၁။ ၁၉၈၈ လူထုအရေးတော်ပုံနဲ့ ပတ်သက်ပြီး၊ မောင်စူးစမ်းက မဟာဗျူဟာ ပြဿနာတချို့ကို တင်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် မောင်စူးစမ်းတင်ပြခဲ့တဲ့ မဟာဗျူဟာနဲ့ပတ်သက်ပြီး ဝေဖန်ချက်တွေ၊ လူအများ မနှစ်မြို့ခဲ့တာတွေ အတော်များများရှိခဲ့ပါတယ်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးဓလေ့မှာ မဖောက်ထွက်နိုင်သေးတဲ့ အကျင့်ဓလေ့တွေရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။ အခုလည်း မောင်စူးစမ်းတင်ပြခဲ့ဖူးတဲ့ မဟာဗျူဟာ အယူအဆတွေထဲက၊ ထွက်ပေါက်ပေးရေး မဟာဗျူဟာနဲ့ပတ်သက်ပြီး တိုက်ဆိုင်တာတွေ ရှိနေလို့၊ ထပ်မံ တင်ပြလိုက်ရပါတယ်။

၂။ မောင်စူးစမ်းတင်ပြခဲ့ဖူးတဲ့ မဟာဗျူဟာ ပြဿနာတချို့ကို အနည်းငယ် ကောက်နုတ်တင်ပြပါ့မယ်။

• စစ်တပ်ခေါင်းဆောင် (ဗိုလ်ချုပ်နေဝင်း) ကို ဂုဏ်သရေရှိစွာ ထွက်ပေါက်ပေးရေး၊
• စစ်တပ်ကိုလည်း ဂုဏ်သရေရှိစွာ ထွက်ပေါက်ပေးရေး၊
• ရွေးကောက်ပွဲနိုင်သော ပါတီသည် အုပ်စိုးသော အစိုးရပါတီ မဖြစ်နိုင်သေး။ winning party cannot be ruling party အနိုင်ရပါတီက အတိုက်အခံပါတီ အဖြစ် နေရဦးမည်။
• စစ်တပ်၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရမည်။
• စစ်တပ်က စပွန်ဆာပြု ရေးဆွဲပြဌာန်းပေးသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရှောင်ဖယ်လို့ ရမလား Can be avoid the military sponsored constitution?
• စင်ပြိုင်အစီအစဉ်၊ တခြားရွေးချယ်စရာ အစီအစဉ်တို့သည် ဖြစ်နိုင်ချေ ရှိပါသလား။

ဒီအချက်တွေဟာ၊ မောင်စူးစမ်းတင်ပြခဲ့ဖူးတဲ့ မဟာဗျူဟာ ပြဿနာတွေထဲက တချို့ကို ချန်လှပ်ထားပြီးတော့၊ ယခု မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ပြန်လည်သက်ဆိုင်နေအုံးမယ့် ပြဿနာတွေကို ပြန်လည်ကောက်နုတ်ဖော်ပြ တာဖြစ်ပါတယ်။

၃။ မောင်စူးစမ်းတင်ပြခဲ့တဲ့ မဟာဗျူဟာ ပြဿနာတွေထဲက စစ်တပ်တိုက်ရိုက်ပတ်သက်နေတဲ့ အချက်တွေကို ပဏာမ စဉ်းစားစေချင်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ရက်စွဲနဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်လိုက်တဲ့ တပ်မတော်သားများနှင့် သက်ဆိုင်သည့် မူဝါဒသဘောထားကြေညာချက် ထွက်လာပါတယ်။ ဒီကြေညာချက်နဲ့ မောင်စူးစမ်းတင်ပြခဲ့ဖူးတဲ့ ထွက်ပေါက်မဟာဗျူဟာစဉ်းစားချက်ကို တွဲဖက်ပြီး စဉ်းစားနိုင်စရာတွေ ရှိလာပါတယ်။ ဤကား…. ယခုလို။

