မင်းသေ့ – ရေးတယ်

(၂၀၂၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့)

နိဒါန်း

၎င်းစာတမ်းကို ရက္ခိုင်အမျိုးသားရေးအိပ်မက်ဖြစ်တဲ့ “ရက္ခိုင့်နိုင်ငံတော်” ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ရည်ညွှန်း ပါတယ်။ နိုင်ငံတစ်ခုမွေးဖွားခြင်းဟာ အဆင့်ဆင့် သန္ဓေတည်ပြီး ဖြစ်ပေါ်လာရတယ်လို့ မြင်ပါတယ်။ လက်ရှိ ရက္ခိုင် အမျိုးသားရေးလွတ်မြောက်မှု ကြိုးပမ်းချက်တွေဟာ သန္ဓေတည်တဲ့ အဆင့်ကို ကျော်လွန်ပြီးဖြစ်ပါတယ်။ စစ်မှန်တဲ့ ရက္ခိုင် အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းချက်ဟာ ရက္ခိုင့်တပ်တော် (အေအေ) စတင်မွေးဖွားတဲ့ ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ကနေ စတင်သန္ဓေတည်တယ်လို့ ယူဆပါတယ်။ ယခု လက်ရှိ ပစ္စုပ္ပန်အချိန်ဟာ ရက္ခိုင့်တပ် တော် မွေးဖွားသန့်စင်ပြီး (၁၃) နှစ်တာ အချိန်ကာလကို ရောက်လာခဲ့ပါပြီ။ ဒါ့ကြောင့် လူလားမြောက်တဲ့အရွယ်ကို ပီပီပြင်ပြင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ထင်ရှားပါတယ်။ ရက္ခိုင်တွေရဲ့ အမျိုးသားတော်လှန်ရေးလှုပ်ရှားမှုဟာ ခေါင်းခါးခြေလက် အင်္ဂါအပြည့်အစုံနဲ့ ရှင်သန်ကြီးပြင်းလာပါတယ်။ ဒီလို အရွယ်ရောက်လာအောင်လည်း ရက္ခိုင် အမျိုးသားရေးစိတ်ဓာတ်နဲ့ ဝိုင်းဝန်းပြုစု ပျိုးထောင်လာခဲ့တာ ဖြစ်ပါတယ်။ ရက္ခိုင် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု (တနည်း) ရက္ခိုင့်နိုင်ငံတော်အိပ်မက် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်ကို အဆင့် (၄) ဆင့်နဲ့ ရှုမြင် နိုင်မယ်လို့ ယူဆပါတယ်။

  • (၁) လက်နက်ကိုင်တော်လှန်ရေးသန္ဓေတည်တဲ့ ကာလ (သန္ဓေတည်တဲ့အဆင့်)
  • (၂) တော်လှန်​ရေး မွေးဖွားတဲ့ကာလ (မွေးဖွားတဲ့အဆင့်)
  • (၃) တော်လှန်ရေးလားမြောက်အောင် ပျိုးထောင်တဲ့ကာလ (အရွယ်ရောက်တဲ့အဆင့်)
  • (၄) တော်လှန်ရေး ရင့်မှည့် သီးပွင့်တဲ့ ကာလ (ရင့်ကျက်တဲ့ အဆင့်)

ယနေ့ ပစ္စုပ္ပန်အချိန်ဟာ ရက္ခိုင့်အမျိုးသားတော်လှန်ရေး အရွယ်ရောက်တဲ့အဆင့်ကို စတင်ရောက်ရှိနေပြီလို့ ပြော နိုင်ပါတယ်။ သို့သော်လည်း ရင့်မှည့်သီးပွင့်တဲ့ကာလကို မရောက်သေးပါ။ အထူးသဖြင့် ရက္ခိုင်တို့ရဲ့ အမျိုးသားနိုင်ငံ တော်ဟာ ကာယကံမြောက် ပေါ်ထွက်မလာသေးပါ။ ရက္ခိုင်အမျိုးသားနိုင်ငံတော် ပေါ်ပေါက်ဖို့အတွက် ရေခံမြေခံ ကောင်းတွေတော့ အုတ်မြစ်တည်ပြီးနေပြီလို့ ယူဆပါတယ်။

ရက္ခိုင်အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုရဲ့ သန္ဓေဟာ၊ ရက္ခိုင့်တပ်တော် (အေအေ) မွေးဖွားခြင်းနဲ့ စတင်လိုက် ပါတယ်။ ဒီသန္ဓေကို စတင်ကျေးဇူးပြုသူတွေကတော့ လက်ရှိ ရက္ခိုင့်တပ်တော်ရဲ့ ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။ တော်လှန်ရေး သန္ဓေသားကို ခြေလက်အင်္ဂါ ပြည့်ပြည့်စုံစုံနဲ့ မွေးဖွားသန့်စင်အောင် နံဘေးက ပံ့ပိုးပေးခဲ့သူတွေ ရှိပါ တယ်။ အဓိကကတော့ ကချင်ပြည်နယ် လိုင်ဇာလွတ်မြောက်ဒေသဟာ တော်လှန်ရေးသန္ဓေ မွေးဖွားသန့်စင်ဖို့၊ သားအိမ်သဖွယ် အပံ့အပိုးပြုခဲ့တယ်လို့ နားလည်ပါတယ်။ ထို့နောက် ရက္ခိုင်ပြည်နယ်အတွင်းက ရက္ခိုင်ပြည်သူ လူထုနဲ့ ပြည်တွင်းပြည်ပ နေရာအနှံ့အပြားမှာ ရောက်ရှိ ပျံ့နှံ့နေတဲ့ ရက္ခိုင်ပြည်သူတွေရဲ့ ဝိုင်းဝန်းကျေးဇူးပြုမှုတွေ ကြောင့် ရက္ခိုင့်တပ်တော်ဟာ တဖြည်းဖြည်း အရွယ်ရောက် ကြီးပြင်းလာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ၊ ရက္ခိုင်ပြည်နယ်အတွင်း ရက္ခိုင်တော်လှန်ရေးဟာ စစ်ရေးအရ ပီပီပြင်ပြင် ခြေကုတ်ယူနိုင်တဲ့ အဆင့်ကနေ တစ်ဆင့်တက်ပြီး အုပ်ချုပ်ရေးအရ၊ တရားစီရင်ရေးအရ ခြေကုတ်ယူနိုင်တဲ့ အဆင့်ထိရောက်လာတာ ကို တွေ့ရပါတယ်။ ဒါဟာ တော်လှန်ရေးလူလားမြောက်တဲ့ အဆင့်ကနေ ကျော်လွန်ပြီး၊ ရင့်မှည့်သီးပွင့်တဲ့ အဆင့် ကို စတင် ရောက်ရှိလာတဲ့ ခြေလှမ်းအစ ဖြစ်တယ်လို့ ယူဆပါတယ်။ ရက္ခိုင့်အမျိုးသားရေးအိပ်မက်ဖြစ်တဲ့ “ရက္ခိုင် နိုင်ငံတော်” ဖြစ်ထွန်းပေါ်ပေါက်ဖို့ မဟာဗျူဟာကျကျ ရှုမြင်တက်လှမ်းနိုင်ရပါလိမ့်မယ်။ သို့သော် အချိန်မဆိုင်း စေချင်ပါ။ အချိန် မလင့်စေချင်ပါ။ ပြည်တွင်းနိုင်ငံရေးအခြေအနေနဲ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအရ လုပ်ခွင့် ကိုင်ခွင့် သာလွန်တဲ့ အခြေအနေကို ရောက်လာပြီဖြစ်တယ်။ သို့သော် အလောတကြီး တက်လှမ်းဖို့လည်း မဖြစ်စေ ချင်ပါ။ တင်ရမယ့် အရှိန်ကို တင်ပြီး ပုံမှန်အတိုင်း မောင်းနှင်ရမယ့် ဂီယာကို မလျော့မနှေးသော အရှိန်ဖြင့် ခရီးဆက် ဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။

