ဒေါ်ခင်ရီ၏ ခင်ပွန်း ဒေါက်တာသန်းထွန်း

ကျနော် ဒေါက်တာသန်းထွန်းအကြောင်းကို၊ စံပြအတုယူပြီး ရေးဖြစ်တိုင်း စာဖတ်မိတ်ဆွေ တစ်ယောက်က၊ ဒေါက်တာသန်းထွန်းဇနီး (ဒေါ်ခင်ရီ) အကြောင်းလည်း ရေးပါအုံးလို့ တိုက်တွန်းလေ့ရှိတယ်။ ကျနော့်ကို နှစ်ခါ သုံးခါလောက်တိုက်တွန်းတာတွေ့ရတယ်။ ဇနီးမယားတွေဟာ မှတ်တမ်းတင်မခံရဘူး… ဆိုတဲ့ အမြင်ကိုလည်း အဲသည့် စာဖတ်မိတ်ဆွေဆီက ရတယ်။ ကျနော် တာဝန်မကျေသလို ခံစားနေရတယ်။ တကယ်တမ်း ကျနော်လည်း ရေးချင်ပါတယ်။ သို့သော်လည်း ကျနော် ပျက်ကွက်နေခဲ့တယ်။ ပျက်ကွက်ခြင်းအကြောင်းကတော့ ကျနော် သိပ် များများစားစား မသိတာလည်း ပါတယ်။ သိဖို့လည်း မကြိုးစားတာလားလို့ ကိုယ့်ကိုယ်ကို ပြန်ပြန် မေးရတယ်။

ကျနော်က တစ်ခုခု တစ်နေရာရာမှာ ပေါက်ပေါက်မြောက်မြောက် တစိုက်မတ်မတ် လုပ်ကိုင်သူတွေကို လေးစား အားကျပါတယ်။ ဒေါက်တာသန်းထွန်းဟာ သမိုင်းသုတေသနမှာ တစိုက်မတ်မတ်လည်း လုပ်သွားခဲ့တယ်။ အပြော သမား မဟုတ်ဘူး။ အလုပ်သမား။ ဒီတော့ ဒေါက်တာသန်းထွန်း လုံ့လထုတ်သွားတာတွေရဲ့ တန်ဖိုးက မသေးဘူး။

ဒေါက်တာသန်းထွန်းဟာ ဂျပန်မှာ သုတေသနလုပ်ခွင့်ရခဲ့တယ်။ အဲသည့်မှာ အမိန့်တော်ပေါင်းချုပ် ကို ပြုစုတယ်။ အင်္ဂလိပ်နဲ့ မြန်မာ နှစ်ဘာသာဖြစ်တယ်။ ဒီအမိန့်တော်ပေါင်းချုပ် ပြုစုလို့ ဂျပန်က ပါရဂူဘွဲ့ကို ချီးမြှင့်တယ်။ အဲသည့် အမိန့်တော်ပေါင်းချုပ်ဟာ အင်္ဂလိပ်ဘာသာနဲ့ စာမျက်နှာ (၃၀၀၀) သုံးထောင် ရှိတယ်။ မြန်မာဘာသာနဲ့ စာမျက်နှာ ၄,၄၅၇ မျက်နှာ ရှိတယ်။ ဂျပန်မှာ ဒေါက်တာသန်းထွန်းနဲ့ အတူပါသွားတာက၊ ဇနီးသည် ဒေါ်ခင်ရီ။ ဒေါ်ခင်ရီဟာ ဒေါက်တာသန်းထွန်း ပြုစုနေတဲ့ အမိန့်တော်ပေါင်းချုပ် မြန်မာဘာသာကို သူ့ချည်း ဒိုင်ခံ လက်နှိပ်စက် ရိုက်ပေးတယ်။ မြန်မာလိုအကုန်လုံး စာမျက်နှာ (၄,၄၅၇) အားလုံးက ဒေါ်ခင်ရီရိုက်ပေးတာ။ လူအတော်များများ က ဒေါက်တာသန်းထွန်း လို လူတစ်ယောက်ရဲ့ နောက်ကွယ်က ဇနီးသည်ရဲ့ အပံ့အပိုးတန်ဖိုးကို မေ့နေတယ်။ ကျနော်တို့ စာဖတ်သူတွေ ကိုယ်တိုင်က ဒါကို သိပ်သတိမထားမိဘူး။

