ရခိုင်လူမျိုး ဗမာ့ဝံသာနုနိုင်ငံရေးရှေ့ဆောင် ဆရာတော် ဦးဥတ္တမ

ဆရာတော် ဦးဥတ္တမဟာ ရခိုင်လူမျိုး ပညာတတ် ရဟန်းတစ်ပါးဖြစ်ပါတယ်။ ဦးဥတ္တမဟာ သာမန်ပညာတတ် ရဟန်းတစ်ပါး မဟုတ်ပါဘူး။ ပါဠိ ပိဋကတ်ကိုသာ တတ်ကျွမ်းတဲ့ ရဟန်းလည်း မဟုတ်ပါဘူး။ အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်တယ်။ ပါဠိ ပိဋကတ်ကိုလည်း ကျွမ်းကျင်တတ်မြောက်တယ်။ နိုင်ငံတကာကို ခရီးသွားလာ၊ လှည့်ပတ်ပြီးတော့ အထွေထွေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဘာသာရေး အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ထားတဲ့ ရဟန်းတစ်ပါးဖြစ်ပါတယ်။

သမားရိုးကျ ဘုန်းကြီး မဟုတ်

မြန်မာပြည်တွင်းက ဗုဒ္ဓဘာသာ ဘုန်းကြီးတွေဟာ သမားရိုးကျနည်းအတိုင်း ရဟန်းပြုနေချိန်မှာ၊ ခေတ်အမြင် ခေတ်အတွေးအခေါ်နဲ့ ကမ္ဘာ့နိုင်ငံတွေကို ခြေဆန့်သွားလာပြီး အသိအမြင်ကျယ်ပြန့်အောင် လုပ်နိုင်ခဲ့သူဟာ ဆရာတော် ဦးဥတ္တမပဲ ဖြစ်ပါတယ်။ ပါဠိ ပိဋကတ်ကို ကျွမ်းကျင်တယ်။ သက္ကတကို တတ်မြောက်တယ်။ ဘင်္ဂလီနဲ့ နာဂရီစာတွေကို လေ့လာသင်ကြားခဲ့ဖူးတယ်။ ဦးဥတ္တမဟာ နိုင်ငံပေါင်းစုံကို လှည့်လည်သွားလာနေထိုင်ခဲ့တယ်။ ဆရာတော် ဦးဥတ္တမဟာ၊ အိန္ဒိယ ကာလကတ္တားကိုလည်း ရောက်တယ်။ ကာလကတ္တားမှာ အင်္ဂလိပ်စာ သင်တယ်။ အဲသည့်ကနေ ပြင်သစ်၊ ပါရီကို သွားတယ်။ ပြင်သစ်ကနေ အင်္ဂလန်၊ ဂျာမနီ… စတဲ့ နိုင်ငံတွေကို လှည့်လည်တယ်။ ရုရှားနဲ့ ဂျပန် စစ်ဖြစ်တော့၊ ဂျပန်က စစ်ရေးအသာရတယ်။ ရုရှားနဲ့ ယှဉ်ရင် လူဦးရေအရ နည်းပြီး နယ်မြေအရလည်း သေးတဲ့ ဂျပန်လို နိုင်ငံမျိုးက စစ်ရေးအသာရတယ်ဆိုတာကို ဦးဥတ္တမက စိတ်ဝင်စားတယ်။ ဒါ့ကြောင့် ဂျပန်နိုင်ငံကို သွားတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ၊ ဗုဒ္ဓဘာသာအသင်းတစ်ခုက တည်ထောင်တဲ့ ကျောင်းမှာ၊ ပါဠိဘာသာ သက္ကတဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်ပြီး ဂျပန်မှာ (၄) နှစ်လောက်နေတယ်။ ပြီးတော့ မြန်မာပြည် အပြန်ခရီးမှာ၊ ကိုရီးယား၊ မန်ချူးရီးယား၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့ကို လှည့်လည်ခဲ့သေး တယ်။ ဒေသန္တရ၊ ဘာသန္တရ နိုင်ငံရေးဗဟုသုတနဲ့ နိုင်ငံအမျိုးမျိုးရဲ့ လူမှုစီးပွားအခြေအနေတွေကို ဆရာတော် ဦးဥတ္တမ နားလည်သဘောပေါက်ခဲ့တယ်။

