• အဖိုးနည်းရင် အိုးကွဲပဲရမယ်။
• ငှက်ပျောသီးပေးရင် မျောက်တွေပဲလာလိမ့်မယ်။
• သူ့အိုးသူ့ဆန် တန်ရုံပဲ ရမယ်။
• အိုးရွဲ့ရင် စလောင်းရွဲ့နဲ့ ဖုံးမှ အတော်ပဲ။
• ပြည်သူဟာ သူနဲ့ တန်တဲ့အစိုးရကို ရတယ်။

ဒီစကားတွေကို ရပ်ထဲရွာထဲမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ တရားပွဲတစ်ခုမှာဖြစ်ဖြစ်၊ စာသင်ခန်းတစ်ခုမှာပဲ ဖြစ်ဖြစ်၊ ဟောပြောပွဲတစ်ခုမှာဖြစ်ဖြစ်၊ စာတစ်အုပ် စာပုဒ်မှာဖြစ်ဖြစ် တွေ့ဖူးမြင်ဖူး၊ ကြားဖူး၊ ပြောဖူးပါလိမ့်မယ်။

သရုပ်ခွဲ

အဖိုးနည်း အိုးကွဲ။ သူ့အိုးသူ့ဆန် တန်ရုံ။ အိုးရွဲ့ရင် စလောင်းရွဲ့…. စတဲ့စကားတွေဟာ မြန်မာစကားပုံ/ဆိုရိုး အဖြစ်ရှိနေကြပါတယ်။ ငှက်ပျောသီးတွေပေးရင် မျောက်တွေပဲ လာမှာပေါ့… ဆိုတဲ့စကားကို စီမံခန့်ခွဲမှု သင်တန်း၊ ဒါမှမဟုတ် စီးပွားရေးသင်ကြားချက် စာသင်ခန်းမတွေထဲမှာ ဟောပြောသူတွေ၊ ပြောလေ့ပြောထရှိ တဲ့စကားဖြစ်ပါတယ်။ ပြည်သူဟာ သူနဲ့ တန်တဲ့အစိုးရကိုပဲ ရတယ်…. ဆိုတဲ့စကားကို နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နိုင်ငံရေးစာပေရေးသားတဲ့သူ တချို့ဆီက နားထောင်ဖူး၊ ဖတ်ဖူးပါလိမ့်မယ်။ ထားတော့။

ဆိုလိုချင်တာက လူတွေဟာ သူနဲ့ တန်ရာ တန်ရာကိုပဲ များသောအားဖြင့် ရလေ့ရှိတယ်။ မတန်မရာတွေ ရတာ လည်း ရှိတယ်။ ဒါပေမယ့် များသောအားဖြင့် အကြောင်းရှိလို့ အကျိုးဖြစ်တာ။ အကြောင်းအကျိုးရဲ့သဘောက၊ နိယာမအားဖြင့် ဆက်စပ်နေတာပဲ။

အကြောင်း / အကျိုး

နိုင်ငံကို ကြည့်ပါ။ အဖွဲ့အစည်းတွေကိုကြည့်ပါ။ လုပ်ငန်းတွေကို ကြည့်ပါ။ ဌာနတွေကို ကြည့်ပါ။ အားလုံးဟာ သူ့ဟာနဲ့ သူ အံဝင်ခွင်ကျဖြစ်နေပါတယ်။ အံဝင်ခွင်ကျဖြစ်နေတယ်ဆိုတာ အဆင်ပြေနေတယ်လို့ ပြောတာ မဟုတ်ဘူး။ သိပ်ကောင်းနေတယ်လို့ ပြောတာ မဟုတ်ဘူး။ အကောင်းဆုံးဖြစ်နေတယ်လို့ ပြောတာ မဟုတ်ဘူး။ ပြဿနာတွေ မရှိဘူးလို့ ပြောတာ မဟုတ်ဘူး။ အကျိုးရလဒ်ကောင်းတွေ ထွက်နေတယ်လို့ ပြောတာ မဟုတ် ဘူး။ ဒီမိုး ဒီရေ ဒီလူတွေနဲ့တော့ ဒီလိုပဲဖြစ်နေမှာ… ဆိုတာကို ဆက်စပ်နားလည်ဖို့ ဖြစ်ပါတယ်။

