မြန်မာတွေ ယုံကြည်သက်ဝင်ထားတဲ့ ပညာရေးအတွေးအခေါ်ဟာ ဘာဖြစ်နိုင်ပါသလဲ။ မြန်မာတွေလို့ ပြောတဲ့ နေရာမှာ၊ နာမည်တပ်ပြောရမယ့်အရာတွေ ရှိပါတယ်။ မြန်မာပြည်၊ ခေတ်အဆက်ဆက်မှာ အုပ်ချုပ်မင်းလုပ်ခဲ့ တဲ့ အစိုးရတွေဟာ ပညာရေးကို ဘယ်လိုပြဌာန်းစီရင်ခဲ့ပါသလဲ။

ပညာရေးသမိုင်း ပြန်ကြည့်

ပဒေသရာဇ်ခေတ်၊ ဘုန်းကြီးကျောင်းပညာရေး မှစပြီး လေ့လာဖို့လိုပါတယ်။ ထိုနည်းလည်းကောင်း၊ ကိုလိုနီ ခေတ်၊ ဗြိတိသျှအစိုးရက ပုံဖော်တည်ဆောက်တဲ့ ပညာရေးလမ်းစဉ်ဟာ ဘာဖြစ်နိုင်ပါသလဲ။ ကိုလိုနီသူ့ကျွန် လက်အောက်မှာ၊ တန်ပြန်တော်လှန်ရေးအတွက် ဖြစ်ထွန်းခဲ့တဲ့ အမျိုးသားကျောင်းတွေဟာ ဘယ်လိုအခြေခံမူ၊ တန်ဖိုး၊ လမ်းစဉ်အပေါ်မှာ အခြေပြုပြီး ပေါ်ထွက် လာတာဖြစ်ပါသလဲ။ လွတ်လပ်ပြီးခေတ် မြန်မာပြည် တည် ဆောက်ရေးစီမံကိန်းအတွက် ချမှတ်ခဲ့တဲ့ ပညာရေးလမ်းစဉ်ဟာ ဘာတွေဖြစ်ပါသလဲ။ ထိုနည်းလည်းကောင်း၊ ပါလီမန်ခေတ် ပျက်သုဉ်းပြီး စစ်အစိုးရလက်ထက်နဲ့ ဆိုရှယ်လစ်လမ်းစဉ်မှာ ချမှတ်အကောင်အထည်ဖော်ခဲ့တဲ့ ပညာရေးလမ်းစဉ်တွေဟာ ဘာတွေဖြစ်ပါသလဲ။ ၈၈ နောက်ပိုင်း အကောင်အထည်ဖော်ခဲ့တဲ့ ပညာရေး သင်ရိုး တွေရဲ့ လမ်းညွှန်ချက်ဟာ ဘာတွေဖြစ်နိုင်ပါသလဲ။ ဒီမိုကရေစီကို လျှောက်မယ့် ပညာရေးတည်ဆောက်မှုပုံစံ ဟာလည်း ဘယ်အခြေခံမူတွေအပေါ်မှာ ဖြစ်ထွန်းနေပါသလဲ။

ဒါကတော့ သမိုင်းနဲ့ ယှဉ်တဲ့ ပညာရေးသမိုင်းကို လေ့လာဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် သမိုင်းအဆက်ဆက်မှာ၊ လူထုအသိဉာဏ်ကို ပုံဖော်ခဲ့တဲ့ အစိုးရယန္တရားအဆက်ဆက်ရဲ့ လမ်းစဉ်နဲ့ သဘောထားတွေကို လေ့လာဖို့ လိုနေပြန်ပါသေးတယ်။ ကိုလိုနီအစိုးရဟာ သူအုပ်ချုပ်ရ လွယ်ကူအောင်၊ ဗြိတိသျှအစိုးရကို အထောက်အပံ့ပေး နိုင်မယ့် ပညာရေးယန္တရားကို ပုံဖော်ခဲ့ပါတယ်။ ကျွန်ဘဝက လွတ်ဖို့၊ တော်လှန်ရေးစိတ်နဲ့ မျိုးချစ်စိတ် (ဝံသာနု စိတ်) သွင်းပေးဖို့အတွက် တန်ပြန်လှုပ်ရှားခဲ့တဲ့ အမျိုးသားကျောင်းပညာရေးလမ်းစဉ်ဟာ ဘယ်လိုပုံဖော်စီရင်ခဲ့ ပါသလဲ။ ဒါတွေကို ခေတ်အလိုက် နှိုင်းယှဉ်လေ့လာဖို့ဖြစ်ပါတယ်။

