နှစ်သစ်ကူးကာလရက်ပိုင်းအတွင်းမှာပဲ၊ နှစ်သစ်နဲ့အတူ စိတ်သစ် ခွန်အားသစ် တိုးစေမယ့်အပြုအမူ တချို့ တွေ့လိုက်ရပါတယ်။ အဲဒါတော့ … မြန်မာ့နွေဦးတော်လှန်ရေးခေါင်းဆောင်တွေရဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ ကြီးမား သော အပြောင်းအလဲ ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ ကိစ္စပါပဲ။ တော်လှန်ရေးဟာ အီနေရင်၊ ညောင်းနေရင် တဖြည်း ဖြည်းနဲ့ သက်လုံကျနိုင်တယ်ဆိုတာကို အားလုံးက သိမှတ်လက်ခံဟန်တူပါတယ်။ စစ်ကောင်စီဘက်ကလည်း ၂၀၂၂ နှစ်ဦးပိုင်းမှာကို ကြီးမားသော ထိန်းချုပ်မှုတွေနဲ့ အသာစီးရအောင် လုပ်မယ်လို့ မစ်ရှင် ချထားတာ ထင်ရှားပါ တယ်။ လူမျိုးစုလက်နက်ကိုင်ခေါင်းဆောင်တွေဘက်ကတော့ နှစ်သစ်မှာ မျှော်လင့်ချက်သစ်ဖြစ်အောင် ပြောတာ မျိုး မရှိ။ သူတို့အလုပ်က လူထုကို စိတ်အားသစ်လောင်းပေးတာမျိုးထက်၊ လက်တွေ့စစ်ရေးရလဒ်နဲ့ လူထုကို မြူး တူးစေတာလို့ နားလည်နိုင်တယ်။ နိုင်ငံရေးတစ်ပိုင်းတော်လှန်ရေးခေါင်းဆောင်တွေကတော့ နိုင်ငံရေးသမားလေသံ နဲ့ လူထုကို လှုံ့ဆော်တာလို့ နားလည်တယ်။ သို့သော်လည်း လှုံ့ဆော်ရုံသက်သက် မဟုတ်။ တကယ်လည်း စစ်ရေး ရလဒ် တစ်ဆစ်ချိုး အပြောင်းအလဲ ဖြစ်နိုင်ဖို့ ကြိုးစားနေကြတယ်။ လူထုကိုယ်တိုင်ကလည်း ၂၀၂၂ ခုနှစ် အတွင်းမှာ ပွဲသိမ်းရိုက်ချက်နဲ့ အဆုံးသတ်တိုက်ပွဲကို ကြုံကို ကြုံရလိမ့်မယ်လို့ မျှော်လင့်ထားတယ်။ ဒါ့ကြောင့်လည်း အခုထိ မငြီးငြူဘူး။ လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်နေတယ်။ ကိုယ်စီတာဝန်ကျေဖို့ ကြိုးစားနေကြတယ်။

