အတိုက်အခံပါတီကောင်း

စကားလုံး ဝေါဟာရအတွဲအစပ်ကို စဉ်းစားကြည့်စေချင်ပါတယ်။ “အတိုက်အခံ” “ပါတီကောင်း”။ အတိုက်အခံ ပါတီတိုင်းဟာ မကောင်းပါဘူး။ နောက်မှီးဆွဲပါတီတိုင်းဟာလည်း မကောင်းပါဘူး။ ထိုနည်းလည်းကောင်းပဲ အတိုက်အခံလုပ်တိုင်းကလည်း မကောင်းပါဘူး။ အမြဲတမ်းလိုလို လက်ညှိုးထောင်ခေါင်းငြိမ့်နေတာကလည်း မကောင်းပါဘူး။ ပါတီစုံစနစ်ဟာ ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ထွန်းလာမှာပါလဲ။ စိတ်ဝင်စားစရာဖြစ်ပါတယ်။

မြန်မာပြည်ဟာ ပါတီစုံစနစ်ကို စလိုက်တိုင်း စစ်အာဏာသိမ်းမှုနဲ့ဲ ကြုံခဲ့ရတော့၊ ပါတီစုံလွန်းမှာကို ကြောက်နေရ တဲ့အနေအထားဖြစ်ပါတယ်။ အကြောင်းအကျိုး၊ အကန့်အသတ်၊ အကျိုးအမြတ်ကို ချင့်ချိန်ဖို့ဖြစ်ပါတယ်။ အကန့်အသတ်ဘောင်ကို ကျိုးပေါက်တဲ့အခါ၊ ဒိုင်ယာလော့ခ် ယဉ်ကျေးမှုပျက်သုဉ်းသွားပါတယ်။ တစ်သွေး တစ်သံတစ်မိန့်သာ အစားထိုးလာပါတယ်။

တည်ဆဲ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ၊ အာဏာရပါတီတွေကို ကောင်းကောင်း ထိန်းကျောင်းနိုင်မယ့် အတိုက်အခံပါတီကောင်းလိုနေပါတယ်။ ရင့်ကျက်တဲ့နိုင်ငံရေးအတွေးအခေါ်နဲ့ မူ/ အခြေခံ တန်ဖိုးတွေအပေါ်မှာ ခြေမြဲလက်မြဲထိုင်ပြီး သမာသမတ်ကျကျ ထောက်ပြဝေဖန် ထိန်းကျောင်းနိုင်တဲ့ အတိုက်အခံပါတီကောင်းတွေ လိုပါတယ်။ ဘယ်လိုပါတီအခင်းအကျင်းမျိုးတွေဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ပဒေသာစုံ ပန်းခင်း

နိုင်ငံရေးအခင်းအကျင်းဟာ ပဒေသာစုံတဲ့ ပန်းခင်းတောကြီးဖြစ်ပါတယ်။ ပန်းပေါင်းတစ်ရာပွင့်တဲ့ ဥယျာဉ်ကြီး ဖြစ်ပါတယ်။ အိုင်ဒီယာအစုံ၊ အယူအဆစုံ၊ အမြင်ရှုထောင့်ပေါင်းစုံတဲ့ လွတ်လပ်ခြင်းကွင်းပြင်ကြီးဖြစ်ပါတယ်။ စုံ ခြင်းဟာ အားသာချက်ဖြစ်ပါတယ်။ စုံလင်ခြင်းဟာ အသွေးအရောင်လှခြင်းဖြစ်ပါတယ်။ တစ်သွေးတစ်သံ တစ်မိန့်အောက်ထဲမှာ နေထိုင်တာကြာညောင်းခဲ့တဲ့ မြန်မာတွေဟာ၊ ဘယ်လိုပဲ ဒီမိုကရေစီကို အော်နေပါစေ၊ ဒီမိုကရေစီဆိုင်းဘုတ်တပ်ပြီး အာဏာရှင်အကျင့်ကို မဖျောက်နိုင်သေးကြပါဘူး။ ထိုနည်းလည်းကောင်းပဲ နိုင်ငံ ရေးဖြတ်သန်းမှု ဘယ်လောက် ရှည်ကြာခဲ့ ရှည်ကြာခဲ့၊ နိုင်ငံရေးရင့်ကျက်မှုကို မတည်ဆောက်နိုင်ကြသေးပါဘူး။ ငါနဲ့ မတူ ငါ့ရန်သူ အမြင်ဟာ အခုထိ အရိုးစွဲနေကြတုန်းရှိပါတယ်။ မတူခြင်းဟာ လှတယ်၊ ပဒေသာစုံခြင်းဟာ လှတယ်။ agree to disagree ဆိုတာကို သိပေမယ့်၊ နားလည်မနေတာဟာ မြန်မာ့ရဲ့စရိုက်ဖြစ်ပါတယ်။