ထပ်ပြီးပြောချင်တာက၊ သဘောထားကိစ္စဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းမှာ ဖြစ်တည်နေတဲ့ ပညာရေးအတွေးအခေါ်ကို စစ်ထုတ်ကြည့်ဖို့အတွက်ဆိုရင်၊ အလွှာတစ်ခု ချင်းစီကို ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုပါတယ်။ အလွှာတစ်ခုချင်းစီကို အသေးစိတ်ကြည့်ပြီးရင်၊ တစ်ခုလုံး တစ်ပြင် လုံးကို ဆက်စပ်ပြီး ခြုံငုံပုံဖော်နိုင်ဖို့ လိုပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ပညာရေးအတွေးအခေါ် ပုံကြမ်းကို ဖမ်းမိပြီဆိုရင်၊ မြန်မာပြည်ရဲ့ အနာဂတ်ကို မြင်ယောင်ကြည့်ဖို့ မခက်တော့ပါဘူး။

သဘောထားအမြင်ကိစ္စ

အစိုးရက ပညာရေးကို ဘယ်လိုပုံဖော်တည်ဆောက်ပါသလဲ။ အုပ်ချုပ်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ စိတ်နေ သဘောထားအမြင်ဟာ ပညာရေးစနစ်အပေါ်မှာ ဘယ်လိုထင်မြင်ယူဆထားပါသလဲ။ ခေါင်းဆောင်တွေရဲ့ ပညာရေးအတွေးအခေါ်ဟာ ဘာဖြစ်နိုင်ပါသလဲ။ ထိုနည်းလည်းကောင်း သားသမီးတွေရဲ့ ပညာရေးကို မိဘ တွေဟာ ဘယ်လို သဘောထားပါသလဲ။ ဆရာတွေဟာ ပညာရေးကို ဘယ်လိုခံယူချက်၊ အမြင်၊ သဘောထား မျိုးနဲ့ သင်ကြားပါသလဲ။ ရပ်ရွာထဲမှာ နေထိုင်ကြတဲ့ လူကြီးသူမတွေဆီမှာ ဘယ်လိုပညာရေးအတွေးအခေါ်မျိုး တွေ စွဲမြဲနေသလဲ။ လူထုကို သွန်သင်နေတဲ့ ဘုန်းတော်ကြီး၊ ဆရာတော်၊ သံဃာတော်ကြီးတွေက ခံယူထားတဲ့ ပညာရေးအတွေးအခေါ်ဟာ ဘာဖြစ်ပါသလဲ။ လူထုကို ခံစား၊ မျှဝေ၊ လမ်းညွှန်နေတဲ့ စာရေးဆရာ၊ အနုပညာ သမားတွေရဲ့ ပညာရေးအတွေးအခေါ်ဟာ ဘာဖြစ်နိုင်ပါသလဲ။ ကုန်သည်ပွဲစား လယ်သမားတွေရဲ့ ပညာရေး အတွေးအခေါ်က ဘာဖြစ်နိုင်ပါသလဲ။ သာမန် လက်လုပ်လက်စား ဆင်းရဲသား နင်းပြားတွေမှာ ဘယ်လို ပညာရေးအတွေးအခေါ်မျိုးရှိပါသလဲ။

