ဦးဝိစာရ (သို့မဟုတ်) အာဏာဖီဆန်ရေး၏ သင်္ကေတ၊ တော်လှန်သော သတ္တိရှေ့ဆောင်

ဆရာတော် ဦးဝိစာရကို ဆရာတော် ဦးဥတ္တမထက် ပိုပြီး ထင်ရှားလူသိများစေတဲ့အရာတွေ ရှိပါတယ်။ တကယ်တော့၊ ဆရာတော် ဦးဥတ္တမဟာ ဆရာတော် ဦးဝိစာရရဲ့ နိုင်ငံရေးလမ်းပြ ပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။ သို့သော် ဆရာတော် ဦးဝိစာရဟာ ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြမှုနဲ့ ထင်ရှားပါတယ်။ ကိုလိုနီအစိုးရကို အာဏာဖီဆန်တဲ့နေရာမှာ၊ အဆုံးစွန်ဆုံးအထိ မလျော့သောဇွဲနပဲနဲ့ အာခံမှုဟာ ပြင်းထန်လွန်းတာကြောင့် ဦးဝိစာရကို လူအများက ပိုပြီး သတိရတာဖြစ်ပါလိမ့်မယ်။ တကယ်တော့ ဦးဥတ္တမဟာ တော်လှန်သောပညာ့ရှေ့ဆောင် ဖြစ်ပြီး၊ ဦးဝိစာရဟာ တော်လှန်သောသတ္တိ ရှေ့ဆောင်ဖြစ်ပါတယ်။ ပညာနဲ့ သတ္တိပေါင်းစပ်မိတဲ့အခါ၊ ဗမာ့ဝံသာနုနိုင်ငံရေးလမ်းစဉ်ကြီးဟာ လူထုကြားမှာ ပြောင်ပြောင် မြောက်မြောက် ထပ်မံပေါ်ထွန်းခဲ့တာပါပဲ။ လူပုဂ္ဂိုလ်တွေ ဦးဆောင်တဲ့ ဝံသာနုနိုင်ငံရေးမှာ၊ ရဟန်းပုဂ္ဂိုလ်တွေ ဝင်ရောက်အားဖြည့်ခြင်းဟာ မြန်မာပြည်ရဲ့အမျိုးသားရေးလှုပ်ရှားမှုကို ပိုပြီး အရှိန်အဟုန်မြင့်စေခဲ့ပါတယ်။

ဦးဝိစာရဟာ ဘယ်လို

ဦးဝိစာရဟာ ဘယ်လိုရဟန်းသံဃာတစ်ပါးဖြစ်ပါသလဲ။

ဆရာတော် ဦးဝိစာရဟာ ၁၈၈၈ ခုနှစ်မှာ မွေးဖွားပြီး၊ ၁၉၂၉ ခုနှစ်မှာ ထောင်သွင်းအကျဉ်းကျခံရင်း အစာငတ်ခံဆန္ဒပြပြီး ပျံလွန်တော်မူခဲ့ပါတယ်။ သက်တော် (၄၁) နှစ်မှာ ပျံလွန်တော်မူတာဖြစ်ပါတယ်။ အရွယ်အားဖြင့် အရွယ်ကောင်း၊ လူလတ်ပိုင်း အရွယ်မှာဖြစ်ပါတယ်။ ဦးဝိစာရ ပျံလွန်တော်မူခဲ့တဲ့ ထောင်ဟာ ၊ ရန်ကုန်အကျဉ်းထောင်ဖြစ်ပါတယ်။ အစာငတ်ခံတဲ့ရက်ပေါင်း (၁၆၆) ရက်မြောက်နေ့မှာ ပျံလွန်တော်မူတာဖြစ်ပါတယ်။ ဦးဝိစာရဟာ၊ ရခိုင်လူမျိုး စစ်တွေဇာတိ ပညာတတ် မျိုးချစ်ရဟန်းတစ်ပါးဖြစ်တဲ့ ဆရာတော် ဦးဥတ္တမကို အကြောင်းပြုပြီး၊ ဗမာ့ဝံသာနုနိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်လာတယ်လို့ ပြောနိုင်ပါတယ်။ ဆရာတော် ဦးဥတ္တမဦးဆောင်တဲ့ သံဃာ့သမဂ္ဂီအဖွဲ့တွေ နိုင်ငံအဝှမ်းမှာ စတင်ဖွဲ့စည်းတဲ့ကာလတွေမှာ ဦးဝိစာရဟာ တက်ကြွသော မျိုးချစ်ရဟန်းတစ်ပါးအဖြစ် ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဆရာတော် ဦးဥတ္တမနဲ့အတူ ပါဝင်ဦးဆောင်ကြတဲ့ ရဟန်းတော်တွေထဲမှာ ဦးဝိစာရအပြင် အနယ်နယ်အရပ်ရပ်က တက်ကြွရဟန်းသံဃာဘုန်းကြီး အများအပြား ပါဝင်ခဲ့ပါတယ်။ နိုင်ငံရေးဟာ လောကီရေးသက်သက် မဟုတ်၊ သာသနာတော်အရေးနဲ့လည်း သက်ဆိုင်တယ် ဆိုတဲ့ ဦးဥတ္တမရဲ့ အမြင်ဖွင့် အတွေးအခေါ်တွေကြောင့် ဦးဝိစာရလို စာတတ်ရဟန်းပုဂ္ဂိုလ်တွေဟာ ဆရာတော်ဦးဥတ္တမနဲ့ အတူ ပါဝင်လာကြတာဖြစ်ပါတယ်။