ဒီမိုကရေစီပါတီဖြစ်ပါတယ်….ဒါပေမယ့်…..။

အဲသည့် “ဒါပေမယ့်” တွေကပဲ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးလုပ်နေကြတာဖြစ်ပါတယ်။ သမိုင်းကို လေ့လာ ကြည့်ပါ။ မြန်မာတွေဟာ ဆန့်ကျင်ဘက်အစွန်းတွေ လက်သီးဆုပ်မြဲမြဲ ကိုင်ထားတတ်ကြသူတွေဖြစ်နေကြပါ တယ်။

ဒီမိုကရေစီပါတီအခင်းအကျင်းလို့ ပြောရင် မြန်မာပြည်သမိုင်းမှာ ပါလီမန်ခေတ်ကိုပဲ ဥပမေယျအဖြစ် ယူနေရပါ တယ်။ ခပ်များများ ဥပမာယူစရာ မရှိပါ။ ကိုလိုနီခေတ်ဟာ နှစ်ပေါင်း (၁၀၀) ကျော်ခဲ့ပြီး၊ စစ်ခေတ်ဟာ နှစ်ပေါင်း (၅၀) နီးပါး ရှိခဲ့လို့ဖြစ်ပါတယ်။ ပါလီမန်ဒီမိုကရေစီကို အမြည်းသဘောသာ မြည်းစမ်းခွင့်ရခဲ့ပါတယ်။ ဦးနု ရဲ့ အတ္ထုပ္ပတ္တိ (U Nu of Burma) ကိုရေးတဲ့ စာရေးဆရာ ရစ်ချက်ဘတ်ဝဲလ်က ပါလီမန်ဒီမိုကရေစီ အခင်းအကျင်း ကို ကြည့်ပြီးတော့ စကားတစ်ခွန်းပြောခဲ့ဖူးပါတယ် “မြန်မာပြည်မှာ အတိုက်အခံကောင်း မရှိဘူး။ အစိုးရလုပ်တဲ့ သူ ကလည်း မအုပ်ချုပ်တတ်ဘူး။ အတိုက်အခံလုပ်တဲ့သူကလည်း အတိုက်အခံ မလုပ်တတ်ဘူး….”

နိုင်ငံရေးစရိုက်

ဒီမိုကရေစီမှာ ပြည်သူ့နောက်မှီးဆွဲ ပါတီတွေ မလိုဘူး။ rubber stamp လွှတ်တော် အလိုမရှိဘူး။ ပါတီတွင်း ဒီမိုကရေစီဟာ အလေ့အကျင့်ဖြစ်ပြီး၊ လွှတ်တော်တွင်း ဒီမိုကရေစီဟာ အထိန်းအထေ ဖြစ်ပါတယ်။ အာဏာ မဏ္ဍိုင်တွေကို တစ်ဖက်စောင်းနင်း မနိုင်အောင် မျှခြေမှာ ထိန်းထားတဲ့ စနစ်ဟာ ဒီမိုကရေစီဖြစ်ပါတယ်။ အတိုင်အခံပါတီတွေ အာဏာရပါတီဖြစ်လာတဲ့အခါ၊ သူတို့လုပ်ခဲ့တဲ့ အတိုက်အခံကို သူတို့ မကြိုက်တော့ပြန်ပါ ဘူး။ “ကျွန်ဖြစ်နေတော့…. ကျွန်စနစ်က မကောင်းဘူးလို့ ပြောပြီး၊ သခင်ဖြစ်လာတဲ့အခါမှာတော့ ကျွန်စနစ် လည်း မဆိုးပါဘူး” ဆိုတဲ့ အချိုးမျိုးလို့ ပြောလို့ရပါတယ်။

