ထေရုပ္ပတ္တိကျမ်းပြု – ဦးဃောသိတ
ထေရုပ္ပတ္တိအမည် – အရှင်ဇနကာဘိဝံသ ၏ တစ်ဘဝသာသနာ

စာအုပ္အညႊန္း

ကျွန်တော် စာကို ရူးရူးသွပ်သွပ် ဖတ်ခဲ့စဉ် အခါတုန်းကာလတုန်းက၊ အတ္ထုပ္ပတ္တိ စာအုပ်တွေကို စာပေနယ်တစ်ခု အနေနဲ့ တစ်စိုက်မတ်မတ်ဖတ်ဖြစ်သည်။ ထင်ပေါ်ကျော်ကြားသည့် ပုဂ္ဂိုလ်တွေနဲ့ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ရ တာ နည်းတဲ့ ကုသိုလ်မဟုတ်ဘူး လို့လည်း ယုံကြည်ထားသည်။ ကမ္ဘာ၊ မြန်မာ စသည့် ပုဂ္ဂိုလ်ကျော်တွေ အကြောင်းရေးထားသည့် စာအုပ်တိုင်း လိုလိုကို အပိုင် ဝယ်စုပြီး ဖတ်သည်။ ထိုပုဂ္ဂိုလ်များက နယ်ပယ်အစုံက ဖြစ်သည်။ စာပေ၊ အနုပညာ၊ နိုင်ငံရေး၊ သိပ္ပံနယ်ပယ်၊ ပညာရှင်၊ စစ်ဗိုလ်ကြီး၊ သမ္မတများ၊ နိုင်ငံ့ခေါင်းဆောင် များ၊ ဘာသာရေး၊ တော်လှန်ရေး စသည့် နယ်ပယ် အစုံမှ ပုဂ္ဂိုလ်ကျော်များ အကြောင်းစုံ နှစ်နှစ်ခြိုက်ခြိုက် ဖတ် သည်။ လူတွေအကြောင်းကို အတ္ထုပ္ပတ္တိ စာပေတွေဖတ်ရင်း အနည်း အကျဉ်း သိလာသည်။

အတ္ထုပ္ပတ္တိတွေထဲက၊ စိတ်ပညာကို တွေ့လာသည်။ သမိုင်းကို တွေ့လာသည်။ လူမှုဗေဒကို တွေ့လာသည်။ နိုင်ငံရေးကိစ္စကို တွေ့လာသည်။ ဒဿနိကဗေဒကို တွေ့လာသည်။ ကမ္ဘာကြီး အကြောင်းကို သိလာသည်။ လောက၏ ဖြစ်တည်ပျက်မှု သဘောကို သိလာသည်။


အတ္ထုပ္ပတ္တိစာပေဆိုလျှင် လူတော်တော်များများအကြောင်း စုရေးထားသည့် စာအုပ်များမှ စဖတ်မိသည်။ ထို့နောက် တစ်ဦးချင်းအကြောင်း ရေးထားသည့် လုံးချင်း အတ္ထုပ္ပတ္တိများကို ဖတ်ဖြစ်သည်။ ကျွန်တော့် အကျင့် က လူအများအကြောင်း စုရေးထားတာကို ပိုကြိုက်သည်။ ညီညီနိုင် ဘာသာပြန်ထားသော ဒေးကာနက်ဂျီပြုစု ထားသည့် အတ္ထုပ္ပတ္တိစုစည်းများကို ဖတ်ရင်း အတ္ထုပ္ပတ္တိ စာပေအပေါ် စွဲစွဲလမ်းလမ်းဖြစ်သွားသည်။ ထို့နောက် ထွန်းသစ် ရေးသည့် အတ္ထုပ္ပတ္တိစာအုပ်များ။ ထို့နောက် ဆရာကြီး ဒေါက်တာသန်းထွန်းရေးသော ကျော်စွာ ၁၀၀ စသည့် စသည့် စာအုပ်များကို ကြိုက်နှစ်သက်ခဲ့သည်။

