ဗမာ့လွတ်မြောက်ရေးတိုက်ပွဲတွင်းက ဆရာတော်နှစ်ပါး

မြန်မာထုရဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွင်းမှာ၊ ထင်ရှားတဲ့ လူပုဂ္ဂိုလ် အမြောက်အမြား ရှိခဲ့ပါတယ်။ ထိုလူတွေထဲမှာ၊ မျိုးချစ်တွေ ပါတယ်။ ပညာတတ်တွေ ပါတယ်။ ကျောင်းသားတွေ ပါတယ်။ သတင်းစာဆရာတွေ ပါတယ်။ စာပေ အနုပညာသမားတွေ ပါတယ်။ နိုင်ငံရေးသမားတွေ ပါတယ်။ တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေလည်း ပါဝင်ကြတယ်။ လူမျိုးစုနိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်ကြတယ်။ ပြည်ပမှာ ပညာသင်ကြားလာတဲ့ မြန်မာပညာတတ်တွေ ပါဝင်ကြပါတယ်။

နောင်အခါမှာ၊ ၎င်းတို့ဟာ မြန်မာ့အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွင်းက၊ သူရဲကောင်းတွေ ခေါင်းဆောင်တွေ ဖြစ်လာခဲ့ကြပါတယ်။ မြန်မာ့သမိုင်းရဲ့ လူကျော်လူတော်စာရင်းမှာ ပါဝင်လာကြပါတယ်။ အဲသည့်အထဲက ဗိုလ်ချုပ်အောင်ဆန်းလို ဗမာမျိုးချစ်လူငယ်ပညာတတ်ကျောင်းသား ခေါင်းဆောင်တွေဟာ အမျိုးသားခေါင်းဆောင် အဆင့်ကို ရောက်လာခဲ့တယ်။ ဦးနုလို့ ပညာတတ်နိုင်ငံရေးသမားဟာ၊ တိုင်းပြည်ရဲ့ အစိုးရအဖွဲ့ခေါင်းဆောင် တစ်ယောက်ဖြစ်လာတယ်။ လူမျိုးစုခေါင်းဆောင် ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ ဖြစ်လာခဲ့ကြတယ်။ ထို့နောက်… အသီးသီး အသသသော နယ်ပယ်၊ ကဏ္ဍပေါင်းစုံက ပညာတတ် တွေဟာ ဆိုင်ရာဆိုင်ရာနယ်ပယ်တွေရဲ့ သမိုင်းမော်ကွန်းဝင် ပုဂ္ဂိုလ်တွေ ဖြစ်လာခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ထဲမှာ၊ ထင်ထင်ရှားရှား ဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာ ဆရာတော်နှစ်ပါး အကြောင်း ထုတ်နုတ် တင်ပြချင်ပါတယ်။