လူတွေဟာ မျှော်လင့်ချက်ကြီးကြီးထားကြတယ်။ ရည်မှန်းချက်ကြီးကြီးထားကြတယ်။ ကိုယ်အားကျရတဲ့ ပုံစံ အတိုင်း ကိုယ့်ဘဝကိုဖြစ်ချင်ကြတယ်။ ကိုယ့်လုပ်ငန်းစုကို ဖြစ်ချင်ကြတယ်။ ကိုယ့်အဖွဲ့အစည်းကို ဖြစ်ချင်ကြ တယ်။ ကိုယ့်ဒေသကို ဖြစ်ချင်ကြတယ်။ ကိုယ့်လူမျိုးကိုဖြစ်ချင်ကြတယ်။ ကိုယ့်တိုင်းပြည်ကို ဖြစ်စေချင်ကြ တယ်။ ဒါပေမယ့် မဖြစ်ဘူး။ ဖြစ်ချင်တိုင်း မဖြစ်ဘူး။ ဖြစ်စေချင်တိုင်းလည်း မဖြစ်ဘူး။ ဘာလို့လဲ….။

အဖြေက ရှင်းရှင်းလေးပါ။

သူ့အိုး သူ့ဆန် တန်ရုံပဲ ရမယ်။ မျှော်လင့်ချက် ဘယ်လောက်ပဲ အကြီးကြီး ထားပါစေ။ ကိုယ်က ငှက်ပျောသီးပဲ ပေးမှတော့၊ မျောက်တွေပဲ လာမှာပေါ့။ လူတွေ လာစေချင်ရင် ငှက်ပျောသီးပေးလို့ ဘယ်ရမလဲ။ ကိုယ်က အဖွဲ့ အစည်းထဲမှာ လူကောင်း သူကောင်း၊ လူတော်လူမော်တွေ လာစေချင်တယ်။ လူတော်မွေးမြူရေးဟာ လွယ်သလိုနဲ့ ခက်ပါတယ်။ လူတော်တွေအတွက် မက်လုံးဟာ ဘာလဲ။

တို့…. မညံ့ခဲ့ဘူး

ကျနော်တို့ တိုင်းပြည်မှာ၊ လူတော်တွေ အမြောက်အမြား ရှိခဲ့ပါတယ်။ ရှိနေဆဲလည်းဖြစ်ပါတယ်။ ကိုလိုနီခေတ် ကာလမှာလည်း ကိုလိုနီခေတ်ကာလ အလျှောက် လူကျော်လူတော် လူကောင်းတွေ ရှိခဲ့တာပဲ။ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကို ရှာဖတ်ကြည့်။ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာ၊ အကြမ်းပတမ်းနည်းနဲ့ တော်လှန်ခဲ့တဲ့ လူတွေဟာ တော်ခဲ့တာ မဟုတ်ဘူး။ လူထုတော်လှန်ရေးနည်းကို ကိုင်ဆွဲခဲ့သူတွေထဲမှာလည်း လူတော်တွေ ရှိတာပဲ။ အင်္ဂလိပ်အစိုးရနဲ့ ပလဲပနံသင့်တယ်ဆိုပေမယ့်၊ အနုနည်း (soft power) နဲ့ လွတ်လပ်ရေးကြိုးပမ်းမှု မှာ လုပ်ဆောင်ခဲ့တဲ့သူတွေလည်း ရှိတာပဲ။ ရာဇဝင်က စာမတင်လို့ လူမသိတာလည်းဖြစ်ကောင်းဖြစ်မယ်။ လွတ်လပ်ရေးရပြီးခေတ်မှာလည်း ကြည့်လိုက်။ စစ်ခေတ်မှာ ပြေးလွှားရတယ်ဆိုပေမယ့်လည်း လူတော်တွေ ရှိခဲ့တာပဲ။ ပညာကောင်းကောင်း မသင်ခဲ့ရဘူး၊ လူ့အဖွဲ့အစည်းက စစ်ကြောင့် တည်ငြိမ်တဲ့လူ့အဖွဲ့အစည်း မဖြစ်ခဲ့ပေမယ့်လည်း ဒီလိုအကျပ်အတည်းကြားမှာပဲ တော်တဲ့သူတွေ မြောက်မြားစွာ ရှိခဲ့တာပဲ။ လူသား သမိုင်း ကိုပဲ လေ့လာလေ့လာ၊ မြန်မာပြည်သမိုင်းမှာ အတ္ထုပ္ပတ္တိအစောင်စောင်ကိုပဲ လေ့လာလေ့လာ။ လူတော်တွေ ရှိခဲ့ တယ်ဆိုတာ မငြင်းနိုင်ဘူး။ လွတ်လပ်ရေးရပြီးခေတ်မှာလည်း လူတော်တွေ ရှိတာပဲ။ စစ်အစိုးရလက်အောက် ရောက်တော့လည်း လူတော်တွေ ရှိခဲ့တာပဲ။ ဒါပေမယ့်…..