မြန်မာပြည်ဟာ အင်စတီကျူးရှင်းအဟောင်းဖြစ်တဲ့ ဗြူရိုကရေစီကို လက်ညှိုးထောင်ခေါင်းငြိမ့်တွေ၊ မလုပ် မရှုပ် မပြုတ်တွေလို့ ဘယ်လိုပဲ ပြောပြော။ အသစ်ဖြစ်ထွန်းလာတဲ့ နိုင်ငံရေးပါတီတွေမှာလည်း ဒီအကျင့်၊ ဒီစရိုက်တွေ ကို ပယ်ပြီး မတည်ထောင်နိုင်ကြသေးပါဘူး။ လူတွေဟာ ခေါင်းစဉ်ပြောင်း၊ ဆိုင်းဘုတ်ပြောင်းလိုက်တာပဲ ရှိပါတယ်။ အမူအကျင့်တွေတော့ မပြောင်းလဲပါ။ စိတ်ဓာတ်တော်လှန်ရေးဟာ တစ်ခွင် တစ်ပြင်လုံးမှာ လိုနေပါပြီ။

နိုင်ငံရေးရင့်ကျက်မှု အားနည်းရင် အတိုက်အခံ နိုင်ငံရေးယဉ်ကျေးမှု မဖြစ်ထွန်းပါဘူး။ ပါတီစုံစနစ်မှာ၊ အသွေး အရောင်စုံတဲ့ ရွေးကောက်ပွဲဖြစ်ထွန်းပါတယ်။ အသွေးအရောင်စုံတဲ့ ရွေးကောက်ပွဲမှာ၊ နိုင်ငံရေးစုံဖြစ်ထွန်းပါ တယ်။ နိုင်ငံရေးစုံ အခင်းအကျင်းမှာ၊ ရှုထောင့်အမြင်စုံတဲ့ ကိုယ်စားပြုမှုကို မွေးဖွားစေပါတယ်။ ဒါဟာ အိုင်ဒီယာ စုံပြီး၊ အခြေခံတန်ဖိုးတွေနဲ့ ဟာမိုနီဖြစ်ဖြစ် ဖွဲ့တည်ထားတဲ့ ပါတီစုံလွှတ်တော်အခင်းအကျင်းဖြစ်ပါတယ်။

မြန်မာအစိုးရအဆက်ဆက်ဟာ အတိုက်အခံပါတီနဲ့ပတ်သက်ရင် အမြင်အားဖြင့် တရားသေစွဲရှိပါတယ်။ ပလ္လင် အထိုင်ဟာ တရားသေအမြင်ကိုပါ ပုံဖော်ပေးပါတယ်။

အတိုက်အခံဆိုတာကို …..