ကမ္ဘာစစ်နဲ့ ပြည်တွင်းစစ်

နိုင်ငံအနေနဲ့ ကြည့်ရင်၊ ဒီပွဲဟာ တစ်ဘက်ဘက်က ပြတ်ပြတ်သားသား နိုင်မှကို ဖြစ်မယ့်ပွဲလို့ ထင်တယ်။ စစ်ဟာ ကြာညောင်းရင်း နှစ်ဖက် အထိနာတာအသာထား၊ တိုင်းပြည်ကတော့ အတော်ဆုတ်ပြတ်သွားလိမ့်မယ်။ ကမ္ဘာစစ် မှာ အချိန်ကာလ တိတိပပ ရှိတယ်။ နောက်ဆုံး အနိုင်အရှုံး ပြတ်သားအောင် လုပ်ကြသလို၊ ကိုယ်ရှုံးရင် ကိုယ့်အရှုံး ကို လက်ခံကြလို့ ပွဲပြီးရင် အားလုံး ပြန်လည် ထူထောင်ရေးတွေ လုပ်နိုင်ကြတယ်။ တစ်ဖက်ကလည်း ပြတ်ပြတ် သားသား လက်နက်ချ အညံ့ခံလိုက်ကြတယ်။ ဒါပေမယ့် ပြည်တွင်းစစ်မှာ အဲသည်လို မဟုတ်ဘူး။ နိုင်ငံတကာ နိုင်ငံရေးသမိုင်းကို လေ့လာကြည့်ရင်၊ ကမ္ဘာစစ်ဒဏ်ကြောင့် နိုင်ငံတွေ ပျက်စီးဆုံးရှုံးတယ်၊ လူသားတွေ သေကြေမှု ဟာ သန်းနဲ့ ချီ ရှိတယ်လို့ ဒုလိုက်ဒေးလိုက် ကိန်းဂဏန်းတွေကို ပြသကြတယ်။ ကမ္ဘာစစ်ဟာ ပျက်စီးဆုံးရှုံးမှုကြီးပါ တယ်။ သို့သော်လည်း ပြည်တွင်းစစ်တာရှည်တဲ့နိုင်ငံတွေ အားလုံးရဲ့ စုစုပေါင်း သေကြေပျက်စီးမှု ပေါင်းလဒ်ကို ကြည့်ရင် ကမ္ဘာစစ်ထက်တောင် အထိနာတယ်လို့ ဆိုနိုင်တယ်။ ပြည်တွင်းစစ်က တဖြည်းဖြည်း အိကျပြုဆင်းသွား တာ။ နိုင်ငံတွင်းမှာ ရှိတဲ့ လူထုဟာ အိပဲ့အိပဲ့နဲ့ အသက်ဆုံးရှုံးကုန်ကြရတာ။ တပြိုင်နက်တည်း ချက်ချင်းလက်ငင်း မဟုတ်ပေမယ့်၊ တဖြည်းဖြည်းချင်း ယိုယွင်းကျဆင်းလာတာ။

ပွဲချင်းပြီး – တမြေ့မြေ့

ကမ္ဘာစစ်ဟာ အက်စီးဒင့်ကြောင့် ရုတ်တရက် ချက်ချင်း ပွဲချင်းပြီး သေသွားတဲ့လူတစ်ယောက်နဲ့ တူတယ်။ ပြည်တွင်းစစ်ဒဏ်ခံရတဲ့ပြည်သူတွေကတော့ စစ်ကြောရေးမှာ ဖက်ဆစ်ထက်ဆိုးတဲ့ နှိပ်စက်မှုနဲ့ ကြုံရသလို၊ အသက်လည်း ချက်ချင်း မသေ။ ဝေဒနာလည်း တအိအိနဲ့ ပြင်းထန်စွာ ခံစားရ။ စိတ်ဝေဒနာရော၊ ကိုယ်၏ ဒုက္ခ ရော ခံစားရပြီး ချက်ချင်း အသေမသတ်ဘဲ မျှင်းသတ်သလို ခံစားရတဲ့သူနဲ့ တူတယ်။ ကမ္ဘာပေါ်မှာ ဖြစ်ပြီးခဲ့သော တိုင်း နိုင်ငံအသီးသီးက ပြည်တွင်းစစ်တွေ အားလုံးရဲ့ စုစုပေါင်း ကုန်ကျစရိတ်ကို ဘယ်ပညာရှင် ဘယ်အဖွဲ့အစည်းကမှ တိတိကျကျ မတွက်ချက်နိုင်ပါဘူး။ ကမ္ဘာစစ်အတွက် စုစုပေါင်း ကုန်ကျစရိတ်နဲ့ လူ့အသက်တွေကို အနီးစပ်ဆုံး ရေတွက်နိုင်ခဲ့ ကြပေမယ့်၊ နိုင်ငံအသီးသီးက ပြည်တွင်းစစ်ကြောင့် ကုန်ကျတဲ့ စရိတ်နဲ့ လူ့အသက်တွေကို ဘယ်သူ ကမှ တိတိကျကျ မရေတွက်နိုင်ခဲ့ကြပါဘူး။ ရေတွက်လို့လည်း မရပါဘူး။

