အသက်ငယ်ရွယ်စဉ်မှာပဲ၊ အလုပ်လုပ်တာနဲ့ပတ်သက်ပြီး ခေါင်ထဲမှာ သံမှိုစွဲသလို စွဲဝင်နေတဲ့ စကားလုံးတစ်လုံး ရှိခဲ့ပါတယ်။ အဲသည့်စကားလုံးက “လက်ကြောတင်းအောင် လုပ်” ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ ငယ်စဉ်မှာ အိမ်မှာ အိမ်မှုကိစ္စထက် ပိုလွန်တဲ့ အလုပ်တွေကို လုပ်ခဲ့ရပါတယ်။ အရွယ်နဲ့မလိုက်အောင် ပင်ပန်းတဲ့ အလုပ်တွေကို လုပ်ခဲ့ ရတော့၊ “ငါဟာ သူများတွေလောက် ကံမကောင်းဘူး” လို့ ခံစားခဲ့ရဖူးပါတယ်။ သို့သော်လည်း အသက်ကြီးမှ၊ ငယ်ရွယ်စဉ်အချိန်တုန်းက အိမ်မှာ ပေါ်ကျော့ မနေခဲ့ရဘဲ၊ အလုပ်တွေ လုပ်ခဲ့ရတာဟာ ငါ့ကို ‘လက်ကြောတင်း အောင်” လေ့ကျင့်ပေးလိုက်တာပဲ လို့ တွေးမိပြီး အမေ အဖေတို့ကို ကျေးဇူးတင်တတ်တဲ့စိတ်ကလေး ဖြစ်လာခဲ့ပါ တယ်။

ငယ်ငယ်ရွယ်ရွယ်မှာ အလုပ်လုပ်ခဲ့ရခြင်းဟာ အလုပ်ရဲ့ တန်ဖိုးကို သိလာသလို၊ ငွေရဲ့တန်ဖိုးကိုလည်း သိအောင် လုပ်ပေးတယ်။ လောကကြီးတဲ့တိုးဝင်တဲ့အခါမှာလည်း အလုပ်တစ်ခုကို ခွန်စိုက်အားစိုက်ဘယ်လို လုပ်ရတယ်ဆို တာ သိလာတယ်။ အဖေ အမေနဲ့ ကျနော့် အစ်ကို အစ်မ တွေရဲ့ သွန်သင်မှုကြောင့် ကျနော် ငယ်စဉ်ကတည်းက အလုပ်တစ်ခုလုပ်ရင် လက်ကြောတင်းတင်း လုပ်ရတယ်ဆိုတဲ့အတွေး စိတ်ထဲမှာ နှစ်ဝင်နေတယ်။

အလုပ်တစ်ခုကို …

  • ပြီးစလွယ် မလုပ်ဖို့၊
  • ပြီးကပစ် မလုပ်ဖို့၊
  • ပြီးပြီးရော မလုပ်ဖို့၊
  • ပေါ့ပေါ့တန်တန် မလုပ်ဖို့

စိတ်ထဲမှာ အမြဲ စွဲနှစ်ဝင်နေပါတယ်။ ဒါ့ကြောင့်လည်း အခုအချိန်မှာ ကိုယ်က အလုပ် သိပ်မရှာရဘူး၊ အလုပ်က ကိုယ့်ကို လာရှာပါတယ်။ ဒါဟာ ကံကောင်းခြင်းတစ်မျိုးပါပဲ။ ကံဆိုတာလည်း ကိုယ့်ရဲ့ အားထုတ်ခဲ့မှုကနေ အကျိုး ပေးလာတာ မဟုတ်လား။ ဒီသဘောပါပဲ။

အလုပ်လုပ်ရင် လက်ကြောတင်းတင်း လုပ်ဖို့ အမေတို့ အဖေတို့က ငယ်ငယ်လေးကတည်းက ဆုံးမခဲ့ပါတယ်။ ကျနော်က ယောက်ျားလေး ဖြစ်လေတော့ တခါတရံ ခေါင်းထဲစွဲဝင်အောင် ပြောခံရဖူးတဲ့ စကားတောင် ရှိပါသေးတယ်။

  • “လကြောပဲ မတင်းနဲ့”
  • “လက်ကြောလည်းတင်းအောင် လုပ်”

