲ့ အသီးအပွင့်တွေလို့ နားလည်ရပါတယ်။

သို့သော်လည်း လူ့အဖွဲ့အစည်းကို ဖြစ်ဖြစ်မြောက်မြောက် အကျိုးပြုဖို့ကျတော့၊ အတ္တဟိတသက်သက်နဲ့ မရတော့ ဘူး။ ပရဟိတဓာတ်ခံစိတ် လိုပါတယ်။ ဒီနေရာမှာ ပရဟိတဓာတ်ခံစိတ်ဆိုတာဟာ မြန်မာ့လူမှုဓလေ့မှာ တွေ့နေ မြင်နေကျဖြစ်တဲ့ “သာရေးနာရေးနဲ့ ကူညီကယ်ဆယ်ရေးတွေမှာ ဖေးမကူညီတတ်တဲ့စိတ်အခံ” ကိုပဲ ဆိုလိုခြင်း မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကောင်းကျိုးအတွက် လူထုနဲ့ တစ်သားတည်းကျစွာ နေထိုင်တိုးဝင်ပြီး တော့ ကိုယ့်ပညာနဲ့ အသုံးချပြီး တန်ဖိုးဖြစ်အောင် ကာယကံမြောက်လုပ်တဲ့ကိစ္စဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက စကားလုံးတချို့ ပါဝင်ပါတယ်။

  • လူ့အဖွဲ့အစည်း
  • အနာဂတ်ကောင်းကျိုး
  • လူထုနဲ့ တစ်သားတည်းကျစွာ နေထိုင် တိုးဝင်
  • ကိုယ့်ပညာ
  • အသုံးချပြီး တန်ဖိုးဖြစ်အောင်
  • ကာယကံမြောက်လုပ်….

စတဲ့ စကားလုံးဝေါဟာရ အစုအဝေးကို သတိထားစေချင်ပါတယ်။

ဆင်စွယ်နန်းမှာ စံမြန်းသူ

အထူးသဖြင့် ဒီ့နောက်ပိုင်းမှာ ဆင်စွယ်နန်းက ပညာတတ်တွေ အတော်များများကို တွေ့နေရပါတယ်။ သူတို့ တတွေက လူ့အဖွဲ့အစည်းကို ဗဟိုပြုတာထက် ကိုယ့်တစ်ကိုယ်စာ (သို့မဟုတ်) ကိုယ့်အသိုင်းအဝန်းလောက်ကို ဗဟိုပြုပြီး အလုပ်လုပ်လေ့ရှိတာကို တွေ့ရပါတယ်။ နောက်တစ်ခုကတော့ အနာဂတ်ကိစ္စပါ။ ဆင်စွယ်နန်းက ပညာတတ်တွေဟာ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကောင်းကျိုးကို မျှော်ရည်ပြီး မြှုပ်နှံတာမျိုး လုပ်လေ့ မရှိကြဘူး။ အထူးသဖြင့် သူတို့တတွေဟာ ဆင်စွယ်နန်းပေါ်က မဆင်းချင်ကြဘူး။ ဒီတော့ သူတို့ဟာ လူထုကြားထဲ မရောက်ဘူး။ လူထုကြားထဲ မရောက်တော့ လူထုရဲ့ တကယ့်အဖြစ်သနစ်တွေကို နားမလည်ဘူး။ သူတို့ဟာ ပညာတတ်တွေထဲက ခေါင်းတစ်လုံးပိုမြင့်တဲ့ ပညာတတ်တွေ ဖြစ်တာမို့၊ ကျမ်းကြီးကျမ်းခိုင်နဲ့ စာကြီးပေကြီးထဲက အဖြစ်သနစ်တွေကိုတော့ နောကြေကြတယ်။ သို့သော်လည်း လက်ရှိ ပကတိမှာ ဖြစ်ပျက်နေတဲ့ အောက်ခြေက လူ့အဖွဲ့အစည်းရဲ့ တကယ့်လိုရင်းပြဿနာတွေကို နားမလည်ကြဘူး။ သတင်းအချက်အလက်တွေကနေ ဖတ်လို့ ကြည့်လို့ သူတို့ဟာ ဒီအကြောင်းအရာကို သိကောင်း သိမယ်။ သို့သော် တကယ် နားမလည်ဘူး။ သိတာနဲ့ နားလည် တာဟာ မတူဘူး။