ဦးဥတ္တမနဲ့ အင်္ဂလိပ်စာ

ဦးဥတ္တမဟာ ရှားရှားပါးပါး အင်္ဂလိပ်စာတတ် ရဟန်းတော် တစ်ပါးလို့ ပြောနိုင်တယ်။ လွတ်လပ်ရေးရပြီး ဗမာပြည်ဖြစ်ပြီးတာတောင် ဗမာဗုဒ္ဓဘာသာ ဘုန်းကြီးတွေကြားထဲမှာ အင်္ဂလိပ်စာ သင်ကြားခြင်းကို ရှုတ်ချပြီး၊ တိရိစ္ဆာနကထာတွေ လို့ ခံယူခဲ့တဲ့ ဗမာဘုန်းတော်ကြီးတွေ အမြောက်အမြား ရှိနေပါသေးတယ်။ ဆရာတော် ဦးဥတ္တမဟာ ၊ သူ့အသက် ဆယ်ကျော်သက်အရွက်ကတည်းက အင်္ဂလိပ်စာ သင်ချင်လွန်းလို့ ပခုက္ကူစာသင်တိုက်တွေမှာ၊ ပါဠိစာပေ သင်ဖို့လို့ မိဘကို အကြောင်းပြပြီး ကာလကတ္တားကို လာပြီး အင်္ဂလိပ်စာကို ကြိုးစားသင်ယူခဲ့သူ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ မျိုးချစ် ရဟန်းတစ်ပါးဟာ သူ့ကျွန်လက်အောက်က လွတ်ဖို့ တော်လှန်ခဲ့ပေမယ့် ကျွန်စာလို့ ယူဆခဲ့ကြတဲ့ အင်္ဂလိပ်စာကို အပတ်တကုတ် သင်ယူခဲ့သူဆိုတာကို တွေ့ရပါတယ်။ အင်္ဂလိပ်စာကို တတ်မြောက်လို့လည်း ကမ္ဘာ့နိုင်ငံအသီးသီးကို သွားလာနိုင်ခဲ့တယ်။ လှည့်လည်နိုင်ခဲ့တယ်။ ကမ္ဘာကြီး ဘာဖြစ်တယ်ဆိုတာကို သိမြင်နားလည်အောင် လုပ်နိုင်ခဲ့တယ်။ ကာလကတ္တားမှာပဲ၊ ကောလိပ်ကျောင်းတစ်ခုမှာ ပါဠိဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်နိုင်ခဲ့တယ်။

ဆရာတော့် ဖြတ်သန်းမှု

ဆရာတော် ဦးဥတ္တမကို ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ မွေးဖွားတယ်။ ဇာတိက ရခိုင် စစ်တွေမြို့ဖြစ်တယ်။ ရခိုင်လူမျိုးတစ်ယောက်ဖြစ်ပါတယ်။ စစ်တွေမှာပဲ မူလတန်းပြီးစီးတယ်။ ဘုန်းကြီးကျောင်းသင်ပညာရေးကို ရတယ်။ အင်္ဂလိပ်စာ တတ်ချင်လွန်းလို့၊ အိန္ဒိယ ကာလကတ္တားကို သင်္ကန်းဝတ်နဲ့ အရဲစွန့်သွားတယ်။ ကာလကတ္တားမှာ ငွေကြေးချမ်းသာတဲ့ ရှမ်းအမျိုးသမီးကြီးတစ်ယောက်က မွေးစားလို့ လူဝတ်လဲပြီး အင်္ဂလိပ်စာ သင်တယ်။ ၁၈ နှစ်မှာ ဆယ်တန်းအောင်တယ်။ ၁၈၉၇ ခုနှစ်က ဆရာတော် ကာလကတ္တားမှာ ဆယ်တန်းအောင်တဲ့ ခုနှစ်ဖြစ်တယ်။ နောက်တော့ မြန်မာပြည် ပြန်လာတယ်။ ပခုက္ကူစာသင်တိုက်ကြီးတွေမှာ သင်္ကန်းဝတ်နဲ့ ပါဠိ ပိဋကတ်ကျမ်းတွေကို လေ့လာသင်ယူတယ်။ ဆရာတော် ဦးဥတ္တမ အသက် (၁၉) နှစ်၊ သာမဏေ ဘဝမှာပဲ ပခုက္ကူမှာ ပါဠိကျမ်းဂန်တွေကို သင်ယူနေစဉ်မှာ၊ အင်္ဂလိပ်စာ တတ်ကျွမ်းပြီးသွားပြီဆိုတာကို မမေ့သင့်ပါ။