ကျနော်ဆိုလိုချင်တဲ့ ပညာရေးအတွေးအခေါ်ဆိုတာ၊ ပညာအပေါ်မှာ ဘယ်လို ဖွင့်ဆိုနားလည်ထားသလဲ။ ပညာ ဆိုတာကို ဘယ်လို နားလည်လက်ခံထားသလဲ။ ဘဝနဲ့ ပညာကို ဘယ်လို တွဲဆက်ချိတ်ဆက်စဉ်းစားသလဲ။ အလုပ်အကိုင်၊ လူမှုဆက်ဆံရေးမှာ ပညာရေး၊ အသိဉာဏ်ဖြစ်ထွန်းရေးဆိုတာကို ဘယ်လို ခံယူကျင့်သုံး တုံ့ပြန် သလဲဆိုတာကို လေ့လာကြည့်ရင် ပညာရေးအတွေးအခေါ်ကို နားလည်နိုင်မယ်လို့ ယူဆပါတယ်။

ပညာရေးယန္တရား

ပညာရေးစနစ်မှာ ပြဌာန်းထားတဲ့ နိုင်ငံတော်ပညာရေးမူဝါဒက ဘာဖြစ်ပါသလဲ။ ပညာရေးမှာ ကျင့်သုံးတဲ့ စာမေးပွဲ စနစ်ဟာ ဘယ်အကျိုးရလဒ်ကို ရှေ့ရှုပြီး လုပ်ဆောင်နေတာလဲ။ သင်ရိုးပြဌာန်းစာအုပ်တွေကို ဘယ်လို အခြေခံမူတွေချမှတ်ပြီး ရေးဆွဲပါသလဲ။ သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့ ကိစ္စ၊ သင်ကြားရေးအပြုအမူ/နည်းနာကိစ္စ နဲ့ စာမေးပွဲစနစ်ပုံစံတွေဟာ သိပ်အရေးကြီးပါတယ်။ ဒါတွေကို ထဲထဲဝင်ဝင်လေ့လာဖို့ လိုပါတယ်။ ပညာရေး ကိစ္စအားလုံးဟာ သေးငယ်သည်ဟူ၍ မရှိပါ။ အားလုံးအရေးကြီးပါတယ်။ ကျနော်တို့ရဲ့ နေ့စဉ်ဘဝတွေနဲ့ ကျနော်တို့ မျိုးဆက်တွေရဲ့ အနာဂတ်ကို မသိလိုက် မသိဘာသာနဲ့ လွှမ်းမိုးပြုပြင်ခြင်းခံရတဲ့ တကယ့်အကြောင်း အရင်းဟာ ပညာရေးမှာ ရှိနေပါတယ်။ ပညာရေးနဲ့ပတ်သက်ရင် အမှုမဲ့ အမှတ်မဲ့ မနေစကောင်းပါဘူး။

သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းကိစ္စ

ကျနော်တို့ နိုင်ငံဟာ လွတ်လပ်ပြီးခေတ်နောက်ပိုင်းကနေ အခုအချိန်အထိ ပညာရေးနဲ့ပတ်သက်ရင် အစိုးရကို ချည်းပဲ မှီခိုနေရတာဖြစ်ပါတယ်။ အခြေခံပညာရေးမှာရော၊ အဆင့်မြင့်ပညာရေးမှာပါ အစိုးရရဲ့ စီမံခန့်ခွဲမှုဖြစ်စဉ် ထဲမှာ တည်ဆောက်ခြင်းခံရပါတယ်။ ဒီတော့ အစိုးရတစ်ရပ်ရဲ့ မူဝါဒနဲ့ အစိုးရအဖွဲ့ခေါင်းဆောင်တွေရဲ့ ဆန္ဒ သဘောထားဟာ ပညာရေးစနစ်အပေါ်မှာ သက်ရောက်မှု အားကြီးပါတယ်။ ဒီတော့ အစိုးရဟာ ပညာရေးရဲ့ အဓိက မောင်းနှင်သူ ဖြစ်ခဲ့ပါတယ်။ ဖြစ်နေပါတယ်။ ဒီဖြစ်စဉ်မှာ ထွက်လာတဲ့ သက်ရောက်မှုဟာ လူ့အဖွဲ့ အစည်းကို ဘယ်လို ပုံဖော်သွားပါသလဲ။