၄။ စဉ်းစားချက် (၁)။ ။ လက်ရှိ မြန်မာနွေဦးတော်လှန်ရေးမှာ၊ လူထုဟာ စစ်တပ်ခေါင်းဆောင်တွေကို ဂုဏ်သရေ ရှိစွာ ထွက်ပေါက်ပေးချင်တဲ့ စိတ်ဆန္ဒကင်းမဲ့နေတာတွေ့ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးအသိရေချိန်၊ တစ်စုံတရာ ပွင့်လင်းလာတဲ့ လူထုဟာ၊ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို ခွဲခြားကြည့်မြင်လာတတ်ပါတယ်။ တနည်းအားဖြင့် အောက်ခြေ အရာရှိ အကြပ် စစ်သည်တွေနဲ့ တပ်ထိပ်ပိုင်း ရေပေါ်ဆီ ခေါင်းဆောင်ပိုင်းကို ခွဲခြားကြည့်မြင်တတ် တာတွေ့ရပါတယ်။ ဒါ့ကြောင့် လူထုကို ကိုယ်စားပြု ရပ်တည်နေတဲ့ အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) ဟာ၊ စစ်ခေါင်းဆောင်တွေကို ထွက်ပေါက် မပေး၊ တပ်မတော်သားတွေကို ထွက်ပေါက်ပေးဖို့ သဘောထားရှိတယ်ဆို တာနားလည်ရပါတယ်။ ဒါဟာ ဝါးလုံးသိမ်းရိုက်ချက်တွေရဲ့ အားနည်းချက်တချို့ကို (NUG) က ဖယ်ရှားနိုင်တဲ့ သဘောလို့ ယူဆရပါတယ်။

၅။ စဉ်းစားချက် (၂) ။ ။ ဒီနေရာမှာ၊ မောင်စူးစမ်းတင်ပြတဲ့ ဂုဏ်သရေရှိစွာ ထွက်ပေါက်ပေးရေး (honorable exit) ဆိုတဲ့ စကားလုံး ရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ စစ်ခေါင်းဆောင်တွေကို ဘယ်သော အခါမှ ဂုဏ်သရေရှိစွာ ထွက်ပေါက်ပေးဖို့ လမ်းမမြင်။ လူထုဆန္ဒကို ထင်ဟပ်ထားနေသရွေ့၊ စစ်ခေါင်းဆောင် တွေကို ထွက်ပေါက်ပေးဖို့ လမ်းမမြင်။ လူထုဟာ စစ်ခေါင်းဆောင် တစ်စုအပေါ် အပြတ်အသတ်ချေမှုန်းရေး သဘော ထားသာ ရှိနေကြောင်း တွေ့ရပါတယ်။ သို့ပေမယ့် တပ်ထိပ်ပိုင်းခေါင်းဆောင်နဲ့ တပ်မတော်သားဆိုတာ မတူ။ အခွင့်ထူးခံနဲ့ အဖိနှိပ်ခံကြားမှာ ဝါဒဖြန့်ချိရေး၊ နှောင်ကြိုး၊ အကြောက်တရား၊ စစ်ဥပဒေ…. စတဲ့ အချက်တွေ နဲ့ ဆက်ဆံရေးကွင်းဆက်ကို တည်ဆောက်ထားပါတယ်။ ဒါ့ကြောင့် ပြည်သူ့ဘက်တော်သား စစ်သားကောင်း ဖြစ်ချင်တဲ့ တပ်မတော်သားတွေအတွက် အကျပ်အတည်း ဖြစ်နေရတာကို (NUG) က သိနေပါတယ်။ ဒီအချက် ကို လမ်းဖွင့်ပေးတဲ့အနေနဲ့ တပ်တွင်း ဘက်ပြောင်း ဖြစ်စဉ် ပေါ်ထွက်လာအောင်၊ တပ်မတော်သားတွေကို ဂုဏ်သရေရှိထွက်ပေါက် ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ မြင်တတ်ရင်၊ စစ်သားကောင်း (good solider) အဖြစ် ခံယူထားတဲ့ တပ်မတော်သားတွေအတွက် အခွင့်အရေးဖြစ်တယ်လို့ မြင်နိုင်တယ်၊ သိနိုင်တယ်၊ နားလည်နိုင်ပါလိမ့်မယ်။