သူရိယသတင်းစာမှာ

ဆရာတော် ဦးဥတ္တမ၊ နိုင်ငံအသီးသီးကို လှည့်လည်ပြီး ပါဠိပါမောက္ခ လုပ်၊ ရဟန်းဝတ်နဲ့ မြန်မာပြည်ပြန်လာတော့ မြန်မာပြည်မှာ ဝိုင်အမ်ဘီအေ အသင်း စတည်ထောင်ခါစ။ ဝိုင်အမ်ဘီအေအသင်းရဲ့ ဝါဒဖြန့်ချိရေးလက်နက်အဖြစ် ပေါ်ထွက်လာတဲ့ သူရိယသတင်းစာ။ ဝိုင်အမ်ဘီအေကို စတင်တည်ထောင်တဲ့ လူပုဂ္ဂိုလ်တွေက လူငယ် လူလတ်ပိုင်း ပညာတတ်တွေ ဖြစ်တယ်။ သူရိယသတင်းစာတိုက်ကို ထောင်တဲ့လူတွေမှာလည်း ဒီလူတွေပါတယ်။ သူတို့တတွေနဲ့ တွေ့ဆုံပြီး ဆရာတော် ဦးဥတ္တမက နိုင်ငံရေးပြဿနာတွေကိုဆွေးနွေးတယ်။ ဆရာတော် ကိုယ်တိုင်ကလည်း သူရိယသတင်းစာမှာ စာတွေ ဝင်ရေးတယ်။ ဒီအချိန်မှာ ဆရာတော့်အသက်က (၃၀) ကျော်လောက်ရှိနေပြီ။ သူရိယသတင်းစာမှာ ဆရာတော်ရေးတဲ့ စာတွေက သူ တွေ့ကြုံခဲ့တဲ့ နိုင်ငံတကာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအတွေ့အကြုံတွေကို မြန်မာပြည်လွတ်လပ်တိုးတက် ကြီးပွားရေးနဲ့ ယှဉ်ပြီး ရေးတယ်။ သူရိယသတင်းစာတိုက်ကို တည်ထောင်သူတွေက အင်္ဂလိပ်စာတတ် လူငယ် လူလတ်ပိုင်း ပညာတတ်တွေ။ သူရိယသတင်းစာက မြန်မာပြည်သူတွေကို စပြီးတော့ နိုင်ငံရေးအသိအမြင်တွေ ဖွင့်ပေးတယ်။ တစ်ဖက်မှာလည်း ဝိုင်အမ်ဘီအေရဲ့ လုပ်ငန်းစဉ်တွေကို သတင်းစာကနေ လူအများ ပါဝင်လာအောင် လှုံ့ဆော်နိုင်ခဲ့တယ်။ ဒီနည်းနဲ့ ဝံသာနုလှုပ်ရှားမှု အရေးတော်ပုံတွေ ပေါ်ထွက်လာတယ်။ မြန်မာပြည်မှာ ဝံသာနု အသင်းတွေ နေရာ အနှံ့အပြား ပေါ်ထွက်လာတာ ဆရာတော် ဦးဥတ္တမရဲ့ တိုက်တွန်းနှိုးဆော်ချက်တွေကြောင့်လို့ ပြောလို့ ရနိုင်တယ်။ အင်္ဂလိပ်အစိုးရကို အာခံ ဖီဆန်တဲ့ ရှေ့ဆောင် လုပ်ရပ်တွေကိုလည်း ဆရာတော် ဦးဥတ္တမက စွန့်ဦးတီထွင် လမ်းပြနိုင်ခဲ့တယ်၊ နမူနာပြနိုင်ခဲ့တယ်။

