• ချစ်တတ်တဲ့သူတွေဟာ အသည်းပိုကွဲရပါတယ်။
• အထူးသဖြင့် နှလုံးသားနဲ့ ရင်းရတဲ့ကိစ္စတွေက အသည်းကွဲနိုင်ချေ အလားအလာ အများဆုံးဖြစ်ပါတယ်။
• နိုင်ငံရေးမှာလည်း အသည်းကွဲတတ်သတဲ့။

မြန်မာပြည်မှာ နိုင်ငံရေးအသည်းကွဲတဲ့သူတွေ ခပ်များများ ရှိမယ်လို့ ပြောရင် မှန်နိုင်မလား။ သို့တည်းမဟုတ် မြန်မာပြည်မှာ နိုင်ငံရေးအသည်းကွဲတဲ့သူ ခပ်နည်းနည်းပဲ ရှိတယ်လို့ ပြောရင် မှန်နိုင်မလား။ ချင့်ချိန်တွက်ချက်ရရင်တော့ – မြန်မာ့နိုင်ငံရေးခရီးကြမ်း ဖြတ်သန်းမှုမှာ ပါဝင်ခဲ့တဲ့ လူအတော်များများ ရှိပါတယ်။ ၁၉၈၈ ကနေစတင်လို့ တော်လှန်ရေးအင်အားစုတွေအတွင်း လူထုရဲ့ ပါဝင်မှုဟာ အုံလိုက်ကျင်းလိုက် ဒုလိုက်ဒေးလိုက်ဖြစ်ပါတယ်။ ဒီလို နိုင်ငံရေးခရီးကြမ်းမှာ နိုင်ငံရေးကို ချစ်မြတ်နိုးလွန်းလို့ စွဲစွဲမြဲမြဲ တစိုက်မတ်မတ် တမ်းတမ်းတတ ပါဝင်နေတဲ့သူတွေကို တွေ့ဖူးပါတယ်။

• နွေဦးမှာ ပိတောက်ဖူးတွေ ပွင့်တယ်ဆိုပေမယ့်၊ နွေဦးလွန်တော့လည်း ပိတောက်တွေ မပွင့်ကြတော့ပြန်ဘူး။ ဒါက ပိတောက်တွေရဲ့ အပြစ် မဟုတ်ဘူးလေ။ ဒါက သဘာဝ။

▄ နွေဦးက ပိတောက်ဖူး

နွေဦးလွန်ပေမယ့်၊ တော်လှန်ရေးပိတောက်ဖူးတွေ အဝေမပျက်တဲ့ နိုင်ငံရေးသမားတချို့ကို တွေ့ဖူးပါတယ်။ သူတို့ဟာ နွေဦးကို ဘယ်လောက်ချစ်သလဲဆိုတာကို မျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ်။ သို့သော်လည်း နွေဦးက သူတို့ကို မျက်နှာသာမပေး။ ပွင့်ချိန်ရောက်မှ ပွင့်ရမယ့် ပန်းမို့၊ ရာသီလွန် ပွင့်တဲ့ပန်းကို အရေးမထားဘူး။ အလေးမထားဘူး။ နွေဦးမဟုတ်တဲ့ ပိတောက်ဖူးတွေက သဘာဝကို လွန်ဆန်သတဲ့။ ဒီတော့ ခင်ဗျားတို့မှာ အပြစ်ရှိသတဲ့။

▄ ပိုချစ်သူက ပိုလွမ်းရတယ်

နိုင်ငံရေးဆိုတာ ခရီးရှည်ကြီးပါ။ ပါဝင်ခဲ့သူ၊ ပါဝင်နေသူ၊ ထွက်ခွာသွားသူ၊ ဝင်ကြည့်ပြီး ပြန်လှည့်ထွက်သွားသူတို့ အစုံစုံ ရှိပါလိမ့်မယ်။

▣ အချစ်ကြီးသူကတော့ ….

• ထဲထဲဝင်ဝင်
• စွဲစွဲလန်းလန်း
• တမ်းတမ်းတတ
• မက်မက်မောမော
• တရှိုက်မက်မက်
• တောက်တက် ကပ်တွယ်လေသည်ပေါ့။

ယခုထက်ထိ နိုင်ငံရေးကို မမေ့နိုင်၊ နိုင်ငံရေးကို ငယ်ချစ်ဦးလို တမ်းတမ်းတတ ရှိနေသူတွေ ခပ်များများ ရှိမယ်လို့ မျှော်လင့်ပါတယ်။ များသောအားဖြင့်တော့ ငယ်ချစ်ဦးနဲ့ အနီးကပ် မရှိနိုင်တော့။ အကြောင်းကြောင်းကြောင့် ဖြစ်ပါလိမ့်မယ်။ ဒီတော့ ခပ်ဝေးဝေးကနေပဲ လွမ်းရတယ်ပေါ့၊ ဆွေးရတယ်ပေါ့၊ ငေးရတယ်ပေါ့။