၂၀၂၂ နှစ်မကုန်ခင်

မြန်မာ့နွေဦးတော်လှန်ရေးဟာ ရလဒ် ပြတ်ပြတ်သားသား ပေါ်မှကို ဖြစ်မယ်။ ၂၀၂၂ ခုနှစ် နှစ်မကုန်ခင်မှာ၊ သိသာ သော စစ်ရေးရလဒ် တစ်ဆစ်ချိုး အပြောင်းအလဲကို ပြည်သူလူထုက မျှော်လင့်နေပါတယ်။ ဘယ်နိုင်ငံရေးပယောဂ မှ ပူးဝင်မနေတဲ့ ရိုးရိုးသာမန်အောက်ခြေပြည်သူ တစ်ယောက်အနေနဲ့ လိုလားတဲ့ ဆန္ဒ တစ်ခု ရှိပါတယ်။ အဲဒါကတော့… “ဘယ်ဘက်က နိုင်နိုင်၊ တစ်ဖက်ဖက်ကတော့ နိုင်လိုက်တာ ကောင်းတယ်၊ သို့မဟုတ်ရင် တိုင်းပြည်လည်းပျက်မယ်၊ လူထုရဲ့နေ့စဉ်ဘဝလည်း တဖြည်းဖြည်း ပွန်းပြတ်ပြတ်မယ်”။

တောင့်ခံနိုင်ရင်…တဲ့

တော်လှန်ရေးဟာ အီလို့ မရပါ။ ညောင်းလို့မရပါ။ ယခု စစ်ကောင်စီဘက်ကလည်း မနိုင်ပါ။ တော်လှန်ရေးအင်အား စုတွေဘက်ကလည်း တော်လှန်ပုန်ကန်နေဆဲသာ ဖြစ်တယ်။ ပြတ်ပြတ်သားသား ဘယ်ဘက်ကမှ အနိုင်မရသေးပါ။ လွန်ဆွဲတာ အားပြိုင်တာတွေက ဒင်းကြမ်း ပြည့်နှက်နေပါလိမ့်အုံးမယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာ ပြတ်ပြတ်သားသား စစ်ရေးရလဒ် ထွက်ကို ထွက်မှ ရမယ်လို့ ထင်ပါတယ်။ မြန်မာစစ်တပ်ရဲ့ နောက်ခံသမိုင်းကို လေ့လာကြည့်ရင်၊ “တောင့်ခံနိုင်ခဲ့လို့သာ” နောက်ပိုင်းမှာ တဖြည်းဖြည်း အသာစီးရခဲ့တာတွေ့ရတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း ဖြစ်တဲ့ ပြည်တွင်းစစ် ဖြစ်ရပ်တွေကို ခြုံငုံပြီးကြည့်ရင် ဒီအဖြေထွက်တယ်။

ဒီနေရာမှာ အသာစီးရသွားခဲ့တယ်လို့ ပြောတာသာ ဖြစ်တယ်။ မြန်မာစစ်တပ်လည်း ချက်ချင်းလက်ငင်း ပြတ်ပြတ် သားသား အနိုင်ရအောင် စီးစီးပိုးပိုး မလုပ်နိုင်ခဲ့ပါ။ မြန်မာစစ်တပ် လုပ်နိုင်တာက၊ တောင့်ခံတာ၊ ကြံ့ကြံ့ခံတာပဲ ဖြစ်ပါတယ်။ ဒီတော့ အခု မြန်မာ့နွေဦးတော်လှန်ရေးအခင်းအကျင်းမှာလည်း ဒီလိုပဲ တွေ့ရပါတယ်။ လက်ရှိ တည်ဆဲအခြေအနေအရ… မြန်မာစစ်တပ်ဟာ ဘယ်ဘက်မှာမှ မနိုင်သေးပါ။ သို့သော်လည်း တောင့်ခံနေပါတယ်။ ကြံ့ခံနေပါတယ်။ ဘယ်ဘက်ကမှ မနိုင်သေးတဲ့အခြေအနေမှာ၊ နောက်ဆုံးအချိန်အထိ တောင့်ခံနိုင်သူဟာ အသာစီး ရပြီး၊ တဖြည်းဖြည်း ဝက်အူရစ်တင်းနိုင်မယ်လို့ မြန်မာစစ်တပ်ခေါင်းဆောင်တွေက တွက်ဆထားဟန်တူပါတယ်။

