လူငယ်ဆယ်ကျော်သက်ဘဝမှာ၊ စာအုပ်တွေကို အရူးအမူးဖြစ်ခဲ့စဉ်က တွေးခဲ့ဖူးတဲ့ အတွေးတစ်ခုရှိတယ်။ အဲသည့် အတွေးကို၊ ဆရာ ဖေမြင့်ရဲ့ စာဖတ်သမား၏ မှတ်စုများ ဆိုတဲ့ စာအုပ်ကလေးကို ဖတ်ပြီးရခဲ့တာ။ အကယ်၍များ ထောင်ကျခဲ့ရင် စာအုပ်တွေနဲ့သာ အကျဉ်းချလိုက်ပေါ့တော့…လို့ တွေးမိတယ်။ ကိုယ်ချစ်တဲ့သူ၊ ကိုယ့်မိတ်ဆွေတွေ နဲ့ အတူအကျဉ်းကျရတာ အဆိုးတွေထဲက အကောင်းပေါ့။ စာအုပ်တွေဟာ အခုအချိန်အထိ ကျနော့် မိတ်ဆွေ၊ ကျနော့်သူငယ်ချင်းအရင်းအဖြစ် ရှိနေကြဆဲ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုဖြစ်ဖြစ်ခြင်း၊ တခါ တည်း ကိုယ့်ကိုယ်ကို ထင်လိုက်မိတယ်။ ငါကတော့ စာအုပ်တွေနဲ့ ငါ့ဘာသာ အကျဉ်းချပစ်လိုက်တော့မယ်လို့။ ဒါ့ကြောင့်လည်း ၂၀၂၁ ခုနှစ်တစ်ခုလုံး စာမဖတ်ဖြစ်တဲ့ရက် မရှိသလို၊ စာမရေးဖြစ်တဲ့ရက်လည်း မရှိသလောက် ပါပဲ။ စာအုပ်တွေနဲ့ ငါ့ကိုယ်ငါ သော့ခတ်လိုက်တာက၊ စစ်တပ်က ဖမ်းဆီးထောင်ချတာထက် အများကြီး သက်သာ မှာပဲလို့ တွေးမိတယ်။

ကျနော်ဟာ စာအုပ်တွေနဲ့ ဝေးခဲ့တယ်လို့ မရှိပါ။ စာအုပ်တွေကို ကိုယ့်နံဘေးမှာ ဝန်းရံထားရင်း၊ လောကအသိကို ဖြန့်ကျက်နိုင်သလောက် ဉာဏ်ကျက်စားရတာကို သဘောကျတယ်။ ကိုယ်မသိနားမလည်သေးတဲ့အကြောင်းအရာ တွေထဲက ကျနော့်ကို ရင်ခုန်စေတဲ့ ဘာသာရပ်တွေကို လေ့လာရတာ အခုထိ နှစ်ခြိုက်နေဆဲ။ လေ့လာမှုဟာ စာအုပ်တွေနဲ့တင် မလုံလောက်တဲ့အခါ၊ အင်တာနက် အွန်လိုင်း ပလက်ဖောင်းပေါ်တက်ရတယ်။ အင်တာနက် အွန်လိုင်းပေါ်မှာ အချက်အလက်တွေနဲ့ ငြီးငွေ့လာပြီဆိုရင်၊ စာအုပ်လွင်ပြင်ထဲကို ခုန်ဆင်းတယ်။ ဒီလိုနဲ့ လွင်ပြင်မှာ ကျက်စားလိုက်၊ မိုးပေါ်မှာ ကျင်လည်လိုက်နဲ့ ဉာဏ်စက်ဝန်းကို ချဲ့တယ်။