ကျွန်တော့်တွင် အမြင်တစ်ခုရှိသည်။ အတ္ထုပ္ပတ္တိတွေ ဖတ်ရင်း၊ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးများနှင့် ဖက်လှဲတကင်း သိကျွမ်းရင်းနှီးခွင့်ရသည်ဟု မှတ်ယူထားသည့် အကျင့်။ သူတို့နဲ့ သူငယ်ချင်းမိတ်ဆွေလို ပေါင်းသင်းခွင့်ရသည် ဟု မြင်သည်။ သူတို့က ကျွန်တော့်ကို သူတို့အတွေ့အကြုံတွေ အမြင်တွေကို နေ့စဉ် နဘေးမှာ ထိုင်ပြီး ပို့ချ သင်ပြနေသလို ထင်နေသည်။ ထိုအမြင်ကြောင့်လားမသိ။ ကျွန်တော် တက္ကသိုလ်ကျောင်းသား ဘဝတွင် သူငယ်ချင်းများများစားစား မရှိ။

ထူးဆန်းတာက၊ ကျွန်တော် စံပြပုဂ္ဂိုလ်များသည် စုံစီနဖာဖြစ်နေသည်ကို တွေ့ရသည်။ ကျောင်းသား ဘဝ စာတို ပေစ ရေးကျင့်ရလာတော့၊ စာရေးဆရာ ဟူသမျှကို လေးစားအားကျသည်။ ကျောင်းသားဘဝက လောကကြီးနဲ့ ပတ်ဝန်းကျင်ကို ဆန့်ကျင် ဂွတိုက်ချင်သည့် စိတ်က ကဲနေတော့၊ သမိုင်းထဲက တော်လှန်ရေးသမားတွေက ကျွန်တော့ ဟီးရိုးတွေဖြစ်ခဲ့သည်။ ကမ္ဘာ့သမိုင်းတွေ လေ့လာရင်း၊ ကမ္ဘာစစ်အကြောင်းကို ဖတ်မိသည်။ ထို့နောက် ကမ္ဘာစစ်အတွင်းက ဟီးရိုးဗိုလ်ချုပ်ကြီးတွေ ကို အားကျပြန်လာသည်။ အစုံ အစုံ အစုံ။

ထူးဆန်းတာက၊ ကျွန်တော် အသက် ၁၆ / ၁၇ နှစ်တွင်မှာ၊ ဗုဒ္ဓဘာသာ၏ အနှစ်အသားကို ရှာဖွေချင်စိတ်ပြင်းပြ ထက်သန်ခဲ့ခြင်းပင်ဖြစ်သည်။ မိရိုးဖလာဗုဒ္ဓဘာသာမှ ထေရဝါဒဗုဒ္ဓဘာသာ ဘဝသို့ အပြင်းအထန် ကူးပြောင်း ချင်စိတ်ဖြစ်မိသည်။ ထို့ကြောင့် ဗုဒ္ဓစာပေနှင့် ဆရာတော်ကြီးများ၏ တရားတော်များကို ပညာရပ်တစ်ခုသဖွယ် လေ့လာခဲ့မိသည်။ ဘုရားကို ကြည်ညိုသဒ္ဓါပွားလွန်းလို့ ထိုသို့ လုပ်သည် မဟုတ်။ ဒီအထဲမှာ ဘာတွေရှိသလဲ ဆိုတာ သိချင်စိတ်ပြင်းပြလွန်းခြင်းကြောင့် ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်တွေ ဖတ်ဖြစ်သည်။ တရားတွေ နားထောင်ဖြစ်သည်။
ထိုမှ တစ်ဆင့်၊ အရှင်ဇနကကို ကျွန်တော် တွေ့ရှိခဲ့သည်။ လယ်တီ၊ မိုးကုတ်၊ ဂန္ဓာရုံ တို့၏ အနှစ်အသားက ဘာလဲ။ ဘာသဘောလဲ။ တကယ်တော့ စပ်စုကြည့်ရင်း ထဲထဲဝင်ဝင် လေ့လာမိတာ ဖြစ်သွားသည်။