ဆိုတဲ့ စကားဖြစ်ပါတယ်။

လူတွေဟာ အရွယ်ရောက်လာရင် ‘လကြောတင်း’ တဲ့နေရာမှာတော့ ဘာမှ ပြောစရာ မလိုဘူး။ ဒါပေမယ့် အလုပ်ကို လက်ကြောတင်းတင်း လုပ်ဖို့တော့ အာပေါက်အောင် ပြောရတယ်။ ဝန်းကျင်ကောင်းရဲ့ အချီအမကို မခံရလို့ လက်ကြောတင်းတင်းလုပ်သော်လည်းပဲ ပြောင်ပြောင်ရောင်ရောင် မဖြစ်တဲ့ မြန်မာပြည်သားပေါင်း မြောက်မြားစွာ ကို တွေ့ခဲ့ရဖူးပါတယ်။ သို့သော်လည်း ခေတ်ကျပ်ခေတ်ဆိုးထဲမှာတောင် အလုပ်တစ်ခုကို လုပ်ရင် လက်ကြောတင်း တင်းလုပ်ရင် လူချင်းတူတူ သူချင်းမျှမျှတော့ ရပ်တည်နိုင်တယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ လူကိုယ်တိုင်က လက်ကြောတင်းတင်းလည်း အလုပ်လုပ်မယ်၊ ဝန်းကျင်ကောင်း စနစ်ကောင်းရဲ့ အချီအမကိုလည်း ခံရတယ်ဆိုရင် တော့ “စွမ်းအားရှိသလောက်လုပ်၊ လုပ်သလောက်ရမှာ” အသေအချာပါပဲ။

ကျနော့် အဖေနဲ့ အမေဟာ အတန်းပညာ မြင့်မြင့်မားမားကြီး မတတ်မြောက်ကြပါဘူး။ သို့သော်လည်း သူတို့မှာ ဘဝပေးအသိရှိတယ်။ ဘဝတက္ကသိုလ်ကြီးက သင်ကြားပေးလိုက်တဲ့ လောကဓံ သင်ခန်းစာတွေ ရှိတယ်။ ဒါ့ကြောင့် သူတို့ ရခဲ့တဲ့ ဘဝအသိနဲ့ ကျနော်တို့ ညီအစ်ကို မောင်နှမတွေကို အလုပ်လုပ်တဲ့အခါ လက်ကြောတင်းအောင် လုပ်ဖို့ သွန်သင်ဆုံးမနိုင်ခဲ့တယ်။ ဒီအသိကို ငယ်ငယ်လေးကတည်းက ရခဲ့လို့ ကျေးဇူးတင်ပါတယ်။

လောကကြီးထဲမှာ၊ လုပ်ငန်းခွင်ထဲမှာ၊ လူတွေထဲမှာ ….၊ အလုပ်တစ်ခုကို လက်ကြောတင်းအောင် လုပ်တတ်တဲ့ လူတစ်ယောက်ကို ဘယ်သူက အလို မရှိဘဲ နေမလဲ။ ဒီလိုလူတစ်ယောက်အတွက် အလုပ်တစ်ခုဆိုတာ မရှားဘူး။ ကိုယ့်အားကိုယ်ကိုး ရပ်တည်ဖို့အတွက် သိပ်မခက်ခဲပါဘူး။

အလုပ်တစ်ခုကို လုပ်တဲ့အခါ လက်ကြောတင်းအောင် လုပ်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူဖို့ တိုက်တွန်းချင်ပါ တယ်။ ဒီ့အတွက် အပိုလက်ဆောင်လည်း ပေးချင်ပါတယ်။

  • မသိတာက သိအောင် လုပ်လို့ ရတယ်။
  • မရှိတာက ရှိအောင် လုပ်လို့ ရတယ်။
  • မတတ်ရင်လည်း တတ်အောင် သင်လို့ ရတယ်။
  • အဓိကကတော့ သိချင်စိတ် တတ်ချင်စိတ် ရှိရမယ်။
  • သိဖို့ တတ်ဖို့ အတွက်ဆိုရင်
  • မျက်စိကို ဖွင့် နားကို စွင့်
  • အလုပ်တစ်ခုကို လက်ကျောတင်းအောင် လုပ်။

လူတစ်ယောက်ဟာ အလုပ်တစ်ခုကို လုပ်ရင် လက်ကြောတင်းအောင်လည်း လုပ်မယ်၊ အမှုမဲ့ အမှတ်မဲ့ မနေဘဲ အမြဲတမ်းလိုလို မျက်စိကို ဖွင့်၊ နားကိုလည်း စွင့်ထားမယ်ဆိုရင် အလုပ်အကိုင်တစ်ခုအတွက် ရပ်တည်မှုတစ်ခု အတွက် သိပ်မခက်ခဲလှပါဘူး။ သို့သော်လည်း ပိုကြီးပွားချင်ရင်တော့ “ပတိရူပ” ဖြစ်တဲ့ဒေသကို ရွေးချယ်ရမပေါ့။ ဒါဆိုရင် လုံလောက်ပါပြီ။

မင်းသေ့

ညနေ ၅း၅၉

၂၄၊ ဧပြီ၊ ၂၀၂၂။

Previous post ဆင်စွယ်နန်းပေါ်က ပညာတတ်
Next post မြန်မာစစ်တပ်၏ လားရာ

2 thoughts on “လက်ကြောတင်းပါစေ

  1. စာရေးသူ အခုလိုရေးသားပေးလို့ ဖတ်ခွင့်ရတာ ကျေးဇူးအများကြီးတင်ပါတယ်။ လေးစားလျက်

Comments are closed.