ဘုရားဥပဒေတော်ကြီး
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်ကြီး)

“ ဝိနယော နာမ သာသနဿ အာယု ”

ဝိနည်းတရားတော်သည် သာသနာတော်၏ အသက် ဟု ရဟန္တာအရှင်မြတ်တို့ မိန့်တော်မူခဲ့ဖူးသည်။ စည်းမရှိသောရွာ၊ အကွပ် မရှိသောကြမ်း ဗရမ်းဗတာ… ဆိုသည့် စကားပုံရှိသည်။ တစ်ဦးတစ်ယောက်တည်း တည်ရှိနေသော ဧကစာရီကျင့် သူတော်ကောင်းအဖို့ စည်းကမ်းတို့ မလိုအပ်။ သို့သော် ထိုသူတော်တောင်မှ၊ မိမိ ကိုယ်နှင့် စိတ်ကို အစဉ်ထိန်းသိမ်းသော အပ္ပမာဒ တရားဖြင့် မိမိကိုယ်ကို စောင့်စည်းနေရသည်သာ။ ဓမ္မစက်ကြီးကို အစဉ်လည်ပတ်စေရန် သာသနာတော်တစ်ရပ်အဖြစ် တည်ထောင်တော်မူခဲ့သော၊ ဂေါတမဗုဒ္ဓ အနေဖြင့်၊ လိုအပ်သော ဝိနည်းသိက္ခာပုဒ်များကို အကြောင်းအကျိုးညီညွှတ်ချိန်တွင် ပညတ် ပြဌာန်းခဲ့ရသည် သာ။

အနာဂတ် သာသနာတော် သန့်ရှင်းရေးနှင့် သာသနာ အဓွန့် ရှည်တည်မြဲရေး အပါအဝင် အခြားသော အကျိုး ကျေးဇူးများ ကို ထောက်ရှုခြင်းအလို့ငှာ ဝိနည်းသိက္ခာပုဒ် ဥပဒေများ ပေါ် ပေါက်လာခဲ့ရသည်။ ပဉ္စဝိဂီ ငါးဦးဖြင့် တရားဦး ဓမ္မစက်ကို စတင်၍ လှည့်တော်မူပြီးကာလမှ စ၍ နှစ် ၂၀ အထိ ဝိနည်း ဥပဒေတို့ မပေါ်ခဲ့သေးချေ။ မလိုအပ်၍ ဖြစ်သည်။ အကြောင်း မှာ၊ သာသနာတော်၌ တရားပေါက်ပြီးပုဂ္ဂိုလ်နှင့် တရားကျင့် လို၍ ဝင်ရောက် လာသော ပုဂ္ဂိုလ်များတို့ များပြားသောကြောင့် ဖြစ်သည်။ သို့သော် ထို့နောက်ပိုင်းကာလများ၌ အကြောင်း အမျိုးမျိုးနှင့် သာသနာထဲကို ခြေဆန့်ဝင်ရောက်လာသော သံဃာအရေအတွက် များပြားလာခဲ့သည်။ ထိုသံဃာများထဲ တွင် ဆဗ္ဗဂ္ဂီရဟန်း အုပ်စု သည် အထင်ရှားဆုံးဖြစ်သည်။ ထိုသံဃာအစုကြောင့်ပင်၊ ဝိနည်းသိက္ခာပုဒ်မများ အများအပြား ပြဌာန်းခဲ့ရသည်။ ခေတ်စကားဖြင့်ပြောလျှင်၊ ဆဗ္ဗဂ္ဂီသံဃာ များသည် ဘုဂန့်လန့်၊ ဂွစာ သံဃာအုပ် စုဟုပင် ဆိုနိုင်ချေသေးသည်။ ဟိုလိုမလုပ်ရဆိုလျှင်၊ ဒီလိုလုပ်သည်။ ဒီလို မလုပ်ရဆိုလျှင် ဟိုလို့ ဟိုလို လုပ်သည်။ ဂဏန်းလို သံဃာအုပ်စု ပင်တည်း။