၆။ စဉ်းစားချက် (၃)။ ။ စစ်တပ်၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရေးနဲ့ပတ်သက်ပြီး ပြောင်းလဲနေတဲ့ သဘောထားအမြင်တွေ ရှိပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မတိုင်ခင်၊ အာဏာမသိမ်းခင်ရှေ့ပိုင်းကာလတွေ မှာတော့၊ လူထုရဲ့သဘောထားအမြင်မှာ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍကို တစ်စုံတစ်ရာ အသိအမှတ်ပြုတယ်ထား တယ်လို့ နားလည်ရပါတယ်။ နောက်ဆုံး လူထုကို ကိုယ်စားပြုပြီး အုပ်ချုပ်ခွင့်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ၊ ရခိုင် – ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတရားတရားခုံရုံးမှာ အစိုးရကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရားရင်ဆိုင်မှုမှာ သိသာထင်ရှားစွာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီတရားရင်ဆိုင် မှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချေပချက်တွေမှာ၊ စစ်တပ်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး လျှောက်လဲ တယ်လို့ နားလည်ရတဲ့ တင်ပြချက်တွေ အများကြီး တွေ့မြင်ခဲ့ရပါတယ်။ ဒါဟာ တပ်နဲ့ အရပ်ဘက်အကြားမှာ ယုံကြည်မှုလုံးဝ ပျက်ယွင်းနေတဲ့ အခြေအနေ မဟုတ်သေးဘူးလို့ နားလည်နိုင်ပါတယ်။ ဒါမှမဟုတ် – အမျိုးသားလုံခြုံရေး နဲ့ အမျိုးသားအကျိုးစီးပွားကို လက်တွေ့နိုင်ငံရေးကွင်းပြင်မှာ ပြသလိုက်ခြင်းလို့ နားလည်လိုက်ရပါတယ်။ သို့ပေမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာသိမ်းမှုဟာ၊ စစ်ဘက်နဲ့ အရပ်ဘက် အကြား ဆက်ဆံရေးကို တိခနဲ ဖြတ်တောက်ခံလိုက်ရတဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ သို့ကြောင့် တပ်နဲ့ အရပ်ဘက် ဟာ မထင်မှတ်ဘဲ၊ မကြာချက်ချင်း အလွန်အကျွံ ဝေးကွာသွားခဲ့ပါတယ်။ ဒါ့ကြောင့် စစ်တပ်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုရေးဟာ မြန်မာ့နွေဦးတော်လှန်ရေးအတွင်းမှာ လုံးဝ မဖြစ်နိုင်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သဘောထားမှာလည်း၊ မြန်မာတပ်မတော်ဆိုတာ မရှိတော့ဘူး၊ ပြည်သူတွေကို ညှင်းပမ်းနှိပ်စက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းသာ ရှိနေတော့တယ်လို့ မှတ်ယူကြောင်း ၂၀၂၁ ဇွန်လ ၄ ရက်နေ့ ညနေက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအရ သိနားလည်ရပါတယ်။ သို့သော် (NUG) အနေနဲ့ စစ်တပ်အတွင်းက တကယ့်စစ်သား ကောင်းတွေရဲ့ အခန်းကဏ္ဍကိုတော့ နားလည်လက်ခံထားဆဲလို့ ယူဆရပါတယ်။

