ဖေ့ဘုတ်ခ် (FACEBOOK) ဆိုတာ ပန်းခြံလားလို့ မေးလိုက်တော့ အမေးခံရသူရဲ့ အမြင်မှာ၊ သစ်ပင်ပန်းမန်တွေ စုံလင်ဖူးပွင့်နေတဲ့ ပဒေသစုံပန်းခင်းကြီးကို သွားမြင်လိမ့်မယ်။ သို့တည်းမဟုတ် နှင်းဆီပန်းတွေ၊ စံပယ်ပန်းတွေ၊ သစ်ခွပန်းတွေ စိုက်ပျိုးထားတဲ့ ပန်းခြံလေးကို သွားမြင်မိမယ်။ အနီးစပ်ဆုံးတော့ ကိုယ်ရောက်ဖူးခဲ့တဲ့ ကြည်နူးဖွယ် ပန်းခြံလေး၊ ပန်းခင်းလေးတွေကို ပြေးမြင်မိကြလိမ့်မယ်။ ကောင်းတဲ့အာရုံ၊ ကြည်လင်တဲ့အာရုံ၊ ငြိမ်းချမ်းတဲ့အာရုံ၊ အေးမြတဲ့အာရုံဓာတ်ကို စွဲလမ်းသူအဖို့ ဒီလို မြင်မှာပေါ့။ ဒါပေမယ့် တချို့ကတော့ ဒီလိုမြင်ချင်မှ မြင်လိမ့်မယ်။

ဘယ်လို မြင်သတုန်း။

ကျနော်တို့ မြန်မာပြည်ပတ်ပြီး ခရီးသွားဖူးကြပါလိမ့်မယ်။ တစ်ယောက်တည်း သွားသွား၊ အဝေးပြေးဘက်စ်ကားနဲ့ပဲ သွားသွား၊ အစုအဖွဲ့နဲ့ပဲ သွားသွား လမ်းမှာ ထမင်းစား ရေသောက် အခင်းကြီး အခင်းငယ်သွားဖို့ တစ်အောင့် နားပေးတတ်ကြတယ် မဟုတ်လား။ စားသောက်ဆိုင်တစ်ခုခုဖြစ်ဖြစ်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တစ်ဆိုင်ဆိုင်ဖြစ်ဖြစ်။ တခါတရံလည်း တောလမ်းခရီးရှည်လျားလွန်းရင် ပေါက်တောဗျို့… ပေါက်တော…ဆိုပြီး ပေါက်ဖို့ ခဏနားပေးတယ်မဟုတ်လား။ စားသောက်ဆိုင်တွေ၊ ထမင်းဆိုင်တွေနောက်မှာ အိမ်သာရှိတယ်။ အိမ်သာနံဘေးမှာ သေးပေါက်လို့ရတဲ့နေရာ ရှိတယ်။ အဲဒါကိုပဲ ကျနော်တို့ ယောက်ျားတွေက ပန်းခြံလို့ ချစ်စနိုးခေါ်ကြတယ်။ ပန်းခြံပေါ့၊ ပန်းခြံ။ ပန်းရတဲ့ ခြံလေ….။ ဒါကလည်း ပန်းခြံပါပဲ။

▄ ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲ

မြန်မာလူထုတစ်ရပ်လုံး ကလေးရော ခွေးရော ဖေ့ဘုတ်ခ်သုံးနိုင်တဲ့အချိန်ဟာ ဆယ်စုနှစ်တစ်ခုတောင် မရှိသေးပါဘူး။ ဒီတော့ ဖေ့ဘုတ်ခ် (Facebook) သုံးတာ ဆယ်စုနှစ်ခုတောင် မပြည့်ချင်သေးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းကြားထဲမှာ ဖေ့ဘုတ်ခ်ရဲ့ ဖြစ်တည်မှုက ဆန်းပြားနေတယ်။ တပြေးညီ မဖြစ်ဘူး။ အကောင်း အဆိုး ဒွန်တွဲနေတယ်။ လူမှုကွန်ယက်ရဲ့သဘောသဘာဝတွေကို အကျွမ်းမဝင်တော့ ဘေးထွက်ဆိုးကျိုးတွေလည်း သိပ်များလှတယ်။ အဲသည့်အထဲမှာ ကောင်းကောင်းမွန်မွန်အသုံးချလို့ အသိအမြင်အားဖြင့်၊ လုပ်ငန်းကိုင်ငန်းအားဖြင့်၊ လူမှုဆက်ဆံရေးအားဖြင့်၊ စာပေအနုပညာအားဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပေါက်ပေါက်မြောက်မြောက် ဖြစ်သွားသူတွေလည်း တပုံကြီး ရှိပါတယ်။