အခုနောက်ပိုင်း ကျွန်တော် နယ်ဘက်တွေရော၊ မြို့ပေါ်မှာရော စာသင်သွားသည့် အခါ လူငယ်တွေမေးတဲ့ ကျွန်တော့်စံပြပုဂ္ဂိုလ်ဆိုတာ ဘယ်သူလဲလို့ အမေးခံရတိုင်း ဆရာတော်ကြီးများ၏ အမည်များကို ကျွန်တော် ထုတ်ရွတ်လေ့ရှိတာကို သတိထားမိသည်။ အထူးသဖြင့် သာသနာပြု ဆရာတော်ကြီးများ၊ စွန့်ဦးတီထွင်ဆရာ တော်ကြီးများနှင့် သာသနာတော် ပြုပြင်ပြောင်းလဲရေးကို မဆုတ်မနစ် ထမ်းဆောင်ခဲ့သည့် ဆရာတော်များကို ကျွန်တော် အင်မတန် လေးစားကြည်ညိုမိသည်။
အရှင်ဇနက က ဒီထဲမှာ ထိပ်ဆုံးက ပါဝင်သည်။ အရှင်ဇနက ကို လေးစားရသည့် အကြောင်းရှိသည်။ အလကားပဲတင်း သူများ လေးစားကြည်ညို၍ လေးစားကြည်ညိုသည် မဟုတ်။ ကျွန်တော့် လုပ်ရပ် အပြုအမူ တိုင်းတွင် ရည်ရွယ်ချက်ရှိသည်။ အကြောင်းပြချက်ရှိသည်။ အလကား အုတ်ရောရော၊ ကျောက်ရောရော ဘဝ တွင် ကျွန်တော့်ဘဝကို အဆုံးသတ် မခံနိုင်။

မဟာဂန္ဓာရုံဆရာတော် ရှင်ဇနကာဘိဝံသ

နံပါတ် (၁) – ကျမ်းပြုပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့်

ကျမ်းပြုပုဂ္ဂိုလ်ဆို၍ သာမန် ကျမ်းလေး တစ်ကျမ်းလောက် ရေးပြီး ကျမ်းပြုပုဂ္ဂိုလ်နာမည်တပ်သူမဟုတ်။ ကျမ်း စာအုပ်အတွဲကြီး ၇၄ တွဲကို ရေးသားပြုစုခဲ့သော ဆရာတော်ဖြစ်သည်။ အဆိုပါ အတွဲများတွင် ပ၊ ဒု၊ တ၊ စတု စသည့် အတွဲများ ပေါင်းလျှင် ၇၄ တွဲ မကတော့။ ပြုစုခဲ့သော ကျမ်းများကို ကြည့်လိုက်လျှင်လည်း၊ လူပုဂ္ဂိုလ် ဆိုင်ရာ၊ ရဟန်းသံဃာ စာသင်သားဆိုင်ရာ၊ ဝိနည်းဆိုင်ရာ၊ အဘိဓမ္မာဆိုင်ရာ၊ သာသာနာရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ စသည့် အကြောင်းအရာ အစုံ ပါဝင်ခဲ့သည်။ ထောင့်စုံ၊ ဘက်စုံ ပုဂ္ဂိုလ်ကျော် တစ်ပါးပင်ဖြစ်သည်။