တော်လှန်ရေးလမ်းညွှန်ချက်

• ကရက်ဒေါက် ထွက်သွား။
• အင်္ဂလိပ် ကုန်ပစ္စည်းတွေ သပိတ်မှောက်ကြ။
• အင်္ဂလိပ်ဆိုင်မှာ မဝယ်နဲ့။
• လိပ်ဆို ဘာလိပ်မှ မကြိုက်။
• တိုင်းရင်းသား ဖြစ်ကို အားပေး။
• ဝံသာနုအထည်တွေ ဝတ်ဆင်ကြ။
• ဗမာတွေ ညီညွတ်ကြ။
• လွတ်လပ်မှ ချမ်းသာမယ်၊ ကြီးပွားမယ်။
• ကိုယ်ပိုင်အုပ်ချုပ်ရေးပေးဖို့ ပြတ်ပြတ်သားသားတောင်းဆိုခဲ့တာတွေ။
စသည်ဖြင့်…. ပြတ်သားရှင်းလင်းတဲ့ နိုင်ငံရေးလမ်းညွှန်ချက်တွေကို ပေးပြီး ဝံသာနုလှုပ်ရှားမှုကို သဘောတရားရေး အရ ဆရာတော်ဦးဥတ္တမက ဦးဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ်။
ဝိုင်အမ်ဘီအေက ဦးဆောင်တဲ့ ဝံသာနုလှုပ်ရှားမှုတွေမှာ ဆရာတော် ဦးဥတ္တမရဲ့ အတွေးအခေါ် အိုင်ဒီယာတွေ ပါဝင်ခဲ့တယ်လို့ ယူဆလို့ရတယ်။ တနည်းအားဖြင့် ဆရာတော် ဦးဥတ္တမက အိန္ဒိယရဲ့ အမျိုးသားရေးလှုပ်ရှားမှု ဖြစ်စဉ်တွေကို သိနားလည်တယ်။ အကျွမ်းတဝင် ရှိတယ်။ အိန္ဒိယက ဗြိတိသျှ အင်္ဂလိပ်ကို တော်လှန်တဲ့ ဖြစ်ရပ်တွေ၊ လှုပ်ရှားမှုတွေကို ဆရာတော် ဦးဥတ္တမက ကောင်းကောင်း နားလည်သဘောပေါက်တယ်။ အထူးသဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေနဲ့ သပိတ်မှောက်တဲ့ ဖြစ်စဉ်တွေ။