ဖေ့ဘုတ်ခ်ဆိုတာ ပန်းခြံလား…လို့ မေးချင်ပါတယ်။

▄ မွှေးရနံ့တွေ ဖူးပွင့်နေတဲ့ ပဒေသာ ပန်းခြံ

တချို့သောသူတွေရဲ့ ဖေ့ဘုတ်ခ်သုံးစွဲတဲ့ဓလေ့မှာတော့ တကယ့် သစ်ပင်ပန်းမန်တွေ ဖူးပွင့်ဝေဆာနေတဲ့ ပန်းခင်းကြီး၊ ပန်းခြံကြီးထဲရောက်သွားသလို၊ အိုင်ဒီယာအစုံ၊ အတွေးအခေါ် အစုံ၊ အမြင်သဘောထားအစုံ ပဒေသာစုံပန်းခြံကြီးတစ်ခုလို တွေ့မြင်နေရပါတယ်။ သူတို့ရဲ့ ပန်းခြံထဲကို ဝင်လိုက်ရင် မွှေးရနံ့ အစုံ။ တချို့ဆိုရင် သီးပင် စားပင်တွေတောင် စိုက်ထားသေး။ တချို့ဆိုရင်လည်း ပန်းခြံသာပြောတယ်၊ သစ်ကြီးဝါးကြီးတွေလည်း ရှိပါ့။

တချို့ကတော့ ပန်းခြံခပ်သေးသေးပဲ ။ တချို့ကတော့ ဧရာမအပန်းဖြေစခန်းကြီးလိုပဲ ကျယ်ပြောတယ်။ လာရောက်လည်ပတ်သူတွေကလည်း များတယ်။ အစုံအလင်ပဲ။ သဘာဝကို သဘောကျတဲ့သူတွေကတော့ လာအပန်းဖြေဖို့၊ သူတို့ အတွေးအခေါ်တို့ကို လွင့်မျောဖို့ သူ့ရဲ့ပန်းခြံကြီးထဲ ဝင်လာကြတယ်။ ဒါမှမဟုတ် ကိုယ်က အဲသည့်ပန်းခြံကြီးထဲ သွားနေတယ်။ ဖေ့ဘုတ်ခ် သုံးတဲ့သူတွေထဲမှာလည်း ဒီလိုလူတွေလည်း ခပ်များများ ရှိတယ်။

▄ ပန်းတဲ့ ခြံ

တချို့ကျတော့ အဲသည်လို မဟုတ်ဘူး။ ကျနော် အခုန ပြောတဲ့ ထမင်းဆိုင်နောက်က၊ စားသောက်ဆိုင်နောက်က ပန်းခြံမျိုး။ သူတို့ ပန်းခြံကို သွားကြည့်လိုက်ရင် လူတကာ လာပန်းတဲ့ ခြံပဲ။ နံစော်နေတာပဲ။ သည်လို နံစော်နေတာကိုပဲ သူက ကြိုက်တယ်။ အညှီကြိုက်တယ်ဆိုတဲ့သဘောပေါ့။ အပုပ် ကြိုက်တယ်ဆိုတဲ့ လင်းတမျိုးပေါ့။ အဲသည်လို လူတွေ လာလာပန်းအောင် သေချာ ပြင်ဆင်ထားတဲ့ပန်းခြံတွေ သီးသီးသန့်သန့် ရှိတယ်။ နေ့စဉ်လိုလို လူသူလေးပါး လာလာပန်းမှ သူက နေပျော်တယ်၊ ပျော်ရွှင်တယ်၊ နေသာတယ်၊ ကြည်နူးတယ်၊ သဘောကျတယ်။ ဒါ့ကြောင့် သူ့ပန်းခြံကို လာပန်းချင်အောင် အမြဲတမ်း အားထုတ်နေတယ်။ ဒီလိုပန်းခြံမျိုးထဲမှာ နေတဲ့ ဖေ့ဘုတ်ခ်သုံးစွဲသူတွေလည်း အတော်များများရှိတယ်။