ကျနော့် မိတ်ဆွေ စာဖတ်သမားတစ်ယောက် ပြောမှ၊ ကိုယ်သိပ်ကြိုက်တဲ့ ဒေါက်တာသန်းထွန်းရဲ့ စာအုပ်တွေထဲက ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်ကို ပြန်လှန်တယ်။ စာမျက်နှာ – ၁၄၆ မှာ တွေ့တယ်။ အဲသည့်အကြောင်း တိတိကျကျ ရေးထားတယ်။

နောက်…. ယခင်ကတည်းက ကျနော် သဘောကျနှစ်ခြိုက်၊ အားကျရတဲ့ စာရေးဆရာကြီးတွေ ရှိတယ်။ တည်ဆဲ စာရေးဆရာတွေလည်း အမြောက်အမြား ရှိတယ်။ သူတို့တွေ ရေးသားခဲ့တဲ့ စာပေတန်ဖိုးတွေရဲ့ နောက်ကွယ်မှာ၊ ဇနီးမယားအဖြစ် သိုသိုသိပ်သိပ် အားပေးကူညီနေတဲ့ စာရေးဆရာကြီးတွေရဲ့ ဇနီးမယားကောင်းတွေ အမြောက် အမြားရှိတယ်။ သူတို့တတွေဟာ စာရေးချင်မှ ရေးလိမ့်မယ်။ များသောအားဖြင့် မရေးကြဘူး။ ဒါပေမယ့် သူတို့ရဲ့ ခင်ပွန်းယောက်ျားတွေ စိတ်ဖြောင့်ဖြောင့်နဲ့ စာရေးနိုင်အောင် အသေးစိတ် ပံ့ပိုးတာ၊ အိမ်မှာ မထင်မပေါ် ကူညီနေ တာတွေ အမြောက်အမြား ရှိပါတယ်။ ဒီတန်ဖိုးဟာ မသေးဘူး။ ဒီခေတ်မှာ နီးနီးစပ်စပ် ရှိတဲ့အထဲက ကျနော် တွေ့မိတာကတော့ ဆရာကျော်ဝင်း။ ဆရာ့ဇနီး ဒေါ်ကြူကြူမြင့်ဟာ ဆရာ စာရေးတာကို ကောင်းကောင်း လုပ်နိုင် အောင် အနီးကပ်အားပေးကူညီနေသူပဲ။ ဒါဟာ တန်ဖိုးလို့ ကျနော် မြင်မိလာတယ်။

စာရေးဆရာတစ်ယောက်ဟာ၊ ပုဂ္ဂလသပ္ပါယ မမျှရင် စာပေအလုပ်ကို မလုပ်နိုင်ဘူး။ အထူးသဖြင့် အိမ်ထောင်နဲ့ မိသားစုနဲ့ ရှိနေတဲ့ စာရေးဆရာတွေရဲ့ သားသမီးနဲ့ ဇနီးမယားတွေဟာ စာရေးဆရာရဲ့ စာပေအလုပ်မှာ နာမည် မဖော်ပြခံရဘဲနဲ့ သိုသိပ်စွာ၊ မထင်မရှားစွာ အားပေးကူညီနေသူတွေ ဖြစ်တယ်။ အဲသည်လို အားပေးကူညီမှုမျိုး မရှိရင် ဘယ်လောက် စွမ်းတဲ့ စာရေးဆရာဖြစ်ဖြစ် စာကို ဖြောင့်ဖြောင့် ရေးနိုင်မယ် မထင်ဘူး။ ဒေါက်တာသန်းထွန်းလို စာရေးဆရာ မဟုတ်တဲ့ ပညာရှင်၊ သုတေသီစစ်စစ်တွေလည်း ထိုနည်းလည်းကောင်း ဖြစ်လိမ့်မယ်။

ကျနော် လုပ်ရမယ့် စာပေတာဝန်တွေ အတော်လိုနေသေးတယ်။

မင်းသေ့

ည ၁၀း၁၆

၂၆၊ ဖေဖော်ဝါရီ၊ ၂၀၂၂။

Previous post ပြည်သူနဲ့ တန်တဲ့ အစိုးရ
Next post ရက္ခိုင်နိုင်ငံတော်စာတမ်း

One thought on “ဒေါ်ခင်ရီ၏ ခင်ပွန်း ဒေါက်တာသန်းထွန်း

Comments are closed.