နိုင်ငံရေးစွမ်းဆောင်ချက်တွေ

သမိုင်းမှတ်တမ်းတွေမှာ တွေ့ရတဲ့ ဆရာတော် ဦးဥတ္တမရဲ့ ဟောပြောချက်တွေနဲ့ ရေးသားချက်တွေကို လေ့လာကြည့်ရင်…. ဆရာတော်ဟာ ဗမာပြည် လွတ်မြောက်ရေးအတွက် နိုင်ငံရေးအသိပညာ (Political awareness) ကိုလည်း ပေးခဲ့တယ်။ နိုင်ငံရေးလမ်းညွှန်ချက် (Political Guidelines) တွေကိုလည်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပေးနိုင်ခဲ့တယ်။ လူထုကိုလည်း ဝံသာနုလှုပ်ရှားမှုမှာ အားတက်ပါဝင်လာအောင် လှုံ့ဆော် (motivation) ပေးနိုင်ခဲ့တယ်။ မှေးမှိန်နေတဲ့ ဗမာပြည်သူတွေရဲ့ စိတ်ကိုလည်း နိုးကြားအောင် ဟောပြောနိုင်စွမ်း ရှိခဲ့တယ်။ အင်္ဂလိပ်ကို ဖီဆန်နေတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်း မဟာဗျူဟာလမ်းညွှန်ချက် (Strategic Choices) တွေ ရအောင် အိုင်ဒီယာပေးနိုင်ခဲ့တယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ တော်လှန်ရေးဖြစ်စဉ် တွေကို နားလည်နေသူမို့၊ မြန်မာပြည်နဲ့ ကိုက်ညီတဲ့ တော်လှန်ရေးနည်းနာ (Revolutionary Methods) တွေကိုလည်း လမ်းပြ သွန်သင်နိုင်ခဲ့တယ်လို့ လေ့လာတွေ့ရှိရတယ်။

ဒီအကြောင်းခြင်းရာကို ကြည့်ရင်၊ ရခိုင်လူမျိုး ပညာတတ် ရဟန်းတော် တစ်ပါးဟာ၊ စစ်မှန်တဲ့ မျိုးချစ်စိတ်နဲ့ မြန်မာပြည်သူ လူထုကို တက်ကြွတဲ့ ဝံသာနုအရေးတော်ပုံကြီးဖြစ်ထွန်းအောင် အုတ်မြစ်ချပေးနိုင်ခဲ့တယ်၊ ပန္နက်ရိုက်ပေးနိုင်ခဲ့တယ်ဆိုတာ ထင်ရှားတယ်။

ဗီဇစရိုက် ပုံစံ

ဆရာတော် ဦးဥတ္တမရဲ့ ကိုယ်ရည်ကိုယ်သွေး ဗီဇစရိုက်ကို လေ့လာကြည့်ရင်၊ ငယ်စဉ်ကတည်းက ပညာကို လိုလားတယ်။ သမားရိုးကျဘောင်ထဲမှာ နေရတာထက်၊ ခေတ်အမြင် ခေတ်အတွေးအခေါ်နဲ့ ကမ္ဘာကြီး ဘာဖြစ်နေတယ်၊ လောကကြီးထဲမှာ လက်တွေ့ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာကို သိနားလည်ချင်စိတ် ပြင်းပြ ထက်သန်တဲ့သူ တစ်ယောက်ဖြစ်တယ်ဆိုတာ နားလည်ရတယ်။ မျိုးချစ်စိတ်ဓာတ်၊ ဝံသာနုစိတ်အပြည့်ရှိတယ်။ ဒါပေမယ့် တစ်ဖက်ပိတ် မဟုတ်ဘူး။ အင်္ဂလိပ်စာကို ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားပြီး ကမ္ဘာကြီးနဲ့ ဆက်သွယ်ချိတ်ဆက်ချင်စိတ်ရှိတယ်။ ပခုက္ကူစာသင်တိုက်ကြီးတွေကနေ ပါဠိ ပိဋကတ်ကို ဇွဲနပဲနဲ့ သင်ယူတတ်မြောက်ခဲ့လို့ ကာလကတ္တားနဲ့ တိုကျိုတို့မှာ ပါဠိ သက္ကတ ပါမောက္ခအဖြစ် ဆောင်ရွက်နိုင်ခဲ့တယ်။ သင်္ကန်းဝတ် ရဟန်းတစ်ပါးဖြစ်ပေမယ့်၊ နိုင်ငံတကာကို လှည့်လည်ပြီး နိုင်ငံတကာ နိုင်ငံရေး အသိအမြင်တွေ၊ နိုင်ငံတကာ လူမှုစီးပွား အဖြစ်အပျက်တွေကို သိနားလည်အောင် လုပ်နိုင်ခဲ့တယ်။ လောကီနိုင်ငံရေးဖြစ်ရပ်တွေကို လက်တွေ့ကျကျသိမြင်နားလည်ပြီး ဗမာလူထုအတွက် ကျယ်ပြောတဲ့နိုင်ငံရေးအိုင်ဒီယာတွေကို မိတ်ဆက်ဟောပြောပေးနိုင်ခဲ့တယ်။