ပဏာမ တင်ပြချက်

၁။ ၂၀၂၂ ခုနှစ် စစ်ရေးရလဒ်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု အကျိုးဆက်အဖြစ် မြန်မာနိုင်ငံအတွင်းမှာ လက်နက်ကိုင်တော်လှန် ရေး အဟုန်ကြီးခဲ့ပါတယ်။ ယခုလက်ရှိတည်ဆဲ အချိန်ဟာ၊ ၎င်းအဟုန်အတွင်းမှာ ရှိနေဆဲ ဖြစ်ပါတယ်။ ပြည်မက ဗမာလူမျိုးစုတွေထဲမှာ “ဗမာပြည်ကွန်မြူနစ်ပါတီ” ပြိုလဲပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို တုန်လှုပ်စေနိုင်မယ့် ဗမာလက်နက်ကိုင်အင်အားစု မပေါ်ပေါက်ခဲ့ပါ။ ၁၉၈၈ လူထုအုံကြွမှုအတွင်းမှာ ဗမာကျောင်းသားတပ်ဦးဟာ လက်နက်ကိုင်လမ်းစဉ်ကို ကိုင်ဆွဲခဲ့ပေမယ့်၊ မြန်မာစစ်တပ်ကို တုန်လှုပ်အောင် စွမ်းနိုင်ခြင်း မရှိပါ။ ၂၀၂၁ စစ်အာဏာသိမ်းမှုဟာ ကာလကြာရှည်စွာ ငြိမ်ဝပ်ပိပြားခဲ့တဲ့ ပြည်မကနေ အမြောက်အမြားသော ပုန်ကန်မှု အရေ အတွက် ဖြစ်စေခဲ့ပါတယ်။ ပြည်မဒေသအတွင်းမှာ ဗမာတော်လှန်ရေးသမား အမြောက်အမြား ပေါ်ထွက်လာခဲ့ပါ တယ်။ လက်နက်ကိုင်လမ်းစဉ်နဲ့ မြန်မာစစ်တပ်ကို အာခံတွန်းလှန်မယ့် အင်အားစုသစ်တစ်ရပ် မွေးဖွားလာခဲ့ပါ တယ်။ ဗမာတော်လှန်ရေးသမားတွေဟာ လက်နက်ကိုင်ဖို့အတွက် လူမျိုးစုလက်နက်ကိုင်ဒေသအသီးသီးမှာ ခိုဝင် ကိန်းအောင်းနေသလို၊ ပြည်မဒေသအတွင်းက မြို့တွေ ရွာတွေထဲမှာလည်း မြေအောက်လှုပ်ရှားမှုတွေ လုပ်ဆောင် ဖို့ ကိန်းအောင်းနေပြီး ဖြစ်ပါတယ်။ စစ်ရေးအရ ပုန်ကန်တဲ့ လက်နက်ကိုင်လှုပ်ရှားမှုဟာ မြန်မာစစ်တပ်ရဲ့ စုစည်းမှု ကို ယိုယွင်းအောင် လုပ်နိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း လူမျိုးစုလက်နက်ကိုင်အသီးသီးရဲ့ ထကြွလှုပ်ရှားမှုနဲ့ ဗမာ မျက်နှာသစ် တော်လှန်ရေးသမားတွေကို စစ်ရေးအကူအညီတွေ ပေးခဲ့ခြင်းဟာ သိသာထင်ရှားတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှိုင်းကို တွန်းတင်ပေးသလို အကျိုးပြုနေပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ စစ်အာဏာရှင်တော်လှန်ရေးအင်အားစုတွေထဲကနေ “အမျိုးသားညီညွတ် ရေးအစိုးရ” ဖွဲ့စည်းပြီး လက်နက်ကိုင်လမ်းစဉ်ကို ဦးဆောင်ခဲ့ပါတယ်။ ဒေသနယ်ပယ်အသီးသီးက ပြည်သူလူထုရဲ့ မကျေနပ်မှု၊ ခံပြင်းမှု၊ ဒေါသထွက်မှု … စတဲ့ တွန်းအားတွေကြောင့် မြန်မာစစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်လို့ မရအောင် ပုန်ကုန်နိုင်တယ်လို့ ပြောနိုင်ပေမယ့်၊ အဆုံးသတ်တိုက်ပွဲကို မဆင်နွှဲနိုင်သေးပါ။ မကျေနပ်မှု အရှိန်မြင့် မားနေတဲ့ တော်လှန်ရေးဒီရေဟာ အမြင့်ဆုံးထိရောက်နေပြီ၊ ရောက်ခဲ့ပြီလို့ ပြောနိုင်ပေမယ့် မြန်မာစစ်တပ်ကို အပြုတ်တိုက် အပြတ်ရှင်းနိုင်တဲ့အဆင့်ကို ရောက်မလာသေးပါ။ မြန်မာ့နွေဦးတော်လှန်ရေးကို စစ်ရေးအရ ဦးဆောင်မှုပေးနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရမှာ အထွေထွေ အကန့်အသတ်​တွေ ရှိနေပါတယ်။ အထူးသဖြင့် လက်နက်အင်အားထောက်ပံ့ရေး/ထောက်ပို့ရေးမှာ အကြီးအကျယ် အားနည်းချက်ရှိပါတယ်။ ဒါ့ကြောင့်လည်း မြန်မာ့နွေဦးတော်လှန်ရေးဟာ ၂၀၂၂ ခုနှစ်အတွင်း အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲနိုင်ဖို့အတွက် မျှော်လင့်ချက်နည်း နေပါတယ်။ ပိုပြီးတိတိကျကျ တင်ပြရရင်၊ ၂၀၂၂ ခုနှစ်အတွင်းမှာ မြန်မာတစ်နိုင်ငံလုံးက စစ်အာဏာရှင်အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးကို ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်တဲ့အဆင့်ကို မရောက်နိုင်သေးပါ။ ဒါ့ကြောင့် မြန်မာ တစ်နိုင်ငံလုံး လွတ်မြောက်ရေးဟာ မျှော်လင့်ချက် မဲ့နေသလို ဖြစ်နေပါတယ်။ သို့သော်လည်း အဆိုးထဲက အကောင်းတချို့ ရှိပါတယ်။ အဲဒါကတော့ “ရက္ခိုင်အမျိုးသားရေး အာဂျင်ဒါ” လို့ ယူဆပါတယ်။