• ဘဲ့တိုက်တယ်၊
• ကန့်လန့်တိုက်တယ်၊
• ဘေးထိုင်ဘုပြောတယ်၊
• ကဖျက်ယဖျက်လုပ်တယ်၊
• ဖျက်လိုဖျက်ဆီးလုပ်တယ်၊
• ရှေ့ကနေ ကာဆီးကာဆီးလုပ်တယ်၊
• ပြန်လှန်တယ်၊
• ကာပြန်တယ်၊
• အာခံတယ်၊
• ဖီဆန်တယ်၊
• မစားရတဲ့အမဲ သဲနဲ့ပက်တယ်၊
• ငါ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တယ်၊
စသည်ဖြင့် တရားသေ အမြင်ကို ဆွဲယူထားပါတယ်။ မြန်မာပြည်မှာ အခုအချိန်အထိ အတိုက်အခံနိုင်ငံရေး ယဉ်ကျေးမှုကောင်း မဖြစ်ထွန်းသေးပါဘူး။ ငါနဲ့ မတူ ငါ့ချစ်သူ မဟုတ်ဘူး။ ငါနဲ့ မတူ ငါ့ရန်သူဖြစ်ပါတယ်။ ဒဂုန်တာရာရဲ့ အဆိုအမိန့်တချို့ကိုပဲ ပြန်ကိုးကားပါရစေ။ နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ….၊ ဒီမိုကရေစီဆိုတာ မတည့်အတူနေဝါဒ….။ စသည်ဖြင့် ဆရာ ဒဂုန်တာရာက ပြောခဲ့ပါတယ်။ မြန်မာ ပြည်မှာကတော့ ရန်/ငါ စည်း ပြတ်အောင်ကြည့်တဲ့ နိုင်ငံရေးဓလေ့ဟာ အရိုးစွဲနေဆဲဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးဓလေ့မှာ တွေ့ရတဲ့ အတိုက်အခံနိုင်ငံရေးပါတီအခင်းအကျင်းအပေါ် အမြင်အယူအဆတွေဟာ ရှေ့ဆက်သွားမယ့် ဒီမိုကရေစီခရီးအတွက် သိပ်အရေးကြီးပါတယ်။ ပဒေသာစုံနိုင်ငံရေးအခင်းအကျင်းဟာ ဘောက်သောက်လိုဖြစ်နေပါတယ်။ အစိုးရဖြစ်သွားတဲ့ပါတီတွေဟာ အစိုးရ မလုပ်တတ်သလို၊ အတိုက်အခံဖြစ် နေ တဲ့ ပါတီတွေကလည်း အတိုက်အခံ မလုပ်တတ်ပါဘူး။ မြန်မာတွေဟာ ဗုဒ္ဓသွန်သင်တဲ့ ဆွေးနွေးညှိုနှိုင်းခြင်း (အပရိဟာနိယ) နဲ့ ဝေဖန်ဆန်းစစ်ခြင်း (ဝိဘဇ္ဇ)ဆိုတာတွေကို မသိချင်ယောင်ဆောင်လေ့ရှိပါတယ်။ ဓမ္မတွေထဲ က ကိုယ့်အာသာချင်ခြင်းနဲ့ ကိုက်ညီတာကိုပဲ ရွေးကြည့်ပါတယ်။ ရွေးယူပါတယ်။ ကွက်ကြည့်ပါတယ်။ ကွက်ပြီး ယူပါတယ်။ လက်တွေ့အားဖြင့်တော့ ဗုဒ္ဓဘာသာ တစ်ခြမ်းပဲ့တွေ များပါတယ်။

ငါနဲ့ မတူ ငါ့ရန်သူ

ဒီမိုကရေစီလို့ ရေရွတ်အော်ဟစ်နေပေမယ့်၊ ဆွေးနွေးညှိုနှိုင်းတိုင်ပင်ခြင်းကို မနှစ်မြို့ဘူး။ ဒိုင်ယာလော့ခ်ကို နားမလည်ဘူး။ မိုနိုလော့ခ်ကိုပဲ ကြိုက်နေတယ်။ လွတ်လပ်စွာ ဝေဖန်ကြပါလို့ ကမ်းလှမ်းနေပေမယ့်၊ ကိုယ့်ကို ထိရင် နှုတ်ကိုပိတ်၊ ကလောင်ကို ချိုး၊ လူကို ထောင်သွင်း အကျဉ်းချပါတယ်။ ကိုလိုနီအစိုးရတွေကလည်း ဒီလို လုပ်တာပါပဲ။ ဒီမိုကရေစီအစိုးရလို့ ပြောတဲ့ ပါလီမန်ခေတ်၊ ဖဆပလအစိုးရကလည်း ထောင်ချတာပါပဲ။ အာဏာ သိမ်းပြီး တက်လာတဲ့ စစ်အစိုးရတွေ။ ပြောကို ပြောမနေပါနဲ့။ အုံလိုက်ကျင်းလိုက်ကို ထောင်ထဲရောက်ကြတာ ပါပဲ။ အသွင်ကူးပြောင်းရေးအစိုးရဖြစ်ခဲ့တဲ့ ဦးသိန်းစိန် အုပ်ချုပ်မှုကာလ။ ထောင်ထဲ ရောက်ပြန်သေးတာပါပဲ။ အတိုက်အခံပါတီဘဝကနေ အရပ်သားအာဏာရပါတီအစိုးရဖြစ်တာတဲ့ ဒီ/ချုပ်။ ထိုနည်းလည်းကောင်းပါပဲ။