ဦးဥတ္တမ နဲ့ ဦးဝိစာရ

ဗမာ့နိုင်ငံရေးသမိုင်း၊ မြန်မာ့နိုင်ငံရေးသမိုင်းထဲမှာ ထင်ရှားတဲ့ ရဟန်းပုဂ္ဂိုလ်တွေလို့ ပြောပါဆိုရင် ဆရာတော် ဦးဥတ္တမနဲ့ ဆရာတော် ဦးဝိစာရတို့ကို ပြရမှာဖြစ်ပါတယ်။ ဆရာတော်နှစ်ပါးဟာ မြန်မာအမျိုးသားတစ်ရပ်လုံးရဲ့ အမျိုးသားလွတ်မြောက်ရေးစိတ်ဓာတ်ကို ဘယ်လို လှုံ့ဆော်နိုင်ခဲ့ကြပါသလဲ။ နိုင်ငံရေးအသိအမြင် ပွင့်လင်းတဲ့၊ ပညာတတ် ရဟန်းတွေဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ခေတ်ဦးကာလမှာ အတော်နည်းပါးသေးတယ်လို့ ပြောရမှာဖြစ်ပါတယ်။ အကြောင်းကတော့၊ ရှေးရိုးသဘောအတိုင်း သာသနာရေးနယ်ပယ်မှာသာ သီးခြားနေထိုင်တဲ့ သံဃာတွေ များပြားနေလို့ဖြစ်ပါတယ်။ ထိုအချိန်က၊ မြန်မာပြည်သာသနာရေးလောကမှာ ဘုန်းတော်ကြီး ဆရာတော် သံဃာတော်ကြီးတွေဟာ လောကီနိုင်ငံရေးကိစ္စတွေနဲ့ မပတ်သက်ဘဲ သီးခြားနေထိုင်လေ့ရှိပါတယ်။ သံဃာထုဟာ နိုင်ငံရေးကို လောကီရေးဖြစ်တယ်လို့ မှတ်ယူထားကြတယ်။ ဒါ့ကြောင့် ဗုဒ္ဓတရားတော်နဲ့လည်း မဆက်စပ်ဘူးလို့ ခံယူထားကြပါတယ်။ သည်လိုအယူအဆမျိုး စွဲမြဲနေတဲ့ ကာလမျိုးမှာ၊ ဆရာတော် ဦးဥတ္တမနဲ့ ဆရာတော် ဦးဝိစာရတို့ဟာ စွန့်ဦးဖောက်ထွက်ပြီး လုပ်ဆောင်ခဲ့တဲ့ နိုင်ငံ့အာဇာနည် ပညာတတ် ရဟန်းတွေ ဖြစ်ခဲ့ပါတယ်။ ဆရာတော် နှစ်ပါးဟာ၊ ခေတ်ပညာတတ်တွေ ဖြစ်တာလည်း ပါပါလိမ့်မယ်။ အစဉ်အလာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ ပိဋကတ်စာပေတွေမှာပဲ ကျောက်ချမနေဘဲ၊ လောကကြီး ဘာဖြစ်နေတယ် စူးစမ်းတယ်။ ဆင်ခြင်တယ်။ လောကီနိုင်ငံရေးရဲ့ ဝဲဂယက်ကြားက လူထုရဲ့ ဒုက္ခတွေကို သိနားလည်နေကြပါတယ်။ သူ့ကျွန်လက်အောက်ကျရောက်နေခြင်းဟာ၊ လောကီနိုင်ငံရေးသက်သက် မဟုတ်။ အမျိုးသားရေး ဖြစ်တယ်လို့ ယုံကြည်ယူဆပါတယ်။ ထိုနည်းလည်းကောင်းပဲ၊ အင်္ဂလိပ်အစိုးရလက်အောက်မှာ ဖိနှိပ်ခံနေရတဲ့ မြန်မာလူထုဟာ တရားမျှတမှု ပျောက်ဆုံးနေပြီး၊ လူသားတန်ဖိုး နိမ့်ကျနေတယ်ဆိုတာကိုလည်း ဗုဒ္ဓသွန်သင်ချက်အရ နားလည်နေ ကြပါတယ်။ ဒါ့ကြောင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာ၊ စိတ်ဓာတ်ရေးရာ လှုံ့ဆော်ဖို့ လိုအပ်နေတဲ့ ကွက်လပ်ကို ဝင်ဖြည့်ခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးအရ အသိအမြင်နိုးကြားအောင် ဟောပြောပို့ချ တာတွေ လုပ်ဆောင်ခဲ့တယ်။ ဗုဒ္ဓသားတော် စစ်စစ်တွေရဲ့ ဂုဏ်ကိုလည်း မကျိုးမပျက် ကျင့်ဆောင်ခဲ့တယ်။ မတရားမှုနဲ့ ဖိနှိပ်ခံရမှုအတွက်လည်း ရှေ့တန်းက တော်လှန်ခဲ့ကြတယ်။

• ဆရာတော် ဦးဥတ္တမဟာ ဘယ်သူ ဖြစ်ပါသလဲ။
• ဆရာတော် ဦးဝိစာရဟာ ဘယ်သူ ဖြစ်ပါသလဲ။

Previous post တစ်ခြမ်းပဲ့ အသိ
Next post ရခိုင်လူမျိုး ဗမာ့ဝံသာနုနိုင်ငံရေးရှေ့ဆောင် ဆရာတော် ဦးဥတ္တမ