မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေဟာ လိုသည်ထက် ပိုနေပါတယ်။ ဘာလို့ လိုသည် ထက် ပိုနေရသလဲ။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံရေးပြဿနာတွေ ရှိပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တာထက် ပိုတဲ့ အပိုဆာဒါးတွေလည်း တွေ့နေရပါတယ်။ ဒါတွေဟာ ဘာ့ကြောင့် ဖြစ်ရပါသလဲ။ မြန်မာ့နိုင်ငံရေးဓလေ့နဲ့ ဆိုင်မယ် ထင်ပါတယ်။ ဓလေ့ဆိုတာ တစ်ဦးချင်းစိတ်သဘာဝတွေကို ပေါင်းစုထားတဲ့ အပေါင်းအစုဖြစ်ပါတယ်။ နိုင်ငံရေး ဓလေ့ဆိုတာ နိုင်ငံရေးနယ်ပယ်က နိုင်ငံရေးသမားတစ်ဦးချင်းစီရဲ့ စိတ်သဘာဝ အပေါင်းအစုလို့ ပြောလို့ ရနိုင်ပါ လိမ့်မယ်။

ပြဿနာ ရှာသူ နဲ့ ဖန်တီးသူ

မြန်မာ့နိုင်ငံရေးကွင်းပြင်ထဲမှာ နိုင်ငံရေးပြဿနာတွေကို ဖန်တီးတဲ့သူတွေ ရှိပါတယ်။ ထို့နောက် ပြဿနာရှာသူတွေ ရှိတယ်။ ပြဿနာရှာသူနဲ့ ပြဿနာဖန်တီးသူဟာ မတူပါဘူး။ တခါတရံ ပြဿနာကို မီးထွန်းရှာနေရင်း ပြဿနာဖန် တီးသူ ဖြစ်ကောင်းဖြစ်နေတတ်တာကို သတိမထားမိကြပါ။ ပြဿနာရှာတာနဲ့ ပြဿနာကို ဖန်တီးတာနဲ့ မတူပါ။ မြန်မာ့နိုင်ငံရေးသဘာဝကလည်း အုပ်စုစွဲစိတ်နဲ့ ဖော်လန်ဖားကျင့်ရှိတော့ သေးသေးမွှားမွှား ပြဿနာတွေဟာ ပဲ့တင်ထပ်ပြီး ကျယ်လောင်လာပါတယ်။ ဒီတော့ လူထုဟာ တကယ့်ပြဿနာကြီးလို့ ထင်လာတယ်။ လူထုရဲ့ အာရုံ စိုက်မှုဟာ ပြဿနာကို လိုသည်ထက်ပိုပြီး ချဲ့ကား အာရုံစိုက်လာတဲ့အခါ တကယ့်အရင်းအမြစ် ကျတဲ့ ပြဿနာတွေ က ပျောက်သွားတယ်။ ရှဲကုန်တယ်။

ရှိနေတဲ့ ပြဿနာကို မီးထိုးပြတဲ့အခါ ပြဿနာကို လူအများ ပိုအာရုံစိုက်ကြတာဖြစ်လို့၊ ပြဿနာကို အဖြေထုတ်ဖို့ အတွက် တွန်းအား ပိုရတတ်ပါတယ်။ သို့သော်လည်း ပြဿနာကို ရွေးချယ်တဲ့အခါ အမြော်အမြင်အားနည်းတာ၊ အမြင်ကျဉ်းမြောင်းတာမျိုးဖြစ်တဲ့အခါ ကိုယ့်လုပ်ရပ်ဟာ ပြဿနာသေးသေးလေးတွေရဲ့ မိခင် ပြန်ဖြစ်လာတာကို သတိမထားမိတတ်ပါဘူး။ တခါတရံ ပြဿနာကို ရှာဖွေထုတ်နှုတ်ပြသူဟာ အမြင်နုပ်ရင် ပြဿနာတွေ ဖန်တီးသူ ဖြစ်တတ်တာကို သတိချပ်ပါ။

မနာလို မရှုစိတ်

မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖန်တီးသူတွေ ရှိပါတယ်။ ဒီလို ဖန်တီးသူတွေရဲ့ စိတ်နေသဘောကို လေ့လာကြည့် တဲ့အခါ အဓိက အချက်တစ်ခုကို ထပ်တွေ့ရပါတယ်။ အဲဒါကတော့ …. မနာလို မရှုစိတ် ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံ ရေးပြဿနာတွေထဲမှာ အဓိက ဇာတ်ကောင်အဖြစ် အမြဲ လိုက်ပါနေတဲ့ မြန်မာစစ်တပ်ခေါင်းဆောင် အဆက်ဆက် မှာ မနာလို မရှုစိတ်ဟာ အားကြီးတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်ကနေ ပြီးတော့ လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အထိ သူတို့စိတ်ထဲမှာ မနာလို မရှုစိတ်က ကိန်းဝပ်နေတာကို တွေ့ရပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းကို အတုခိုး အားကျတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာလည်း သူ့ အိုင်ဒေါ ကဲ့သို့ မနာလို မစ္ဆရိယစိတ် အားကြီးတာကို လေ့လာရပါတယ်။ အခုလို ပြောတာ ပုဂ္ဂလဓိဋ္ဌာန်ကို ဗဟိုပြု ပြောသလို ဖြစ်နေပါတယ်။ ဒါပေမယ့် ဒါဟာ ထည့်တွက်ရမယ့်ကိစ္စပါ။ မြန်မာ့နိုင်ငံရေးနယ်ပယ်ကိုယ်၌က ပုဂ္ဂိုလ်ရေးတွေနဲ့ ဂျင်ဂျင်လည်နေလို့ ဖြစ်ပါတယ်။