ဒီတော့ ဆန်းစစ်ကြည့်လိုက်ရင်…. မြန်မာပြည်မှာ လွတ်လပ်စွာ ဝေဖန်ခွင့်ကို လွှတ်တော်ထဲမှာလည်း ကောင်း ကောင်း မရခဲ့ဘူး။ လွှတ်တော်ထဲမှာ ရခဲ့ပြန်ရင်လည်း နိုင်ငံရေးအကွဲအပြဲဇာတ်လမ်းနဲ့သာ နိဂုံးကမ္မအဆုံးသတ် သွားတယ်။ လူလိမ်ပြုတ်ပြီး လူမိုက်သာ တက်လာတယ်၊ မြန်မာပြည်ဟာ ဒုံရင်း၊ ဒုံရင်း။

၂၀၁၁ နဲ့ ၂၀၁၅ အကြား။ အသွင်ကူးပြောင်းရေး အစိုးရ။ ဖြစ်ထွန်းလာတဲ့ လွှတ်တော် အခင်းအကျင်းအသစ်။ တစ်ပါတီတည်းဖြစ်ပေမယ့် (ပုဂ္ဂိုလ်ရေးအရ အာဏာလွန်ဆွဲပွဲလို့ပြောပြော) အစိုးရနဲ့ လွှတ်တော်အကြားမှာ အတိုက်အခံသဘော ထိန်းတာထေတာ၊ စောင့်ကြည့်တာ၊ ထောက်ပြတာ၊ လွှတ်တော် အာဏာနဲ့ အုပ်ချုပ်မှု အာဏာ အားပြိုင်ကြတာတွေ ရှိခဲ့တယ်။ နောက်ဆုံးတော့၊ လွှတ်တော်ဥက္ကဌ ဖြစ်သူ (ပါတီဥက္ကဌ) လည်း သန်းခေါင်ယံ အာဏာသိမ်းပွဲနဲ့ ပါတီတွင်းမှာ ဖြုတ်ချခံရတာပါပဲ။ ဒါဟာ မရှေးမနှောင်းက ဖြစ်ပျက်ခဲ့တဲ့ လွှတ် တော်တွင်း အတိုက်အခံ အခင်းအကျင်းကိစ္စကို ပမာပြတာဖြစ်ပါတယ်။

၂၀၁၅ နဲ့ ၂၀၂၀ အကြား။ တိုင်းဒေသကြီးအဆင့် လွှတ်တော်ကိုပဲ ကြည့်မလား။ သို့တည်းမဟုတ် ပြည်ထောင် စု အဆင့်လွှတ်တော်ကိုပဲ ကြည့်မလား။ တိုင်းဒေသကြီးလွှတ်တော်မှာ၊ မတူတဲ့ပါတီတွေကလည်း အတိုက်အခံ မလုပ်သလို၊ အာဏာရပါတီတွင်းက ကိုယ်စားလှယ်တွေကလည်း မလုပ်၊ မရှုပ်၊ မပြုတ်နဲ့ လက်ညှိုးထောင် ခေါင်းငြိမ့်တွေသာ အရေအတွက်များခဲ့ပါတယ်။ အနည်းစုသော ဇ,ရှိသူ အာဏာရပါတီက အမတ်တချို့က တိုင်းဒေသကြီးအစိုးရကို ထိန်းပါတယ်၊ ထေပါတယ်၊ မေးခွန်းမေးပါတယ်။ အဆိုတင်ပါတယ်။ ရဲဝံ့စွာ ထောက်ပြ ပါတယ်။ သူယုံကြည်တဲ့ အဆို၊ မေးခွန်းကို တင်ပါတယ်။ ရလဒ်ကတော့ ၎င်းတို့ဟာ ပါတီတွင်းက ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်းမှာ လှလှပပ အပယ်ခံရပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ လည်း အတိုက်အခံပါတီဆိုတာထက် အတိုက်အခံ အစုအဖွဲ့သာ ရှိပါတယ်။ တပ်ကိုယ်စားလှယ်တွေလို့ ပြောလို့ရပါတယ်။ ဒါကလည်း တပ်ကိုယ်စားလှယ်ကို အလိုရှိတယ်လို့ မဆိုလိုပါ။ တပ်ကလည်း သူ့အကျိုးစီးပွား ထိမှ အတိုက်အခံ အပြင်းအထန် လုပ်ပါတယ်။ မူပေါ်မှာ အခြေခံပြီး အတိုက်အခံ လုပ်တာ မဟုတ်ပါ။ အကျိုးစီးပွားအပေါ်မှာ အခြေခံတဲ့ အတိုက်အခံကိုသာ တပ်ကိုယ်စားလှယ်တွေက လုပ်ပါတယ်။ ဒီအချက်ကလွဲလို့ ပြည်ထောင်စုအဆင့် လွှတ်တော်မှာလည်း အမှီးကုပ်အမတ်တွေသာ များပါတယ်။ မြန်မာပြည်ဟာ လက်ညှိုးထောင် ခေါင်းငြိမ့်ကို နှစ်သက်နေဆဲပါ။ နောက်မှီးဆွဲကို လိုလားနေဆဲပါ။ ပြန်လှန်မယ့်သူကို ဖိထားဆဲပါ။ ထိန်းတယ် ထေတယ်၊ ထိန်းကျောင်းတယ်လို့ မထင်ပါဘူး။ အာခံတယ်၊ ဖီဆန်တယ်၊ ကာပြန်တယ်၊ ကိုယ်မွေးတဲ့ မျောက်က ကိုယ့်ပြန် ချောက်တယ်လို့ မှတ်ယူနေဆဲဖြစ်ပါတယ်။