ရှင်ဇနကာဘိဝံသသည်၊ သာမဏေဆိုင်ရာ၊ ရဟန်းဆိုင်ရာ၊ လူပုဂ္ဂိုလ်ဆိုင်ရာ၊ သာသနာတော်အရေးနှင့်ဆိုင်ရာ ရှိသင့်ရှိထိုက်သော ကျမ်းစာများကို မချွင်းမချန် ပြုစုထားခဲ့ပြီးဖြစ်သည်။ ထိုကျမ်းစာမြောက်မြားစွာအနက်၊ ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်များအတွက် လေ့လာရန် အသင့်တော်ဆုံး၊ အလွယ်ကူဆုံး ကျမ်းစာအုပ်မှာ – ဘုရားဥပဒေတော်ကြီး ကျမ်းစာအုပ်ပင်ဖြစ်သည်။

လူတော်တော်များများက၊ သုတ္တန် ဇာတ်နိပါတ်တွေမှာပဲ လမ်းဆုံးကြတာ များသည်။ အထူးသဖြင့်၊ မိရိုး… ဖလာ…ဘာသာဝင်တော်တော်များများသည် ဤသို့ ဤပုံဖြစ်သည်။ တချို့က ဘာသာရေးလေး အနည်းအကျဉ်း လိုက်စားရာကနေ၊ နည်းနည်း အထုံများလာသောအခါ၊ အာနာပါန နှင့် ဝိပဿနာ ဘက် ကူးလူးကြသည်။ ဤ နေရာတွင်လည်း၊ အချို့က ပြုတ်ကျကျန်ခဲ့သည်။ အချို့က တရွတ်တိုက်လိုက်ပါလျက်။ ခြေလှမ်းညီညီ လိုက် နိုင်သော ဘာသာဝင် အနည်းအကျဉ်းသာရှိသည်။ ဝိပဿနာ၊ အာနာပါန နှင့် ယှဉ်လျက် အဘိဓမ္မာကို လိုက်စားသူလည်း နည်းပါးလှသည်။ အချို့ အဘိဓမ္မာ လေ့လာသူများပင် ဝိပဿနာကို မကူးနိုင်ဘဲ၊ အဘိဓမ္မာ ကို ခုံမင် တွဲကပ်နေသော လူပုဂ္ဂိုလ်အချို့ရှိနေသေးသည်။

ထိုအထဲတွင်၊ ဝိနည်းကို မိမိတို့နှင့် သက်ဆိုင်သည်ဟု ထင်မြင်သော၊ ယုံကြည်သော ဒါယကာ၊ ဒါယိကာမ၊ သာဝက မှာ အင်မတန်နည်းသော အတိုင်းအတာမျှသာရှိပါလိမ့်မည်။ ဝိနည်း၊ ဝိနယ ဆိုလျှင် ဘုန်းကြီးရဟန်း သံဃာအတွက်သာဟု ပေယျလကန် ပြုထားသော ဘာသာဝင်အမည်ခံသူများ မြန်မာပြည်၌ အမြောက်အများ ရှိသည်။ ယခုလည်း ရှိသည်။ ယခင်ကလည်း ရှိသည်။ နောက်လည်း ပို၍ပင် ရှိလာလိမ့်အုံးမည် ဖြစ်သည်။

သာသနာတော် ယိုယွင်းလာရခြင်း အကြောင်းတရား မြောက်များစွာ ရှိနိုင်သည်။ ထိုမြောက်များစွာသော အကြောင်းတရားများမှ၊ ဝိနယ (စည်းမျဉ်း/ ဥပဒေ) နှင့် ဆက်စပ်သော အပိုင်းများကို ပိုင်းခြားဖော်ထုတ်ရသော်။ သင်္ကန်းစည်းခြင်းသည် လွယ်ကူခြင်းရခြင်းအကြောင်းကြောင့် လည်းကောင်း၊ ခေတ်ကာလ လူဦးရေ၊ လူပေါင်း မြောက်များစွာ သာသနာ့ဘောင်အတွင်း ဝင်ထွက်သွားလာမှု များပြားခြင်းကြောင့် လည်းကောင်း ဥပဒေများကို စည်းကြပ်ရန် အလွန်ခက်ခဲသွားရသည်။ ဥပဒေများကား အသက်ဝင်မှု ကင်းပလျက် ကျမ်းစာအုပ်၌ တစ်ရေးနိုး ပုဒ်မ များသာ တခါတရံ နိုးထလာရသော အခြေအနေတွင် ရောက်နေသည်။

