စာအုပ် ၊ စာရေးဆရာ ၊ စာပေ

• စာအုပ်ဆိုတာ စာရေးဆရာရဲ့ တမန်တော်ဖြစ်ပါတယ်။
• စာရေးဆရာဆိုတာ လူထုရဲ့ ပညာရေးမှူးဖြစ်ပါတယ်။
• စာပေဆိုတာ တိုင်းပြည်ရဲ့ သင်ရိုးညွှန်းတမ်းဖြစ်ပါတယ်။

ဒီနေရာမှာ စာအုပ်ရဲ့ သဘော။ စာရေးဆရာရဲ့ အလုပ်နဲ့ စာပေရဲ့ တာဝန်အကြောင်းကို ပြောချင်ပါတယ်။

စာအုပ်ရဲ့သဘော

စာအုပ်ရဲ့ တာဝန်ဟာ၊ စာရေးဆရာရဲ့ ဝိညာဉ်ကို သယ်ဆောင်ပေးဖို့ဖြစ်ပါတယ်။ စာရေးဆရာရဲ့ ဝိညာဉ်မှာ အယူအဆတွေ ပါလာမယ်။ အတွေးအခေါ်တွေ ပါလာမယ်။ အသိဉာဏ်တွေ ပါလာမယ်။ ခံစားချက်တွေ ပါလာ မယ်။ စိတ်ကူးတွေ ပါလာမယ်။ အိပ်မက်တွေ ပါလာပါလိမ့်မယ်။

စာအုပ်ဟာ….

• စာရေးဆရာရဲ့ အယူအဆတွေ၊
• စာရေးဆရာရဲ့ အတွေးအခေါ်တွေ၊
• စာရေးဆရာရဲ့ အသိဉာဏ်တွေ၊
• စာရေးဆရာရဲ့ ခံစားမှုတွေ
• စာရေးဆရာရဲ့ စိတ်ကူးတွေနဲ့
• စာရေးဆရာရဲ့ အိပ်မက်တွေကို သယ်ဆောင်လာပါလိမ့်မယ်။

စာအုပ်ဟာ အဖြူပေါ်ကို အမည်းတင်ထားတဲ့ အက္ခရာ၊ စကားလုံး၊ ဝေါဟာရတွေနဲ့ စာဖတ်သူ လူထုဆီကို ထုံကူးပါလိမ့်မယ်။ စာအုပ်ဟာ နှစ်ပေါင်းများစွာ တိုင်အောင် စာရေးဆရာရဲ့ ဝိညာဉ်တော်ကို ထားသို၊ သိမ်းဆည်း ၊ သိုမှီးထားပါလိမ့်မယ်။ ထို့နောက် ဖြန့်ချိပေးပါလိမ့်မယ်။ စာရေးဆရာ ကွယ်လွန် အနိစ္စရောက်သွား သည့်တိုင်အောင် စာရေးဆရာကိုယ်စား အလုပ်တွေ လုပ်နေနိုင်ပါလိမ့်မယ်။ စာအုပ်တွေထဲမှာ စာရေးဆရာဟာ အနက်ရှိုင်းဆုံးထိ ကိုယ့်ဝိညာဉ်ကို ထားသို အပ်နှံဖို့သာ လိုပါတယ်။ စာအုပ်ဟာ ဝိညာဉ်နဲ့အတူ အတွေးအခေါ် သစ်၊ အယူအဆသစ်၊ အသိဉာဏ်သစ်၊ ခံစားမှုသစ်၊ စိတ်ကူးသစ်နဲ့ အိပ်မက်သစ်တွေကို မပုပ်မသိုးအောင် ထိန်းသိမ်း ဖြန့်ဝေပေးပါလိမ့်မယ်။ စာအုပ်ဟာ သူ့အလုပ် သူလုပ်နေပါစေ…..။

စာရေးဆရာရဲ့ အလုပ်

စာရေးဆရာရဲ့ အလုပ်ဟာ ဘာဖြစ်ပါသလဲ။

• စာရေးဆရာဟာ လွတ်လပ်စွာ ယုံကြည်ခွင့်ရှိတယ်။
• စာရေးဆရာဟာ လွတ်လပ်စွာ ရေးသားခွင့် ရှိတယ်။
• စာရေးဆရာဟာ လွတ်လပ်စွာ ခံစားခွင့် ရှိတယ်။
• စာရေးဆရာဟာ လွတ်လပ်စွာ လေ့လာခွင့် ရှိတယ်။
• စာရေးဆရာဟာ လွတ်လပ်စွာ ဖန်တီးခွင့် ရှိတယ်။