စာချရဟန်းတစ်ပါး ဖြစ်ခဲ့

ဦးဝိစာရဟာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ မပါဝင်ခင်က ပခုက္ကူမြို့၊ မဟာဝိသုတာရာမတိုက်က စာချပုဂ္ဂိုလ်ကျော် တစ်ပါးဖြစ်ပါတယ်။ ပညာတတ်၊ စာတတ်ရဟန်းတစ်ပါးက ဝံသာနုလှုပ်ရှားမှုမှာ စံပြပုဂ္ဂိုလ်အနေနဲ့ ပါဝင်လာခြင်းဖြစ်ပါတယ်။ ဦးဝိစာရဟာ စစ်ကိုင်းတိုင်း ၊ မုံရွာသားဖြစ်ပါတယ်။ မြန်မာပြည်အထက်ပိုင်း အညာသားတစ်ယောက်ဖြစ်ပေမယ့်၊ မြန်မာပြည် အောက်ပိုင်းက ရန်ကုန်အကျဉ်းထောင်မှာ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။ ဦးဝိစာရရဲ့ တော်လှန်ရေးဇွဲနပဲ ပြင်းထန်မှုဟာ မြန်မာလူထုအတွက် အမှတ်ရစရာ ဖြစ်ခဲ့ပါတယ်။

တော်လှန်ရေး၏ အမှတ်လက္ခဏာများ

ဦးဝိစာရဟာ တော်လှန်ရေးရဲ့သင်္ကေတ တစ်ခုဖြစ်ခဲ့ပါတယ်။ သူ့ကျွန်လက်အောက်က အကြမ်းမဖက်တော်လှန်ရေးရဲ့ အမှတ်သရုပ်တစ်ခုလည်းဖြစ်ပါတယ်။ ထောင်တွင်းမှာ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း ပျံလွန်တော်မူသွားတဲ့ သူရဲကောင်း ရဟန်းတစ်ပါးလည်းဖြစ်တယ်။ HS (Hunger Strike) လို့ခေါ်တဲ့ သေမင်းနဲ့ စစ်ခင်းရတဲ့ အစာငတ်ခံတိုက်ပွဲရဲ့ အထင်ရှားဆုံး သက်သေသာဓက တစ်ခုဖြစ်ပါတယ်။ ဦးဝိစာရဟာ အမျိုးဘာသာ သာသနာကို ဗဟိုပြုပြီး တိုင်းပြည်နဲ့ လူမျိုးကို ကျွန်ဘဝက လွတ်မြောက်အောင် လူထုရှေ့က ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ရဟန်းတစ်ပါးလည်းဖြစ်ပါတယ်။ ဦးဝိစာရရဲ့ ရဲရဲတောက် တော်လှန်ရေးတရားတော်တွေဟာ၊ နှုတ်ဖျားမှာတင် ရှိနေခဲ့တာ မဟုတ်ပါ။ လက်တွေ့အားဖြင့် ဦးဝိစာရကိုယ်တိုင် ကာယကံ မြောက် သက်သေပြသွားနိုင်ခဲ့ပါတယ်။ ဒါဟာ သိပ်လေးစားစရာ ကောင်းပါတယ်။ နိုင်ငံရေးတရားတွေ ရဲရဲတောက် ဟောပြော တတ်တဲ့ နိုင်ငံရေးသမားတိုင်းဟာ အပြောနဲ့ အလုပ် မညီပါ။ ဆရာတော် ဦးဝိစာရဟာ ထိုကဲ့သို့ မဟုတ်ပါ။ အပြောနဲ့ အလုပ် ညီခဲ့တဲ့ အာဇာနည် ရဟန်းတစ်ပါးဖြစ်ပါတယ်။ အပြောနဲ့ အလုပ်ညီညွတ်ခဲ့တဲ့ တော်လှန်သောရဟန်းတစ်ပါးဖြစ်ပါတယ်။ ဆရာတော် ဦးဝိစာရဟာ ဗမာ့ဝံသာနုနိုင်ငံရေးလှုပ်ရှားမှုရဲ့ သမိုင်းပြယုဂ် တစ်ခုဖြစ်ပါတယ်။

