• လူမိုက်သည် မိမိပြုသော မကောင်းမှု အကျိုးမပေးသေးသမျှ ကာလပတ်လုံး မကောင်းမှုကို နှစ်သက် ဝမ်းမြောက်စွာ ပျားသကာကဲ့သို့ မှတ်ထင်၏။ (ဓမ္မပဒ၊ အခန်း ၅ အပိုဒ် ၆၉ ၊ အရှင်သေဌိလ)

လတ်တလောပြီးစီးခဲ့တဲ့ (၁၀) နှစ်တာကာလအပိုင်းအခြားကို ကြည့်ရင်၊ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ အုပ်စုစွဲစိတ်နဲ့ ဂိုဏ်းဂဏစိတ် အစွန်းတွေတွေ့ခဲ့ရပါတယ်။ အရပ်စကားနဲ့ ပြောကြရင် တပ်အင်စတီကျူးရှင်းပေါ်မှာ အုပ်စုစွဲစိတ် အားကြီး လွန်းရင် “ဘောမ” လို့ သတ်မှတ်ကြလေ့ရှိပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ဒီ/ချုပ်)နဲ့ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မျက်စိမှိတ်ကိုးကွယ်ထောက်ခံနေသူတွေကို “နီပိန်း” လို့ သမုတ်ကြ တဲ့ သဘောလို ဖြစ်ပါတယ်။ မြန်မာစစ်တပ်ကို မျက်စိမှိတ်ထောက်ခံတဲ့ အုပ်စုထဲမှာ အုပ်စုစွဲစိတ် (တနည်း) Group Think အားကြီးတာကို တွေ့ရပါတယ်။ ဒီ/ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မျက်စိမှိတ် ထောက်ခံတဲ့အင်အားစုထဲမှာလည်း ဂိုဏ်းဂဏစိတ်အစွဲ သိပ်အားကြီးတာတွေ တွေ့ရပါတယ်။ လက်တွေ့ မြန်မာ့ နိုင်ငံရေးအခင်းအကျင်းထဲမှာ ဒီအစွန်းနှစ်ဖွဲ့ဟာ အားပြိုင်လွန်ဆွဲတာကို တွေ့ခဲ့ရပါတယ်။

သို့သော်လည်း ထူးထူးခြားခြားအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း၊ ငုပ်လျှိုးနေတဲ့ နိုင်ငံရေးသဘောထားအမြင် တစ်ခုဟာ ကြီးကြီးမားမား ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒါကတော့ မြန်မာပြည်မှာ “နီပိန်း” အုပ်စုထက် ပိုလွန်တဲ့ ဒီမိုကရက်တစ်နိုင်ငံရေးအင်အားစုကြီး ရှိနေတယ်ဆိုတာ ဖြစ်ပါတယ်။ သူတို့ကို Generation – Z တွေလို့လည်း ပြောနိုင်တယ်။ အထူးသဖြင့် ၎င်းတို့ကို လေ့လာကြည့်ရင် နိုင်ငံရေးဂိုဏ်းဂဏ အစွဲ ပါးလျတာကို တွေ့ရတယ်။ သူတို့ရဲ့ လိုချင်မှု ချင်ခြင်းဟာ – လွတ်လပ်ခွင့်နဲ့ တရားမျှတမှုအပေါ်မှာ အခြေခံတယ်။