သင်ရိုးညွှန်းတမ်းကိစ္စကို ပြောချင်ပါတယ်။ အထူးသဖြင့် အခြေခံပညာရေးမှာ ပြဌာန်းတဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ဘောဂဗေဒ စတဲ့ ဘာသာရပ်တွေကို အဓိကထား ကြည့်မြင်စေလိုပါတယ်။ ပြဌာန်းမြန်မာစာအုပ်ထဲမှာ ထည့်သွင်းတဲ့ စကားပြေတစ်ပုဒ်ချင်း၊ ကဗျာတစ်ပုဒ်ချင်း၊ ပုံပြင်တစ်ပုဒ်ချင်းစီမှာ ရည်ရွယ်ချက်တွေရှိပါတယ်။ ထိုနည်းလည်းကောင်း…. အင်္ဂလိပ်စာမှာလည်း ဒီလိုပါပဲ။ အင်္ဂလိပ်စာမှာ ဖတ်စာအဖြစ် ထည့်သွင်းထားတဲ့ ပုံပြင် သို့မဟုတ် ကဗျာ၊ အကြောင်းအရာတွေဟာ ဘယ်သို့လားပြီး ဘယ်ဆီကို တိမ်းညွှတ်ဖို့အတွက် ရွေးချယ်ပြဌာန်း ထားတာဖြစ်ပါသလဲ။ နောက်… ဘောဂဗေဒ။ ဆိုရှည်လစ်ခေတ် ဘောဂဗေဒသင်ရိုးစာအုပ်ကို လူတချို့ တွေ့ဖူး လေ့လာဖူးပါလိမ့်မယ်။ လူကြီးပိုင်းတွေမှာလည်း သင်ကြားဖူးပါလိမ့်မယ်။ ဦးနေဝင်းခေတ် အထက်တန်းအဆင့် ဘောဂဗေဒပြဌာန်းစာအုပ်ကို လေ့လာကြည့်ပါ။ ဆိုရှယ်လစ်ခေတ်ဆိုတော့ကား၊ ဆိုရှစ်လစ်ဘောဂဗေဒကို သင်ကြားပါတယ်။ ခေတ်က ပြဌာန်းလိုက်တဲ့ သင်ရိုးဟာ ဒီလိုဖြစ်ပါတယ်။ နောက်ပြီးတော့…. သမိုင်း။ သမိုင်း ကတော့ ပိုလို့ သတိချပ်စရာဖြစ်ပါတယ်။ အကြောင်းကတော့… သမိုင်းသင်ရိုးပြဌာန်းစာမှာ အစိုးရရဲ့ လမ်းစဉ် မူဝါဒနဲ့ အစိုးရက ကိုင်စွဲတဲ့ ဝါဒကို အလုံးအရင်း သွတ်သွင်းလို့ အကောင်းဆုံး ဘာသာရပ်ဖြစ်ခြင်းကြောင့် ဖြစ်ပါ တယ်။ ကျနော်တို့ဟာ အမှုမဲ့အမှတ်မဲ့ မနေသင့်ပါဘူး။

• ဆိုရှယ်လစ်ခေတ် သမိုင်းပြဌာန်းဖတ်စာ။
• နဝတ/နအဖခေတ် သမိုင်းပြဌာန်းဖတ်စာ။
• အသွင်ကူးပြောင်းရေးခေတ် သမိုင်းပြဌာန်းဖတ်စာ….
စတဲ့ သမိုင်းပြဌာန်းဖတ်စာတွေကို ရှာဖွေပြီး၊ ခေတ်နဲ့ စနစ်နဲ့ ဝါဒနဲ့ သဘောထားနဲ့ ဘယ်လိုပြောင်းလဲလာသလဲ၊ ဘယ်အရာတွေက ပြောင်းပြီး၊ ဘယ်အရာတွေက မပြောင်းမလဲတည်ရှိသလဲဆိုတာကို နှိုင်းယှဉ်လေ့လာ (comparative study) လုပ်ကြဖို့ဖြစ်ပါတယ်။