၂။ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပြီး တစ်နှစ်တာ ကာလရောက်တဲ့အချိန်မှာ၊ ဥရောပနိုင်ငံတွေနဲ့ နီးစပ် ထိကပ်နေတဲ့ ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက စစ်ရေးအရ ကျူးကျော်စစ် ဆင်နွှဲခဲ့ပါတယ်။ ယူကရိန်းကို ရုရှားက စစ်ရေးအရ ကျူးကျော်မှုဟာ ဥရောပနိုင်ငံတွေအားလုံးနဲ့ အနောက်နိုင်ငံတွေ အားလုံးကို တပ်လှန့်လိုက်သလို ဖြစ်ခဲ့ ပါတယ်။ ယူကရိန်း – ရုရှား စစ်ရေးကျူးကျော်မှု မဖြစ်ခင်က မြန်မာ့နွေဦးတော်လှန်ရေးကို နိုင်ငံတကာက ဝိုင်းဝန်း အာရုံစိုက်နေတဲ့ တစ်ခုတည်းသော issue တစ်ခုလို ဖြစ်နေခဲ့ပါတယ်။ သို့သော်လည်း ယူကရိန်း – ရုရှား စစ်ရေးကျူး ကျော်စစ်ပွဲဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေအားလုံးကို အာရုံပြောင်းလိုက်သလို ဖြစ်စေခဲ့ပါတယ်။ မြန်မာ့ နိုင်ငံရေးဟာ လက်ရှိ ကမ္ဘာ့ရေးရာ ဖြစ်ရပ်တွေနဲ့ ချိတ်ဆက်ပြီး အချိန်မရွေး ပြုလွယ်ပြောင်းလွယ် ဖြစ်နိုင်တဲ့ အနေ အထားမျိုးမှာ ရှိနေပါတယ်။ အထူးသဖြင့် အချိုးအကွေ့ ကြမ်းတဲ့ နိုင်ငံရေးအခြေအနေမျိုး ဖြစ်နိုင်ပါတယ်။ ၁၉၈၈ ခုနှစ်က ပြည်တွင်းမှာ လက်နက်ကိုင်တော်လှန်ရေး ရေပန်းမစားပါ။ ထိုနည်းလည်းကောင်း ကမ္ဘာ့နိုင်ငံရေး ဖြစ်ရပ် ကြီးဖြစ်တဲ့ ဆိုဗီယက်ယူနီယံပြိုကွဲမှုမှာလည်း လက်နက်ကိုင်ပဋိပက္ခ ရေပန်းမစားခဲ့ပါ။ ယခုလက်ရှိ ပစ္စုပ္ပန်မှာတော့ ပြည်တွင်းနိုင်ငံရေးမှာလည်း လက်နက်ကိုင်လမ်းစဉ် ခေတ်စားလာသလို၊ ကမ္ဘာ့နိုင်ငံရေးအဖြစ်အပျက်မှာလည်း စစ်ရေးပဋိပက္ခကြီးမားလာတာတွေ့ရပါတယ်။ စစ်ရေးပဋိပက္ခတွေဟာ မြေပုံအပြောင်းအလဲတွေဖြစ်အောင် လက်တွေ့ တွန်းအားပေးတတ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာလည်း စစ်ရေးပဋိပက္ခအခြေအနေဟာ မြေပုံ အပြောင်းအလဲ ကြီးကြီးမားမားလုပ်ချင်ရင် လုပ်နိုင်တဲ့ အခြေအနေကို ရောက်လာပါတယ်။ ဒီအခြေအနေဟာ ရက္ခိုင်တွေရဲ့ အမျိုးသားရေးအိပ်မက်နဲ့ ဆက်စပ်နိုင်တယ်လို့ ယူဆပါတယ်။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးချိန်မှာ ကိုလိုနီအင်ပါယာတွေ ပြိုကွဲပြီးတော့ အမျိုးသားနိုင်ငံသစ်တွေ ပေါ်ထွက်လာခြင်းကို အမှတ်ရစေလိုပါ တယ်။ ထိုနည်းလည်းကောင်း ၁၉၈၉ – ၉၀ ခုနှစ်တွေမှာ ဘာလင်တံတိုင်းပြိုကျပြီး ဆိုဗီယက်ယူနီယံကြီး ပြိုကွဲတဲ့ အခါ နိုင်ငံသစ်တွေ အမြောက်အမြား ထပ်မံပေါ်ထွက်ခဲ့တာကို သတိချပ်စေလိုပါတယ်။ မြန်မာပြည်နိုင်ငံရေး ဖြစ်ရပ်ကို ကြည့်ရင် ဒုတိယကမ္ဘာစစ်နောက်ခံလှိုင်းပေါ်မှာ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုကို လက်တွေ့ အကောင်အထည်ဖော်နိုင်ပြီး၊ လွတ်လပ်သောနိုင်ငံအဖြစ် ဖောက်ထွက်နိုင်ခဲ့တာကို တွေ့နိုင်ပါတယ်။ သို့သော် လည်း မြန်မာပြည်တွင်းက လူမျိုးစုလွတ်မြောက်ရေးလှုပ်ရှားမှုတွေဟာ စစ်အေးခေတ်နိဂုံးကာလဖြစ်တဲ့ ဘာလင် တံတိုင်းပြိုအကျ၊ ဆိုဗီယက်ယူနီယံပြိုကွဲမှု နောက်ဆက်တွဲလှိုင်းကိုနောက်ခံပြုပြီးတော့ နိုင်ငံသစ် ထူထောင်နိုင်စွမ်း မရှိတာကို တွေ့ခဲ့ရပါတယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ခွဲထွက်ရေးအိပ်မက် မမက်ရဲတဲ့ နိုင်ငံရေး ရည်မှန်းချက် ဖြစ်ခဲ့တာလည်း အဓိက တစ်ခုအနေနဲ့ ပါပါလိမ့်မယ်။ ဒီဥပမာကို ရှုမြင်ပြီးတော့ လောလောဆယ် ဖြစ်ပျက်နေတဲ့ ကမ္ဘာ့အခင်းအကျင်းမှာ ပါလာတဲ့ လှိုင်းကို စီးပြီးတော့ ရက္ခိုင်တွေရဲ့ အမျိုးသားရေးအိပ်မက်ကို ကာယကံမြောက် အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။

