ခံစားချက်နဲ့ပတ်သက်ရင် လူတွေဟာ လျှို့ဝှက်ချက်တွေ များလိုက်တာ။ သိုဝှက်ရတာတွေ၊ ဖုံးကွယ်ရတာတွေ၊ ဟန်ဆောင်ရတာတွေ။ ခံစားချက်ဟာ ဖွဲမီးလို တငွေ့ငွေ့ အုံပုန်းလောင်ကျွမ်းနေတာဟာ ပြင်းထန်တဲ့ ဝေဒနာလို့ ကျနော် ပြောချင်တယ်။ ဖော်ပြခွင့်မရတဲ့ ခံစားချက်​တွေ ဘယ်လောက်များပြားနေမလဲ။ လူရယ်လို့ ဖြစ်လာရင်၊ အကြောင်းရေစက်တွေကို မျှော်ကိုးတောင့်တနေတာကလည်း သောကဒုက္ခပဲ မဟုတ်လား။ အဲသည့် သောကဒုက္ခ ကိုပဲ တမြေ့မြေ့ သိုသိပ်ခံစားရင်း၊ အနုပညာအဖြစ် ယိုစီးပေါက်ကျလာတယ်လို့ ကျနော် ထင်တယ်။

ကျနော်ဟာ အနုပညာသမား မဟုတ်ပါ။ သို့သော်လည်း အနုပညာသမားတွေရဲ့ စိတ်ခံစားချက်နဲ့ သူတို့ရဲ့ အဇ္ဈတ သဘာဝ စိတ်ဝင်စားတယ်။ ထို့နောက်… ချစ်တယ်။

  • ခင်ဝမ်းရဲ့ စိတ္တဇပန်းချီကို ဖတ်တယ်။
  • နိုင်ဇော်ရေးတဲ့ စိုင်းထီးဆိုင်၏ ပုံတူကောက်ကြောင်းကို ဖတ်တယ်။
  • ခင်မောင်တိုး အမှတ်တရစာစုတွေဖြစ်တဲ့ မဟာဆန်သူရဲ့ ဒဏ္ဍာရီကို ဖတ်တယ်။

သီချင်းဂီတမှာ မြုပ်ဝင်နေတဲ့ စိတ်ရဲ့သွင်ပြင်တွေကို ကျနော် လိုက်ရှာမိတယ်။ အဲသည့်ထဲမှာ တေးရေးဆရာနဲ့ သီချင်းတွေထဲက ဒဿနနဲ့ ခံစားချက်ကို အပူတပြင်းလိုက်ရှာတယ်။ အခုလည်း ဖိုးကာရဲ့ “ငါ့ရဲ့လျှို့ဝှက်ချက်” တဲ့။

စိုင်းထီးဆိုင်ရဲ့ သီချင်းတစ်ပုဒ် ရှိသေးတယ်။ “အချစ်ဆိုတာ လျှို့ဝှက်ချက် တစ်ခုပါ” တဲ့။ ကျနော် အကြိုက်ဆုံးဝတ္ထု တွေထဲက ဂျူးရဲ့ ဝတ္ထု တစ်အုပ်ရှိတယ်။  “မိန်းမတစ်ယောက်၏ ဖွင့်ဟဝန်ခံချက်” တဲ့။ အချစ်မှာ လျှို့ဝှက်ရတာတွေ များတာဟာ သဘာဝလား။

ဖွင့်ဟခွင့်မရတဲ့ ခံစားချက်တွေကို အနုပညာအားဖြင့် သွန်ဖောက် အန်ချပစ်လိုက်ခြင်းဟာ ပြင်းပြတဲ့ဝေဒနာ အတွက် သက်သာရာ ဆေးတစ်ခွက်လား။ ကျနော် မသိပါ။ ကျနော် မသိနိုင်ပါ။ ကျနော်ဟာ အနုပညာသမား မဟုတ်လို့ ကျနော် တကယ် မသိနိုင်ပါ။ သို့သော် ကျနော့်နှလုံးသားက သိတာ ရှိပါတယ်။ မြှုပ်ထားတဲ့ ခံစားချက် တွေကို အလိုလို သိနားလည်စွမ်းရှိသတဲ့။ နှလုံးသားဟာ သူစွဲလမ်းတဲ့အရာကို သိနားလည်နေတာ မဆန်းပါဘူး။ စွဲလန်းလေလေ သိနားလည်ချင်စိတ် ပိုလေလေ မဟုတ်လား။