ဂေါတမဗုဒ္ဓက၊ တစ်ဦးချင်း တစ်ပါးချင်းအနေဖြင့် သတိတရားလက်ကိုင်ထားရုံဖြင့်၊ ဝိနည်းပေါင်းများစွာ၏ အကျဉ်းအကျပ်မှ လွန်မြောက်နိုင်သည်ကို ဟောသော်မူသော်ငြားလည်း၊ အစည်းအရုံး အသိုက်အဝန်း၊ လူမှု အလွှာတစ်ရပ်အနေဖြင့် တည်ရှိလာသော သာသနာရေးယန္တရားကြီးတစ်ခုလုံးအနေဖြင့်မူ၊ ဝိနည်းဥပဒေတို့၏ အရေးပါမှုသည် အထွတ်အထိပ်၌ ရှိနေလျက်ပင်။

ဥပါသကာ၊ ဥပါသိကာမ တို့အနေဖြင့်၊ မိမိတို့ ယုံကြည်ကိုးကွယ်သော သံဃာတော်များ စောင့်စည်းအပ်သော၊ စည်းကမ်းများကို စိတ်ဝင်တစားလေ့လာစူးစမ်းမှု အားနည်းရခြင်းသည်လည်း၊ ဝိနည်းတို့ အသက်မဝင်ရခြင်း၏ အကြောင်းအရင်း တစ်ရပ်ဖြစ်ဟန် တူသည်။ မြန်မာတို့အနေဖြင့်၊ သဒ္ဓါတရားကို အကြီးအမှူးပြု၍ ဘာသာရေး ကိုးကွယ်မှု များပြားခြင်းသည် ရေရှည်၌ မကောင်း။ သဒ္ဓါ နှင့် ပညာကို မျှခြေ ညှိနိုင်မျှ အနာဂတ် သာသနာရေး ၌ ကိုးကွယ်သူရော၊ အကိုးကွယ်ခံသူပါ ပိုမို သန့်စင်နိုင်လိမ့်မည် ထင်သည်။

သဒ္ဓါ လွန်ကဲ ပညာနည်း၊ အလွဲ ကြည်ညို၏။
ပညာများပြား သဒ္ဓါ ရှား၊ အမှားဖြစ်တတ်၏။

လူပုဂ္ဂိုလ်များအနေဖြင့်၊ မျက်ကန်း ယုံကြည်မှုမျိုး မဟုတ်ဘဲ၊ သမာရိုးကျ ဘာသာရေးလေ့လာမှုမှ ဖောက်ထွက် ၍ ကိုးကွယ်ယုံကြည်စေက၊ ဗုဒ္ဓ ဟောကြားခဲ့သော ဝိဘဇ္ဇဝါဒီ အဖြစ် ရောက်စေအံ့။ ပညာ နှင့် သဒ္ဓါ ကို မျှခြေ ညှိ နိုင်သော ပညာရှိသူတော်ကောင်းများ ဖြစ်နိုင်ကြပါစေ။


ဝိနယတို့ကို လေ့လာခြင်းအားဖြင့်၊ အနာဂတ် သာသနာတော်ကို ပြုခြင်း အကြောင်းကို ဖန်တီးခြင်းလည်း မည် ၏။ ထို့အပြင်၊ ရဟန်းသံဃာတို့ နေထိုင်ကျင့်ကြံရသော အနေအထိုင်၊ အပြောအဆို၊ အသွားအလာ၊ စားတာ သောက်တာ၊ ကြံစည်အားထုတ်မှုများသည် လွယ်ကူသောအကျင့်များ မဟုတ်ကြောင်း နားလည်လာနိုင်သည်။ ထိုသိနားလည်မှုကြောင့်၊ သာသနာ့ဝန်ဆောင်၊ သာသနာ့ဝန်ထမ်း သံဃာများကို ပိုမို သဒ္ဓါတရားကြီးမားလာနိုင် သည်။ သဒ္ဓါတရားကြီးမားရုံမက၊ ကျယ်ပြန့်လာမည်။ သဒ္ဓါတရားသည် ခိုင်မာလာမည်။ မည်သည့် အတွန်း အထိုး၊ အတိုက်အခိုက်ကို မဆို ထုသားပေသားကျစွာ အစမ်းသပ်ခံနိုင်သော ဗုဒ္ဓဘာသာကေဒါများ ဖြစ်လာနိုင် သည်။