အမှတ်သည်းခြေ မရှိ

မြန်မာတွေဟာ လွတ်လပ်စွာ သဘောထားကွဲလွဲမှုကို လက်ခံနိုင်သေးတဲ့ နိုင်ငံရေးယဉ်ကျေးမှု မဖြစ်ထွန်းသေး ပါဘူး။ ဝေဖန်ထောက်ပြမေးခွန်းထုတ်ခြင်းဆိုတဲ့ နိုင်ငံရေးဓလေ့မှာ အသားမကျသေးပါဘူး။ “ဒါပေမယ့်” ဆိုတဲ့ စကားလုံးကို ခံပြီး၊ ဆင်ခြေဆင်လက်တွေ ပေးနေဆဲဖြစ်ပါတယ်။ လူထုကလည်း ချစ်မိရင် အသဲစွဲ။ ကြိုက်မိရင် အပြစ်မမြင်။ ယုံမှတ်လို့ ပုံအပ်ကြတာများပါတယ်။ ယုံမှတ်လို့ ပုံအပ်သူတိုင်းက နိုင်ငံရေးအသဲခွဲသွားကြတာကို မမှတ်မိကြပါဘူး။ မေ့မေ့ပျောက်ပျောက်ပါပဲ။

သမိုင်းကို ပြန်ကြည့်ပါ။ ၆၂ တော်လှန်ရေးကောင်စီ အာဏာသိမ်းမှုဟာ တရားဥပဒေအရ ဘယ်လိုပဲ တရား မဝင်ဘူးလို့ ပြောပြော၊ ဗမာပြည်သူတွေဟာ ဗိုလ်နေဝင်းကို ထောက်ခံခဲ့ကြပါတယ်။ ဗိုလ်နေဝင်းရဲ့ လုပ်ရပ်တွေ ကို နှစ်မြို့ခဲ့ကြပါတယ်။ စိတ်ထဲကနေလည်း ဗိုလ်နေဝင်းကို တိုးတိုးတစ်ဖုံ၊ ကျယ်ကျယ်တစ်ဖုံ ကောင်းချီးပေးခဲ့ ကြပါတယ်။ အနည်းငယ်သော လူတစ်စုကသာ ဗိုလ်နေဝင်းကို ဖီဆန်၊ ကန့်ကွက်ကြတာဖြစ်ပါတယ်။ နောက်ဆုံး ဗမာပြည်သူတွေ ကောင်းချီးပေးခဲ့တဲ့ ဗိုလ်နေဝင်းကပဲ၊ ဗမာပြည်သူတွေကို ဆင်းရဲတွင်းဆုံးကျ အောင် လုပ်ခဲ့တာပါပဲ။ ဘဝပျက်အောင် လုပ်ခဲ့တာပါပဲ။ ဒီလို့ ဒီလိုနဲ့ နောက်ဆုံး မခံနိုင်တော့မှ အုံကြွပြီးတော့၊ ဗမာတွေ လိုလားခဲ့တဲ့ ဗိုလ်နေဝင်းကို ဗမာတွေကပဲ ၈၈ အရေးတော်ပုံနဲ့ ပြန်ဖြုတ်ချခဲ့တာပါပဲ။ မြန်မာတွေဟာ သမိုင်းသင်ခန်းစာကို မယူတတ်တာများတယ်။ ချစ်မိရင် အသဲစွဲ ချစ်တတ်ကြပြီး၊ မုန်းမိရင်လည်း ဘာလုပ်လုပ် အကောင်း မမြင်ကြတာများပါတယ်။ လူ့သဘော၊ လောက သဘောဟာ ၇၀ / ၃၀ အချိုးပါပဲ။ ၃၀ / ၇၀ အချိုးပါပဲ။ အလုံးစုံကောင်းတယ်၊ အလုံးစုံ ဆိုးတယ်ဆိုတာ မရှိပါဘူး။ အကောင်းအဆိုး ဒွန်တွဲနေတာပါပဲ။ ကောင်းတာ ၇၀ ရှိတဲ့အခါ ကောင်းတယ်လို့ မှတ်ယူရမှာဖြစ်ပြီး၊ ဆိုးတာ ၇၀ ရှိတဲ့အခါ မကောင်းဘူးလို့ မှတ်ယူ ရမှာဖြစ်ပါတယ်။