ပညာရေးဌာနမှာ သင်ရိုးညွှန်းတမ်းရေးဆွဲပြဌာန်းရေးကော်မတီဆိုတာ ခေတ်အဆက်ဆက်တိုင်း ရှိပါလိမ့်မယ်။ သင်ရိုးညွှန်းတမ်း ရေးဆွဲပြဌာန်းခြင်းမှာ ဘယ်လိုရည်ရွယ်ချက်တွေ၊ ဘယ်လိုမူတွေထားပြီးတော့ ရေးဆွဲပြဌာန်း တာလဲ။ ဒါကို ကျနော်တို့ သိဖို့ မလိုဘူးလား။


စာသင်ခန်းထဲမှာ သင်ကြားရေးတာဝန်ယူနေတဲ့ ဆရာ/ဆရာမ တွေဟာ ငါတို့ ကိုင်ဆွဲသင်ကြားပေးနေတဲ့ သင်ရိုးတွေရဲ့ ရည်ရွယ်ချက်ကို ဝေဖန်ပိုင်းခြားဆန်းစစ်လေ့လာဖို့ မကောင်းဘူးလား။ ကျောင်းသားမိဘတွေဟာ ကိုယ့်သားသမီးရဲ့ ဦးနှောက်နဲ့ နှလုံးသား အသွေးအသားထဲကို နှစ်မြုပ်ရိုက်သွင်းခြင်းခံရတဲ့ ပြဌာန်းစာအုပ်ပါ အကြောင်းအရာတွေဟာ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ပြဌာန်းထားသလဲဆိုတာကို လေ့လာကြည့်ဖို့ မကောင်း ဘူးလား။ ဆရာတော်သံဃာတော်တွေကလည်း နေ့တိုင်း ဆွမ်းကိစ္စလုပ်ကျွေးနေတဲ့ ဒကာ/ဒကာမတို့မှာ ရှိတဲ့ ပညာရေးခံယူချက်သဘောထားအမြင်ကို စိတ်ဝင်စားလို့ မရဘူးလား….။ စီးပွားရေးသမားတွေကလည်း၊ ကိုယ့် လုပ်ငန်းထဲမှာ ထည့်သွင်းခိုင်းစေနေရတဲ့ ဝန်ထမ်းတွေဟာ ဘယ်လိုပညာရေးပြဌာန်းစာတွေ သင်ယူပြီး အလုပ် လုပ်ကိုင်နေတာလဲဆိုတာ လေ့လာဖို့ မကောင်းဘူးလား။

ကျနော်တို့ မြန်မာတွေကတော့…. ပညာရေးကို မဆိုင်သလိုနေတတ်လွန်းပါတယ်။

သင်ကြားရေး အပြုအမူ နဲ့ နည်းနာ

စာသင်ခန်းထဲက ဆရာ/ ဆရာမ တစ်ယောက်ရဲ့ အပြုအမူဟာ အတန်းထဲက ကျောင်းသားတွေ အားလုံးအပေါ် မှာ သက်ရောက်ရိုက်ခတ်ပါတယ်။ မြန်မာပြည်မှာ၊ လူတွေဟာ ကျောင်းဆရာ/ဆရာမ အလုပ်ကို ဘာ့ကြောင့် ဝင် လုပ်ကြသလဲဆိုတာ သိဖို့ မကောင်းဘူးလား။ ဘယ်လိုလူတွေဟာ ကျောင်းဆရာ/ဆရာမ အလုပ်ကို ဘယ်လိုအကြောင်းကြောင်းတွေကြောင့် လျှောက်လွှာတင်ပြီး ဝန်ထမ်းအဖြစ် ခံယူကြသလဲဆိုတာ လေ့လာဖို့ မကောင်းဘူးလား။ မြန်မာပြည်တွင်းက ကျောင်းဆရာ/ဆရာမတွေရဲ့ ဘဝနေထိုင်မှု အတွေးအခေါ်ကို လေ့လာ ဖို့ မကောင်းဘူးလား။ ကျောင်းဆရာ/ ဆရာမတွေရဲ့ ဘဝခံစားချက်အမြင်ဟာ သူတို့သင်ကြားပေးနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဘဝတွေအပေါ်မှာ ရိုက်ခတ်စီရင်နိုင်တယ်ဆိုတာကိုရော ထည့်တွက်ကြည့်ဖူး ပါသလား…..။

