အခုဖော်ပြထားတဲ့စက်ဝန်းကို – ပါရမီစက်ဝန်း လို့ နာမည်ပေးချင်တယ်။ စက်ဝန်းရဲ့ အလယ်တည့်တည့်မှာ – တစိုက်မတ်မတ် ဆိုတဲ့ စကားလုံးကို တွေ့ပါလိမ့်မယ်။ တစိုက်မတ်မတ် လုပ်ခြင်း ဆိုတာ ပါရမီဖြစ်ခြင်းရဲ့ အခြေခံအကြောင်းရင်းဖြစ်တယ်။ တစိုက်မတ်မတ် လုပ်ခြင်းဆိုတာ ဇွဲနပဲနဲ့ ထပ်ခါထပ်ခါ လုပ်ခြင်း၊ ကြိမ်ဖန်များစွာ လုပ်ခြင်း၊ ထပ်ဖန်တလဲလဲ ဖြည့်ကျင့်နေခြင်း၊ ဆည်းပူးနေခြင်း၊ လေ့ကျင့်နေခြင်း စတဲ့အနက်သဘောတွေ ပါဝင်ပါတယ်။

တစိုက်မတ်မတ် လုပ်တာ၊ စိုက်လိုက်မတ်တပ်လုပ်တာ၊ ငုပ်မိရင်လည်း သဲတိုင်အထိ၊ တက်ရင်လည်း အဖျားအထိ မလျော့တဲ့ဇွဲနဲ့ ရူးရူးသွပ်သွပ် စွဲစွဲမြဲမြဲ တစ်ချောင်းတည်းသောစိတ်နဲ့ လုပ်ကိုင်တဲ့အလေ့အကျင့်ကို ခေါ်တာပါ။ ဒါဟာ ပါရမီဖြစ်ခြင်းအကြောင်းတရားဖြစ်တယ်။ အထူးသဖြင့် စာပေနဲ့ အနုပညာရပ်တွေမှာ ပါရမီဆိုတဲ့စကားကို ပိုလို့ ပြောကြတယ်။ စာပေအနုပညာနယ်ဆိုတာ သိပ်ပြီး ကျယ်ပြောတယ်။ ကဗျာတွေ၊ ဝတ္ထုတွေ၊ သီချင်းတွေ၊ ဂီတ၊ ပန်းချီ၊ ပန်းပု စတဲ့အရာတွေ အများအပြား ပါဝင်တယ်။

▣ ဘာ့ကြောင့် ဒီလောက်တော်နေပါလိမ့်နော်

တချို့ ပြောကြတယ်။ ဒီလူက တကယ့် ပါရမီရှင်ပဲ။ ဒီလူက ဒီအလုပ်မှာ တကယ်ပါရမီပါတာပဲ… စတဲ့စကားတွေကို ရပ်ထဲရွာထဲ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပြောရင်း ဆိုရင်း ပြောဖြစ်ဖူးကြလိမ့်မယ်။ အဲသည့် ပါရမီကို ညွှန်းပါတယ်။ ကျနော်တို့ ငယ်ငယ်တုန်းက တကယ်ပါရမီပါတယ်ဆိုတဲ့ စကား၊ ပါရမီရှင်ဆိုတဲ့ စကားဟာ ကိုယ်နဲ့ ခပ်ဝေးဝေးမှာ ရှိနေတယ်။ အဝေးကြီးမှာ ရှိနေတယ်။ ငါနဲ့ မဆိုင်ပါဘူး။ ဒီလူတွေ ဘာ့ကြောင့် ဒီလောက် တော်နေပါလိမ့်နော်….လို့ တွေးကြည့်ဖူးတယ်။ အဖြေ မထွက်ပါဘူး။ အသက်ကြီးမှ တဖြည်းဖြည်း သိနားလည်လာတယ်။

ဥပမာ – ဒီလူဟာ စာရေးတဲ့နေရာမှာ တကယ့် ပါရမီပါတယ်။ ဒီလူက ကဗျာမှော်ဝင်နေတဲ့ ကလောင်ပဲ။ ဒီလူက သီချင်းဆိုတဲ့နေရာမှာ တကယ့်ပါရမီရှင်ပဲကွာ။ သီချင်းရေးတဲ့နေရာမှာ တကယ်ပါရမီပါတယ်။ ဒီလူက ပန်းချီမှာတော့ တကယ့်ဂရိတ်ပဲ၊ သူ့ပါရမီတွေကို လိုက်လို့ မမီနိုင်ဘူး။ ဒီလိုလူမျိုးက နှစ်တစ်ရာလောက်မှ တစ်ယောက်ပဲ ပေါ်တဲ့သူ၊ သူလိုလူ နောက်တစ်ယောက်ထပ်ရဖို့ နှစ်တစ်ရာ စောင့်ရမယ်…. စတဲ့စကားမျိုးတွေ။