ဒါပေမယ့်

အဲသည့် ဒါပေမယ့်တွေကပဲ ကျနော်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာကို စီရင် ပြဌာန်းသွားခဲ့တာဖြစ်ပါတယ်။

ကျနော်တို့ တိုင်းပြည်ဟာ လူမျိုးအားဖြင့်၊ သိပ်အသွေးအရောင်စုံတယ်။ လူမျိုးစုတွေထဲမှာ ဇနပုဒ်သားဖြစ်ပေ မယ့် သိပ်ပြီး ဗီဇဉာဏ်ထက်မြက်တဲ့သူတွေ ပေါ်ထွက်ခဲ့တာပဲ။ ပြည်မမှာပဲ ကြည့်မလား။ ကျေးလက်တောရွာမှာ ပဲ ကြည့်မလား။ မြစ်ဝကျွန်းပေါ်မှာပဲ ကြည့်မလား။ ဝေးလံခေါင်ဖျား တောင်တန်းဒေသမှာပဲ ကြည့်မလား။ တော်သူတွေဟာ တောတောင်ကျောက်ဆောင်တွေထဲက စိန်တွေလိုပဲ ခိုအောင်း ပေါ်ထွက်လာခဲ့ကြတာပဲ။ ဒါပေမယ့် မြန်မာတွေဟာ သိပ်ကံခေတယ်။ ကံခေတယ်လို့ပဲ သုံးနှုန်းရမှာပေါ့။

မြန်မာတွေဟာ သယံဇာတကျိန်စာ သင့်နေသလို၊ လူသား ကျိန်စာလည်း သင့်နေခဲ့တယ်။ လူတော်တွေဟာ မြန်မာပြည်မှာ မနေပျော်ဘူး။ မြန်မာပြည်ဟာ လူတော်တွေအတွက် နှစ်လိုဖွယ်ဒေသ မဖြစ်ခဲ့ဘူး။ လူတော်တွေ အတွက် မြန်မာပြည်ဟာ ပတိရူပဒေသ မဖြစ်ခဲ့ဘူး။ ဘာ့ကြောင့်လဲ…. ဘာ့ကြောင့် ဖြစ်နိုင်ပါသလဲ…။

အဖြေက ကျနော့်ဆီမှာ မရှိပါဘူး။
ခင်ဗျားဆီမှာပဲ ရှိပါတယ်။

ပစ္စန္တရစ်

တော်တဲ့သူတွေဟာ ပြည်တွင်းမှာ မနေနိုင်လို့ နယ်ခြားမျဉ်းကို ဖောက်ပြီးတော့ နေပျော်ရာ အရပ်ကို ရွေ့သွား ကြတယ်။ ရွေ့သွားကြတယ်။ ပညာတတ်တွေဟာ မြန်မာပြည်မှာ နေရာ မပေးခံရဘူး။ မြန်မာပြည်ဟာ ပညာ တတ်တွေကို မသုံးစွဲတတ်ဘူး။ ထိုနည်းလည်းကောင်းပဲ….. ပညာတတ်တွေဟာ မွေးရပ်ကို စွန့်ပြီး ပြည်ပကို ထွက်ခွာသွားခဲ့ကြရတယ်။ ဘာ့ကြောင့်လဲ….။ သမိုင်းကို လေ့လာပါ။ မြန်မာ့လူမှုစရိုက်ကို လေ့လာပါ။ မြန်မာ ပြည် အဆက်ဆက်က အစိုးရတွေရဲ့ စိတ်နေသဘောထား (attitude) အစဉ်ကို လေ့လာကြည့်ပါ။ အဖြေဟာ ဒီမှာ ရှိလိမ့်မယ်လို့ ယူဆပါတယ်။