နံပါတ် (၂) – ပညာရှင် ဖြစ်ခြင်းကြောင့်

ဆရာတော်က ဗုဒ္ဓဘာသာတက္ကသိုလ်တစ်ခုကို အစပြုခဲ့သောသူဖြစ်သည်။ မဟာဂန္ဓာရုံကျောင်းတိုက်တွင်၊ သင်ရိုးညွှန်းတမ်းကို ကိုယ့်ဘာသာပြဌာန်းသည်။ စာသင်နည်းစနစ်ကို သမာရိုးကျလမ်းကနေ ဖောက်ထွက်ပြီး စီရင်သည်။ ခေတ်ဆန်ဆန် စကားနှင့်ဆိုလျှင် curriculum, syllabus နှင့် teaching methodology ကို အစဉ် အလာမှ ဖောက်ထွက် တီထွင်နိုင်ခဲ့သော ပုဂ္ဂိုလ်ဖြစ်သည်။ ကိုယ်တိုင်လည်း စာသင်၊ စာချ သည်။ တနည်းအား ဖြင့် ပရော်ဖက်ဆာ၊ လက်ချာရာ တစ်ဦးဖြစ်ပြန်သည်။ ထို့နောက်၊ ကျောင်းတိုက်ကို ဦးစီးဦးဆောင်ပြီး အုပ်ချုပ် စီမံခန့်ခွဲသူလည်း ဖြစ်သည်။ ကျောင်းအုပ်ကြီး တစ်ဦးလည်းဖြစ်ပြန်သည်။ ပညာရှင် အဖြစ်သာမက၊ စီမံခန့်ခွဲ တတ်သူ၊ အုပ်ချုပ်ရေးစနစ်ကို နိုင်နင်း သူလည်းဖြစ်သည်။ ပညာရှင်တော်တော်များများက၊ လက်တွေ့ လုပ်လျှင် မအောင်မြင်တတ်သည်က များသည်။ ဆရာတော်က ထိုသို့ မဟုတ် လက်တွေ့အကောင်အထည်ဖော်တတ်သည့် စွမ်းရည်လည်း ပြည့်ဝသူဖြစ်သည်။ ေဩာ်… ပြည့်စုံပေစွ။

နံပါတ် (၃) – တော်လှန်ရေးသမားဖြစ်ခြင်းကြောင့်

ရှင်ဇနကသည် ဆုတ်ယုတ်ပျက်စီး လွဲမှားနေသော၊ ဘုန်းကြီးလောက၊ လူပုဂ္ဂိုလ်တို့၏ ကိုးကွယ်ရေး အလွဲ အမှားများကို ပြုပြင်တော်လှန်လိုသူဖြစ်သည်။ အဆိုပါ ကိစ္စများကို မြင်ရကြားရတိုင်း စိတ်ထဲတွင် မချိတင်ကဲဖြစ် မိသူဖြစ်သည်။ မြန်မာနိုင်ငံကြီးတစ်ခုလုံး၏ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှု လမ်းကြောင်းအမှားကို လမ်းမှန်ပေါ် သို့ ဆွဲတင်လိုစိတ် ထက်သန်ပြင်းပြသူဖြစ်သည်။ ထိုသို့ စိတ်စေတနာ ထက်သန်သော်လည်း ဆရာတော်ဘက် တွင် မည်သူမှ မရှိ။ မည်သူမှ မရပ်တည်။ တချို့လည်း ဆရာတော့် အမြင်အယူအဆများကို ပြောင်ပြောင်တင်း တင်း မဆန့်ကျင်သော်လည်း ယုန်ကလေ နှာစေးနေသယောင် ပြုလျက် ။ တော်တော်များများက စွပ်စွဲပြစ်တင် ၊ ရှုတ်ချ ခပ်ပြောင်ပြောင် ဆန့်ကျင်သူတွေသာ။ ေဩာ်… သူတို့တွေလည်း သူ့တို့ ဉာဏ်အတိုအရှည်အရသာ မြင်နိုင်ကြသည် မဟုတ်လား။

နံပါတ် (၄) – ဘုန်းကြီးပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲခဲ့သူ ဖြစ်ခြင်းကြောင့်