• တို့ကနန်းဆိတ်ကနန်းလုပ်ရုံနဲ့ ပါရမီဆိုတာ ဖြစ်မလာဘူး။
• ဟိုစပ်စပ် ဒီစပ်စပ် လုပ်ရုံနဲ့ ပါရမီဆိုတာ ဖြစ်မလာဘူး။
• အုတ်ရောရော ကျောက်ရောရောလုပ်နေရင်လည်း ပါရမီဆိုတာ ဖြစ်မလာဘူး။
• ပါရမီဆိုတာ တစိုက်မတ်မတ် လုပ်ရတာ။
• ပါရမီဆိုတာ စူးစူးစိုက်စိုက် လုပ်ရတာ။
• ပါရမီဆိုတာ အထူးပြုလေ့ကျင့်ရတာ။

ထပ်ခါတလဲလဲ လုပ်ခြင်း၊ ကြိမ်ဖန်များစွာ လေ့ကျင့်ခြင်းတွေ ကနေ ပါရမီဆိုတာ ဖြစ်လာရတာဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ တစ်ခုခုကို ရူးရူးသွပ်သွပ် လုပ်နေတဲ့သူ ရှားသွားပြီ။ ရူးသွပ်တယ်ဆိုတဲ့ နောက်မှာ ဝီရိယလိုက်မလာတဲ့သူတွေလည်း ခပ်များများတွေ့ရတယ်။ ပါရမီဆိုတာ မမြင်ရတဲ့နောက်ဘဝတုန်းက ပံ့ပိုးတဲ့အထောက်အပံ့ကောင်းလို့ ထင်ချင် ထင်ကြမယ်။ လူတစ်သိန်းမှာ တစ်ယောက်၊ လူတစ်သန်းမှာ တစ်ယောက် … သိပ်များများစားစား အားမထုတ်ရပဲနဲ့ အလွယ်တကူ အောင်မြင်တာမျိုးကို ပါရမီရှင်လို့ ပြောကြတယ်။ ဘယ်လောက်ပဲ ပါရမီရှင်ဖြစ်ပါစေ… လက်တွေ့ အားထုတ်မှုကို တစိုက်မတ်မတ် မလုပ်ရင် ပါလာတဲ့ပါရမီတောင် ကန်းသွားတယ်။ ပါရမီဆိုတာ ဝီရိယနဲ့ လုံ့လနဲ့ ဇွဲနပဲနဲ့ ယှဉ်တွဲပြီးဖြစ်လာတာမျိုး။ အလကားနေရင်း ဖြစ်လာတာ မဟုတ်ဘူး။

▣ ဖြည့်ကျင့်မှုဆိုတာ

ပါရမီဖြစ်ခြင်းအကြောင်းတရားမှာ ပထမဆုံးအရေးကြီးတဲ့အချက်က – ဖြည့်ဆည်းမှု ဖြစ်ပါတယ်။ ဒါကို ဝမ်းစာလို့ သုံးနှုန်းတယ်။ ဖြည့်ကျင့်မှုဆိုပြီး ဝမ်းစာပြည့်အောင် လေ့လာဆည်းပူးတာနဲ့ သိနားလည်ထားတဲ့အရာကို အလေ့ အကျင့်လုပ်နေတာကို ပူးတွဲပြီး ပြောနိုင်ပါတယ်။ လေ့လာဆည်းပူးမှုနဲ့ လေ့ကျင့်မှုကို ပေါင်းပြီး ပြောမယ်။ ဖြည့်ကျင့်မှု။ ဖြည့်ကျင့်မှုကို တစိုက်မတ်မတ် လုပ်နေမှ ပါရမီဆိုတာ ဖြစ်တယ်။ တကယ့်ပါရမီရှင်တွေကို ကြည့်လိုက်ရင် သူတို့ ကိုယ်သူ သူတို့ အမြဲတမ်း ဖြည့်နေတယ်။ ဝမ်းစာကို ထောက်လိုက်ရင်လည်း အမြဲတမ်း ပြည့်နေတယ်။