၃။ တရုတ် ၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်

ရှေ့ကနဦးကာလတွေတုန်းက ရက္ခိုင်တွေရဲ့ အမျိုးသားတော်လှန်ရေးဟာ ပြည်တွင်းအင်အားစုတွေနဲ့သာ တိုက်ရိုက်ပတ်သက်ဆက်နွှယ်နေတာ ဖြစ်ပါတယ်။ သို့သော်လည်း ရက္ခိုင်အမျိုးသားတော်လှန်ရေး အပြန့်ကျယ် လာတာနဲ့ အမျှ၊ နိုင်ငံတကာနိုင်ငံရေးကွင်းပြင်ထဲကို တဖြည်းဖြည်း ပါဝင်ပတ်သက်လာရပါတော့တယ်။ ရက္ခိုင် တွေရဲ့ အမျိုးသားနိုင်ငံတော် ထူထောင်ရေး လုပ်ငန်းစဉ်မှာ၊ အနောက်နိုင်ငံကြီးတွေရဲ့ အမြင်သဘောထားဟာ အထူးအရေးကြီးသလို၊ “တရုတ် ၊ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်” နိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုနဲ့ သဘောထားဟာ အထူး အရေးကြီးတယ်။ အရေးပေါ်လည်းဖြစ်တယ်၊ အရေးကြီးလည်းဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် အနာဂတ် ကာလမှာ၊ ရက္ခိုင်အမျိုးသားနိုင်ငံတော် မွေးဖွားသန့်စင်ခြင်း ဖြစ်စဉ်ထဲမှာ ၎င်းသုံးနိုင်ငံနဲ့ပတ်သတ်ပြီး၊ ရက္ခိုင် အမျိုးသားရေးခေါင်းဆောင်တွေဆီမှာ အထူးရှုမြင်လေ့လာထားတဲ့ ပေါ်လစီအထုပ်အပိုးတွေ ပြင်ဆင်ထားဖို့ လိုမယ်လို့ ထင်ပါတယ်။ ခေတ်သစ်ကာလမှာ ပြည်တွင်းက စစ်ရေးရလဒ်အပေါ်မှာ မူတည်ပြီး ရပ်တည်နေနိုင်တာ မျိုး မဟုတ်တော့ပါဘူး။ နိုင်ငံတကာနိုင်ငံရေးဇာတ်ခုံရဲ့ ဇာတ်ညွှန်းတွေကလည်း အရေးပါလာပါတယ်၊ အရာရောက် လာပါတယ်။