ငါ ဘာ့ကြောင့် စာဖတ်ရတာလဲလို့ ကိုယ့်ကိုယ်ကို မေးကြည့်တဲ့အခါ၊ အသိဉာဏ်ကို လိုချင်လို့ စာဖတ်တာဖြစ်တယ် ဆိုတဲ့ အဖြေထွက်တယ်။ ပိုပြီး တိတိကျကျ ပြောရရင်၊ တကယ့် ပညာတတ် တစ်ယောက်ဖြစ်ချင်တယ်။ တက္ကသိုလ် တွေ၊ သင်တန်းတွေက ပညာတတ်တစ်ယောက်ဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ရှာပညာက သာလျှင်၊ ဘဝဆိုတဲ့ကျောင်းမှာ ပညာအစစ်ကို တွေ့နိုင်တယ်လို့ ထင်တယ်။ နောက် တက္ကသိုလ်ပညာရေးပြီးဆုံး သွားပေမယ့်၊ လေ့လာသင်ယူမှုကို မပြတ်ချင်ဘူး။ အသိဉာဏ်ကို ရှာဖွေနေရတဲ့ဘဝကို သဘောကျတယ်။ အသိ ရှာဖွေနေရတဲ့ဘဝကို နှစ်ခြိုက်တယ်။ ဒါ့ကြောင့် စိတ်ရဲ့တိမ်းညွှတ်မှုက နိုင်ငံရေးဘက်ကို ရောက်နေသည့်တိုင်၊ နိုင်ငံရေးအဝန်းအဝိုင်းထဲ ခြေစုံပစ် မဝင်သွားတာလို့ ထင်တယ်။

ငါ ဘာအတွက် လူဖြစ်လာတာလဲလို့ ကိုယ့်ကိုယ်ကို မေးကြည့်တဲ့အခါ၊ တတ်နိုင်သလောက် အသိဉာဏ်ပညာကို အမြင့်ဆုံးရအောင်လုပ်ဖို့အတွက် လူ့အဖြစ်ကို ရောက်လာတာဆိုတဲ့ အဖြေထွက်တယ်။ အသိဉာဏ်ရှာဖွေရေးမှာ လွတ်လပ်ခြင်းနဲ့ လွတ်လပ်မှုဟာ သိပ်လိုအပ်တယ်လို့ ပိုပိုသိလာတယ်။ စိတ်၏ လွတ်လပ်ခြင်းနဲ့ ပိုပြီး ဖြန့်ကျက် လေ့လာနိုင်လေလေ၊ အသိဉာဏ်ပညာကို ပိုလို့ ရှာဖွေနိုင်လေလေလို့ သိလာတယ်။ နောက် …. လွတ်လပ်ခြင်းဝန်း ကျင်ရှိတဲ့နေရာမှသာလျှင် ပညာဟာ မြူးတူးပျော်ပါးနိုင်တယ်၊ လွတ်လပ်မှုရှိတဲ့ လူ့အဖွဲ့အစည်းမှာသာ ပညာဟာ ရှင်သန်ထမြောက်နိုင်တယ်ဆိုတာ ပိုနားလည်လာတယ်။ အသိပညာရှာဖွေရေးအတွက် လွတ်လပ်မှုဟာ သိပ်အရေး ကြီးပါ့လားလို့ ပိုပိုနားလည်လာတယ်။

လွတ်လပ်သော ဝန်းကျင်မှာ နေထိုင်နိုင်ဖို့ အမြဲတမ်း အာရုံထားတယ်။ အကျပ်အတည်းတွေ၊ ထိတ်လန့်ရမှုတွေ ရှိနေတဲ့ မြန်မာပြည်ကို ပစ္ဆန္တရစ် အရပ်လို့ ဘယ်လိုပဲ ကိုယ့်စိတ်ထဲမှာ နှလုံးသွင်းနေပါစေ၊ မြန်မာပြည်ကနေ မခွာချင်သေးတဲ့စိတ်ဟာ ကိုယ့်အတ္တနဲ့ ကိုယ် အကျဉ်းကျစေတယ်။ ဒါပေမယ့်၊ ငါ့ဘာသာ သိုသိုသိပ်သိပ်နဲ့ စာအုပ် တွေနဲ့ ကိုယ့်ဘာသာ ထောင်ချထားလိုက်တာ၊ လောလောဆယ်တော့ အဆိုးတွေထဲက အကောင်းလို့ပဲ ယူဆတယ်။

မင်းသေ့

ည ၉း၀၀

၉၊ ဇန်နဝါရီ၊ ၂၀၂၂။

Previous post တို့မန္တလေး
Next post ဖွင့်ဟခွင့်