• သူတို့ဟာ သူတို့ စိတ်ဝင်စားတဲ့ အလုပ်ကို ဝါသနာပါအောင် မွေးယူတယ်။
• ဝါသနာဆိုတာ မွေးယူရတာ။
• ဝါသနာပါတဲ့အရာကို ရူးသွပ်မှုဆီကို ဆွဲခေါ်တယ်။
• ရူးသွပ်မှုနောက်မှာ ဇွဲနဲ့ ဝီရိယနဲ့ ပံ့ပိုးတယ်။
• ဒီလိုနဲ့ သူတို့ရဲ့ စာပေ အနုပညာတွေကို ဖန်တီးတယ်။
• လက်တွေ့ လုပ်ဆောင်တယ်။

• သူတို့ ဖန်တီးပြီးသား၊ သူတို့ လုပ်ဆောင်ပြီးသား အလုပ်တွေ၊ အနုပညာလက်ရာတွေကို ပြန်ပြန်ကြည့်ပြီး သုံးသပ်တယ်။ ဘယ်နေရာက မှားနေသလဲ။ ဘယ်နေရာ လိုသေးသလဲ။ ဘယ်နေရာက ပေါ့နေသလဲ။ ဘယ်နေရာက ဟာသွားသလဲ။

• ဒီလို အမြဲတမ်း ကိုယ်လုပ်ခဲ့တဲ့အလုပ်၊ ကိုယ်ဖန်တီးတဲ့ စာပေအနုပညာကို ပြန်ပြန်ကြည့်ပြီး နောက်တစ်ခါလုပ်ရင် ဒီ့ထက် ပိုကောင်းအောင် အမြဲတမ်း ကြံစည်တွေးတောနေတယ်။

▣ တကယ်ရူးတဲ့ကောင်

ပန်းချီဆွဲတဲ့သူ ဆိုရင်လည်း သူဆွဲထားတဲ့ပန်းချီလေးကို တစိမ့်စိမ့်နဲ့ ကြည့်ပြီး စဉ်းစားတွေးခေါ်နေတယ်။ ကဗျာရေးတဲ့သူဆိုရင်လည်း သူရေးတဲ့ကဗျာလေးကို တစိမ့်စိမ့်ဖတ်ပြီး စဉ်းစားတွေးခေါ်နေတယ်။ စာရေးတဲ့သူဆိုရင်လည်း သူရေးခဲ့တဲ့စာလေးကို တစိမ့်စိမ့်ဖတ်ပြီး စဉ်းစားတွေးခေါ်နေတယ်။ သီချင်းရေးတဲ့သူ၊ သီချင်းဆိုတဲ့သူဆိုရင်လည်း သူရေး၊ သူဆိုထားတဲ့သီချင်းလေးကို တစိမ့်စိမ့်နားထောင်ပြီး စဉ်းစားတွေးခေါ်နေတယ်။

ရွာစား စိန်ဗေဒါ ပြောခဲ့ဖူးတယ် မဟုတ်လား။ မနေ့က စိန်ဗေဒါထက် ဒီနေ့ စိန်ဗေဒါက သာအောင်၊ ဒီနေ့ စိန်ဗေဒါထက် မနက်ဖြန် စိန်ဗေဒါက သာအောင် ကြိုးစားနေတယ်။ သူ့လက်သံကို အမြဲတမ်းသွေးနေတယ်။

• ဂစ်တာရူး တစ်ယောက်ကိုကြည့်လိုက်ရင်၊ သူ့လက်ထဲမှာ အမြဲတမ်း ဂစ်တာတစ်လက်။ အိပ်ရင်တောင် ခြင်ထောင်နံဘေးမှာ ဂစ်တာထားအိပ်တဲ့သူ။

• စာရူးပေရူးတစ်ယောက်ကြည့်လိုက်ရင်၊ အမြဲတမ်း သူ့လက်ထဲမှာ စာအုပ်တစ်အုပ်ရှိနေတယ်။ အိမ်သာသွားရင်တောင် လက်က စာအုပ်တစ်အုပ်စွဲသွားသေးတယ်။

• ဒါဟာ ပါရမီရှင်ဖြစ်မယ့်သူတွေရဲ့ အမူအကျင့်တချို့ပဲ။

▣ စက်ဝန်းကို ကြိမ်ဖန်များစွာ လှည့်

ကိုယ်စိတ်ဝင်စားတဲ့အရာကို ဝါသနာဖြစ်အောင် မွေးမယူရင် ပါရမီရှင် ဖြစ်မလာဘူး။ ကိုယ်ဝါသနာပါတဲ့အရာကို ရူးသွပ်တဲ့သူအဖြစ် ဆွဲမခေါ်နိုင်ရင် ပါရမီရှင် ဖြစ်မလာဘူး။ ရူးသွပ်မှုနောက်မှာ ဝီရိယနဲ့ မပံ့ပိုးရင်လည်း ပါရမီရှင် ဖြစ်မလာဘူး။ ဝီရိယထားပြီး ဝမ်းစာကို မပြတ်ဖြည့်တင်းနေရမယ်။ ဝီရိယထားပြီး မပြတ်လေ့ကျင့်နေရမယ်။ တစိုက်မတ်မတ် လေ့ကျင့်နေရမယ်။ လေ့ကျင့်ပြီးရင် လက်တွေ့လုပ်မယ်၊ လက်တွေ့အကောင်အထည်ဖော်မယ်၊ လက်တွေ့ ဖန်တီးမယ်။