လူထုနဲ့ သီးခြားစီ ဖြစ်လာ

ဆင်စွယ်နန်းပေါ်က မဆင်းချင်တော့ လက်တွေ့နဲ့ ကင်းကွာလာတယ်။ သို့သော်လည်း သူတို့မှာ ဟိတ်ကြီးဟန်ကြီး အဆောင်အယောင်ကြီးနဲ့ ထွန်းလင်းနေတဲ့ အသိုင်းအဝန်းမှာ ရှိလို့၊ လူထုကိုယ်တိုင်က သူတို့ကို ပြန်လည် ချေပဖို့ ဆိုတာ အလှမ်းမမီဘူး။

တကယ့်လူ့အဖွဲ့အစည်းတွင်းက အတွင်းဇာစ်မြစ်တွေကို စာသိအရ သိပေမယ့် ငါတွေ့အရ နားမလည်ရင် လူ့အဖွဲ့ အစည်းကို အကျိုးပြုတဲ့နေရာမှာ ပြဿနာရှိပါတယ်။ နေ့စဉ်လိုလို ရေးသား ပြောဆို ဟောပြော တင်ပြချက်တွေကို တွေ့နေပြီး ဖြစ်ပါတယ်။ သို့သော်လည်း အဲသည်လို ပညာတတ်တွေ ဟောပြော ရေးသား ပြောဆို တင်ပြချက်တွေ မှာ တကယ့် အရှိပကတိကို ထင်ဟပ်နိုင်တာ ရာခိုင်နှုန်း အနည်းငယ်မျှပဲ ရှိပါတယ်။ အတော်များများက စာဖတ်ပြီး ပြန်ပြောပြကြတာများတယ်။ စာဖတ်ပြီး ပြန်ရေးပြကြတာ များတယ်။

စာအုပ်ထဲမှာ မရှိ

အထူးသဖြင့် လက်ငင်းမြန်မာ့နိုင်ငံရေးပြဿနာအတော်များများဟာ စာအုပ်တွေထဲမှာ မရှိပါဘူး။ ဒီလိုပြောလို့ စာအုပ်တွေကို မဖတ်ရဘူး၊ ငြင်းပယ်ရမလား ဆိုတော့ မဟုတ်ဘူး။ ဒါကို ဆိုလိုတာ မဟုတ်ဘူး။ စာအုပ်နဲ့တင် မလုံလောက်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ ဘာရေးရာ ညာရေးရာ ကျွမ်းကျင်သူတွေဆိုပြီး နိုင်ငံခြား ပညာတတ်တွေဟာ ဒစ်ဂျစ်တယ်ပလက်ဖောင်းနဲ့ ဂလိုဘယ်ပလက်ဖောင်းကို နင်းပြီးတော့ ဟောပြောပို့ချ ဆွေးနွေးတာတွေ ရှိပါတယ်။ အတွေးအမြင်တွေဆိုတာ ဒီလိုပဲ အစုံစုံလေ့လာရမှာ ဖြစ်ပါတယ်။ သို့သော်လည်း တကယ့်လက်တွေ့မြေပြင်မှာ ဦးဆောင်ဦးရွက်ပြုနေသူ၊ လက်တွေ့ ပြဿနာတွေကို ဦးဆောင်ပြီး ဖြေရှင်းနေရသူ တွေအဖို့မှာတော့ ဆင်စွယ်နန်းက ပညာတတ်တွေ ပို့ချ ဟောပြော ရေးသားတဲ့ အရာတွေဟာ သူတို့အတွက် အသုံးကျမှု နည်းပါးလှတယ်။