ဓမ္မဂုဏ်တော်၌ “ဧဟိ ပဿိကော” ဂုဏ်တော်ကို ဘာသာဝင်တို့ ကိုယ်တိုင် သက်သေထူနိုင်လိမ့်မည်။ ဧဟိ ပဿိကော ဟူသည် လာပါ၊ ကြည့်ပါ၊ ရှုလှည့်ပါ၊ သုံးကြည့်၊ ကျင့်ကြည့် ဆိုပြီ ဖိတ်ခေါ်ထားခြင်းဖြစ်သည်။ တဖက်အနက်၌လည်း၊ စိန်ခေါ်ထားခြင်း သဘောဖြစ်သည်။ လာခဲ့လိုက်… လုပ်ကြည့်လိုက်…. သုံးကြည့် လိုက်… ဆိုပြီး အစမ်းသပ်ခံနိုင်မှုဖြင့် အခြေပြု ထားခြင်းဖြစ်သည်။

ဓမ္မတို့သည် အစမ်းသပ်ခံနိုင်ရုံဖြင့်၊ စိန်ခေါ်နိုင်ရုံဖြင့် မလုံလောက်သေး။ ဓမ္မကို ကျင့်သုံးသူများကိုယ်တိုင် ကြံ့ခိုင် မာကျောသော ကိုယ်ခံစွမ်းအား ရှိထားရမည်။ ဘုန်းကြီး၊ ရဟန်း၊ သာမဏေ၊ ဒါယကာ၊ ဒါယကာမ၊ ဘာသာဝင် အားလုံး၌ ကိုယ်ခံစွမ်းအား၊ ကိုယ်လုံပညာများဖြင့် ဖြည့်ကျင့်အပ်မှ ဖြစ်နိုင်လိမ့်မည်။

တကယ်တော့ ကျွန်တော်ကိုယ်တိုင် ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ရန် လွန်ခဲ့သော ၁၀ နှစ်လောက်ကတည်း က ကြိုးစားနေသည်မှာ ယခုချိန်ထိဖြစ်သည်။ ဗုဒ္ဓဒေဿနာများကို ပညာရပ်တစ်ခုသဖွယ် လေ့လာပြီးမှ၊ ဗုဒ္ဓဘာ သာကို ပိုမိုကြည်ညိုလာခြင်းဖြစ်သည်။ ကျွန်တော့် အတ္တနောမတိအရ၊ သဒ္ဓါတရားသက်သက်ဖြင့် မည်ကာမတ္တ ဘာသာဝင်တစ်ယောက်မဖြစ်လို။ ရတတ်သမျှ၊ လေ့လာစူးစမ်းရင်းဖြင့်သာ၊ ဗုဒ္ဓ၏ ဂုဏ်ရည်နှင့် ဓမ္မအနှစ်သာရ များကို ထိတွေ့ခံစားမိလာခြင်းဖြစ်သည်။ ထိုမျှမက၊ ၎င်းအကျိုးကျေးဇူးများကို အစဉ်အဆက် သယ်ပိုးဆင့်ကမ်း လာသော သံဃာအသိုက်အဝန်း၏ ဂုဏ်နှင့် သက်စွန့်ကြိုးပမ်းမှုများကို သိနားလည်လာရသည်။

ဓမ္မဒေဿနာများ ထိန်းသိမ်းရေးတာဝန်၊ ကျင့်သုံးရေးတာဝန်၊ မြင့်တင်ရေးတာဝန်၊ ကျယ်ပြန့်စွာ ထိုးဖောက် ပျံ့ပွားစေရေးတာဝန်များကို ထမ်းဆောင်ရသည်မှာ သံဃာတော်များအတွက်၊ လွယ်ကူသော အလုပ်မဟုတ် ချေ။ ထိုတာဝန်များကို သီတဂူဆရာတော်ကြီးက ပီ လေးလုံး ( 4 P ) ဖြင့် ဟောထားသည်။

Preservation (ကာကွယ်ထိန်းသိမ်းရေး)
Pratices (လက်တွေ့ကျင့်သုံးရေး)
Promotion (မြှင့်တင်ရေး)
Propagation (ထိုးဖောက် ပျံ့ပွားစေရေး)

စသည့် တာဝန်များကို သံဃာတော်များ နှစ်ပေါင်း ၂၅၀၀ ကျော် ထမ်းဆောင်လာခဲ့ပြီးဖြစ်သည်။
ထိုအကြောင်းက ကျွန်တော့်ကို ရဟန်းသံဃာတော်များအပေါ် ပိုမိုကြည်ညိုမှု ထက်သန်စေခဲ့သည်။ ထိုဝန်တာ များကို ထမ်းဆောင်နိုင်ရန်၊ ရဟန်းပညာရှိလည်းဖြစ်ပါမှ၊ စင်ကြယ်သော သူတော်စဉ်လည်း ဖြစ်ပါမှ သာသနာ ရေးဝန်များကို များများ ထမ်းနိုင်ကြလိမ့်မည်ဟုလည်း သတိရမိသည်။