ဒီတော့ ဆန်းစစ်ကြည့်ကြပေါ့။

ကိုယ်သုံးနေတဲ့ ဖေ့ဘုတ်ခ်ဟာ ဘယ်လို ပန်းခြံမျိုးလဲပေါ့။

▄ ကျနော့်ပန်းခြံ

ကျနော်ကတော့ ကျနော့် ပန်းခြံလေးကို ပြင်ဦးလွင်က ကန်တော်ကြီးပန်းခြံလို မခမ်းနားပေမယ့်၊ ရန်ကုန်မြို့လယ်ခေါင် ဆူးလေဘုရားနံဘေးက၊ လွတ်လပ်ရေးကျောက်တိုင်ရှိပြီး တရားရုံးကြီးနဲ့ နီးတဲ့ မဟာဗန္ဓုလပန်းခြံလောက်တော့ ထားချင်တယ်။

ဆိုလိုချင်တာက မြို့ကြီးပြကြီးရဲ့ အလယ်မှာလည်း ရှိတယ်။ ဒါ့ကြောင့် လူသူလေးပါး ဝင်ထွက်သွားလာနိုင်တယ်။ ဆူးလေဘုရားနဲ့လည်း နီးတော့ ဘာသာတရားရဲ့ အဆုံးအမနဲ့လည်း မဝေးကွာဘူးဆိုတဲ့သဘောပေါ့ဗျာ။ တရားရုံးကြီးနဲ့လည်း ကပ်လျက်ဖြစ်တော့၊ တရားမျှတမှုဆိုတာနဲ့လည်း ယှဉ်လျက်ဆိုတဲ့ အနက် ထွက်ပါတယ်။ လွတ်လပ်ရေးကျောက်တိုင်လည်း ရှိတော့၊ သမိုင်းနဲ့လည်း မကင်းကွာ၊ လွတ်လပ်ခြင်းမျှတခြင်း ခွင့်တူညီမျှခြင်းဆိုတာတွေကိုလည်း ပန်းခြံအလယ်မှာ စိုက်ထူထားချင်တယ်။ ဒီလို ပန်းခြံလေးကို ကျနော် တည်ဆောက်ထားတယ်။

သို့သော်လည်း လူသူလေးပါး ဝင်ထွက်တော့၊ မလွယ်သူက ပန်းခြံနံဘေး လာလာပန်းတဲ့သူ တချို့ ရှိတယ်။ ဒါပေမယ့် အနည်းအကျဉ်းမျှသာပါ။ တော်တော်များများကတော့ လူစိတ်သူစိတ်ရှိပါတယ်။ အဲသည်လို လာလာပန်းတာတွေ့ရင် ၊ ဥပဒေနဲ့လည်း အရေးမယူနိုင်တော့။ စာသား တစ်ခု ရေးထားရတယ်။

• ခွေးသေး မပန်းရ။

ဒါပေမယ့် ခွေးက လာလာသေးပန်းတာပဲ။ အဲသည့်ပြဿနာက မပြေလည်ဘူး။

နောက်မှ ပြန်တွေးမိတယ်။

ဪ… ဟုတ်သားပဲ။
ခွေးက စာမှ မဖတ်တတ်ဘဲကိုး….။

မင်းသေ့
နေ့လယ် ၁း၅၈
၂၉၊ အောက်တိုဘာ၊ ၂၀၂၁။

Previous post ▣ နိုင်ငံရေးဟာ အသည်းကွဲရသလား
Next post ▄ အချောင်စားတွေ