ကာတွန်း ဖေသိန်းရဲ့ ကာတွန်းလေးတစ်ကွက်ကို၊ လူမှုကွန်ယက်မီဒီယာပေါ်မှာ ပြန်တွေ့ရတယ်။ အစိုးရလုပ်တဲ့ ကောင်က ပြည်သူကို ပြောတယ်။ “နင်နဲ့တန်တဲ့အစိုးရ နင်ရမှာမို့” “နင် ငါနဲ့ တန်အောင်နေစမ်းပါကွာ” တဲ့။

ပြည်သူဆိုတာ သူနဲ့ တန်တဲ့အစိုးရကို ရတယ်…ဆိုတဲ့ စကားကို အရပ်သားအုပ်ချုပ်မှု (၅)နှစ်တာကာလ တုန်းက နိုင်ငံရေးသင်တန်းတွေမှာ ကျနော် မကြာခဏ ပြောလေ့ရှိခဲ့တယ်။ ပြည်သူကို မြှင့်ပေးဖို့ ရည်ရွယ်ပြီးတော့ ဒီစကား ကို ပြောတာဖြစ်ပါတယ်။ ဒါပေမယ့် ကာတွန်းဖေသိန်းရဲ့ ၁၉၅၉ ခုနှစ်၊ လွန်ခဲ့သော နှစ်ပေါင်း (၆၃) နှစ်က ဆွဲထား ဖူးတဲ့ ကာတွန်းကို တွေ့လိုက်မှ၊ ကျနော့် အတွေးတချို့ ပြောင်းပြန်ဖြစ်သွားတယ်။ တကယ်တော့ ငါတို့ တတွေ မြှင့်ပေးရမှာက၊ ပြည်သူဆိုတာထက် “အစိုးရလုပ်မယ့်ကောင်” တွေကို မြှင့်ပေးလို့ လိုတာပါ့လားလို့ တွေးမိလိုက် တယ်။ မြှင့်ပေးတယ်ဆိုတာ၊ သူတို့ရဲ့ အတွေးအခေါ်၊ သူတို့ရဲ့ အမူအကျင့်၊ သူတို့ရဲ့ စရိုက်ဗီဇ၊ သူတို့ရဲ့ အမြင်၊ သူတို့ရဲ့ လုပ်ပုံကိုင်ပုံ…. စသည်ဖြင့် မြှင့်ဖို့ လိုတာပါ့လားလို့ တွေးမိတယ်။

ဒါပေမယ့် “အစိုးရလုပ်ချင်တဲ့ကောင်” တွေက သူတို့ကိုယ် သူတို့ မမြှင့်ချင်ပါ။ ပျင်းတယ်။ ဒီတော့ သူတို့နဲ့ တန်းတူ ဖြစ်အောင် ပြည်သူကိုပါ လိုက်နှိမ့်တယ်။ အထူးသဖြင့် ၁၉၆၂ ခုနှစ်အာဏာသိမ်းမှုအပြီးနောက်ပိုင်း၊ စစ်အစိုးရ ခေတ်ကာလတစ်လျှောက်လုံးမှာ အစိုးရလုပ်ချင်တဲ့ စစ်ဗိုလ်တွေက ပြည်သူကိုသူတို့နဲ့ တန်းတူအောင် ညှိလိုက်ကြ တာ၊ မြန်မာ့လူ့အဖွဲ့အစည်းထဲက ပြည်သူလူထုခမြာ

  • ပညာရေးလည်း နိမ့်လာခဲ့တယ်
  • စီးပွားရေးလည်း နိမ့်လာခဲ့တယ်
  • လူမှုစီးပွားဘဝတွေလည်း နိမ့်ကျလာခဲ့တယ်
  • စာပေအနုပညာမှာလည်း နိမ့်ကျလာခဲ့တယ်
  • အတွေးအမြင်မှာလည်း နိမ့်ကျလာခဲ့တယ်

ဒီလို အဘက်ဘက်က နိမ့်ကျအောင်လည်း၊ အာဏာရှင်စစ်အစိုးရတွေဟာ အမှောင်ခေတ်ကို သွင်သွင်းတည် ဆောက်ခဲ့ကြတယ်။