၇။ စဉ်းစားချက် (၄)။ ။ စစ်တပ်က စပွန်ဆာလုပ် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရှောင်ဖယ်လို့ ရမလား။ တနည်း ဖယ်ရှားလို့ ရမလား။ မြန်မာ့နွေဦးတော်လှန်ရေးဟာ တစ်ခွင်လုံးတစ်ပြင်လုံး လူထုအုံကြွမှုကြီးဖြစ်ပေါ်နေကြောင်း တစ်ကမ္ဘာလုံးသိနားလည်ထားပြီးဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးသမား ဟောင်းကြီးတွေတောင်၊ ထင်မှတ်မထားလောက်တဲ့ လူထုညီညွတ်ရေးကို တွေ့မြင်လိုက်ရတော့ အံ့ဩကုန်ကြ ပါတယ်။ နွေဦးတော်လှန်ရေးဟာ နှစ်ပေါင်း (၇၀) အတွင်း မကြုံခဲ့ဖူးတဲ့ လူထုအရေးတော်ပုံကြီးလည်းဖြစ်ပါ တယ်။ ဒါ့ကြောင့် လူထုဟာ ရန် – ငါ စည်း ပြတ်သားခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း မီးရှို့ ဆန္ဒပြပါတယ်။ နိုင်ငံရေးသမားတွေကလည်း အာဏာသိမ်းမှုကြောင့် rule of the game ပျက်သွားပြီလို့ ပြောပါ တယ်။ ၂၀၀၈ အခြေခံဥပဒေဟာ၊ အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ အလုပ်ဖြစ်ခဲ့တဲ့ ကစားပွဲ စည်းမျဉ်းတစ်ခုဖြစ်ပါ တယ်။ ဒါပေမယ့် အာဏာသိမ်းမှုကြောင့် ဒီစည်းမျဉ်းဟာ ပျက်သွားတယ်။ စစ်တပ်ဟာ သူကိုယ်တိုင် အသာစီး ယူပြီး ရေးဆွဲထားတဲ့ စည်းမျဉ်းကို သူကိုယ်တိုင်ပဲ ဖျက်ပစ်လိုက်ပါတယ်။ ဒါ့ကြောင့်လည်း လူထုဟာ ၂၀၀၈ အခြေခံဥပဒေကို လုံးဝ လက်သင့်ခံလို့မရတဲ့ ဘောင်ထဲကို ပစ်ထည့်လိုက်တယ်။ လူထုဆန္ဒဟာ ဘယ်လောက် အားကြီးပါသလဲ။ စစ်တပ်က စပွန်ဆာလုပ်ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ဖယ်ရှားလို့ ရခြင်း / မရခြင်း ကိစ္စဟာ…. လူထုရဲ့ သဘောထားဆန္ဒ ဘယ်လောက်ပြတ်သားသလဲဆိုတာနဲ့ လူထုတော်လှန်ရေး ဘယ်လောက်ထိ ကိုယ်ခံအားကောင်းကောင်းနဲ့ အောင်ပွဲဆီ အရောက်သွားနိုင်သလဲဆိုတာက အဆုံးအဖြတ် ပေးပါလိမ့်မယ်။ လူထုဟာ ဇာတ်မျောကြီးကို လက်ခံလိုက်ရင်တော့ ၂၀၀၈ အခြေခံဥပဒေကို မလိုချင်သည့်တိုင် ဖယ်ရှားပစ်လို့ မရပါ။