  • လူသားဂုဏ်သိက္ခာကို မြတ်နိုးတန်ဖိုးထားတယ်။
  • လူ့လွတ်လပ်ခွင့်ကို ခံစားတတ်ကြတယ်။
  • မတရားမှု ဖိနှိပ်မှုကို အာခံ ဖီဆန်ချင်ကြတယ်။
  • ဘယ်သူ့တစ်ဦးတစ်ယောက်ရဲ့ နိုင့်ထက်စီးနင်း လုပ်တာကိုမှ မခံချင်ဘူး။
  • ကိုယ့်ရှေ့မှာ မဟုတ်တာ လုပ်တာ မြင်နေရင် ဒါကို ဆန့်ကျင်တော်လှန်ရမယ်ဆိုတဲ့ သဘောထား အမြင် ရှိတယ်။
  • သူတို့မှာ ပုဂ္ဂိုလ်ရေးကိုးကွယ်တယ်ဆိုတာ မရှိဘူး။
  • လူတစ်ယောက်ကို ချစ်ခင်လေးစားတာ၊ ယုံကြည်တာမျိုး ရှိလိမ့်မယ်။ သို့သော် ကိုးကွယ်ယုံကြည်တယ် ဆိုတဲ့ အဆင့်အထိတော့ သူတို့ မထားဘူး။ အထူးသဖြင့် သူတို့ဘဝမှာ သူ့တို့ကိုယ်တိုင်ဟာ “ဘုရား” ပဲ။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဘဝအပ်နှံပြီး ကိုးကွယ်ယုံကြည်တယ်ဆိုတာ သူတို့မှာ မရှိဘူး။

ဒီလို သဘောထားအမြင်တွေ ကိန်းဝပ်နေတဲ့ လူငယ်မျိုးဆက်သစ် (Generation-Z) တွေဟာ စစ်အာဏာသိမ်းမှု နောက်ပိုင်းဖြစ်ထွန်းလာတဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့ အဓိက အင်အားစုတွေ ဖြစ်လာတယ်ဆိုတာတွေ့ရပါ တယ်။ အုပ်စုစွဲအားကြီးတဲ့ မြန်မာစစ်တပ်အသိုင်းအဝိုင်းက လူအတော်များများကတော့ – လက်ရှိ လက်နက်ကိုင် ပုန်ကန်တဲ့ လူငယ်မျိုးဆက်သစ်တွေကို “အနီအုပ်စု” က မွေးထားတဲ့ ကေဒါတွေလို့ ထင်ကောင်းထင်မယ်။ ဒါဟာ အင်မတန် ညံ့ဖျင်းတဲ့ မှန်းဆချက်ပဲ ဖြစ်ပါတယ်။ သူတို့ ပြိုင်ဘက်ကို သူတို့ သိပ်အထင်ကြီးလွန်းရာကျတယ်။ “ခင်ဗျားတို့ ပြိုင်ဘက်” က အဲသည့်လောက် မတော်ပါဘူးလို့ ပြောချင်တယ်။ သို့သော်လည်း ဒါဆိုရင် ဒီတော်လှန် ရေးအင်အားစုကြီးကို နောက်ကွယ်က မောင်းတင် တွန်းပို့လိုက်တဲ့ အရာက ဘာဖြစ်မလဲ။

အဲဒါဟာ …

  • အဖွဲ့အစည်းတစ်ခုလည်း မဟုတ်ဘူး၊
  • အင်စတီကျူးရှင်းတစ်ခုလည်း မဟုတ်ဘူး၊
  • ပါတီတစ်ခုလည်း မဟုတ်ဘူး၊
  • လူတစ်ဦးတစ်ယောက်လည်း မဟုတ်ဘူး၊
  • ကွန်မြူနစ်ဝါဒလည်း မဟုတ်ဘူး၊
  • အမေရိကန်လည်း မဟုတ်ဘူး၊
  • တစုံတရာ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ထွန်းခဲ့မှုက တွန်းတင်လိုက်တာဖြစ်ပါတယ်။