• ပညာတတ်တွေ မနေပျော်တဲ့ အသိုင်းအဝန်းဟာ မကြီးပွားတာ မဆန်းပါဘူး။
• ပညာတတ်တွေ မရှင်သန်တဲ့ ပတ်ဝန်းကျင်ဟာ နိမ့်ကျယိုယွင်းတာ မဆန်းပါဘူး။
• ပညာတတ်တွေ စွန့်ခွာခဲ့တဲ့ ဒေသဟာ မပြောင်ရောင်တာ မဆန်းပါဘူး။

ပညာရှိ သူတော်ကောင်းတွေ မရှိတဲ့ အရပ်ကို ပစ္စန္တရစ် အရပ်လို့ ဆိုချင်ပါတယ်။ ပညာရှိတွေ၊ ပညာတတ်တွေ ဟာ မြန်မာပြည်နေရပ်၊ ကိုယ့်မွေးရပ်ကို ပစ်ပြီးတော့ ကိုယ်လွတ်ရုန်းသွားကြတယ်လို့ မယူဆစေလိုပါဘူး။ ဘယ် လူမျိုးမှ ကိုယ့်တိုင်းပြည်ကို ထာဝရစွန့်ခွာပြီးတော့ တိုင်းတစ်ပါးမှာ ထာဝရခေါင်းမချချင်ပါဘူး။ အဲသည်လို တိုင်း တစ်ပါးမှာ ခေါင်းချချင်စိတ်ပေါ်ရင်တောင်၊ ဒီလိုလူတစ်ယောက်ကို တိုင်းပြည်က စိတ်နာအောင် လုပ်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိသလားဆိုတာ ပြန်မေးရပါမယ်။ ထားတော့….။

• မြန်မာပြည်ဟာ ပညာတတ်တွေ စွန့်ပစ်ခံရတဲ့ နေရပ်ဒေသအဖြစ် ပါဝင်နေပါသလား။
• ဒါမှမဟုတ် ပညာရှိ၊ ပညာတတ်တွေ၊ လူတော်တွေ ကျိန်စာသင့်ခံရတဲ့ တိုင်းပြည်ဒေသဖြစ်ပါသလား။
• စဉ်းစားစရာဖြစ်ပါတယ်။

မြန်မာပြည်မှာ၊ တော်တဲ့ကောင်းတဲ့သူဟာ အသက်ရှည်ရှည်မနေရတာ များတယ်။ တော်တဲ့ကောင်းတဲ့ လူတွေ နံဘေးမှာ ဖျက်လိုဖျက်ဆီးတွေ များတယ်။ ကဖျက်ယဖျက်တွေ များတယ်။ မနာလို ဝန်တိုသူတွေ သိပ်များ တယ်။ မြန်မာတွေဟာ ပါးစပ်ကနေ အမြဲတမ်း တတွတ်တွတ် မေတ္တာပို့နေတတ်တယ်။ ဒါပေမယ့် ဒါဟာ အရွတ်ပဲ ရှိတယ်။ အသား မရှိဘူး။ အရွတ်စားပြီး အသားပဲ စားတော့ အာဟာရမဖြစ်ဘူး။

စကားလုံး သုံးလုံးနဲ့ နိဂုံးချုပ်ချင်ပါတယ်။

• ပညာတတ် လူမိုက်တွေ မကြီးစိုးပါစေနဲ့။
• သူတော်ကောင်း လူအကြီးတွေနဲ့တင် မတင်းတိမ်ပါနဲ့။
• ပညာတတ် သူတော်ကောင်းတွေ ဦးဆောင်ခွင့် ရကြပါစေ…..

မင်းသေ့
ည ၁၂ နာရီတိတိ
၇ ၊ စက်တင်ဘာ၊ ၂၀၂၀ ။

Previous post ▄ အတိုက်အခံ နိုင်ငံရေးယဉ်ကျေးမှု
Next post ▄ လူထုပညာရေး