အဆုံးသတ်တိုက်ပွဲ မျှော်

မြန်မာစစ်တပ်ဘက်က ကြည့်ရင်၊ နောက်ဆုံးအချိန်အထိသာ တောင့်ခံနိုင်ရင် သူတို့ အသာစီးရမယ်၊ နောက်ဆုံး သူတို့ နိုင်လိမ့်မယ်လို့ တွက်ဆထားမှုဟာ သေချာပါတယ်။ သို့သော်လည်း မြန်မာ့နွေဦးဘက်က ကြည့်ရင်လည်း အမြင် တချို့ရှိပါတယ်။ တော်လှန်ရေးဟာ ကြာလို့ မဖြစ်၊ အီလို့ မဖြစ်၊ ညောင်းလို့ မဖြစ်။ မြန်မြန် သွက်သွက်နဲ့ တစ်ချက်တည်း ပွဲသိမ်းရိုက်နိုင်မှ ပြီးပြတ်မယ်လို့ တော်လှန်ရေးအင်အားစုတွေက တွက်ဆထားပြီးဖြစ်ပါတယ်။ အချိန်ကြာလေလေ၊ တော်လှန်ရေးမှာ ရှုံးနိုင်ချေ များလေလေပါပဲ။ ဒါ့ကြောင့်လည်း အားလုံးက အဆုံးသတ်တိုက်ပွဲ ဆင်နွှဲဖို့ အားခဲနေကြတယ်။ လုံးပန်းနေကြတယ်။

ပြည်တွင်းစစ် တာရှည်

အဆုံးသတ်တိုက်ပွဲဆိုတာ မြန်မာပြည်တွင်းစစ်သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါ။ ဒါ့ကြောင့်လည်း လက်ရှိ အချိန်အထိ ပြည်တွင်းစစ် သက်ဆိုးရှည်တာဖြစ်ပါတယ်။ အဆုံးသတ်တိုက်ပွဲ ဘာ့ကြောင့် မလုပ်နိုင်သလဲဆိုတာကို ပြည်တွင်းစစ်သမိုင်းအကျဉ်းချုပ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးမှာ အတိုဆုံး ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

  • မြန်မာစစ်တပ်မှာလည်း ကျူပင်ခုတ် ကျူငုတ်ပါ မကျန်စေရ ဆိုတဲ့ အမြင်ရှိတယ်။
  • တော်လှန်ရေးအင်အားစုတွေမှာလည်း အပြုတ်တိုက်အပြတ်ရှင်းလမ်းစဉ် ရှိတယ်။
  • သို့သော်လည်း လက်တွေ့မှာ ကျူပင်တွေလည်း ကျန်ပြီး ကျူငုတ်တွေလည်း ရှိနေခဲ့သလို၊ တော်လှန်ရေး အင်အားစုတွေကလည်း အပြုတ်လည်း မတိုက်နိုင်၊ အပြတ်လည်း မရှင်းနိုင် ဖြစ်ခဲ့တယ်။
  • ဒါ့ကြောင့် ပြည်တွင်းစစ်ဟာ တာရှည်ပြီး၊ တိုင်းပြည်ဟာ တဖြည်းဖြည်း အိပဲ့ပြိုဆင်းလာနေတယ်။
  • အခုလည်း ပွဲသိမ်းရလဒ် ဘယ်ဘက်ကမှ မထွက်ရင် နောက်ဆုံးအထိနာမှာ ပြည်သူပဲ ဖြစ်တယ်။ တခြား ဘယ်သူမှ မဟုတ်ဘူး။