အကြမ်းထည်

လစ်ဘရယ်ဒီမိုကရေစီဆိုတာ အများစုအာဏာ၊ အများစုကြီးစိုးရေးစနစ်ဆိုတာထက် ပိုပါတယ်။ လစ်ဘရယ် ဒီမိုကရေစီမှာ ထပ်ပေါင်းထားတဲ့ အခြေခံနှုန်းစံတွေ ရှိပါတယ်။ ရုပ်ကြမ်းဒီမိုကရေစီဟာ အများစု အားသာရေး ကို ဇောင်းပေးပြောပေမယ့်၊ ရုပ်ချောအဆင့်ရောက်လာတဲ့ လစ်ဘရယ်ဒီမိုကရေစီဟာ အနည်းစုအခွင့်အရေး ကို လည်း ထည့်တွက်စဉ်းစားပါတယ်။ မျှခြေကို ထိန်းတဲ့သဘောပါ။ လစ်ဘရယ်ဒီမိုကရေစီဟာ အရစ္စတိုတယ် မနှစ်မြို့ခဲ့တဲ့ ဒီမိုကရေစီရဲ့ အားနည်းချက်ကို ဖာထေးထားတာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ၂၁ ရာစုကို လစ်ဘရယ်တို့ရဲ့အောင်ပွဲလို့ ဆိုလိုတာဖြစ်ပါတယ်။

ဒီတော့ မြန်မာတွေရဲ့ ဒီမိုကရေစီအမြင်ဟာ ရုပ်ကြမ်းအဆင့်ကနေ မတက်သေးပါဘူး။ အကြမ်းထည်အဆင့်မှာ ပဲ ရှိနေပါသေးတယ်။ ဂရိ/ရောမက မူလအစပြုခဲ့တဲ့ ဒီမိုကရေစီဟာ ကမ္ဘာမှာ ဖြတ်သန်းမှု ဘယ်လောက်ကြာနေ ပါစေ၊ မြန်မာပြည်ရောက်တဲ့အခါ အစက ပြန်စရတာပါပဲ။ ဒါလည်း မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီလားလို့ မှတ်ထင်ဖွယ်ရှိပါတယ်။