အဟိံသလမ်းစဉ်

အင်္ဂလိပ်အစိုးရကို အကြမ်းမဖက်နည်းနဲ့ လူထုတော်လှန်ရေးတွေ၊ သပိတ်တွေနဲ့ ဖီဆန်နိုင်အောင် အဓိက လှုံ့ဆော်အားပေးနိုင်ခဲ့တာကို တွေ့ရတယ်။ အိန္ဒိယမှာ အနေများခဲ့ဖူးတဲ့ ဆရာတော် ဦးဥတ္တမဟာ အိန္ဒိယနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေကို နားလည်သဘောပေါက်ပြီး၊ မြန်မာပြည်တွင်းမှာလည်း အလားတူ အမျိုးသားလှုပ်ရှားမှုတွေ ပေါ်ပေါက်အောင် တော်လှန်ရေးကို တင်သွင်းပေးခဲ့ သူလည်း ဖြစ်တယ်။ ဆရာတော် ဦးဥတ္တမဟာ၊ ဂန္ဒီရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးနည်းတွေနဲ့ တော်လှန်ဖို့ ဆော်ဩလှုံ့ဆော်ခဲ့တယ်။ အင်္ဂလိပ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ စည်းရုံးခဲ့တယ်။ အင်္ဂလိပ်အစိုးရကို လက်နက် ကိုင်နည်းနဲ့ တော်လှန်ရမယ်လို့ ပြင်းပြင်းပြပြ ယူဆခဲ့တဲ့ လူငယ်တော်လှန်ရေးသမား၊ နိုင်ငံရေးသမားတွေကတော့ ဦးဥတ္တမရဲ့ ဟောပြောချက်တွေကို လက်မခံခဲ့ဘူး။ သို့ပေမယ့် ဆရာတော်ကို ဝံသာနုမျိုးချစ် ရဟန်းတစ်ပါးအဖြစ် ကြည်ညိုလေးစားကြတယ်။

တော်လှန်ရေးအမြင်

ထူးခြားချက်တွေထဲက တစ်ခုကတော့၊ မြန်မာပြည်သူလူထုရဲ့ စည်းလုံးခြင်းကို အင်္ဂလိပ်က နိုင်ငံရေးပရိယာယ်နဲ့ ဟုမ္မရူး – ဒိုင်အာခီ အာဂျင်ဒါကို ချပြီး ဝေဝါးစေခဲ့တယ်။ ဟုမ်း လိုလို ၊ ဒိုင်လိုလိုနဲ့ ဝိဝါဒ အငြင်းပွားတာတွေ ဗမာဝံသာနုသမားတွေကြားထဲ ငြင်းခုန်ရင်း နိုင်ငံရေးသွေးခွဲခံခဲ့ရတယ်။ ဒီလို နိုင်ငံရေးသင်းခွဲခံ ရမှုတွေကို အမြော်အမြင်ရှိရှိနဲ့ လူထုကို ဒိုင်အာခီရဲ့ ဆိုးပြစ်တွေ ဟောပြောပြီး ဆရာတော် ဦးဥတ္တမဟာ လူထုရဲ့ တော်လှန်ရေးအမြင်ကို ပြတ်သားရှင်းလင်းအောင် လမ်းပြနိုင်ခဲ့တယ်။ ဒါ့ကြောင့်လည်း ဗမာလူထုဟာ ကိုယ့်မင်းကိုယ်ချင်းနဲ့ အုပ်ချုပ်ခွင့်ရတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးရဲ့ အနှစ်သာရကို ကောင်းကောင်း သိနားလည်ခဲ့တယ်။ ဒိုင်အာခီလို့ခေါ်တဲ့ ပူးတွဲအုပ်ချုပ်ရေးရဲ့ စနက်တွေကို နားလည်ပြီး ကျွန်သက်ရှည်အောင် ဆွဲဆန့်ထားတဲ့ မြှုပ်ကွက်ကို သိနားလည်ခဲ့တယ်။ ဒါတွေကို ဆရာတော် ဦးဥတ္တမက စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်ခဲ့တယ်။