ေဩာ်…. သာသနာ့အာဇာနည်များဆိုတာ ပညာရှိ သူတော်ကောင်းများပါ့လားဆိုတာ သတိထားမိလိုက်သည်။

ဤသို့လုပ်ဆောင်နိုင်သည်မှာ၊ သာသနာကို ထိန်းသော တရားကြောင့်ပင်ဖြစ်သည်။ ထိုတရားကား၊ ဝိနယ ဝိနည်းသိက္ခာပုဒ်များ ပင်ဖြစ်သည်။

ဘုရားဥပဒေတော်ကြီးကို လေ့လာရင်း၊
• ထောင့်စေ့သော အခြင်းအရာ
• ပြည့်စုံသော အခြင်းအရာ
• မျှတသော အခြင်းအရာ
• ညီညွှတ်သော အခြင်းအရာ
• အကြောင်းအကျိုး ညီသော၊ ယုတ္တိကျသော၊ ယထာဘူတကျသော အခြင်းအရာ
• ခေတ်မီသော အခြင်းအရာ
• အရှည်မြော်မြင်သော အခြင်းအရာ
• လက်တွေ့ကျသော အခြင်းအရာ
• စိတ်၊ စေတ္တသိက်၊ ရုပ် တို့ တည်ကြည်ဖြောင့်မတ်ရာ တရားများကို ခံစားမိလိုက်သည်။

ဗုဒ္ဓသည် ဝိနည်း သိက္ခာပုဒ်များ ပညတ်ရာ၌၊ အကြောင်း ဝတ္ထု အပြစ်တစ်စုံတစ်ရာ မပေါ်ခင် ကြိုတင်၍ ပညတ် တော် မမူ၊ အကြောင်းကိစ္စပေါ်မှ ပညတ်သည်။ ပညတ်လျှင်လည်း ငါ တကော မကော။ သံဃာ့ အစည်းအဝေး ခေါ်သည်။ ထို့နောက် ကြောင်းကျိုးညီစွာ စစ်ဆေးမေးမြန်းသည်။ အပြစ်တင်သင့်လျှင်၊ အပြစ်တင်ဝေဖန်၍ ဆုံးမ စကားဆိုသည်။ ထို့နောက် သင်ခန်းစာယူ၍ ဥပဒေအဖြစ် လိုက်နာရန် ပြဌာန်းသည်။ ထိုပြဌာန်းမှု၌ ဗုဒ္ဓသဘော ထားချည်းသာ၊ ငါ့စကား နွားရ ပြောဟောသည် မဟုတ်။ သံဃာထုက ပညတ်ထားထိုက်သည်၊ ပြဌာန်းထား သင့်သည်ဟု အယူရှိမှသာ၊ သံဃာ့သဘောနှင့်အညီ ပြဌာန်းသည်။

ဤအချက်သည်၊ ယနေ့ခေတ် ကမ္ဘာလုံးချီ ခေတ်စားနေသော လစ်ဘရယ်ဒီမိုကရေစီ၏ သဘောတရားများကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ဗုဒ္ဓက လက်တွေ့ကျင့်သုံးခဲ့သည်ကို ထောက်ရှုနိုင်သည်။ ဒီမိုကရေစီ စံနှုန်းများသည် ဗုဒ္ဓသံဃာ့အစည်းအရုံး၌ ဓလေ့အဖြစ် စွဲမြဲနေပြီးဖြစ်သည်။