၁၀ နှစ်၊ ၁၅ နှစ်ကျမှသာ ပါဠိ၊ အဋ္ဌကထာ မူရင်းပါဠိတွေကို တက်လှမ်းနိုင်သည့် ဘုန်းကြီးပညာရေးစနစ်ကို တော်လှန်ဖြိုဖျက်ခဲ့သူဖြစ်သည်။ နှစ်အနည်းငယ်အတွင်း ဗုဒ္ဓဘာသာ၏ ပရိပတ္တိ၊ အဘိဓမ္မာ၊ ဝိနည်းကျမ်းဂန် များ ကို ဆုပ်ကိုင်တတ်သိအောင် လမ်းကြောင်းသစ် ချပေးခဲ့သူ ဖြစ်သည်။ ဝေဖန် ပုတ်ခတ်၊ ကဲ့ရဲ့စွပ်စွဲ ရှုတ်ချမှုများ ကို ဥပေက္ခာတရားပွား၍ ယုံကြည်ချက် သန်သန်ဖြင့် ခိုင်ခိုင်မာမာ တည်ဆောက်ပြခဲ့သူဖြစ်သည်။ သံဃာထု နှင့် အစိုးရ၏ အကူအညီ အကယ်အမကို မငံ့လင့်ပဲ လုပ်သင့်လုပ်ထိုက်တာကို တစိုက်မတ်မတ် လုပ်ခဲ့သူဖြစ်သည်။
ကျွန်တော် ပြောရဲသည်။ ယခုခေတ် ထင်ပေါ်ကျော်ကြားနေသည့် တရားဟော ဆရာတော် အားလုံးသည် မဟာဂန္ဓာရုံဆရာတော် အရှင် ဇနကာဘိဝံသ၏ ကျေးဇူးနှင့် ကင်းသူ မရှိ။
ဆရာတော့် ကျောင်းထွက် မဟုတ်ခဲ့တောင်၊ ဆရာတော် ကျမ်းစာတွေကို အားကိုးလေ့လာခဲ့သူချည်းဖြစ်သည်။ ယနေ့ခေတ် မြန်မာလူထုသည် အရှင်ဇနကာဘိဝံသ၏ ကျေးဇူးများကို ခံစားနေကြရပြီ။

မြန်မာနိုင်ငံဗုဒ္ဓသာသာနာ တော်လှန်ရေးအစ သူရဲကောင်းများကို ကျွန်တော်သိသလောက် နံပါတ်စဉ်ချကြည့် လျှင် –

(က) ပြည်ပ သာသနာပြု ခရီး အစက လယ်တီ။
(ခ) ပရိယတ္တိဘက်တွင် ဂန္ဓာရုံ၊ ပဋိပတ္တိနှင့် ဝိပဿနာတွင် မိုးကုတ်။
(ဂ) ပါဠိတက္ကသိုလ်၊ သာသနာ့တက္ကသိုလ်များနှင့် သံဃာ့ဆေးရုံ များအစက မင်းကွန်း။
(ဃ) ထို့နောက်၊ အဘိဓမ္မာ၊ ဝိပဿနာ၊ ကမ္ဘာအနှံ့ ခြေဆန့်သည့် ဗုဒ္ဓသာသနာပြု ခရီးနှင့် မြန်မာနိုင်ငံအနှံ့ လူမှုကူညီကယ်ဆယ်ရေး ဆေးရုံများကို လုပ်နိုင်နေသည်က သီတဂူ။
ကျွန်တော် ထင်သည်။ မြန်မာနိုင်ငံမှာ ရှိသည့် သံဃာမျိုးဆက်များ တာဝန်ကျေသည်။ မြန်မာ ဒါယကာ၊ ဒါယကာမများအပေါ် တာဝန်ကျေသည်။ သူ့ဝန်ကို သူတို့ နိုင်အောင် ထမ်းနိုင်ကြသည်။ ဝမ်းသာအားရစရာ ကောင်းလှသည်။ မြန်မာတို့ နေ့စဉ် ထမင်းအိုးထဲမှ ထမင်းပေါင်းသားလေးကို မနက်စောစော ခူးခပ်လှူရကျိုးနပ် သည်။