တရုတ်ကိစ္စ

အထူးသဖြင့် ရက္ခိုင်နိုင်ငံရေးမှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုနဲ့ ဩဇာလွှမ်းမိုးမှုကို ရှောင်နိုင်ဖို့ ခဲယဉ်းတယ်။ တရုတ်အနေနဲ့ စီးပွားရေးအရ အင်အားကြီးထွားတဲ့ ကမ္ဘာ့စူပါပါဝါနိုင်ငံကြီးဖြစ်သလို၊ စစ်ရေးအရလည်း အင်အား ကြီးမားတဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးဖြစ်ပါတယ်။ တရုတ်ဟာ နိုင်ငံတကာနိုင်ငံရေးမှာလည်း တန်ပြန်ကစားကွက် ထွင်နိုင်တဲ့ လက်တံခြေတံမျိုး ဆန့်တန်းနေနိုင်ပြီ။ မြန်မာပြည်တွင်းမှာ ဘယ်လိုသော လက်နက်ကိုင်တပ်မဆို တရုတ်ရဲ့ ပတ်သတ်မှုနဲ့ ကင်းလွတ်နိုင်ဖို့ ခဲယဉ်းလှတယ်။ နိုင်ငံအတွင်းမှာ စစ်အင်အားသိန်းနဲ့ချီ ရှိပါတယ်ဆိုတဲ့ မြန်မာစစ်တပ်တောင် တရုတ်ဩဇာနဲ့ မကင်းနိုင်ဘူး။ တရုတ်ကို မငြင်းပယ်နိုင်ဘူး။ အထူးသဖြင့် ပထဝီနိုင်ငံရေး အရ တရုတ်နဲ့ မြန်မာနီးကပ်ဆက်နွှယ်နေခြင်းကလည်း အဓိက အကြောင်းရင်းတစ်ခု ဖြစ်တယ်။ မြန်မာနိုင်ငံမှာ တရုတ်က နိုင်ငံရေးအရ လွှမ်းမိုးသလို၊ စီးပွားရေးအရလည်း လက်ဝါးကြီးအုပ်ထားနိုင်တယ်။ တရုတ်ကို ကြိုက်ခြင်း မကြိုက်ခြင်းဆိုတာထက် လက်တွေ့နိုင်ငံရေးမှာ အားလုံးဟာ “အကျိုးစီးပွား” ဆိုတာကိုပဲ တည်ပြီး စဉ်းစားတယ် ဆိုတာ မမေ့သင့်ပါ။ ဒါ့ကြောင့် ရက္ခိုင်တွေရဲ့ အမျိုးသားရေးအိပ်မက်မှာ တရုတ်နဲ့ပတ်သက်ပြီး ဘယ်လို ဆက်ဆံ ရေးမျိုး တည်ဆောက်ရမလဲဆိုတာကို စဉ်းစားပြင်ဆင်ထားဖို့ လိုပါတယ်။ ဒီနေရာမှာ အိန္ဒိယထက် တရုတ်နိုင်ငံဟာ ရက္ခိုင်အမျိုးသားရေးလှုပ်ရှားမှုအပေါ်မှာ ပိုပြီး ဩဇာသက်ရောက်နိုင်စွမ်း ရှိတာကိုလည်း ထည့်တွက်စေချင်တယ်။ အိန္ဒိယဟာ သူ့ဒုက္ခနဲ့သူ ကျပ်တည်းနေတဲ့ အခြင်းအရာတွေ ရှိနေတာကြောင့် ပြည်ပနိုင်ငံရေးဇာတ်ခုံမှာ တရုတ် လောက် ထဲထဲဝင်ဝင် ပါဝင်ကစားနိုင်မှု အားနည်းလွန်းလှတယ်။

ရက္ခိုင်အမျိုးသားနိုင်ငံတော် ထူထောင်ခြင်းဖြစ်စဉ်မှာ၊ တရုတ်နိုင်ငံရဲ့ မျက်နှာစာ အလှည့်အပြောင်း ဖြစ်လာနိုင် တယ်ဆိုတာ သတိချပ်ဖို့ လိုတယ်လို့ ယူဆပါတယ်။ လက်ရှိ ရက္ခိုင့်တပ်တော်ဟာ လက်နက်ကိုင်အင်အားစုတစ်ရပ် အနေနဲ့ ရပ်တည်နေတာ ဖြစ်လို့၊ တရုတ်က ထားတဲ့သဘောထားက တစ်မျိုးဖြစ်နေပါတယ်။ အမျိုးသားနိုင်ငံ တစ်ခု အနေနဲ့ ကိုယ်စားပြုရပ်တည်တော့မယ်ဆိုရင်တော့ တရုတ်က ဖြစ်ဖွယ်သော သဘောထားကို ချည်းကပ်လေ့လာပြီး ကြိုတင် လုပ်ဆောင်ထားသင့်တာတွေ လုပ်ထားရမှာ ဖြစ်ပါတယ်။ တရုတ်အနေနဲ့ကော…၊ သူနဲ့ နီးကပ်တဲ့ နိုင်ငံ ငယ်လေးထဲမှာ နိုင်ငံသစ်တစ်ခု မွေးဖွားခြင်းကို ဘယ်လောက် လိုလားလက်ခံမှာလဲ။ သို့သော်လည်း တရုတ်နိုင်ငံက လိုလားလက်ခံမှ ရက္ခိုင့်အမျိုးသားနိုင်ငံသစ်ဟာ ဖြစ်ထွန်းခွင့်ရမယ်လို့ မဆိုလိုပါ။ အဲသည်လို လုံးဝ မဟုတ်ပါ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို မိမိတို့လက်ဝယ်မှာ အရကိုင်ထားနိုင်ဖို့သာ လိုရင်း ဖြစ်ပါတယ်။

အိန္ဒိယကိစ္စ

ရက္ခိုင်ဒေသဟာ အိန္ဒိယနဲ့ နယ်မြေချင်း တိုက်ရိုက်ထိကပ်နေတာ မဟုတ်ပေမယ့်၊ အိမ်နီးချင်းဒေသ အဖြစ် မှတ်ယူ နိုင်ပါတယ်။ အလွန်တရာ နီးကပ်တဲ့ ပထဝီ ဆက်စပ်မှု ရှိပါတယ်။ ဒါ့အပြင် အိန္ဒိယဟာ လူဦးရေအရ သန်းပေါင်း ၁၃၀၀ ကျော်လာပါပြီ။ ပထဝီအားဖြင့်လည်း ကြီးမားတဲ့ နိုင်ငံကြီးဖြစ်တယ်။ အိန္ဒိယမှာ ဆင်းရဲတဲ့ လူဦးရေ အချိုး အစားများပြားသော်လည်း၊ ထို့နောက် အိန္ဒိယဟာ စီးပွားရေးတိုးတက်မှုမှာ တရုတ်နိုင်ငံလောက် မကြီးမြင့်သေး သော်လည်း အိန္ဒိယကို ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် သတ်မှတ်ပြီး ရှုမြင်သင့်ပါတယ်။ အိန္ဒိယစစ်တပ်ကလည်း ကမ္ဘာ့ထိပ်တန်း အင်အားကြီးစာရင်းမှာ ပါဝင်တာဖြစ်လို့၊ အိန္ဒိယရဲ့ သဘောထားအမြင်ဟာ ရက္ခိုင်နိုင်ငံတော် ဖြစ်ထွန်းရေး လုပ်ငန်းရပ်မှာ အထူးအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ လောလောဆယ်အားဖြင့် ရက္ခိုင် တွေရဲ့ အမျိုးသားတော်လှန်ရေးမှာ အိန္ဒိယ ထက် တရုတ်က ပါဝင်ပတ်သတ်မှု ပိုများနိုင်ပါတယ်။ သို့သော်လည်း နောင်ဖြစ်လတ္တံ့သော အခင်းအကျင်းကို တွက်ဆပြီးတော့ နောင် (၅) နှစ် (၁၀) နှစ်လောက်အတွင်း ပြောင်းလဲ ဖြစ် တည်လာမယ့် အိန္ဒိယရဲ့ နိုင်ငံခြားရေးမူဝါဒကို အထူးအာရုံစိုက်ထားဖို့ လိုမယ်လို့ ယူဆပါတယ်။ အကယ်၍ ရက္ခိုင် အမျိုးသားနိုင်ငံတော် မွေးဖွားလာရင်လည်း ရက္ခိုင်လူ့အဖွဲ့အစည်းရဲ့ လူမှုစီးပွားအခြေအနေ အရပ်ရပ်ကို အိန္ဒိယ နိုင်ငံက လွှမ်းမိုးနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါကို ကြိုတင် တွက်ဆပြင်ဆင်ထားဖို့ ဖြစ်ပါတယ်။ ပြင်ဆင် မှုကလည်း လက်တွေ့ ကာယကံမြောက်လုပ်ဆောင်ထားဖို့ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကိစ္စ