စာရေးဆရာဟာ လွတ်လပ်ခွင့်နဲ့ အတူယှဉ်တွဲနေတဲ့ သတ္တဝါဖြစ်ပါတယ်။ စကားလုံး၊ ဝေါဟာရတွေကို လွတ် လပ်စွာ သီကုံးပါတယ်။ လွတ်လပ်စွာ တွဲစပ်ပေါင်းဖက်ပါတယ်။ အကြောင်းအရာသစ်တွေကို လေ့လာတွေးခေါ် ပြီး စိတ်ကူးအိပ်မက်တွေကို လွတ်လပ်စွာ မက်ပါတယ်။ ဦးနှောက်နဲ့ နှလုံးသားမှာ ပေါင်းစည်းဖြစ်တည်လာတဲ့ စာပေကို အနုပညာပေါင်းထည့်ပြီး လူ့အဖွဲ့အစည်းအကျိုးအတွက် ရေးသားဖြန့်ချိပါတယ်။

တခါတရံ စာရေးဆရာဟာ…..

• ဖျော်ဖြေသူလည်းဖြစ်ကောင်းဖြစ်မယ်။
• ပညာပေးသူလည်းဖြစ်ကောင်းဖြစ်မယ်။
• ထိန်းကျောင်းတည့်မတ်ပေးသူလည်းဖြစ်ကောင်းဖြစ်မယ်။
• သွန်သင်သူလည်းဖြစ်ကောင်းဖြစ်မယ်။
• သတင်းဖြန့်ချိသူလည်းဖြစ်ကောင်းဖြစ်မယ်။

ထိုနည်းလည်းကောင်းပဲ။ တခါတရံ စာရေးဆရာဟာ …. လူထုကိုယ်စား အိပ်မက်မက်ပေးသူလည်းဖြစ်ကောင်း ဖြစ်မယ်။ စာရေးဆရာဟာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် စာရေးဆရာရဲ့ အလုပ်ဟာ အမျိုးမျိုးကွဲပြားနေ တယ်လို့ တွေ့မြင်ရလိမ့်မယ်။

လူထုက စိတ်အမောတွေရှိနေရင် စာရေးဆရာဟာ ဖျော်ဖြေသူအလုပ်ကို လုပ်နေမှာဖြစ်ပြီး၊ လူထုက အသိဉာဏ်နဲ့ ဆင်ခြင်တုံတရားကို ငတ်မွတ်နေတဲ့အခါ စာရေးဆရာဟာ ပညာပေးသူတစ်ယောက်ဖြစ်နေပါလိမ့် မယ်။ လူထုဟာ သဘာဝတရားရဲ့ အကန့်အသတ်ဘောင်ကို ကျော်ပြီး လမ်းလွဲနေရင် စာရေးဆရာဟာ ဘယ် သူမှ တာဝန်မပေးလဲ သူ့နှလုံးသားက လူထုကို ထိန်းကျောင်းတည့်မတ်ဖို့ တာဝန်ပေးပါလိမ့်မယ်။ တခါတရံ စာရေးဆရာဟာ သွန်သင်ဆုံးမသူလည်းဖြစ်နေတတ်ပြီး၊ တခါတရံ ပြုံးရယ်စေဖို့ ဟာဒယရွှင်ဆေး တိုက်ကျွေး တဲ့ ဇဝနဉာဏ်ရှင်လည်းဖြစ်နေတတ်ပါသေးတယ်။ လူထုသိဖို့ လိုရင် သတင်းအချက်အလက်ကို လက်တို့မှာ ဖြစ်ပြီး၊ အချက်အလက်တွေထဲက အမှန်တရားကို ဖော်ထုတ်ဖို့ ဆော်ဩမှာဖြစ်ပါတယ်။

ဒါဟာ ….
• စာရေးဆရာရဲ့ အလုပ်။
• စာရေးဆရာရဲ့ တာဝန်။
• စာရေးဆရာရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စာရေးဆရာဟာ သူ့နှလုံးသားက စေခိုင်းတာကိုသာ အတိအကျ လုပ်ကိုင်တတ်သူဆိုတာ လည်း မမေ့သင့်ပါဘူး။ ကျနော့် ယူဆချက်အရ၊ စာရေးဆရာဟာ အခြေအနေအရ လူထုကို ဖျော်ဖြေပေးနေရ အုံးတော့…. လူထု အသိအလင်းကို ပွင့်အောင် စာပေအနုပညာကို သုံးပြီး နှိုးဆော်ရတာဖြစ်ခြင်းကြောင့် စာရေး ဆရာဆိုတာ လူထုရဲ့ ပညာရေးမှူးလို့ ပညတ်ချင်ပါတယ်။