ပွဲသိမ်းရလဒ်

တော်လှန်ရေးမှာ ပွဲသိမ်းရလဒ် ထွက်ဖို့အတွက် အရေးအကြီးဆုံးအချက် ရှိတယ်။ အဲဒါကတော့ လက်နက် ထောက်ပို့ရေးကို ဘယ်လောက် ထိထိရောက်ရောက် လုံလုံလောက်လောက် လုပ်နိုင်သလဲဆိုတာက အဆုံးအဖြတ် ပေးသွားမှာ ဖြစ်တယ်။

ဒီအဖြေကို သရုပ်ခွဲကြည့်ပါ။

  • (၁) လက်နက်
  • (၂) ထောက်
  • (၃) ပို့
  • (၄) ထိထိရောက်ရောက်
  • (၅) လုံလုံလောက်လောက်

အခြေခံစကားလုံး (၅) လုံးသာ ရှိပါတယ်။

အခုတွေ့နေရတဲ့ နွေဦးအခင်းအကျင်းဖြစ်ရပ်တချို့ကို ပြောချင်ပါတယ်။ လက်နက်သာ လိုတယ်လို့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောတယ်။ စကားလုံးတိတိကျကျ ပြောရရင်၊ လက်နက်ကိုင်ထားသူက လက်နက်သာ လိုတယ်။ တခြား မလိုဘူး။ စားတာဝတ်တာက ဒေသခံပြည်သူတွေကြားမှာ ကြုံသလို ဖြေရှင်းလို့ ရတယ်။ အဲဒါက လုံးဝ မရေးမကြီးဘူး။ အဓိက အရေးကြီးတာက လက်နက်။ လက်နက်ကိုင်လမ်းစဉ်မှာ လက်နက်သာ အရေးကြီး တယ်။ လက်နက်အတွက် ပြည်သူက ထောက်ပါတယ်။ သို့သော်လည်း ပြည်သူထောက်တိုင်း အရာမရောက်ဘဲ အဟောသိကံ ဖြစ်သွားတာတွေ တွေ့ရတယ်။ အဓိကကတော့ ပို့တဲ့နေရာမှာ ဖြစ်တယ်။ အလွဲသုံးစားလုပ်တာတွေ အနည်းအကျဉ်းတွေ့ရတယ်။ သို့သော် အဲဒါက သဘာဝမို့ ထားလိုက်အုံး။ ပို့တဲ့နေရာမှာ စေ့စေ့စပ်စပ် မလုပ်လို့ ကြားထဲက ဖျောင်ခံရတာ။ ဖမ်းမိသွားတာ။ လိမ်သွားတာတွေ တွေ့ရတယ်။ လူအတော်များများဟာ လူထုက ငွေ အားဖြင့် ထောက်ဖို့သာ လောဆော်နေကြတယ်။ ပို့တဲ့နေရာမှာ အလကား အလဟဿဖြစ်သွားပြီး ၊ လူထုငွေတွေ ဆုံးရှုံးကုန်တာ မပြောကြဘူး။ ဒါဟာ လှိုက်နေတဲ့ကိစ္စဖြစ်နေတယ်။ ဒါကို ဘယ်သူမှ အခုထိ မဖြေရှင်းနိုင်သေးဘူး။

နောက်ဆုံးနှစ်ချက်က ထိထိရောက်ရောက်နဲ့ လုံလုံလောက်လောက်ဖြစ်တယ်။ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေဆီကို ရောက်သွားရင်တော့ ထိထိရောက်ရောက် ရှိပြီးသားဆိုတာ ပြောဖို့ မလိုဘူး။ သို့သော် သူတို့မှာ လုံလောက်မှု အခက်အခဲ ရှိနေတယ်။ တချို့လည်း လက်လုပ်တူမီးကို အခုထိ သုံးနေရဆဲဖြစ်တယ်။ တကယ့် တိုက်ပွဲဖြစ်ရင် တူမီးဟာ အလုပ်မဖြစ်ဘူးလို့ သူတို့ အတွေ့အကြုံနဲ့ ကောင်းကောင်း သိနေတယ်။ အခုထိ မြန်မာ စစ်တပ်ရဲ့ စစ်ရေးအခြေစိုက် ဗဟိုချက်တွေကို မတိုက်နိုင်သေးဘူး။ အဖြားအနားသားတွေကို လိုက်ခုတ်နေရုံနဲ့ ပင်စည်လည်း မလဲနိုင်ဘူး။ အမြစ်လည်း ဆွဲမနှုတ်နိုင်ဘူး။