ဘင်္ဂလားဒေ့ရှ်ဟာ ပထဝီနိုင်ငံရေးအရ ထူးခြားချက် ရှိပါတယ်။ နံပါတ် (၁) မြန်မာနိုင်ငံထက် လူဦးရေ (၃) ဆကျော် များပြားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ စုစုပေါင်း လူဦးရေဟာ သန်း ၁၆၀ ကျော် ရှိနေပါပြီ။ ရက္ခိုင် နိုင်ငံတော်ထူထောင်ရေး ရှေ့လုပ်ငန်းစဉ်တွေမှာ၊ ရက္ခိုင်ခေါင်းဆောင်တွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ပတ်သက်ပြီး “လူဦးရေနိုင်ငံရေး” ကို အထူး ဂရုတစိုက် ကိုင်တွယ်ဖို့နဲ့ လူဦးရေနိုင်ငံရေးနဲ့ပတ်သက်တဲ့ ပေါ်လစီအမြင်ကို ကြိုတင် တွက်ဆပြင်ဆင်ထားဖို့ ဖြစ်ပါတယ်။ ဒါဟာ လက်တွေ့အရ ဖြစ်ကို ဖြစ်လာတဲ့ ကိစ္စဖြစ်သလို၊ လက်ရှိမှာလည်း ရက္ခိုင် – ဘင်္ဂလားနယ်စပ်မှာ လူဦးရေပျံ့နှံ့ ရောစပ်မှု ရှိနေတဲ့ ပထဝီဒေသ ကြီးကြီးမားမား ရှိထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ရက္ခိုင်ဒေသဟာ “နိုင်ငံရေးပြတ်ရွေ့ကျော” တည့်ရှိတဲ့နေရာလို့ ပြောနိုင်ပါတယ်။ လူမှုပထဝီသဘော တရားအရ နိုင်ငံရေးပြတ်ရွေ့ကျော တည်ရှိတဲ့နေရာတွေမှာ၊ လူမျိုးရေး ပဋိပက္ခနဲ့ စစ်ရေးပဋိပက္ခတွေ ကလနား မသတ်နိုင်အောင် ဖြစ်တတ်ပါတယ်။ ဒါကို စနစ်တကျ၊ စမတ်ကျကျ၊ အမြင်ကျယ်ကျယ်၊ သဘောထားကြီးကြီး ကိုင်တွယ်နိုင်ဖို့ ဖြစ်ပါတယ်။

နံပါတ် (၂) ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ၁၉၇၁ ခုနှစ်မှာ အိန္ဒိယကနေ ခွဲထွက်လာတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မွတ်ဆလင်နိုင်ငံတစ်နိုင်ငံလို့လည်း ပြောနိုင်ပါတယ်။ ဘာသာရေးအရ မတူညီတဲ့ အဝန်း အဝိုင်းနှစ်ခု ထိစပ်ရာဒေသဖြစ်နေလို့ ရက္ခိုင်တွေရဲ့ အမျိုးသားရေးအိပ်မက်မှာ “လူမျိုးရေးပဋိပက္ခ”ဟာ ပူးတွဲအနေ နဲ့ ပါဝင်နေပါတယ်။ သို့သော်လည်း ကမ္ဘာပေါ်မှာ မဖြစ်ခဲ့ဖူးတဲ့ အရာဆိုတာ သိပ်ရှားပါတယ်။ လူမျိုးရေးပဋိပက္ခဟာ နိုင်ငံတိုင်းလိုလို ဖြစ်ခဲ့ပြီးပါပြီ။ လူမျိုးရေးပဋိပက္ခကို ကျော်နိုင်လို့၊ ကမ္ဘာ့အဆင့် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေ၊ နိုင်ငံလတ်တွေ၊ နိုင်ငံငယ်တွေလည်း အမြောက်အမြား ရှိထားပြီးဖြစ်ပါတယ်။ အမြင်ကျယ်ကျယ်နဲ့ လက်တွေ့ကျ ကျ ဖြေရှင်းနိုင်ဖို့သာ လိုပါတယ်။ စင်္ကာပူနိုင်ငံဟာ ၁၉၆၅ ခုနှစ်မှာ မလေးရှားကျွန်းဆွယ်ကနေ ခွဲထွက်ပြီး နိုင်ငံသစ် ထူထောင်ခဲ့ပါတယ်။ တရုတ်နဲ့ မလေးလူမျိုး ရောစပ်နေတဲ့ စင်္ကာပူနိုင်ငံဟာ လူမျိုးရေးအဓိကရုဏ်းတွေနဲ့ ဒင်းကြမ်း ပြည့်နှက်နေခဲ့ဖူးပါတယ်။ ဒါကို စင်္ကာပူနိုင်ငံရဲ့ ခေါင်းဆောင် ဝန်ကြီးချုပ် လီကွမ်ယုဟာ ဘယ်လို ဖြေရှင်းခဲ့ပါသလဲ။ စင်္ကာပူနိုင်ငံအစိုးရဝန်ကြီးအဖွဲ့ဟာ ဘယ်လို ပေါ်လစီမျိုးတွေ ချပြီးတော့ လူဦးရေနိုင်ငံရေး (တနည်း) ဒီမိုဂရပ်ဖီ ကို ဘယ်လို စီမံခန့်ခွဲခဲ့သလဲ။ ဒါတွေကို သင်ခန်းစာယူနိုင်တယ်၊ အတုယူနိုင်တယ်။ လေ့လာနိုင်ပါတယ်။ ဒါ့ကြောင့် ဘာသာရေးအရ ၊ လူမျိုးရေးအရ ရက္ခိုင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်အကြားမှာ ဘယ်လို ဖြေရှင်းမလဲဆိုတာ ကြိုတင်ပြင် ဆင်ထားရမယ့် ပေါ်လစီ အထုပ်အပိုးတွေ အထူးလိုအပ်ပါတယ်။