အရှင်ဃောသိတ ရေးသည့် တစ်ဘဝ သာသနာ (ရှင်ဇနကာဘိဝံသအကြောင်း) စာအုပ်လောက် သဒ္ဓါပွား ကြည်ညိုရတာ မရှိ။ မူရင်း ရှင်ဇနကကိုယ်တိုင်ကလည်း သာမန်ညောင်ည မဟုတ်။ ရေးသားပြုစုပူဇော်သူ ဦးဃောသိတကလည်း သာမန် ရဟန်း မဟုတ်။ ရွှေပေါ် မြဆင့် စိန်ဖြင့် စီသော ထေရုပ္ပတ္တိ ကျမ်းစာအုပ်ဖြစ် သည်။ ကျွန်တော် သည် ဆရာတော့် ထေရုပ္ပတ္တိကို ဖတ်ရင်း၊ ဆရာတော့်ကို ကြည်ညိုသထက် ကြည်ညိုလာ သည်။ မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာရေးဖြစ်စဉ်တွေကို နားလည်လာသည်။ မဟာဂန္ဓာရုံကို ပိုမို စိတ်ဝင်စားလာ သည်။ ရဟန်းတို့၏ ဂုဏ်ရည်ကို ပိုနားလည်လာသည်။ သံဃာ့မျိုးဆက် အဆက်ဆက်၏ စွန့်လွှတ်အနစ်နာခံခဲ့ မှုများကို ခံစားမိလာရသည်။

ဆရာတော်က တောင်းပန်လွန်းမက တောင်းပန်ခြင်းကြောင့် သူ့၏ ထေရုပ္ပတ္တိစာအုပ် တစ်အုပ်ကို ရေးသားသွား ခဲ့သည်။ အမည်က တစ်ဘဝ သံသရာ ဖြစ်သည်။ conversation style နှင့် ရေးသားခဲ့သော အတ္ထုပ္ပတ္တိ စာအုပ် တစ်အုပ်ဖြစ်သည်။ ထိုစာအုပ်တွင် ဆရာတော်က သူ့ဂုဏ်ကို သူမဖော်။ သူ့စွမ်းဆောင်ချက်များကို တစ်လုံး တစ်ပါဒမျှ ကြွားဝါမထား။ ကိုယ်ရည်မသွေးဘဲ သူ့သဘောထား ရှုမြင်ချက်တွေကိုသာ ရေးသားသွားခဲ့သည်။

ပညာရှိတို့၏ နိမ့်ချသည့် စိတ်ထားကို တစ်ပြုံတစ်ခေါင်းကြီးတွေ့ရသည်။ ကျွန်တော်ဖတ်ကြည့်တော့ ခံတွင်းသိပ် မလိုက်။ ဦးဃောသိတ ရေးသားသော တစ်ဘဝသာသနာ စာအုပ်ကို ဖတ်တော့မှ လိုချင်သည့် ဆရာတော့် ဂုဏ် ဒြပ်များကို တစ်ပြုံတစ်မကြီးကြည်ညိုရသည်။ ထိုစာအုပ်ဖတ်ရင်းဖြင့် စိတ်အားတက်ကြွလာသည်။ သာသနာ့ အာဇာနည်ဆိုတာ ဒါမျိုးပဲကိုး ဆိုပြီး စိတ်ထဲက အလိုလိုသိသွားသည်။

ခြင်္သေ့လို အားကြီး၊ မာန်ကြီး အဟုန်ကြီးပြီး စွမ်းရည်ပြည့်သည့် သာသနာ့ စွန့်ဦးတီထွင် ပုဂ္ဂိုလ်ပါတကား။

မင်း သေ့
မတ်လ / ၂၀၁၇

Myanmar Parliment Previous post လွှတ်တော် အမတ်
Janaka Next post သာသနာ့ အသက်