ကြိမ်းသေပေါက် ပြောနိုင်တာက ၂၀၁၀ နဲ့ ၂၀၂၀ ခုနှစ်အတွင်းက ၁၀ နှစ်တာ ကာလအပိုင်းအခြားတစ်ခုကို မြန်မာ့လူ့အဖွဲ့အစည်းက မဖြတ်သန်းခဲ့ရဘူးဆိုရင်၊ လက်ရှိ ဖြစ်ထွန်းနေတဲ့ လက်နက်ကိုင်နွေဦးတော်လှန်ရေးဟာ ဒီလောက်အခြေအနေအထိ ဖြစ်စရာ အကြောင်း မရှိပါ။ တစုံတရာအတိုင်းအတာတစ်ခုအထိ လက်နက်ကိုင်အုပ်စု သစ် ပေါ်ထွန်းမယ်ဆိုတာ သေချာပေမယ့်၊ ဒီလောက်အထိ နိုင်ငံလုံးချီ အုံကြွပုန်ကန်မှုမျိုးကို မလုပ်နိုင်ပါ။

ဒီနေ့ ဒီအချိန်အခါက လက်နက်ကိုင်မထားတဲ့ ပြည်သူလူထုထဲမှာတောင် စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ် တွေဟာ ကိန်းဝပ်နေပါတယ်။ စစ်ခေါင်းဆောင်တွေနဲ့ တပ်အင်စတီကျူးရှင်းကို မလိုလား လက်မခံတဲ့ မုန်းတီး ရွံရှာ တဲ့ စိတ်တွေဟာ တဖြည်းဖြည်း အမြစ်စွဲသလို ကိန်းဝပ်နေကြပါပြီ။ သူတို့ဟာ ဒီအတိုင်းနေမှာ မဟုတ်ဘူး။

  • စစ်တပ်ရဲ့ ညံ့ဖျင်းမှုနဲ့ ရက်စက်ယုတ်မာမှုတွေကို သူတို့ရဲ့ သားစဉ်မြေးဆက်အလိုက် လက်ဆင့်ကမ်း ဖြန့်ချိလိမ့်မယ်။ မြန်မာစစ်တပ်ဟာ ဘယ်လို ယုတ်မာခဲ့တာ၊ ဘယ်လို မိုက်ရိုင်းခဲ့တာ၊ ဘယ်လို ခိုးဝှက်ခဲ့တာ ဆိုတာကို မျိုးဆက်အလိုက် လက်ဆင့်ကမ်းရိုက်သွင်းကြလိမ့်မယ်။ မြန်မာစစ်ခေါင်းဆောင် တွေရဲ့ အမြင်သိမ်ဖျင်းမှုကို တိုးတိုးတစ်ဖုံ၊ ကျယ်ကျယ်တစ်ဖုံ ကဲ့ရဲ့ တင်းဆိုကြလိမ့်မယ်။ သူတို့ရဲ့ တူတွေ တူမတွေ မြေးတွေ မြစ်တွေကို မြန်မာစစ်တပ်ရဲ့ ရိုင်းစိုင်းညှင်းပန်းမှုတွေအကြောင်း ပုံပြင်တစ်ခုလို ဋီကာချဲ့ပြီး လက်ဆင့်ကမ်းကြလိမ့်မယ်။ အစဉ်အလာကောင်းခဲ့တဲ့ မြန်မာစစ်တပ်ဟာ နောက်ဆုံးမှာ ဘယ်လို ဖောက်ပြန်ပြီး နိဂုံးချုပ်သွားတယ်၊ လူထု တံတွေးခွက်မှာ ပက်လက်မျောခဲ့တယ်ဆိုတာကို တတွတ်တွတ် ပြောဆိုခဲ့ကြလိမ့်မယ်။ ဒီလိုနဲ့ နောက် မျိုးဆက် သုံးလေးငါးခုလောက်အထိ ဒီလို စစ်အာဏာရှင်ဆန့်ကျင်ရေးလေထုဟာ အပြန့်ကျယ်ကြီးထွားနေလိမ့်မယ်။
  • တချိန်က ငါ့အဖေက စစ်သားကြီး၊ ငါ့သားက စစ်ဗိုလ်ကြီး၊ ငါ့အစ်ကိုက တပ်ထဲကလေ…. ဆိုတဲ့ ဂုဏ်ယူ ဝင့်ကြွားစွာ လူကြားသူကြားထဲ ပြောဆိုခဲ့တဲ့ စကားသံတွေ တဖြည်းဖြည်း ဆိတ်သုဉ်းသွားလိမ့်မယ်။ အရွယ်မရောက်သေးတဲ့ ကိုယ့်ရဲ့ သားလေး ကိုယ့်ရဲ့ သမီးလေးက “သမီးတို့ ဦးဦးက စစ်ဗိုလ်ကြီး” လို့ ပြောရင်တောင်၊ အမေဖြစ်သူက “ဟဲ့…သမီး” လို့ ဟန့်လိုက်လိမ့်မယ်။ ဒီတော့ လူထုလေးစားယုံကြည် ကိုးစားထိုက်ရမယ့် တပ်မတော်ဆိုတာ လူထုတံတွေးပင်လယ်ကြီးထဲမှာ တအိအိ နှစ်မြုပ် မှေးမှိန် ပျောက်ကွယ်သွားလိမ့်မယ်။