နိဂုံးချုပ်

ရက္ခိုင်တော်လှန်ရေးရင့်မှည့်ချိန် (ရင့်ကျက်သောအဆင့်)

၂၀၂၁ – ၂၀၂၂ ခုနှစ် အချိန်ကာလဟာ၊ ရက္ခိုင်တော်လှန်ရေး ရင့်မှည့်ချိန်လို့ ယူဆပါတယ်။ ရင့်မှည့်ချိန်မှာ သီးပွင့်ရ မယ့် အမျိုးသားရေးအသီးအပွင့် တချို့ကိုလည်း ထင်ထင်ရှားရှား မြင်တွေ့နေရပါတယ်။ သို့သော်လည်း ဒီအချိန်ဟာ ရက္ခိုင်အမျိုးသားနိုင်ငံတော် မွေးဖွားဖို့ စတင်ခြင်းရဲ့ နိဒါန်းပျိုးချိန်သာ ဖြစ်နေပါသေးတယ်။ ဆက်ရန်၊ လျှောက်ရန် များစွာ ကျန်နေပါသေးတယ်။ သို့သော် အနှစ်နှစ်အလလက ပျိုးထောင်ပြုစုလာခြင်းရဲ့ အကျိုးဆက်တွေကို အုံလိုက် ကျင်းလိုက် ထုလိုက်ထည်လိုက် မြင်တွေ့နေရပါတယ်။ ဘောက်ဖက်ထဲက လိပ်ပြာလေးက၊ ၂၀၀၉ ခုနှစ် ဧပြီလ မှာ စတင်သန္ဓေတည်လာခဲ့တယ်။ ထို့နောက် ဘောက်ဖက်ထဲက ရုန်းထဖို့ ကြိုးစားရင်း အတောင်အလက်တွေ စုံလင် ပြီး လူလားမြောက်လာတယ်။ ထို့နောက် ထမြောက်ပျံသန်းပြီး နယ်လှည့်ခြေဆန့်ခဲ့တယ်။ အခုတော့ အတောင်စုံပြီ ဆိုတဲ့ လိပ်ပြာလေးဟာ ရင့်ကျက်တဲ့အဆင့်ကို ရောက်ပြီး သီးဖို့ ပွင့်ဖို့ ဖြစ်လာပါပြီ။ ၎င်းအသီးအပွင့်တွေကနေ သန္ဓေသားတစ်ခု ပြန်လည် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ ဒီအချိန်ဟာ ရက္ခိုင့်နိုင်ငံတော် မွေးဖွား ဖို့ စတင်ခြင်းရဲ့ နိဒါန်းလို့ ပြောတာ ဖြစ်ပါတယ်။ လွန်ခဲ့သော (၁၃) နှစ်တာကာလက အချိန်တွေကဲ့သို့ တွက်ဆ ကြည့်ကြပါစို့။

လွန်ခဲ့သော (၁၃) နှစ်ကာလက လူလေး ဆယ်ဂဏန်းလောက်နဲ့ စီနီယာလူမျိုးစုလက်နက်ကိုင်ခေါင်း​ဆောင်ကြီး တချို့ လက်ဆောင်ပေးတဲ့ လက်နက်ကလေး အနည်းငယ်နဲ့ သာမန်ညောင်ည လက်နက်ကိုင်သူပုန်အဖွဲ့လေး လောက်ကနေ စတင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (အေအေ)ဟာ အခုဆိုရင် ရက္ခိုင်တစ်မျိုးသားလုံးရဲ့ အမျိုးသား တပ်တော်တစ်ခု အဖြစ် ရှိနေပါပြီ။ ဒါဟာ လက်တွေ့ အခြင်းအရာဖြစ်ပါတယ်။ လက်တွေ့ အရှိပကတိကို တင်ပြခြင်း ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်းမှာ အစဉ်အလာနဲ့ အင်အားကြီးမားပါတယ်ဆိုတဲ့ မြန်မာစစ်တပ်ကို ပြန်လည် စီးပိုးထားနိုင်ခြင်းဟာ အလကားပဲတင်း ရခဲ့တာ မဟုတ်ပါ။ ယခုလည်း နောင် (၁၀) ကျော် အချိန်ကာလတွေကို ပြန်လည် မျှော်ရည်ပြီး အားသစ်လောင်းဖို့ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဟာ အဆိုးဖြစ်ပေမယ့် အဆိုး ထဲက အကောင်းတွေလည်း ရှိပါတယ်။ အကျပ်အတည်းကြားမှာ အခွင့်အလမ်းဆိုတာ တွေ ပေါ်တတ်ပါတယ်။ ဒါကို ဆုပ်ဆုပ်ကိုင်ကိုင် လုပ်ဆောင်ဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးရဲ့ နောက်ဆက်တွဲ အနေနဲ့ ရက္ခိုင့်တပ်တော်သန္ဓေတည်ခြင်း ဖြစ်ရပ်ကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ယခု ၂၀၂၁ – ၂၀၂၂ ခုနှစ် မြန်မာ့နွေဦးတော်လှန်ရေးရဲ့ လှိုင်းကို စီးပြီး “ရက္ခိုင့်အမျိုးသားနိုင်ငံတော်” သန္ဓေတည်ခြင်း လုပ်ငန်းစဉ် စတင်ဖို့ ဖြစ်ပါတယ်။