မနာလို မရှုစိတ်ဟာ ဆန့်ကျင်ဘက်နိုင်ငံရေးအုပ်စုတွေထဲမှာတင် ရှိနေတာ မဟုတ်ပါဘူး။ ကိုယ့်အချင်းချင်းထဲမှာ လည်း ရှိပါတယ်။ တို့ဘက်နဲ့ တစ်ဖက်တည်း ရပ်တဲ့သူလို့ ယူဆရတဲ့ အုပ်စုထဲမှာကို ခပ်များများ ရှိနေပါတယ်။ အဆင့်လိုက် အလွှာလိုက် နယ်ပယ် ကဏ္ဍအလိုက် ရှိနေပါတယ်။ နိုင်ငံရေးနယ်ထဲက မနာလို မရှုစိတ်တွေဟာ ယောက်ျားဟူသည် မိန်းမဟူသည် မခွဲခြားဘဲနဲ့ အားလုံးမှာ ပျံ့နှံ့ ကိန်းအောင်းနေပါတယ်။

ငါ ဘာကောင်လဲဆိုတာ ပြချင်စိတ်

နိုင်ငံရေးနယ်က ပုဂ္ဂိုလ်တွေမှာ “ငါ ဘာကောင်လဲဆိုတာ ပြလိုက်မဟဲ့” ဆိုတဲ့ နိုင်ငံရေးမာန်ကလေး ရှိပါတယ်။ “ငါ ဘာကောင်လဲ” ဆိုတာ သိတော့ ပြည်သူက ဘာလုပ်မတုန်း။ ပြည်သူ့အတွက် ဘာအကျိုး ရှိမတုန်း။ ပြည်သူ့ အတွက် အကျိုးရှိ – မရှိတော့ မသိနိုင်ပါဘူး။ “ငါ ဘာကောင်လဲ” ဆိုတာ ပြတဲ့သူ အတွက်တော့ အကျိုးရှိပါတယ်။ အထူးသဖြင့် လက်နက်မကိုင်တဲ့ နိုင်ငံရေးနယ်မှာ  ကိုယ့်ကို လူအများ အာရုံစိုက်မှုများလာတာ ဖြစ်ခြင်းကြောင့်၊ လူသိပိုများလာတယ်။ နာမည် ပိုထွက်လာတယ်။ သာမန်လူပိန်းတွေအကြားမှာ သူဟာ ဘယ်သူလဲလို့ သိချင်လာ တယ်။ ဒီတော့ ထင်ပေါ်ကျော်ကြားမှု နောက်ကွယ်က နိုင်ငံရေးအရ “အရာဝင်မှု” တိုးလာတယ်။ အရေးပါမှ အရာ ရောက်တာ ဖြစ်လို့၊ “ငါ ဘာကောင်လဲ” ဆိုတာ ပြလိုက်ခြင်းဟာ “ငါဟာအရေးပါကြောင်း” ပြလိုက်တာနဲ့ အတူတူ ပါပဲ။ ဒီတော့ “ငါ့ကို အရာသွင်းပါ” လို့ တိုက်ရိုက်တောင်းဆိုစရာ မလိုတော့ပါ။

အရေးပါ / အရာရောက်ဖို့

နိုင်ငံရေးမှာ ကိုယ့်ကိုယ်ကို ဘောင်ဝင်ဖို့ ဒီလို အရေးပါ အရာရောက်အောင် လုပ်တတ်ကြပါတယ်။ သို့သော်လည်း ဒါတွေဟာ တကယ့်နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်တာထက် ဘေးထွက်ဆိုးကျိုး ထွက်တဲ့ နိုင်ငံရေးအပြုအမူ တွေ ဖြစ်ကြောင်း လူထုကိုယ်တိုင်က သတိထားသင့်တယ်၊ သတိထားရမယ်။ ကာယကံရှင်တွေ ကိုယ်၌ကလည်း မိမိကိုယ်ကို ပြန်မြင်နိုင်မှု အားနည်းရင် သတိမထားမိတတ်ဘူး။ အတ္တဆန္ဒရဲ့ မောင်းနှင်ချက်အတိုင်း လုပ်နေမိတတ် တယ်။ နိုင်ငံရေးအသိ သတိ ဆိုတာ ဒါကို ပြောတာဖြစ်ပါတယ်။ ဒီနှစ်ခုက တွဲနေရပါလိမ့်မယ်။ နိုင်ငံရေးအသိ ရှိရုံနဲ့ တွန်းလုပ်လို့ မရပါဘူး။ တွန်းပြောလို့ မရပါဘူး။ သတိနဲ့ ထိန်းရပါလိမ့်မယ်။ နိုင်ငံရေးမှာ အကန့်အသတ်ကို သိနား လည်တာဟာ လွယ်မယောင်နဲ့ ခက်ပါတယ်။ တိမ်မယောင်နဲ့ နက်လှတယ်။ နိုင်ငံရေးသတိရှိခြင်းဟာ နိုင်ငံရေး အထူအပါးနားလည်ခြင်း လို့လည်း ပြောနိုင်ပါတယ်။

ကိုယ်ရည်ကိုယ်သွေးမြင့်တဲ့ နိုင်ငံရေးသမားတွေကို လူထုက ပိုအလိုရှိတယ်။

မင်းသေ့

နံနက် ၉း၂၄

၂၆၊ ဧပြီ၊ ၂၀၂၂။

Previous post မြန်မာ့တပ်မတော် နေထွက်ချိန်နှင့် နေဝင်ချိန် (The Rise and Fall of Tatmadaw)
Next post ဆင်စွယ်နန်းပေါ်က ပညာတတ်