စာသင်ခန်းထဲမှာ ဆရာနဲ့ ကျောင်းသား အကြားဆက်ဆံရေး ပုံစံဟာ ဘယ်လိုရှိသလဲဆိုတာ လေ့လာဖို့ မကောင်းဘူးလား။ ကျောင်းဆရာ/ဆရာမ အချင်းချင်းအကြားမှာ ထားတဲ့ သဘောထားအမြင်တွေဟာ ပညာရေးနယ်အတွက် အရေးမကြီးဘူးလား။ ကျောင်းစာကြည့်တိုက်တစ်ခုပေါ်မှာ ထားတဲ့ ဆရာတစ်ယောက်ရဲ့ သဘောထားအမြင်ကို စစ်တမ်းကောက်ကြည့်ရင် မကောင်းဘူးလား။ အခြေခံပညာကျောင်းက ဆရာ/ဆရာမ တစ်ယောက်နဲ့ တက္ကသိုလ်ကျောင်းက ဆရာ/ဆရာမ တစ်ယောက်အကြားက လူမှုခံစားချက်သဘောထား ကွာခြားမှုတွေကို နှိုင်းယှဉ်သုံးသပ်ကြည့်ဖူးပါသလား….။ အထက်တန်းပြ ဆရာ/ဆရာမ တစ်ယောက်နဲ့ မူလ တန်းပြ ဆရာ/ဆရာမ တစ်ယောက်အကြားက ဂုဏ်ဒြပ်ခံယူမှုကွာခြားချက်ကို နှိုင်းယှဉ်လေ့လာကြည့်ဖို့ မလို ဘူးလား။

အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘ/က ကျောင်း…. စတဲ့ ကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ/ ဆရာမတွေရဲ့ လူမှုစီးပွားရေးအခြေအနေ၊ ဘဝနေထိုင်မှုအဆင့်အတန်းကို နှိုင်းယှဉ်တွက်ချက်ကြည့်ဖို့ မကောင်းဘူးလား။

ဒါဆိုရင်တော့….. မြန်မာပြည်ရေးဟာ ဘယ်လို အတွေးအခေါ်မျိုးနဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ပြုပြင်ခံ နေရသလဲဆိုတာကိုနားလည်နိုင်မယ် ထင်ပါတယ်။

စာမေးပွဲစနစ်ပုံစံ

• ဘာ့ကြောင့် စာမေးပွဲ ဖြေခိုင်းရတာလဲ။
• စာမေးပွဲကို ဘာ့ကြောင့် ဖြေရတာလဲ။
• စာမေးပွဲ ဖြေလိုက်ပြီးရင် ရလာတဲ့ အကျိုးက ဘာလဲ။
• စာမေးပွဲကို ဘယ်လို ပုံစံနဲ့ စစ်တာလဲ။
• စာမေးပွဲကို ဘယ်လိုပုံစံမျိုးနဲ့ ဖြေရတာလဲ။
• စာမေးပွဲရလဒ်ကို ဘယ်အရာတွေကိုကြည့်ပြီး တိုင်းတာအကဲဖြတ်တာလဲ။