၈။ စဉ်းစားချက် (၅)။ ။ အနိုင်ရပါတီ (winning party) ဖြစ်ပေမယ့် အုပ်ချုပ်ခွင့်ရတဲ့ (ruling party) မဖြစ်နိုင်သေးဆိုတဲ့ တစ်ကျော့ပြန် မဟာဗျူဟာ အကျပ်အတည်းကတော့ ဒုတိယအကြိမ် ထပ်မံပေးလာပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ နည်းတူ ဖြစ်ပျက်ခဲ့တဲ့ သာဓကကို ဥပမာကြည့်မြင်နိုင်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အလားတူ မဟာဗျူဟာအကျပ်အတည်းကို ထပ်မံကြုံတွေ့နေရပါ တယ်။ ဒါကို ဘယ်လိုနည်းနဲ့ ဖောက်ထွက်မလဲ။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးဆိုတဲ့ ကြွေး ကြော်သံ (တနည်း) တောင်းဆိုချက်ဟာ ဘယ်လောက် အရာရောက်ခဲ့ပါသလဲ။ ဒါကို သင်ခန်းစာယူနိုင်လို့ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါဝင်တဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီဟာ ယခင်တုံ့ပြန်သလို တုံ့ပြန် ချက်မျိုး မလုပ်တာ ဖြစ်နိုင်ပါတယ်။ ၁၉၈၈ လူထုအရေးတော်ပုံမှာ၊ ဒေါ်အောင်ဆန်းစုကြည် လူထုကို တင်ပြခဲ့တဲ့ အကြမ်းမဖက်ရေးလမ်းစဉ် သဘောထားဟာ လူထုကို အတော်အတန် ဆွဲဆောင်မှု ပြုနိုင်ခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးမှာ၊ အကြမ်းမဖက်ရေးလမ်းစဉ်နဲ့ တော်လှန်တဲ့ အယူအဆဟာ ပြည်သူကြားမှာ ရေပန်းမစားတော့ပါ။ လူထုဟာ လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းမဖက်ရေးလမ်းစဉ်အကြားက ဟာကွက် ၊ လွတ်ကွက်ကို သိနားလည်နေပြီလို့ ယူဆရပါတယ်။ စစ်တပ်ကလည်း ပြည်သူကို ဂျင်းထည့်လို့ မရတော့ပါ။

၉။ စဉ်းစားချက် (၆)။ ။ စင်ပြိုင်အစီအစဉ်၊ တခြားရွေးချယ်စရာ အစီအစဉ် ဖြစ်နိုင်ချေ ရှိပါသလား။ ၁၉၈၈ လူထုတော်လှန်ရေးနဲ့ မတူ စင်ပြိုင်အစီအစဉ်ဟာ တော်လှန်ရေးကာလ ရက်တစ်ရာကျော်ကာလအတွင်းမှာ ပီပီပြင်ပြင် ပေါ်ထွက်လာတယ်ဆိုတာကို တွေ့ရပါတယ်။ ၈၈ တော်လှန်ရေးနဲ့ မတူ၊ အလွန်လျင်မြန်သော နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေလည်း ဖြစ်လာခဲ့ပါတယ်။ နိုင်ငံတကာရဲ့ ဖိအားကလည်း ချက်ချင်းလက်ငင်း မြန်ဆန်လှပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းကလည်း အလုပ်ဖြစ်အောင် လုပ်နိုင်စွမ်း ရှိတာတွေ့ရပါတယ်။ စင်ပြိုင်အစိုးရ ဖြစ်တဲ့ (NUG) ရဲ့ လက်တံတွေဟာ ပြည်ပရောက် မြန်မာတွေရဲ့ ထောက်ပံ့မှုနဲ့ အတော်ကျယ်ပြန့်လာတာလည်း တွေ့ရပါတယ်။ ဒါ့အပြင်….. အမျိုးသားညီညွတ်ရေး အစိုးရနဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီမှာ တခြားရွေးချယ်စရာတွေ အမြောက်အမြား ရှိနေပြီး၊ အချိန်ယူလုပ်ဆောင် နေတာကိုလည်း တွေ့ရပါတယ်။ ဒါဟာ …. ဆက်လက် စောင့်ကြည့် အားပေးရမယ့် မြန်မာ့နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေ ဖြစ်လာပါလိမ့်မယ်။

မင်းသေ့
၅ ၊ ၆ ၊ ၂၀၂၁။

Previous post ▄ မဇ္ဈိမဒေသ လွတ်လပ်ရေး
Next post စီနီယာ ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်ကို ကဖျက်ယဖျက် လုပ်လေသလား ဖျက်လိုဖျက်စီး လုပ်တာလား