ဖိုးကာရဲ့ သီချင်းဟာ ကျနော် ဆယ်ကျော်သက်အရွယ်လောက် ပေါ်ခဲ့တာ ဖြစ်မယ်။ ခုနှစ်သက္ကရာဇ် တိတိကျကျ ကျနော် မသိပါ။ ဖိုးကာရဲ့ ကနဦးဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်ပါလိမ့်မယ်။ ၂၀၀၇ လောက်မှာ ကျနော် ဆယ်တန်းကျောင်းသား။ အသက် (၁၅) လောက်။ အနည်းငယ် ခံစားနားလည်နေတတ်ပြီ။ အဲသည့်ကာလ ရှေ့ပိုင်း က ထွက်ခဲ့တဲ့ သီချင်းဖြစ်လိမ့်မယ်။ အခု အသက် (၃၀) မှာ ဆယ်ကျော်သက်အရွယ်က ရင်ခုန်မှုမျိုးကို၊ ဒီသီချင်းက ပြန် နှိုးဆွလိုက်တယ်။ ဘာ့ကြောင့်… အဘယ့်ကြောင့်။

ခံစားချက်တွေကို အဖြေထုတ်နေရတာ ကျနော် စိတ်မဝင်စားပါ။ ခံစားချက်ဟာ အဖြေထုတ်စရာလည်း မဟုတ်။ သူ့ချည်းသက်သက်နဲ့ လှပြီးသား။ အဖြေထုတ်လိုက်မှ အရုပ်ဆိုး အကျည်းတန်တာတွေ ဖြစ်ကုန်မှဖြင့်၊ ဒုက္ခ။ ဒါ့ကြောင့် ခံစားချက်တွေကို သီးသီးသန့်သန့် ထားဖို့ပဲ ကျနော် အလိုရှိခဲ့တယ်။

  • ရင်ထဲ မင်းကြည့်လိုက် အချစ်ရယ်
  • မောပန်းလွန်းနေပြီ
  • အချစ်အကြောင်း မသိတဲ့ မင်းရဲ့ အပြုံး
  • ရင်ကို ခြွေတဲ့ပန်းများ ပွင့်
  • နှလုံးသားလှတဲ့ အကြည့်တွေ
  • ငါ ရင်ဆိုင်နိုင်ဖို့ မလွယ်
  • ရင်ထဲ သိမ်းဆည်းထားတဲ့အကြောင်းတွေ
  • တကယ် မွန်းကျပ်နေပြီ

ရင်ခုန်ပါများလို့ မွန်းကြပ်တာကို ခံစားဖူးမပေါ့။ ရင်ဖိုစရာတွေ များရင်လည်း မွမ်းကြပ်တယ်လေ။ ငယ်ငယ်တုန်းက တော့ ကဗျာနဲ့ သွန်ချတယ်။ ဒိုင်ယာရီစာအုပ်ထဲမှာ ဖွင့်ချတယ်။ နောက်တော့ ဝတ္ထုလို သွန်ချ။ သီချင်းလို ဖွင့်ဟ။ ခံစားချက်မပါရင် အနုပညာ အလုပ်ဟာ ဘာမှ လုပ်လို့ မရဘူးနော်။

လူတစ်ယောက်ဟာ ဘယ်လောက် မွန်းကြပ်လိုက်မလဲ။ လျှို့ဝှက်သိမ်းဆည်းထားရတဲ့အရာတွေအတွက် မဖွင့်နိုင်၊ မအန်နိုင်၊ မသွန်ချနိုင်။ ပွင့်လင်းခွင့် မရ၊ ဖော်ပြခွင့် မရ။ ဒါ့ကြောင့် တေးရေးဆရာက အခုလို ရေးတယ်။ “ရင်ထဲကို မင်းကြည့်လိုက်ပါ အချစ်ရယ်” “မောပန်းလွန်းနေပြီ” တဲ့။ မင်းကတော့ အချစ်အကြောင်း ဘယ်သိပါ့မလဲ။ ဒီလူမှာ ကတော့ မင်းရဲ့ အပြုံးကြောင့် ရင်မှာ ပွင့်တဲ့ပန်းတွေ အခြွေခံရနေပြီ။ ချစ်ခြင်းအစ အကြည့်ကလို့ ဆိုတယ် မဟုတ် လား။ နှလုံးသားလှတဲ့ အကြည့်တွေကို ငါအတွက် ရင်ဆိုင်ရတာ မလွယ်ဘူး။ ငါ ဖွင့်ဟချင်တဲ့ အကြောင်းတွေ များလွန်းမက များနေပြီ။ အချစ်ရယ်….တကယ် မွန်းကျပ်နေပါပြီ…တဲ့။