စာမေးပွဲဆိုတာ မေးခွန်းနဲ့ အဖြေအကြားမှာ ဘဝတွေကို ကျပ်တည်းသွားစေခြင်းလား။ စာမေးပွဲဆိုတာကို ပြုလုပ်လိုက်ခြင်းကြောင့် လူ့အဖွဲ့အစည်းမှာ ဘယ်လောက် တော်ပြီး ကောင်းတဲ့ လူတွေ တိုးပွားသွားသလဲ။ အဲသည်လို တော်တဲ့လူတွေက လူ့အဖွဲ့အစည်းကို ဘယ်လောက် ကောင်းကျိုးပြုနေသလဲ။ စာမေးပွဲ အောင်တဲ့ လူတွေနဲ့ စာမေးပွဲ မအောင်တဲ့ လူတွေရဲ့ လောကအကျိုးပြုပုံကို နှိုင်းယှဉ်လေ့လာဖို့ မကောင်းဘူးလား။ ဘာသာရပ်တိုင်းကရော စာမေးပွဲစစ်စရာ လိုလို့လား။

• သမားရိုးကျ စာမေးပွဲမှာ မေးခွန်းတွေ မေးပြီး အဖြေတွေ ဖြေခိုင်းတယ်။
• အဲဒါကို ပြောင်းပြန်လုပ်ပစ်လိုက်ပြီး…..
• အဖြေတွေ ပေးထားပြီး မေးခွန်းတွေ ထုတ်ခိုင်းရင်ရော စာမေးပွဲစစ်တယ်လို့ မခေါ်နိုင်ဘူးလား။
• တို့တတွေ နားလည်လက်ခံထားတဲ့ စာမေးပွဲဆိုတာကြီးက ဘာကြီးလဲ။

@@@

ပညာရေးအတွေးအခေါ်၊ ပညာရေးအယူအဆ၊ ပညာရေးအမြင်သဘောထားတွေနဲ့ပတ်သက်ရင် လူတော် တော်များများဟာ format တစ်ခု အသေရိုက်သွင်းခံထားရတဲ့ စက်ရုပ်တစ်ရုပ်လိုပဲဖြစ်နေပါတယ်။ ပညာရေးဟာ ဖောက်ထွက်တွေးခေါ်မှုကို ကန့်သတ်ထားပြီး၊ လွတ်လပ်စွာ လေ့လာသင်ကြားမှုကို ပိတ်ပင်ထား ပါတယ်။ ဒါ့ကြောင့်လည်း မြန်မာဟာ ခေတ်အဆက်ဆက်မှာ ကမ္ဘာ့နောက်မှီးဆွဲတိုင်းပြည်တစ်ခုဖြစ်နေပါတယ်။

ပညာ့ထုတ်ကုန်တွေအတွက် မေးခွန်းထုတ်ပြီး နိဂုံးချုပ်ချင်ပါတယ်။

(၁) မြန်မာ့အိုင်ဒီယာ၊ အတွေးအခေါ်၊ အိုင်ဒီယော်လိုဂျီတွေကို နိုင်ငံတကာကို တင်ပို့နိုင်တဲ့ အရေ အတွက်နဲ့ နိုင်ငံတကာက အိုင်ဒီယာ၊ အတွေးအခေါ်၊ အိုင်ဒီယော်လိုဂျီတို့ကို သွတ်သွင်းတင်ပို့ခံရတဲ့ အရေ အတွက်မှာ ဘယ်အရာက ပိုများသလဲ။

(၂) မြန်မာပြည်က နိုင်ငံတကာကို တင်ပို့တဲ့ ကုန်စည်ပစ္စည်းတွေနဲ့ မြန်မာနိုင်ငံကာ နိုင်ငံတကာဆီက တင်သွင်းနေရတဲ့ ကုန်စည်ပစ္စည်းတွေရဲ့ အရေအတွက်မှာ ဘယ်အရာက ပိုများပါသလဲ။