ဤသို့ ဤပုံ

ဆရာတော် ဦးဥတ္တမဟာ အင်္ဂလိပ်အစိုးရလက်အောက်မှာ ပထမဆုံး နိုင်ငံရေးမှုနဲ့ ထောင်သွင်းအကျဉ်းချခံရတဲ့ ဆရာတော်တစ်ပါးဖြစ်တယ်လို့ ယူဆရတယ်။ ဆရာတော် ဦးဥတ္တမဟာ သံဃာ့ကောင်စီ (The General Council of Sangha Samegyi) ကို တည်ထောင်ခဲ့သူလည်းဖြစ်တယ်။ ၁၉၂၁ ခုနှစ်ကနေ ပျံလွန်တော်မူချိန်အထိကာလ အပိုင်းအခြားထဲမှာ ထောင်သွင်းအကျဉ်းချခံရတဲ့ ကာလက ဆရာတော်အတွက် ပိုများခဲ့တယ်လို့ ဆိုနိုင်တယ်။ ဆရာတော် ဦးဥတ္တမဟာ ၁၉၃၉ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေစဉ်မှာပဲ၊ ပျံလွန်တော်မူခဲ့တယ်။
ဆရာတော် ဦးဥတ္တမရဲ့ ဘဝနဲ့ ဝံသာနုနိုင်ငံရေးဖြတ်သန်းမှု သမိုင်းကို လေ့လာကြည့်ရင်၊ ဆရာတော်ဟာ ရခိုင်လူမျိုး ဖြစ်သည့်အလျှောက် ဗမာပြည်လွတ်မြောက်ရေး / မြန်မာ့အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ဖောက်ထွက်ဦးဆောင် လမ်းပြ သွန်သင်နိုင်ခဲ့တဲ့ ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါး ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာလည်း ထင်ရှားတဲ့ မျိုးချစ်အာဇာနည်ရဟန်းတစ်ပါး အဖြစ် မော်ကွန်းဝင် သူ ဖြစ်ပါတယ်။ ဘုရားသား၊ ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါး ဖြစ်ပေမယ့် အဖိနှိပ်ခံ လူထုရဲ့ နိုင်ငံရေးဘဝနဲ့ လူမှုစီးပွားဘဝ တရားမျှတရေးကို လောကီရေးသက်သက်လို့ မမြင်ဘဲ၊ လွတ်လပ်ရေးအဘိဓမ္မာနဲ့ တရားမျှတရေးအဘိဓမ္မာကို ကို ဟောပြော လမ်းညွှန်ခဲ့တဲ့ ပညာတတ် ရဟန်းပုဂ္ဂိုလ်တစ်ပါးဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရခိုင်လူမျိုး ရဟန်းတော်တစ်ပါးဟာ မြန်မာပြည်ရဲ့ အမျိုးသားလှုပ်ရှားမှုမှာ ဦးဆောင်လမ်းညွှန်ပြီး တော်လှန်ရေးအသိဖွင့်ပေးခဲ့တဲ့ အာဇာနည်ရဟန်းတစ်ပါးဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

မင်းသေ့
ရေးသားတင်ပြသည်။

Previous post ဗမာ့လွတ်မြောက်ရေးတိုက်ပွဲတွင်းက ဆရာတော်နှစ်ပါး
Next post ဦးဝိစာရ (သို့မဟုတ်) အာဏာဖီဆန်ရေး၏ သင်္ကေတ၊ တော်လှန်သော သတ္တိရှေ့ဆောင်