  • မဝံ့ရဲတဲ့ အငွေ့အသက်လေးလို
  • ခိုလှုံရာ မျှော်လင့် နှလုံးသားနဲ့
  • သူငယ်ချင်း မဟုတ်တဲ့ မင်း အသည်းနှလုံး
  • ရင်ခုန်လာချိန် စောင့်မယ်
  • မင်းနဲ့ နီးချင်ပြီ
  • မင်းအချစ် ရချင်ပြီ
  • ရင်မှာ အကြောင်းပြချက် ဘာမှ မရှိ
  • ချစ်ခဲ့မိ….
  • သူ့ပြောင်းလဲချိန်လေး
  • ရှင်သန်ခြင်းအသိမှာ
  • မျောလွင့်ခွင့် …
  • စောင့်စားခဲ့သည်

ဖွင့်ဟဖို့ မဝံ့မရဲ။ နှလုံးသားက မျှော်လင့်။ မင်း ရင်ခုန်လာချိန်ကို ငါ့စောင့်ပါ့မယ်။ မင်းနဲ့ နီးချင်ပြီ။ မင်း အချစ်ရချင်ပြီ။ မင်းနဲ့ နီးချင်တာ၊ မင်းအချစ်ရချင်တာဟာ ဘာအကြောင်းပြချက်မှ မရှိပါ။ မင်း ပြောင်းလဲလာချိန်ကို ငါ စောင့်ပါ့မယ်။ အသက်ရှင်သန်နေတုန်းမှာ မျောလွင့်ခွင့်ရတာကိုက ငါ ကံကောင်းလှတယ်။ ငါ့ စောင့်ပါ့မယ်။ ငါ စောင့်ပါ့မယ်။ မဝံ့မရဲစွာ မင်းအငွေ့အသက်လေးမှာ တိတ်တဆိတ်ခိုလှုံ့ပြီး မင်း ရင်ခုန်လာချိန်ကို ငါ စိတ်ရှည်ရှည်နဲ့ စောင့်နေပါ့မယ်။

  • သူ့နှုတ်ခမ်းလေးများထက်မှာ ငါ လွမ်းတတ်ခဲ့ပြီလား
  • သိမ်မွေ့နူးညံ့တဲ့ စကားတွေ
  • ရင်မှာလောင်ကျွမ်း ပန်းများပွင့်
  • ငါ မင်းရဲ့ နွေးထွေးမှုမှာ
  • မဖြူစင်နိုင်တော့သူ…
  • အချစ် မင်း မသိတဲ့ လျှို့ဝှက်ချက်
  • ငါ ခံစားရင်း ရူးပြီပေါ့
  • ငါ မင်းနှလုံးသား အဆုံးအဖြတ်လေး
  • ရင်ဆိုင်နိုင်ဖို့ သိပ်ခက်လို့
  • သူငယ်ချင်း
  • ငါ့အတွက် လွမ်းတတ်ရင်
  • အချိန်မီ ပြန်ခဲ့မယ်