ပြည်သူကို ညံ့အောင် နှိမ်ခဲ့ကြတယ်

မြန်မာပြည်သမိုင်းကို လေ့လာကြည့်ရင်၊ အစိုးရလုပ်ချင်တဲ့ကောင်တွေဟာ သူတို့ အာဏာစက် ကြာရှည်တည်မြဲဖို့အတွက်၊ လူထုကို ညံ့အောင် နှိမ်ခဲ့ကြတယ်။ ပညာရေးကို ဝါဒဖြန့်ချိရေးယန္တရားတစ်ခုလို ပုံဖော် ခဲ့တယ်။ စီးပွားရေးမှာ နေဝင်မိုးချုပ် လုံးလည်ချာလိုက်အောင် ဖန်တီးတည်ဆောက်ခဲ့တယ်။ စာပေနဲ့ အနုပညာကို ဆင်ဆာနဲ့ပိတ်ပင်တားဆီးခဲ့တယ်။ အတွေးအခေါ်ကို သင်းသတ်ခဲ့တယ်၊ ထို့နောက် အမျိုးသားရေးမှိုင်း၊ ဘာသာရေး မှိုင်းနဲ့ မှိုင်းတိုက်ခဲ့တယ်။ ဒီလိုနဲ့ လူအများရဲ့ ဉာဏ်မှာ တိမ်သလ္လာဖုံးလာခဲ့တယ်။ ဒီတော့ သူတို့ ကြာကြာ အုပ်မိုးလို့ ရတယ်။

တကယ်လက်တွေ့မှာ ပြည်သူဟာ အစိုးရကောင်းနဲ့ ထိုက်တန်အောင် မြှင့်ပေးရမှာ မဟုတ်ဘူးဆိုတာ ကျနော် သိနားလည်ခဲ့တယ်။ အစိုးရလုပ်ချင်တဲ့ကောင်တွေကိုသာ ပြည်သူကောင်းနဲ့ ထိုက်တန်တဲ့ အစိုးရကောင်းဖြစ်ဖို့ မြှင့်ပေးရမယ်လို့ ကျနော့်ကို ကာတွန်းဖေသိန်းရဲ့ ကာတွန်းတစ်ကွက်က အမြင် ပြောင်းအောင်လုပ်ပေးခဲ့တယ်။

ဆွဲချဖို့သာ တတ်သူတွေ

တကယ်တော့ စစ်အစိုးရယန္တရားမှာ ဦးဆောင်ခဲ့သူအဆက်ဆက်ဟာ သူတို့ကိုယ် သူတို့ မြှင့်ဖို့ထက်၊ တိုင်းပြည်ကို ဆွဲချဖို့သာ စိတ်ရှိကြတာပါ။ တိုင်းပြည်က လူထုကို နိမ့်အောင် ဆွဲချလိုက်ရတာ လွယ်တယ်လေ။ သူတို့ ကိုယ်သူတို့ မြင့်အောင် မြှင့်ရတာ သိပ်ခက်တယ် မဟုတ်လား။ ဒီတော့ အစိုးရလုပ်ချင်တဲ့ကောင်တွေဟာ၊ အလွယ်လမ်းကိုသာ လိုက်ကြတယ်။ ချောင်တဲ့လမ်းကိုသာ လိုက်ကြတယ်။

မြန်မာပြည်သူလူထုဟာ ပညာရေးအညံ့ကို ရခဲ့ပေမယ့် သူတို့ အသိဉာဏ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ မြင့်အောင် လုပ်ဖို့တော့ မတွန့်ဆုတ်ခဲ့ဘူး။ ဒါဟာ အခု လက်ရှိပစ္စုပ္ပန် မြန်မာ့နွေဦးတော်လှန်ရေးလှုပ်ရှားမှုက အထင်အရှား သက်သေပြနေတယ်။ ဆင်ဆာဖြတ်တောက်ခံရမှုတွေအကြားမှာ၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက စာပေ ယဉ်ကျေးမှု အနုပညာသမားတွေဟာ လူထုကို ခံစားမှုအားဖြင့် ကြီးမြင့်အောင်၊ တွေးခေါ်မှုအားဖြင့် မနိမ့်ကျအောင် အားထုတ်ခဲ့ကြတာတွေ့ရတယ်။ အကျပ်အတည်းတွေ ကြားထဲမှာ စာပေအားဖြင့်၊ အနုပညာအားဖြင့် လမ်းပြ သွန်သင်တာ၊ လက်တို့ သတိပေးတာ၊ အတွေးဒဿနအလင်း ဖြန့်ချိတာတွေကို ကြိုးစားလုပ်ဆောင်ခဲ့ကြတယ်။