ထောင်တွင်း အာဏာဖီဆန်မှုများ

ရဲရဲတောက် တော်လှန်သောနိုင်ငံရေးတရားတွေ ဟောပြောမှုကြောင့်၊ ကိုလိုနီ အင်္ဂလိပ်အစိုးရဟာ ဦးဝိစာရကို ထောင်သွင်း အကျဉ်းချပါတယ်။ ၁၉၂၆၊ နိုဝင်ဘာမှာ အလုပ်ကြမ်းမပါတဲ့ ထောင်ဒဏ် နှစ်လ စချပါတယ်။ ပထမအကြိမ် ထောင်ဒဏ်က သက်ညှာပါတယ်။ နှစ်လမျှသာ ဖြစ်ပါတယ်။ အလုပ်ကြမ်းလည်း မပါပါ။ သို့သော် ထောင်က လွတ်လွတ်ချင်း ထောင်ဗူးဝမှာ ထပ်ပြီး ဖမ်းပါတယ်။ ၁၉၂၇ ဇန်နဝါရီမှာ ဒုတိယအကြိမ် ထောင်ကျပါတယ်။ ဒုတိယအကြိမ်မှာတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ် ကိုးလ ချပါတယ်။ ၁၉၂၉ ခုနှစ်မှာ တတိယအကြိမ် ထောင်ထပ်ချပါတယ်။ တတိယအကြိမ် ထောင်ချခံရမှုက ပိုပြင်းထန်ပါတယ်။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ခြောက်နှစ်၊ တစ်ကျွန်းပို့ စီရင်ချက် ချပါတယ်။ ထောင်ထဲမှာ ဦးဝိစာရကို ညှင်းပမ်းနှိပ်စက်ပါတယ်။ သင်္ကန်းက လွဲလို့ ထောင်အဝတ် မဝတ်နိုင်လို့ ငြင်းပယ်လို့၊ ထောင်တွင်းမှာ ကိုယ်လုံး တည်းပဲ နေခဲ့ပါတယ်။ ဥပုသ်ရက်တွေမှာ ဥပုသ်ပြုခွင့် မပေး၊ ရဟန်းကို ရဟန်းလို ဆက်ဆံဖို့ တောင်းဆိုတာ မရလို့ အစာငတ်ခံ ဆန္ဒပြပါတယ်။ ဒုတိယအကြိမ် ထောင်ကျတုန်းက ဘင်္ဂလားဘက်က ထောင်ကို ပို့ပြီး အရူးထောင်မှာ ထားတယ်လို့ တွေ့ရပါတယ်။ အစာပြန်စားဖို့ အမျိုးမျိုး ဖျောင်းဖျတာ မရတာကြောင့်၊ နှာခေါင်းတို့ စအိုတို့ကနေ အစာရည်ကို သွင်းပါတယ်။ ဒါလည်း ဆရာတော် ဦးဝိစာရဟာ လက်မခံ၊ ငြင်းဆန်ပါတယ်။ ဒီလိုနဲ့ ၁၉၂၉ ခုနှစ်မှာ အစာငတ်ခံဆန္ဒပြရင် ပျံလွန်တော်မူသွား ပါတယ်။ ဆရာတော် ဦးဝိစာရဟာ အစာငတ်ခံဆန္ဒပြတဲ့ ၁၆၆ ရက်မြောက်နေ့မှာ ပျံလွန်တော်မူတာဖြစ်ပါတယ်။ ဦးဝိစာရ ပျံလွန်တော် မမူခင်၊ နောက်ဆုံးမှာကြားခဲ့တဲ့ – လိမ္မာရစ်ကြပါ…. ဆိုတဲ့ မိန့်မှာချက်ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ထင်ရှားခဲ့ပါ တယ်။