မြန်မာ့အခက် – ရက္ခိုင့်အချက်

ရက္ခိုင်တွေရဲ့ အမျိုးသားရေးအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက်၊ ယခုလက်ရှိ အချိန်ထက် ကောင်းမွန် သာလွန်တဲ့အချိန် မရှိဘူးလို့ ယူဆပါတယ်။ ပြည်တွင်းနိုင်ငံရေးလေထုကို ကြည့်မလား၊ ကမ္ဘာ့နိုင်ငံရေးလေထုကို ကြည့်မလား။ ရက္ခိုင်နိုင်ငံတော်မွေးဖွားဖို့အတွက် အခွင့်အလမ်းကောင်းတွေဟာ မထင်မှတ်ဘဲနဲ့ ပေါ်လာပါတယ်။ လက်တွေ့နိုင်ငံရေးမှာ (Timing) ဟာ အရေးကြီးပါတယ်။ အချိန်ကိုက်လှုပ်ရှားမှုလို့ နားလည်နိုင်ပါတယ်။ ဒါပေမယ့် အခွင့်အလမ်းနဲ့ အတူ အန္တရာယ်တွေ၊ အခုအခံ အတားအဆီးနဲ့ အခက်အခဲ အကျပ်အတည်းတွေလည်း ရှိနေပြီး ဖြစ်ပါတယ်။ “မြန်မာ့အခက် – ရက္ခိုင့်အချက်” လို့ မပြောချင်ပေမယ့်၊ ပြောရပါလိမ့်မယ်။ မြန်မာနိုင်ငံထဲက ဗမာ လူမျိုးစု (တနည်း) ပြည်မက ဗမာတွေအနေနဲ့လည်း ရက္ခိုင်နိုင်ငံတော် ဖြစ်မြောက်ရေးကို လိုလားထက်သန်တဲ့ သဘောထားအမြင်တွေ ထုလိုက်ထည်လိုက်တွေ့မြင်နေရပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ ကြွေးကြော်သံနဲ့တင် ရပ်မနေဘဲ၊ ဖက်ဒရယ်အဆင့်ထိ တက်လှမ်းတဲ့ နိုင်ငံရေးလေထုကို ရက္ခိုင်တစ်မျိုးသားလုံး ကြားသိနိုင်ပါတယ်။ ဒါ့အပြင် လူမျိုးစုတိုင်းရင်းသားတွေထဲမှာ ကွန်ဖက်ဒရေးရှင်း လေသံကို ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောကြားရဲတာ။ ထို့နောက် ရက္ခိုင်တွေရဲ့ ရက္ခိတလမ်းစဉ်အတိုင်း နိုင်ငံတော်သစ်ကို ရည်မှန်းတယ်ဆိုတဲ့သဘောထားတွေကို ကာယကံမြောက် ထုတ်ဖော်ပြောပြီး လက်တွေ့ ဖြစ်နိုင်ခြေတွေကို ပြသနိုင်တာဟာ – လက်ရှိ မြန်မာနိုင်ငံအတွင်း က လူမျိုးတွေထဲမှာ ရက္ခိုင်လူမျိုးက လွဲလို့ ဘယ်လူမျိုး၊ ဘယ်လူမျိုးစုလက်နက်ကိုင်အဖွဲ့ကမှ မပြောနိုင်သေးပါ။ ပြောနိုင်စွမ်း မရှိသေးပါ။ ဗမာလူထုဟာ အပြောင်းအလဲ မြန်တတ်ပါတယ်။ လောလောဆယ်အားဖြင့် နွေဦးတော်လှန်ရေး ကျပ်တည်းနေချိန်မှာ၊ ရက္ခိုင်အမျိုးသားတွေရဲ့ ခွဲထွက်ရေးအိပ်မက်ကို အားပေးအားမြှောက် ပြုကောင်း ပြုမယ်။ သို့သော်လည်း နောင်မှာ သိပ်မသေချာပါ။ ဒါ့ကြောင့် လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်တဲ့ နိုင်ငံရေးအင်အားစု (တနည်း) တော်လှန်ရေးအင်အားစုတွေကိုလည်း ခိုင်မာ၍ ကျစ်လစ်သော “နိုင်ငံရေးပဋိဉာဉ်” နဲ့ အထူး တုပ်နှောင်ထားဖို့ လိုပါတယ်။ သို့မဟုတ်ရင်တော့ ရန်သူအသစ်တိုးသလို ဖြစ်နိုင်ပါ တယ်။ ဒါပေမယ့် လောလောဆယ်အားဖြင့်တော့ ဗမာအင်အားစုတွေနဲ့ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းခဲ့သည်ရှိသော်၊ ရက္ခိုင်အင်အားစုတွေဘက်က အသာစီးရနိုင်တဲ့ ဥတုရာသီမျိုးမှာ ရှိနေတာကြောင့်၊ ဒါကို အခွင့်အလမ်းတစ်ခုအနေ နဲ့ မြင်ပြီး၊ လုပ်သင့်လုပ်ထိုက်တာကို ခပ်သွက်သွက် လုပ်ကြဖို့ ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း ရက္ခိုင်တွေရဲ့ အမျိုးသားနိုင်ငံတော် မွေးဖွားခြင်းနဲ့ပတ်သက်ပြီး ပြင်ဆင်သင့်တဲ့ နိုင်ငံတကာလက်တံတွေကို အထူးပြု တည်ဆောက်ထားဖို့လည်း လိုကြောင်း တင်ပြလိုက်ရပါတယ်။

မင်းသေ့

ည ၈း ၂၈

၁၁ ၊ ဧပြီလ၊ ၂၀၂၂။

Previous post ဒေါ်ခင်ရီ၏ ခင်ပွန်း ဒေါက်တာသန်းထွန်း
Next post ကိုငြိမ်းချမ်းရေးတဲ့ စာ