ငယ်ချစ်လည်းဖြစ်သလို၊ အချစ်ဦးလည်း ဖြစ်ခဲ့ရင် ပိုလို့ လွမ်းရသဗျ။ ပိုလွမ်းသူက ပိုချစ်လို့ပေါ့။ ပိုချစ်သူက ပိုပေးဆပ်ကြတာ ထုံးစံပဲလေ။ ပိုပေးဆပ်ခဲ့ရလေလေ ပိုလို့ ယူကျုံးမရ ဖြစ်လေလေ။ ဒီတော့ နိုင်ငံရေးအသည်းကွဲတယ်ဆိုတာ တဆစ်ဆစ်နာကျင်နေတဲ့ နာတာရှည်ဝေဒနာလိုမျိုး၊ နာလို ခံခက်။ မချစ်သူကတော့ ခပ်ပေါ့ပေါ့ပဲ။ မေ့လွယ် ပျောက်လွယ်ပေါ့။ ထားပါ။

▄ အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး

လူတစ်ယောက်နဲ့တစ်ယောက်မှာ ချစ်ကြိုက်ခဲ့ကြပြီးမှ၊ မပေါင်းဖက်နိုင်ဘဲ လမ်းခွဲ အသည်းကွဲတဲ့လူတစ်ယောက်အဖို့၊ အရက်နဲ့ ဖြေဖျောက်နိုင်တယ်။ သူငယ်ချင်းတစ်ယောက်ယောက်ကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်လို့ ရတယ်။ ဒါဆိုရင် ရင်ထဲတင်းနေတာတွေ ပေါ့သွားတာပေါ့။ နိုင်ငံရေးအသည်းကွဲရင်တော့ သိပ်ရင်ဖွင့်လို့ မကောင်းဘူး။ မြုံထားရတယ်။ မြုံထားတာကြာတော့ တင်းကျပ်တာပေါ့။ ဒါ့ကြောင့် ဖွင့်ဟလို့လည်း မကောင်း။ ဝေဒနာကလည်း မပျောက်။ တနုံ့နုံ့နဲ့။ တဆစ်ဆစ် ကိုက်ခဲနေတဲ့ အတွင်းကျိတ်ဝေဒနာလို။

အကယ်၍ နိုင်ငံရေးအသည်းကွဲသူက စာသမားပေသမား၊ ကဗျာသမားဖြစ်ရင်တော့ စာထဲမှာ သွန်ချ၊ ကဗျာထဲမှာ ဖောက်ချပေါ့။ ဒါဟာ သူ့အတွက်ဝေဒနာ ဖြေဆေးလည်းဖြစ်ကောင်းဖြစ်မှာပါ။

ချစ်ခြင်းမှာ အသည်းကွဲရင်တော့ – ဝေကြီး ရေးပြီး ကော်နီဆိုတဲ့ သီချင်းလို။ အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ ဆေး ပေးပါလို့ သီချင်းကို အသံကုန်အော်ဟစ်ပြီး ပေါက်ကွဲနိုင်သေးတယ်။ ဒါမှမဟုတ် အဆိုတော် ဇွဲပြည့် ဆိုတဲ့သီချင်းထဲကလို – အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ သတ်မှတ်ပေးဖို့ တောင်းဆိုချင်က တောင်းဆိုနိုင်တယ်။

သို့သော်လည်း နိုင်ငံရေးအသည်းကွဲသူအတွက် အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး ၊ သတိရရင် တောက် မခေါက်ရတဲ့ဆေး မရှိဘူး။ အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ကို လူသိရှင်ကြား တောင်းဆိုသတ်မှတ်ခိုင်းလို့လည်း မလွယ်ဘူး။

အုံပုန်းနဲ့ မြုံစိစိကြီး ဖြစ်နေသလို၊ မပွင့် တစ်ပွင့်နဲ့။

ဒီနေ့လည်း နိုင်ငံရေးကို ဖြူဖြူစင်စင် တမ်းတမ်းတတ မက်မက်မောမော တရှိုက်မက်မက် မြတ်မြတ်နိုးနိုး ချစ်တဲ့လူငယ်တွေ အများကြီးတွေ့လာရပါတယ်။

တော်လှန်ရေးလွန် ကာလ ရောက်ခဲ့ရင်၊ သူတို့တတွေကို နိုင်ငံရေးအသည်းကွဲဝေဒနာသည်တွေ အဖြစ် မတွေ့မမြင်လိုပါ။ ချစ်သောသူနဲ့ ပေါင်းဖက်ပြီး ကျေနပ်ပြုံးရွှင်နေရသူများ အဖြစ်သာ တွေ့လိုပါတယ်။

မင်းသေ့
ည ၇း၂၆
၂၉၊ အောက်တိုဘာ၊ ၂၀၂၁။

Previous post ▄ ပါရမီစက်ဝန်း
Next post ▣ ဖေ့ဘုတ်ခ် ဆိုတာ ပန်းခြံလား