မင်း နှုတ်ခမ်းလေးကို ငါ လွမ်းတတ်နေပြီ။ မင်းရဲ့ နူးညံ့သိမ်မွေ့တဲ့စကားတွေဟာ ရင်ထဲမှာ လောင်ကျွမ်း တောက် လောင်နေပြီ။ ငါ မဖြူစင်နိုင်တော့ဘူး။ ငါ မဖြူစင်ချင်တော့ဘူး။ ဖြူစင်ခြင်းကို ငါ အလို မရှိတော့ဘူး။ မင်းရဲ့ နွေးထွေးမှုမှာ ငါဟာ ရူးနေပြီ။ ငါ ဒီလို ဖြစ်နေတာ မင်း မသိပါဘူး။ ဒါဟာ မင်း မသိတဲ့ လျှို့ဝှက်ချက်ပါကွယ်။ ငါ သိပ်ကြောက်တယ်။ ငါ မင်းနှလုံးသားရဲ့ အဆုံးအဖြတ်ကို ရင်ဆိုင်နိုင်ဖို့ သိပ်ခက်နေတယ်။ တကယ်တော့ ငါ့အတွက် မျှော်လင့်ချက် သိပ် မရှိပါ။ မင်းရဲ့ အဖြေဟာ ငါ့အတွက် ပျော်စရာ ဖြစ်ကောင်းမှ ဖြစ်မယ်။ ငါ့မှာတော့ ရူးလိုက်ရတာ။ မင်းကတော့ သိမယ် မထင်ဘူး။

  • သူ့အပြုံး သူ့အမုန်း
  • ငါ့အရှုံး တွေ့မလား
  • ငါ့ အသွေး ငါ့အသက်
  • ငါ့ဘဝ တစ်ခုပါ

မဝံ့မရဲ ဖွင့်ဟလိုက်လို့ သူ ငါ့ကို မုန်းသွားမလား။ သူ့နှလုံးသားက အဖြေဟာ ငါ့အတွက် အရှုံးပဲ ဖြစ်မလား။ မင်း အချစ်ဟာ ငါ့အသွေး ငါ့အသက် ငါ့ဘဝ တစ်ခုပါ…တဲ့။

  • မင်းနဲ့ နီးချင်ပြီ
  • မင်း အချစ် ရချင်ပြီ
  • ရင်မှာ အကြောင်းပြချက်
  • ဘာမှ မရှိ
  • ချစ်ခဲ့မိ
  • သူ့ ပြောင်းလဲချိန်လေး
  • ရှင်သန်ခြင်းအသိမှာ
  • မျောလွင့်ခွင့်
  • စောင့်စားခဲ့သည်

တကယ်တော့ ကျနော်တို့ယောက်ျားတွေမှာ၊ မဝံ့မရဲနဲ့ မျှော်လင့်ချက်မဲ့၊ စိုးရိမ်ချက်နဲ့ စိတ်တထင်ထင့် ရှင်သန်နေခဲ့ ရဖူးတဲ့ အခိုက်အတန့် တချို့ ရှိခဲ့ဖူး၊ ကြုံခဲ့ဖူးကြပါတယ်။ “ငါများ အငြင်းခံလိုက်ရရင်” ဆိုတဲ့ စိုးရိမ်ချက်ဟာ တကယ့် စိတ်ဝေဒနာတစ်ခုလို တဆစ်ဆစ်နာချင်နေခဲ့ဖူးတယ်။ “ငါ့အပြုအမူကြောင့် ငါ့ကို မုန်းသွားမလား” ဆိုတဲ့ စိုးထိတ်မှု ကလည်း ဉာဉ့်နက်သန်းခေါင်တွေအထိ လှိုက်နှိုးလို့၊ အိပ်မရနိုင်ခဲ့ကြပါ။ တကယ်ချစ်သူတွေဟာ အငြင်းပယ်ခံရစေ အုံးတော့… “အရှုံး” လို့ မတွက်တော့ပါ။ အချစ်ကို အချစ်အတိုင်းသာ ထားလိုက်ကြဖို့သာ နှလုံးသွင်းလိုက်ကြပါ တော့တယ်။ အရှုံးကို ရင်မဆိုင်ရဲတဲ့ ယောက်ျားတွေကတော့ ဖွင့်ဟခြင်းကိုသာ ပြုမူတယ်။ အဖြေတောင်းခြင်းကို မပြုမူကြ။

ဒါ့ကြောင့်…

  • “ငါ မင်းကို ချစ်တယ်”
  • “ဒါပေမယ့် မင်းငါ့ကို အဖြေပေးရန် မလို” တဲ့ ။

မင်းသေ့

၁၉၊ ဇန်နဝါရီ၊ ၂၀၂၂။

Previous post စာအုပ်တွေကြားက အကျဉ်းသား
Next post စစ်ရေးရလဒ် ဘာလဲ ၊ ဘယ်လဲ