လက်တွေ့လုပ်ပြီး၊ လက်တွေ့အကောင်အထည်ဖော်ပြီး၊ လက်တွေ့ ဖန်တီးပြီးရင်လည်း ဒီအတိုင်း ပစ်မထားဘူး။ ဘာလိုသေးလဲ။ ဘာမှားနေလဲ ထပ်ကြည့်မယ်။ ထပ်သုံးသပ်မယ်။ လိုသေးတာတွေ့ရင် ထပ်ဖြည့်မယ်။ ဒီတော့ ထပ်လေ့လာမယ်၊ ထပ်ဆည်းပူးမယ်။ ဒီတော့ အသိသစ်၊ အတွေးသစ်တွေ ရလာတယ်။ အသိသစ်အတွေးသစ်နဲ့ ထပ်ပြီး လေ့ကျင့် ဖန်တီးကြည့်မယ်။ ဖန်တီးပြီးဖြစ်ပေါ်လာတဲ့အရာကို ပြန်သုံးသပ်မယ်။ လိုတာတွေ ထပ်ရှာမယ်။ ဒီလိုနဲ့ တစ်ခုထက် တစ်ခု၊ တစ်နေ့ထက် တစ်နေ့ ပိုကောင်းအောင်၊ အကောင်းဆုံးဖြစ်လာအောင် အမြဲတမ်း သွေးနေတယ်၊ သနေတယ်။

ဒီလို သွေးခြင်း သခြင်းအလုပ်ကိုလည်း တစိုက်မတ်မတ် လုပ်နေမယ်၊ စဉ်ဆက်မပြတ် လုပ်နေမယ်၊ စိုက်လိုက်မတ်တပ်လုပ်နေမယ်။ ထပ်ခါ ထပ်ခါ လုပ်နေမယ်။ ဒီလိုလုပ်နေတာဟာ တစ်လလည်း မဟုတ်ဘူး၊ တစ်နှစ်လည်း မဟုတ်ဘူး၊ သုံးလေးနှစ်လည်း မဟုတ်ဘူး၊ လေးငါး ခြောက်နှစ်လည်း မကဘူး။ နှစ်ပေါင်းများစွာ – အမြဲတမ်း၊ အသက်ရှင်နေသရွေ့၊ အချိန်ရှိသရွေ့၊ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်၊ အိပ်လည်း အိပ်မက်ထဲမှာ ဒီစိတ်။

▣ မှော်ဝင်နေတဲ့ကောင်

ဒီလိုလူဟာ ဒီလိုနဲ့ပဲ ပါရမီရှင် အဆင့်ကို သူ့ဘာသာသူ ရောက်လာတာပဲ။ ဒါကို သူကိုယ်တိုင် သိချင်မှ သိမယ်။ သူကိုယ်တိုင်တောင် သတိထားမိချင်မှ ထားမိတယ်။ ဒါပေမယ့် တကယ် တတ်သိနားလည်သူက သူ့လက်ရာတွေနဲ့ သူ့စာပေအနုပညာ ဖြစ်စဉ်ကို ကြည့်ပြီး၊ ချက်ကျလက်ကျ မှတ်ချက်ပြုလိမ့်မယ်။

ဒီလူဟာ တကယ့်ပါရမီရှင်ပဲ။ တကယ်မှော်ဝင်နေတဲ့သူပဲ။

တချို့က ပြောကြလိမ့်မယ်။ မင်းရဲ့ လေ့လာမှု၊ ဆည်းပူးမှု၊ လေ့ကျင့်မှုဟာ နာရီပေါင်း တစ်သောင်း ပြည့်တဲ့နေ့မှာ တကယ်ပါရမီရှင်လို ပေါက်မြောက်လိမ့်မတဲ့…။

မင်းသေ့
နေ့လယ် ၂း၄၆
၃၀၊ အောက်တိုဘာ၊ ၂၀၂၁။

Previous post ▄ သမိုင်းကို ဆစ်ပိုင်းလေ့လာခြင်း
Next post ▣ နိုင်ငံရေးဟာ အသည်းကွဲရသလား