ဘာ့ကြောင့် ဆရာတော် ဦးဝိစာရဟာ လိမ္မာရစ်ကြပါလို့ မှာတမ်း ထားခဲ့ပါသလဲ။

လိမ္မာရစ်ကြပါ….တဲ့

တကယ်တော့ ဆရာတော် ဦးဝိစာရဟာ ဝိုင်အမ်ဘီအေနဲ့ ဂျီစီဘီအေ အသင်းကြီးတွေက ဝံသာနုလှုပ်ရှားမှုတွေ တိုးမြှင့်လုပ် ဆောင်နေတဲ့ကာလတွေမှာ၊ နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက်လာတာဖြစ်ပါတယ်။ ဦးဝိစာရဟာ အင်္ဂလိပ်အစိုးရကို အာဏာဖီဆန်ဖို့ တရားတွေ ဟောတယ်။ အခွန်မပေးဖို့ ဆော်ဩတိုက်တွန်းတယ်။ အမျိုး ဘာသာ သာသနာ ကြီးပွားကြောင်း တရားတွေကို ဟောတယ်။ ဗမာအချင်းချင်း စည်းလုံးညီညွတ်ကြဖို့ ဟောပြောတိုက်တွန်းတယ်။ ဦးဥတ္တမရဲ့ အကူအညီနဲ့ အိန္ဒိယကိုလည်း နှစ်နှစ်လောက် သွားခဲ့ပါသေးတယ်။ အဲသည့်မှာ အိန္ဒိယအမျိုးသားကွန်ဂရက်နဲ့ ချိတ်ဆက်မိပြီး နိုင်ငံရေးအမြင်တွေ ပွင့်လာခဲ့ ပြန်ပါတယ်။ အင်္ဂလိပ်အစိုးရဲ့ စီးပွားရေးအရ ဖိနှိပ်မှု၊ အုပ်ချုပ်ရေးအရ ဖိနှိပ်မှု၊ လူမှုရေးအရ ဖိနှိပ်မှုတွေကို ဟောပြောပါတယ်။ မြန်မာတွေရဲ့ ကျွန်ပညာရေး အကြောင်း၊ လူမျိုးအားလုံး ဆင်းရဲကျပ်တည်းမှုတွေအကြောင်း၊ တိုင်းပြည် ကျွန်ဖြစ်လို့ သာသနာ လည်း ကျွန်သာသနာဖြစ်နေကြောင်း… စတာတွေကို ဟောပြောပါတယ်။

ဝံသာနုလှုပ်ရှားမှုတွေမှာ ပါဝင်ဦးဆောင်ရင်း၊ အမျိုးသားရေးလှုပ်ရှားမှုအတွင်းမှာလည်း ပုဂ္ဂိုလ်ရေး အကွဲအပြဲတွေဖြစ်တာကို ဆရာတော် ဦးဝိစာရက မနှစ်မြို့ပါ။ ဂျီစီဘီအေလည်း အကွဲအပြဲနဲ့၊ ဝိုင်အမ်ဘီအေလည်း ကွဲပြဲခဲ့ပြီ။ သံဃာအချင်းချင်းလည်း ကွဲပြဲ။ သံဃာနဲ့ လူအကြားမှာလည်း ကွဲပြဲတာတွေကို ကြည့်ပြီး စိတ်မကောင်းပါ။ အင်္ဂလိပ်က နိုင်ငံရေးဝှက်ဖဲတွေ တစ်ချပ်ချင်း စီ ထုတ်ပြီး ကစားနေလို့ မြန်မာလူထုအတွင်းမှာလည်း အချင်းချင်း ကွဲပြဲနေကြတယ်။ ခွဲရေးလား၊ တွဲရေးလား၊ ဒိုင်အာခီလား၊ ဟုမ္မရူးလား… စသည်ဖြင့် အငြင်းအခုန်တွေ ဖြစ်နေခဲ့တယ်။ ဒါတွေကို အကြောင်းပြုပြီး လူထုက အမျိုးသားညီညွတ်ရေး ပလက်ဖောင်းမှာ ခြေစုံ မရပ်နိုင်ဖြစ်နေတယ်။ ဒါကို ဆရာတော်ဦးဝိစာရ က မချိတင်ကဲဖြစ်ပါတယ်။ သံဃာတွင်းမှာလည်း ဂိုဏ်းကွဲတွေနဲ့၊ ဝံသာနုအုပ်စုအတွင်းမှာလည်း သင်းကွဲတွေ၊ ဂိုဏ်းကွဲတွေနဲ့ နိုင်ငံရေးအုပ်စုတွေလည်း အကွဲအပြဲဖြစ်ပြီး အချင်းချင်း မညီညွတ်တာကို မြင်ရပြီး… ရန်ကုန်အကျဉ်းထောင်အတွင်းမှာပဲ လိမ္မာရစ်ကြပါလို့ မှာတမ်းခြွေရင်း အစာငတ်ခံပြီး ပျံလွန်တော်မူခဲ့ပါတယ်။

ဆရာတော် ဦးဝိစာရဟာ ဗမာ့ဝံသာနုနိုင်ငံရေးလှုပ်ရှားမှုမှာ၊ တော်လှန်သောသတ္တိရှေ့ဆောင် ရဟန်းတစ်ပါး၏ ပြယုဂ်အဖြစ် တည်ရှိနေခဲ့ပါတယ်။

မင်းသေ့
၃၀ ၊ ဇွန်လ၊ ၂၀၂၁။

Previous post ရခိုင်လူမျိုး ဗမာ့ဝံသာနုနိုင်ငံရေးရှေ့ဆောင် ဆရာတော် ဦးဥတ္တမ
Next post ▄ အိန္ဒိယကို လေ့လာခြင်း