ဒီနေရာမှာ တကယ့် လူ့အဖွဲ့အစည်းရဲ့ ပစ္စုပ္ပန် ကောင်းကျိုးနဲ့ အနာဂတ်ကောင်းကျိုးကို ရှေ့ရှုလုပ်ဆောင်လိုတဲ့ ပညာတတ်တွေကို တစ်ခုပဲ တိုက်တွန်းဖို့ လိုပါတယ်။ အဲဒါကတော့ ဆင်စွယ်နန်းက ထွက်ခွာပါ။ တကယ့် လူထု ကြားထဲ နေထိုင်တိုးဝင်ပါ။ တကယ့်မြေပြင်က ပြဿနာတွေနဲ့ တိုက်ရိုက် ထိတွေ့ပါ။ မြေပြင်က လူတွေနဲ့ တိုက်ရိုက် စကားပြောပါ။

တန်ဖိုး ရှိပေမယ့် အသုံးမကျဘူး

ဆင်စွယ်နန်းပေါ်က ဆင်းလာသူဖြစ်တာမို့၊ လူထုကြားထဲ တိုးဝင်တဲ့အခါ ပင်ပန်းနိုင်ပါတယ်။ ငြီးငွေ့စရာ​တွေ၊ စိတ်ပျက်စရာတွေ၊ အာရုံနောက်တာတွေ ကြုံကောင်း ကြုံပါလိမ့်မယ်။ ဒါကို နားလည်သည်းခံပါ။ လူ့အဖွဲ့အစည်း အတွက် တကယ့်အဖြေကောင်းတွေ၊ အတွေးအကြံကောင်းတွေကို လက်တွေ့ကျကျ ရှုမြင်နိုင်လိမ့်မယ်။ ဒီလိုဆိုရင် လူ့အဖွဲ့အစည်းအတွက် ပိုလို့ အကျိုးဖြစ်မှာပါ။ ပညာတတ်တွေရဲ့ ထိရောက်တဲ့ ကျေးဇူးပြုမှုကိုလည်း တကယ် ရရှိမှာပါ။ ထို့နောက် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအသီးသီးက ဦးဆောင်ဦးရွက်ပြုနေသူတွေအတွက်လည်း လက်တွေ့ အသုံးဝင်တဲ့ အသိအမြင် အတွေးအခေါ်တွေကို ကောင်းစွာ ထုတ်လုပ်ပေးနိုင်ပါလိမ့်မယ်။ လက်တွေ့နဲ့ ကင်းကွာတဲ့ ပညာရပ်ဆိုင်ရာ သုံးသပ်ချက်တွေဟာ တန်ဖိုးရှိပေမယ့် အသုံးမကျဘူး ဖြစ်နေတယ်။ အသုံးကျနိုင်ဖို့ ဆင်စွယ်နန်းပေါ်မှာချည်း မနေပါနဲ့လို့ ပြောချင်တယ်။ ဒီတော့ အသုံးကျမှုတန်ဖိုး မြင့်အောင် လုပ်ကြပါ။

ဆင်စွယ်နန်းက ဆင်းကြ

လောလောဆယ် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်နေတာက …. တကယ့် လက်တွေ့ပြဿနာတွေနဲ့ ပညာတတ်တွေအကြား ဘာသာစကားခြားနေသလို ဖြစ်နေတယ်။ တကယ့်လက်တွေ့ ပြဿနာတွေနဲ့ ပညာတတ် တွေက သီးခြားစီ ဖြစ်နေတယ်။ တကယ်တော့ ဒါတွေဟာ ပေါင်းစည်းဖြစ်တည်နေရမှာ ဖြစ်တယ်။

ဒီ့အတွက် “ဆင်စွယ်နန်း ပေါ်က ဆင်းကြပါ” လို့ တိုက်တွန်းရပါလိမ့်မယ်။

မင်းသေ့

ညနေ ၄း၅၈

၂၅၊ ဧပြီ၊ ၂၀၂၂။

Previous post နိုင်ငံရေးမစ္ဆရိယစိတ်
Next post လက်ကြောတင်းပါစေ