ထို့အပြင်၊ ဝိနည်း ဥပဒေများဟူ၍ အားလုံးကို ကန့်သတ် ချုပ်ချယ်သော အရာများချည်းဟု မမှတ်ယူရာ။ အချို့ သော ပုဒ်မများသည်၊ သံဃာ့အခွင့်အရေးအတွက် ပညတ်ပြဌာန်းထားသော သဘောကို တွေ့ရသေးသည်။ ဒီမိုကရေစီနိုင်ငံကြီးများတွင် နိုင်ငံကြီးသား စိတ်ဓာတ်၊ ပြည်သူ့နိတိ ကျင့်စဉ်များကို ပြဆိုရာ၌ အခွင့်အရေးနှင့် တာဝန် ဟူသော ထုံးနည်းကို ဘုရားဥပဒေတော်ကြီး၌ အကျယ်အလည်တွေ့ရနိုင်သည်။ အင်မတန် ခေတ်မီ သကိုးဟု ကျွန်တော့် စိတ်၌ ကြည်ညိုမိပြန်သည်။ စည်းကမ်းလိုက်နာရန် တာဝန်များ ပြဌာန်းထားသည်သာမက၊ ရသင့်သော အခွင့်အရေးများ မဆုံးရှုံးစေရန် ပြဌာန်းထားသော သိက္ခာပုဒ်များလည်း မျှတညီညွှတ်စွာ ပါဝင်လျက်။
ဗုဒ္ဓသည် ဝိနည်း ဝိနယကို မူအဖြစ် ထားခဲ့ပြီးပြီ။ မူများကို အသက်ဝင်အောင် ကြိုးပမ်းခဲ့သည်။ ပညာရပ်ဆိုင်ရာ ဝေါဟာရအနေဖြင့်ဆိုရမူ၊ Law Enforcement နှင့် institutionalization လုပ်ငန်းစဉ်များကို စနစ်တကျ လုပ်ခဲ့ ခြင်းပင်ဖြစ်သည်။

ဘုရားဥပဒေတော်ကြီးသည် …..

• လူကို ခင်၍ မူကို ပြင်သော စနစ် ကို မတွေ့ရ။
• လူကို ချစ်၍ မူကို ပစ်သော စနစ် ကို မတွေ့ရ။
• လူကို မုန်း၍ မူကို သုံးသော စနစ် ကို မတွေ့ရ။

အားလုံးကို တညီတညွှတ်တည်း၊ တပြိုက်နက်တည်း သက်ဝင်၊ အကျိုးခံစားရစေ၏။
ဥပဒေ၏ အကျိုးသည်၊
ကောင်းသူကို ကာကွယ်ပေးခြင်း၊ ချမ်းသာစေခြင်း အကျိုးလည်းရှိ၏။ ဆိုးသူ/ ယုတ်သူကို နှိမ်နိုင်ခြင်း အကျိုး လည်း ရှိ၏။ ပစ္စုပ္ပန်၌ ချမ်းသာစွာနေရခြင်း အကျိုးလည်းဖြစ်၏။ အနာဂတ်၌ ချမ်းသာစွာနေရခြင်း အကျိုးလည်း ဖြစ်၏။ မကြည်ညိုသူကို ကြည်ညိုလာစေ၏။ ကြည်ညိုပြီးသားသူကို သဒ္ဓါတရာ ပိုမိုခိုင်မာလာစေ၏။ သူတော် ကောင်းတို့ အစဉ်တည်တံ့ရန် မွေးမြူခြင်းလည်း မည်၏။ ကိုယ်ကျင့်တရားကို သိဒ္ဓိတင်ခြင်းလည်း မည်၏။

ဘုရားဥပဒေတော်ကြီးကို လေ့လာ၍ ….
• မည်ကာမတ္တ ဗုဒ္ဓဘာသာဝင်အဖြစ်မှ လွတ်မြောက်နိုင်ကြစေ။
• မိရိုး..ဖလာ ဗုဒ္ဓဘာသာဝင်အဖြစ်မှ လွတ်မြောက်နိုင်ကြစေ။
• ပညာ နှင့် သဒ္ဓါကို မျှခြေ ညှိနိုင်ကြစေ။
• အနာဂတ်သာသနာ့ဝန်ကို ထမ်းနိုင်ရန် ကိုယ်ခံစွမ်းအား မြှင့်တင်နိုင်ကြစေ။
• သာသနာတော် သန့်ရှင်းရေး အသိများ ရကြစေ။
• ကိလေသာ အာသဝေါကို ကင်းချုပ်ရာကို အဝိဇ္ဇာတရားကို ဖြိုခွင်း၍ လွတ်မြောက်နိုင်ကြစေ။

လူပုဂ္ဂိုလ်များအတွက်သာ ညွှန်း၍ ရီဗျူးရေးပါ၏။ (စာရေးသူ)


မင်း သေ့
နေ့လည် ၁၁ း ၅၀
၁၉ / ၄ / ၂၀၁၇

Janaka Previous post ရှင်ဇနကာဘိဝံသ
Writer Ju Next post ဂျူး (သို့မဟုတ်) ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့သူ