လက်နက်ထောက်ပို့ရေးကို ဘယ်လောက်လုပ်နိုင်သလဲဆိုတဲ့ အပေါ်မူတည်ပြီး မြန်မာ့နွေဦးတော်လှန်ရေးရလဒ် အပြောင်းအလဲ ဖြစ်လိမ့်မယ်လို့ ထင်တယ်။

စစ်ရေးရလဒ် တစ်ဆစ်ချိုး အပြောင်းအလဲ

မြန်မာစစ်ခေါင်းဆောင်တွေကတော့ နောက်ဆုံးအချိန်ထိသာ တောင့်ခံနိုင်ရင် သူတို့ နိုင်မယ်လို့ တွက်ဆတယ်။ တောင့်ခံထားနိုင်စွမ်းကသာလျှင် သူတို့ရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်မယ်လို့ မြင်ပြီး၊ တောင့်ခံနိုင်ဖို့သာ အားစိုက်နေတာ တွေ့ရတယ်။ နွေဦးတော်လှန်ရေးအင်အားစုတွေကတော့ တောင့်ခံနိုင်ရုံနဲ့ မပြီးဘူး။ တောင့်ခံနိုင်ရုံနဲ့ မနိုင်ဘူး။ လုံးဝ မနိုင်ဘူး။ ပင်စည်ကို လှဲနိုင်မှသာ ဖြစ်မယ်။ ဗဟိုချက်ကို ဖြိုနိုင်မှသာ ဖြစ်မယ်။ ဒါဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ ဖြစ်လာနိုင်မှာလား။

အဖြေလို့ မြင်နေရတာ ထပ်ပြောပါ့မယ်။

  • (၁) လက်နက် (+) ထောက် (+) ပို့ ရေး
  • (၂) လက်နက်ကိုင်အင်အားစုများ ပေါင်းစည်းစုဆုံရေး
  • (၃) ဗဟိုချက်ကို ဖြိုချနိုင်ရေး။

ဒါကသာလျှင် အဆုံးသတ်တိုက်ပွဲကို ရောက်လိမ့်မယ်။ အပြုတ်တိုက် အပြတ်ရှင်းလမ်းစဉ်ဟာ လက်တွေ့ ဖြစ်လိမ့်မယ်။ သို့မဟုတ်ရင်တော့ … တော်လှန်ရေးဟာ အီနေ၊ ညောင်းနေပြီး ဗြစ်ဆွဲကြီး ဖြစ်သွားလိမ့်မယ်။

စစ်ရေးလေ့လာသုံးသပ်သူတချို့က — လက်ရှိ အနေအထားဟာ အောင်မြင်တဲ့ တော်လှန်ရေးတစ်ခုမှာတွေ့ရတဲ့ အင်္ဂါရပ်တွေ ပြည့်စုံနေပြီလို့ ဘယ်လောက်ပဲ ဆိုဆို၊ လက်တွေ့မှာတော့ လက်တွေ့အဆုံးသတ်နိုင်မှုဟာသာ အခရာဖြစ်ပါတယ်။ ဆောက်ဖြစ်မှ ကျောင်းဒကာဆိုတာမျိုး သို့လော သို့လော လုပ်လို့ မရပါကြောင်း….. တင်ပြလိုက်ရပါတယ်။

မင်းသေ့

နေ့လယ် ၂း၁၂

၂၀၊ ဇန်နဝါရီ၊ ၂၀၂၂။

Previous post ဖွင့်ဟခွင့်
Next post မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက် စာအုပ်