(၃) မြန်မာပြည်က နိုင်ငံတကာကို ဖြန့်ချိနိုင်တဲ့ အနုပညာယဉ်ကျေးမှုတွေဖြစ်တဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင်တွေနဲ့ နိုင်ငံတကာကနေ မြန်မာပြည် တွင်းကို စီးဝင်လာတဲ့ အနုပညာယဉ်ကျေးမှုတွေမှာ ဘယ်အရာက ပိုများပါသလဲ။

(၄) နိုင်ငံတကာက မြန်မာ့အစားအစာကို ဘယ်လောက်အတိုင်းအတာအထိ လက်ခံစားသုံးနေပြီး၊ မြန်မာပြည်က နိုင်ငံခြားတိုင်းပြည်က အစားအစာတွေကို ဘယ်လောက် လက်ခံပြီး စားသုံးနေပါသလဲ။ ဥပမာ – အမေရိကားမှာ ရှိတဲ့ မုန့်ဟင်းခါးဆိုင် အရေအတွက်နဲ့ မြန်မာပြည်မှာရှိတဲ့ KFC ကြက်ကြော်ဆိုင် အရေအတွက် ဘယ်ဟာက ပိုများမယ် ထင်ပါသလဲ။

(၅) မြန်မာ့စာအုပ်တွေကို နိုင်ငံတကာက ဘာသာယူပြန်ကြတဲ့အရေအတွက်နဲ့ မြန်မာက နိုင်ငံခြား စာအုပ်တွေကို မြန်မာဘာသာပြန်ကြတဲ့အရေအတွက် ဘယ်ဟာပိုများတယ် ထင်ပါသလဲ။

(၆) ခမ်းနားပြီး လူထောင်ချီတက်တဲ့ ဟိုတယ်ခန်းမအတွင်းက မြန်မာပြည်တွင်း ဟောပြောပွဲတွေမှာ၊ ရှေ့က ဦးဆောင်ဆွေးနွေးပြသူရဲ့ ပါဝါပွိုင့်ထဲက Quotation တွေထဲမှာ မြန်မာပြည်က လူပုဂ္ဂိုလ်တွေရဲ့ အဆိုအမိန့်ကို ကိုးကားတာနဲ့ နိုင်ငံခြားက လူပုဂ္ဂိုလ်တွေရဲ့ အဆိုအမိန့်တွေကို ကိုးကားတာမှာ ဘယ်အရာကို ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် ကိုးကားကြတယ်လို့ ထင်ပါသလဲ။

(၇) မြန်မာပြည်က ကျောင်းသားတွေ ပြည်ပတက္ကသိုလ်တွေမှာ သွားရောက် ပညာသင်ကြသလို၊ မြန်မာပြည် တက္ကသိုလ်တွေကို လာရောက်ပညာသင်ကြားတဲ့ နိုင်ငံခြားတက္ကသိုလ်ကျောင်းသားတွေ ရော ဘယ်လောက်လောက် ရှိတယ်လို့ သိထားပါသလဲ။

လက်ရှိ တည်ရှိနေဆဲ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက ပညာရေးအတွေးအခေါ်နဲ့တော့ နေရာကဏ္ဍတိုင်းမှာ ကမ္ဘာ့နောက်မှီးဆွဲတိုင်းပြည် အဖြစ်ရှိနေအုံးမှာပါပဲ။ နောက်မှီးဆွဲ စိတ်ဓာတ်တွေနဲ့ နောက်မှီးဆွဲ တိုင်းပြည် ဖြစ် လာတာလည်း မဆန်းပါဘူး။ ကျွန်ဓာတ်ခံ မပျယ်သေးဘူးကိုး….။

မင်းသေ့
နံနက် ၂ း ၄၈
၃၀၊ စက်တင်ဘာ၊ ၂၀၂၀။
ရန်ကုန်မြို့။

Previous post ▄ သိမှုမှသည် နားလည်မှုအဆင့်သို့
Next post ▄ ဒီမိုကရေစီဉာဏ်သက်ရင့်လာပြီလား…..