စာပေရဲ့တာဝန်

စာပေဟာ တိုင်းပြည်ရဲ့ သင်ရိုးညွှန်းတမ်းကြီးဖြစ်ပါတယ်။

လူထုဟာ တိုင်းပြည်ကြီးကို တက္ကသိုလ်လုပ်ပြီး စာပေကို သင်ရိုးညွှန်းတမ်းလုပ်ခါ၊ ကိုယ့်ကိုယ့်ကိုယ် မြန်မာ့ တက္ကသိုလ်ကြီးရဲ့ အမြဲတမ်း ကျောင်းသားအဖြစ် လေ့လာသင်ယူနေရမှာဖြစ်ပါတယ်။

ကျနော်တို့ဟာ စာသင်ကျောင်းမှာ ဘာသာရပ်အမျိုးမျိုးကို သင်ကြားခဲ့ရပါတယ်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဂဏန်း သချာၤ၊ ပထဝီ၊ သမိုင်း၊ ဇီဝဗေဒ၊ ဘောဂဗေဒ… .အစရှိသဖြင့်။ ထိုနည်းလည်းကောင်းပဲ၊ အပိုဘာသာရပ်တွေကို လည်း ငယ်စဉ် အတန်းကျောင်းမှာ သင်ကြားခဲ့ရပါသေးတယ်။ သက်မွေး၊ ဘဝတွက်တာ၊ လူမှုရေး၊ အားကစား၊ စသည်ဖြင့်။ တက္ကသိုလ်ရောက်လာတော့၊ ဘာသာရပ်မျိုးကွဲတွေ အစုံစုံ ထပ်တွေ့ရပြန်ရော။ အဲသည့်မှာ ကိုယ် လေ့လာချင်တဲ့ ဘာသာရပ်ကို ပညာရေးစနစ်အရ စိတ်ကြိုက်ရွေးချယ်ခွင့် မရှိကြပါဘူး။


ဒါပေမယ့် ဘဝတက္ကသိုလ်မှာ ရွေးချယ်ခွင့် ရှိတယ်။ မြန်မာနိုင်ငံထဲမှာ ရှိတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ဟာ မြန်မာပြည်ကြီးတစ်ခုလုံးကို တက္ကသိုလ်အဝန်းအဝိုင်းကြီးလုပ်ပြီးတော့၊ စာပေမျိုးကွဲအမျိုးမျိုးကို သင်ရိုးညွှန်း တမ်းလုပ်ပြီး “ငါ ဆရာ၊ ငါတပည့်” နည်းနဲ့ လွတ်လပ်စွာ သင်ယူနိုင်တယ်။ သင်ကြားနိုင်တယ်။ လွတ်လပ်စွာ ဆွေးနွေးနိုင်တယ်။ ကိုယ့် ဘာသာရပ် ကိုယ်ရွေး၊ ကိုယ့်နည်းနဲ့ ကိုယ့်ဘာသာ သင်။ ကိုယ့်ဘာသာ မေးခွန်း ထုတ်။ ကိုယ့်ဘာသာ ဖြေကြည့်။ ကိုယ့်ဘာသာ စစ်ဆေး။ ကိုယ့်ဘာသာ အမှတ်ပေး။ ကိုယ့်ဘာသာ အဆင့် သတ်မှတ်။ ကိုယ့်ဘာသာ အအောင်အကျ သတ်မှတ်၊ ဂုဏ်ထူးသတ်မှတ်။

စာပေဟာ အကျယ်ပြန့်ဆုံးသော သင်ရိုးညွှန်းတမ်းကြီးဖြစ်ပါတယ်။ မြန်မာပြည်မှာ နိုင်ငံခြားသားတွေ ရေးတဲ့ နိုင်ငံခြားဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်တွေ အမျိုးမျိုးရှိတယ်။ မြန်မာတွေကိုယ်တိုင်ရေးသားထားတဲ့ မြန်မာ လို၊ အင်္ဂလိပ်လို စာအုပ်တွေ အမြောက်အမြားရှိတယ်။ သုတ၊ ရသ၊ အက်ဆေး၊ ဝတ္ထု၊ ဝေဖန်ရေး၊ လူမှုသရုပ်ဖော်၊ ဘာသာပြန်၊ မှီးငြိမ်း၊ ကိုးကား၊ ကိုယ်တိုင်ရေး…. စသည်ဖြင့် အစုံအစုံရှိနေပါတယ်။ အကြောင်း အရာအားဖြင့်လည်း နိုင်ငံရေး၊ စီးပွားရေး၊ ဘောဂဗေဒ၊ စီမံခန့်ခွဲမှု၊ ဘာသာရေး၊ အတွေးအခေါ်၊ ဒဿန၊ သမိုင်း၊ စိတ်ပညာ၊ ပထဝီ၊ သိပ္ပံ၊ မနုဿဗေဒ၊ စာပေ.. စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ ရှိနေပါတယ်။


ဘဝတက္ကသိုလ်ဟာ ဘယ်လောက်လွတ်လပ်သလဲဆိုရင်၊ စာပေတွေထဲကနေ ကိုယ်ကြိုက်တဲ့ ဘာသာရပ်ကို ကိုယ်ကြိုက်တဲ့ စနစ်နဲ့ သင်ယူတတ်မြောက်နိုင်တယ်။ ကြိုက်တဲ့ ဘာသာရပ်ကို ရွေးပါ။ ကြိုက်တဲ့နယ်ပယ်ကို ရွေးပါ။ ဘာသာရပ်တွေ လိုချင်သလောက်လည်း ယူလို့ရတယ်။ အကန့်အသတ် မရှိဘူး။ ဘယ်ဘာသာရပ်နဲ့ ဘယ်ဘာသာရပ်ကို တွဲယူရမယ်ဆိုတာလည်း တရားသေကန့်သတ်မထားဘူး။ လေ့လာချင်သူစိတ်ကြိုက် စာပေတွေထဲကနေ ကောက်ယူလေ့လာနိုင်တယ်။ ယုတ်စွအဆုံး….. အချစ်ဆိုတဲ့ ဘာသာရပ်ကိုတောင် စာပေ ထဲကနေ ထုတ်နှုတ်လေ့လာသင်ကြားခံစားနိုင်သေးတယ်။ ဒီတော့ စာပေဟာ လူထုပညာရေးအတွက် ဘယ် လောက်လွတ်လပ်တဲ့ ကွင်းပြင်ဖြစ်နေသလဲ။

လူထုဟာ စာပေကို သင်ရိုးညွှန်းတမ်းလုပ်ပြီးတော့ လွတ်လပ်စွာ လေ့လာနိုင်တယ်၊ ဖတ်ရှုနိုင်တယ်။ ကိုယ့်အား ကိုယ်ကိုး သင်ကြားနိုင်ပါတယ်။ လွတ်လပ်စွာ ရေးသားခွင့် နဲ့ လွတ်လပ်စွာ ဖတ်ရှုခွင့်၊ လွတ်လပ်စွာ ဆွေးနွေး ခွင့်တွေဟာ လူထုပညာရေးကို အများကြီးအထောက်အကူပြုတယ်ဆိုတာ မမေ့သင့်ဘူး။ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ၊ ရတတ်သမျှ စာအုပ်စာစောင်ထဲက ရွေးချယ်ဖတ်ရှုပြီး လွတ်လပ်စွာ တွေးခေါ်၊ ပြောဆို၊ လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။

@@@

စာအုပ်၊ စာရေးဆရာနဲ့ စာပေဟာ အကန့်အသတ်တွေ များပြားနေတဲ့ လူ့အဖွဲ့အစည်းကို တစ်စုံတစ်ရာ လမ်းစ ဆွဲထုတ်ပေးနိုင်ပါလိမ့်မယ်။ ညံ့ဖျင်းနေဆဲ ပညာရေးစနစ်ကို အားမကိုး၊ မငြီးငြူဘဲ ကိုယ့်အားကိုယ်ကိုး ပညာ ရှာဖွေနိုင်ကြောင်း အခွင့်အလမ်းကောင်းဖြစ်တယ်လို့ ပြောချင်ပါတယ်။

အားလပ်ချိန်မှာ၊ တခြား ထွေထွေထူးထူး လုပ်စရာ မရှိရင် တတ်နိုင်သမျှ စာများများဖတ်ပါ။

မင်းသေ့
သန်းခေါင် ၁၂ း ၀၃
၂၄ ၊ စက်တင်ဘာလ၊ ၂၀၂၀။
ရန်ကုန်မြို့။

Previous post ▄ ပြည်ပရောက် ပညာတတ်ပြဿနာ
Next post ▄ စာမေးပွဲကျတဲ့ကောင်။