ပြည်သူကောင်းနဲ့ ထိုက်တန်တဲ့ အစိုးရ

မြန်မာပြည်သူတွေဟာ အစိုးရကောင်းနဲ့ ထိုက်တန်တဲ့ အရည်အသွေး အပြည့် ရှိပါတယ်။ မြန်မာနိုင်ငံမှာ အုပ်ချုပ်ခဲ့ တဲ့ အစိုးရအဆက်ဆက်ကသာ ပြည်သူကောင်းတဲ့ထိုက်တန်တဲ့ အစိုးရ မဖြစ်ခဲ့တာပါ။ ဒီတော့ ကြီးမှူးသူ၊ ဦးစီးဦး ဆောင်နေရာကို ရောက်နေတဲ့သူဟာ အမြဲမှန်တယ်၊ လူထုဟာ လွဲတယ် မှားတယ်ဆိုတဲ့ အမြင်ကို အစိုးရလုပ်ချင်တဲ့ ကောင်တွေက သွတ်သွင်းတယ်။ ငါ့တို့ ပြောတာမှန်တယ်၊ ငါတို့ ဦးဆောင်မှုနောက်ကို လိုက်ရမယ်လို့ ပြည်သူကို နားချတယ်။ ပြည်သူဆိုတဲ့သဘောကလည်း မလွန်ဆန်နိုင်တော့ လိုက်ပါကြရတယ်။ ဒီလို လိုက်ပါအောင်လည်း အတင်းအကျပ် လက်နက်နဲ့ အတင်းအဓမ္မ ပုံဖော်ယူတယ်။ ဒီလိုနဲ့ မြန်မာ့လူ့အဖွဲ့အစည်းဟာ နိမ့်ကျလျှောဆင်းပြီး ကျလာတယ်။

မကောင်းဆိုးဝါးတွေကို ဖယ်

မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်လုံးကို ခြုံငုံလေ့လာကြည့်ရင်၊ မြန်မာနိုင်ငံနိမ့်ကျလာရတာဟာ ခေတ်အဆက် ဆက်က ပြည်သူတွေ ညံ့လို့ဆိုတာထက်၊ ခေတ်အဆက်ဆက်က အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေ ဖျင်းလို့၊ ညံ့လို့ နိမ့်ကျ လာတယ်လို့သာ အဖြေထွက်တယ်။ ဒီတော့ လက်ရှိ ပစ္စုပ္ပန်မှာလည်း အစိုးရနေရာ ဝင်လုထားတဲ့ မကောင်းဆိုးဝါး တွေကို ဖယ်ရလိမ့်မယ်။ ဒါဟာ ဒီနေရာမှာတင် မပြီးဆုံးသေးဘူး။ နောင်ဖြစ်လာလတ္တံ့သောကာလမှာ၊ အစိုးရဖြစ် ချင်တဲ့ကောင်တွေကိုလည်း မြင့်အောင် မြှင့်ပေးရမယ့် အလုပ် ကျန်သေးတယ်။

ဘာကို မြင့်အောင် မြှင့်ရမလဲဆိုတော့ ……

  • (၁) အစိုးရတွေကို အစပဲ မရိုးအောင် လုပ်ရလိမ့်မယ်။
  • (၂) နောင်လည်း ရိုးသားအောင် လုပ်ရလိမ့်မယ်။
  • (၃) အစိုးရလုပ်မယ့်ကောင်တွေရဲ့ မနောကံအရည်အသွေး၊ ဝီစီကံအရည်အသွေးနဲ့ ကာယကံအရည် အသွေးတွေကို အရည်အသွေးကောင်းတွေ ဖြစ်အောင် လေ့ကျင့်တည်ဆောက်ပေးကြရလိမ့်မယ်။

ဒါဟာ  ကျနော်တို့ အနာဂတ်မျိုးဆက်သစ်အတွက် ကျနော်တို့ လုပ်ရမယ့် လက်ငင်းအလုပ်ဖြစ်သလို၊ ဗီဇညံ့တွေ တွေ့ခဲ့ရင်လည်း ချက်ချင်းသုတ်သင်ရှင်းလင်းပစ်ရမယ့် တော်လှန်သောအလုပ်ဖြစ်တယ်လို့ ကျနော် ထင်တယ်။

မင်းသေ့

ညနေ ၆း၁၄

၂၈၊ ဖေဖော်ဝါရီ၊ ၂၀၂၂။

Previous post ကလောင်တစ်ချောင်း၏ ရင့်ကျက်မှု
Next post ဒေါ်ခင်ရီ၏ ခင်ပွန်း ဒေါက်တာသန်းထွန်း