မြန်မာတွေရဲ့ ဒီမိုကရေစီရေချိန်နိမ့်တာနဲ့အမျှ၊ မြန်မာတွေရဲ့ နိုင်ငံရေးယဉ်ကျေးမှုလည်း နိမ့်ကျလာပါတယ်။ ဒါဟာ ဆက်စပ်နေပါတယ်။ မြန်မာတွေရဲ့ ခေတ်သစ် နိုင်ငံရေးသိပ္ပံကျမ်း (ရာဇဓမ္မသင်္ဂဟကျမ်း)ကို ရေးတဲ့ ယောမင်းကြီး ဦးဖိုးလှိုင်ဟာ ဘုရင့်ရဲ့ အငြိုအငြင်ကို ခံခဲ့ရပါတယ်။ ဖဆပလထဲမှာ သဘောမညီလို့၊ ကွန်မြူနစ် ပါတီက ဖဆပလအဖွဲ့ချုပ်ထဲက အထုတ်ခံခဲ့ရပါတယ်။ ဖဆပလထဲမှာလည်း အစိုးရတွင်း အာဏာကွဲပြဲလို့၊ သန့်ရှင်းနဲ့ တည်မြဲ ကွဲပြန်တာပါပဲ။ ၈၈ နောက်ပိုင်း ဒီ/ချုပ်ပါတီမှာ ဦးအောင်ကြီးတို့ အစုအဖွဲ့နဲ့ အကွဲအပြဲဖြစ် ပြန်ပါတယ်။ ထိုနည်းလည်းကောင်း ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခြင်း၊ မဝင်ခြင်းကိစ္စနဲ့ပတ်သက်ပြီး ဒေါက်တာသန်းငြိမ်းတို့ အစုအဖွဲ့ဟာ ဒီ/ချုပ်ကနေ ပဲ့သွားပြန်တာပါပဲ။ အသွင်ကူးပြောင်းရေးအစိုးရ လက်ထက် မှာလည်း သိန်းစိန် / ရွှေမန်း ကွဲပြဲ ခဲ့ပြီး၊ အရပ်သားအစိုးရလက်ထက်မှာလည်း အာဏာရပါတီတွင်းက အမတ် တချို့ဟာ ပါတီသစ်ထောင်ကြပြန်တာပါပဲ။

မြန်မာပြည်ဟာ အတိုက်အခံဇာတ်လမ်းနဲ့ အကွဲအပြဲဇာတ်လမ်း တစ်လှည့်စီ ကပြနေဆဲဖြစ်ပါတယ်။ အတိုက်အခံ နိုင်ငံရေးဓလေ့အပေါ် ကျယ်ပြောတဲ့ နိုင်ငံရေးသဘောထားအမြင် မကပ်သရွေ့၊ နိုင်ငံရေးရင့်ကျက် မှု မဖြစ်ထွန်းပါ။ နိုင်ငံရေးရင့်ကျက်မှု မဖြစ်ထွန်းသရွေ့၊ ဒီမိုကရေစီကျင့်ထုံးများ အသားမကျနိုင်။ အတိုက်အခံ လုပ်တတ်တဲ့ နိုင်ငံရေးအလေ့အကျင့်ဖြစ်ထွန်းပြီး၊ အတိုက်အခံနိုင်ငံရေးအပြုအမူကို သဘောထားအမြင်ကျယ် ကျယ်လက်ခံနိုင်တဲ့ နိုင်ငံရေးသတ္တဝါတွေ မဖြစ်ထွန်းသရွေ့၊ မြန်မာ့ဒီမိုကရေစီဟာ တံဆိပ်တုံးအဆင့်၊ ဆိုင်းဘုတ်အဆင့်၊ ပညတ္တိနယ်အဆင့်လောက်နဲ့ပဲ တင်းတိမ်နေရပါအုံးမယ်။

မြန်မာပြည်မှာ….

မြန်မာပြည်မှာ…
• မူအပေါ်မှာ အခြေခံတဲ့ အတိုက်အခံဓလေ့ ထွန်းကားပါစေ…
• အခြေခံတန်ဖိုးအပေါ် ဗဟိုပြုတဲ့ အတိုက်အခံဓလေ့ ထွန်းကားပါစေ….
• အချက်အလက်အပေါ် အခြေခံတဲ့ အတိုက်အခံဓလေ့ ထွန်းကားပါစေ…
• ပြဿနာ/အကြောင်းရပ်ပေါ် အခြေခံတဲ့ အတိုက်အခံဓလေ့ ထွန်းကားပါစေ….
• မူဝါဒအပေါ် အခြေခံတဲ့ အတိုက်အခံဓလေ့ ထွန်းကားပါစေ….

• အာဃာတအပေါ် အခြေခံတဲ့အတိုက်အခံဓလေ့ ပပျောက်ပါစေ….
• အကျိုးစီးပွားအပေါ် အခြေခံတဲ့ အတိုက်အခံဓလေ့ ပပျောက်ပါစေ….

မင်းသေ့
နံနက် ၁ း ၁၁
၁၈ ၊ စက်တင်ဘာ၊ ၂၀၂၀။
ရန်ကုန်မြို့။

Previous post ▄ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု
Next post ▄ ပြည်ပရောက် ပညာတတ်ပြဿနာ