လူထုဟာ မြန်မာစစ်တပ်အပေါ်မှာ အခုလို မုန်းတီးရွံရှာပြီး ရွံကြောက်ကြီး ဖြစ်နေလို့ “ဒါဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြောင့်၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့်” လို့ ထင်ရင်မှားလိမ့်မယ်။ လူထုက လူတစ်ဦးတစ်ယောက်၊ လူတစ်စုတစ်ဖွဲ့က ကြိုးဆွဲရာကတဲ့ ရုပ်သေးမှ မဟုတ်တာ။ မြန်မာလူထုကို ခင်ဗျားတို့ သမုတ်ထားတဲ့ “နီပိန်း” အုပ်စုနဲ့ ထပ်တူပြုရင် အလွဲကြီး လွဲလိမ့်မပေါ့။ မဟုတ်ပါဘူး။ လုံးဝ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မရှိရင်လည်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေးဒီလှိုင်းကြီးက ဆက်ပြီး ရှိနေလိမ့်မယ်။ နောင်နှစ်ပေါင်း (၅၀) လောက်အထိ မြန်မာစစ်တပ်အပေါ် ရွံရှာမုန်းတီးတဲ့ စကားတွေကို လူထုဟာ သူတို့ သားစဉ် မြေး အဆက်ဆက် ဟောပြောပို့ချလက်ဆင့်ကမ်းကြလိမ့်မယ်။

  • “လူကြားသူကြားထဲ ခင်ဗျားတို့ သားစဉ်မြေးဆက် အသိုင်းအဝိုင်းတစ်ခုလုံး ဘယ်လို မျက်နှာနဲ့ နေထိုင်ရှင်သန်မလဲ” ဆိုတာ စဉ်းစားထားကြပေါ့ဗျာ။
  • အဖြေတစ်ခုတော့ ရှိပါတယ်။
  • ဘာပဲဖြစ်ဖြစ် “မျက်နှာပြောင်တိုက်တတ်ရင်” ရှင်သန်နိုင်ပါတယ်။
  • ခင်ဗျားတို့ ရှင်သန်ဖို့ ဆက်ပြီး “မျက်နှာပြောင်တိုက်” ကြပါ။
  • ခင်ဗျားတို့ စစ်နိုင်ခဲ့ရင်တောင် “လူ့ဂုဏ်သိက္ခာအရ” ရှုံးနိမ့်ပြီးပါပြီ။
  • ဒါကို စိတ်ဓာတ်စစ်ဆင်ရေးဌာနက ဝါဒဖြန့်ချိရေးလောက်နဲ့ မဖုံးအုပ်နိုင်ဘူးဆိုတာ နားလည်လိုက်ပါ။

မင်းသေ့

နံနက် ၉း၅၁

၂၄၊ ဧပြီ၊ ၂၀၂၂။

Previous post လက်ကြောတင်းပါစေ
Next post ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဗျူဟာ