မြန်မာပြည်က နိုင်ငံတည်ဆောက်ရေးကို သွားနေရတယ်။ နိုင်ငံတည်ဆောက်ရေးမှာ အရေးတကြီးလိုအပ်ချက် တွေ ရှိတယ်။ အရေးအကြီးဆုံး လိုအပ်တာကတော့ လူ။ ပညာတတ်တဲ့လူ။ ပညာတတ်ရှိမှ နိုင်ငံတည်ဆောက် ရေးကို သွားလို့ရမယ်။ ပညာမတတ်တဲ့လူတွေနဲ့ ဒီမိုကရေစီကိုလည်း သွားလို့ မရဘူး။ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ ဖြစ်အောင်လည်း မလုပ်နိုင်ဘူး။ ပညာမတတ်တဲ့လူတွေရဲ့လက်ထဲကို ဒီမိုကရေစီစနစ် ထည့်ပေးလိုက်တာ သိပ်ကို အန္တရာယ်ကြီးတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ဆိုတာလည်း သယံဇာတကို ရောင်းလို့ ချမ်းသာတယ်ဆိုတာ ပုံစံ မမှန်ဘူး။ သယံဇာတဆိုတာ ကုန်ခမ်းတတ်တယ်။ ဆင်ခြင်ဉာဏ်မရှိဘဲ သယံဇာတ ထုတ်ယူမှုလုပ်ရင် အကျိုးထက် အပြစ်များမယ်။

ပညာတတ်ကိစ္စလို့ ပြောရင် အပိုင်းနှစ်ပိုင်းပါတယ်။ ပညာတတ်မွေးမြူရေးကိစ္စနဲ့ ပညာတတ်မွေးစားရေးကိစ္စ ဖြစ်တယ်။ ပညာတတ်ကိုလည်း မွေးတတ်မှ၊ လောလောဆယ်အတွက် မွေးစားလို့ ရသမျှ မွေးစားမှ ပညာတတ် ကိစ္စက ပြေလည်နိုင်မယ်။ ပညာတတ်ခြင်း မတတ်ခြင်းဟာ ယေဘုယျ စဉ်းစားရမယ့် ကိစ္စ မဟုတ်ဘူး။ အထူးပြု စဉ်းစားရမယ်။ အသေးစိတ်စဉ်းစားရမယ်။ တိတိကျကျ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား စဉ်းစားထားမှ ကို ရတယ်။ စဉ်းစားတယ်ဆိုတဲ့ အဆင့်ထက်လည်း ကျော်လွန်ရမယ်။ စဉ်းစားပြီး ရပ်နေလို့ မရဘူး။ အစီအစဉ် ချရမယ်။ အစီအစဉ်ချပြီး လုပ်ရမယ့်အလုပ်ကို တွန့်ဆုတ်တွန့်ဆုတ်မရှိဘဲ လုပ်ရမယ်။

မြန်မာပြည်မှာ ပညာတတ်ပြဿနာက ကြီးထွားလာနေတယ်။ ဒါကို ပြဿနာလို့ မြင်ဖို့ လိုတယ်။ လူတွေက ပညာကို အဆင်တန်ဆာလို မြင်လာကြတယ်။ ကိုယ့်အိမ်ဧည့်ခန်းထဲမှာ ဘွဲ့ဓာတ်ပုံချိတ်ထားနိုင်ရင် ပညာတတ် ဖြစ်ပြီလို့ မြင်နေတယ်။ မိဘတွေကလည်း သားသမီးတွေရဲ့ ဘွဲ့ဓာတ်ပုံကို ဧည့်ခန်းလူမြင်ကွင်းမှာ ချိတ်ထားနိုင် ရင် မိဘဝတ္တရားကျေပြီလို့ မှတ်ယူနေကြတယ်။ ကိုယ့်သားသမီးမှာ တကယ် ဆင်ခြင်တုံတရားရှိတဲ့ အသိဉာဏ် ရှိထားသလား၊ မရှိဘူးလားဆိုတာ စိတ်မဝင်စားဘူး။ မစဉ်းစားဘူး။ အရေးပါတယ်လို့လည်း မထင်ဘူး။

ဘွဲ့လက်မှတ်

နိုင်ငံတော်အစိုးရကလည်း စာမေးပွဲအောင်စာရင်းတွေမှာ အောင်ချက်များများ ထုတ်လုပ်နိုင်ရင် ပညာတတ်တဲ့ ပြည်သူတွေ များလာပြီလို့ ယူဆနေကြတယ်။ မြန်မာတွေက ပညာနဲ့ ဘွဲ့လက်မှတ်ကို ခွဲပြီး မမြင်ဘူး။ ခွဲပြီး မကြည့်တတ်ဘူး။ ဘွဲ့ရရင် ပညာတတ်ဖြစ်ပြီလို့ တရားသေယူဆထားကြတယ်။ ဘွဲ့ရတိုင်း ပညာတတ်ဖြစ်ပြီ လား။ ဘွဲ့ရပညာမတတ်တွေ အများကြီး ရှိနေပါတယ်။ ဘွဲ့မရ ပညာတတ်ကတော့ နည်းနည်းပဲ ရှိပါတယ်။ ဘွဲ့လည်း ရတယ်၊ ပညာလည်း တတ်တယ်ဆိုတာလည်း အတော်ရှားရှားပါးပါးပါပဲ။

• ဘွဲ့လက်မှတ်ဟာ၊ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခု ရအောင် စွမ်းဆောင်နိုင်စွမ်း ရှိသလား။
• ဘွဲ့လက်မှတ်ဟာ ဆင်ခြင်တုံတရားရှိတဲ့ လူတစ်ယောက်ဖြစ်အောင် လုပ်ပေးနိုင်စွမ်းရှိသလား။
• ဘွဲ့လက်မှတ်တစ်ခုဟာ တကယ့်ပညာတတ်တစ်ယောက်ရဲ့အမှတ်သင်္ကေတလား။
• ဘွဲ့လက်မှတ်တစ်ခု ရပြီးသွားရင် ဆက်ပြီး လေ့လာ သင်ယူဖို့ မလိုတော့ဘူးလား။
• ဘွဲ့လက်မှတ်ရရှိခြင်းဟာ ပညာရေးဆုံးခမ်းတိုင်ပြီလို့ သတ်မှတ်ပေးလိုက်တာလား။

ဘွဲ့လက်မှတ်နဲ့ ပတ်သက်ရင် ကျနော်တို့အနေနဲ့ မေးခွန်းနာနာထုတ်နိုင်မှ တော်ကာကျမယ်လို့ ယုံကြည်တယ်။ ဘွဲ့ရတစ်ယောက်ဟာ လုပ်ငန်းခွင်ဝင်ရောက်ဖို့ အာမခံချက်ကို လုပ်မပေးနိုင်ဘူး။ တကယ့်ပညာတတ်တစ် ယောက်ဖြစ်အောင်လည်း လုပ်မပေးနိုင်ဘူး။ ဘွဲ့လက်မှတ်ဟာ ရုပ်ရှင်လက်မှတ်တစ်စောင်နဲ့ တူနေတယ်။ ရုပ်ရှင်ရုံဝင်ခွင့်အတွက် ဝင်ပေါက်မှာ ခဏပြရတဲ့ စက္ကူထက် မပိုပါဘူး။ လုပ်ငန်းခွင်ထဲကို ဝင်ဖို့အတွက် ဘွဲ့လက်မှတ်ဟာ လုပ်ငန်းခွင်ဝင်ခွင့် လက်မှတ်တစ်ခုဖြစ်နေပါတယ်။ လုပ်ငန်းခွင်ထဲရောက်သွားရင် တက္ကသိုလ် ကသင်ကြားပေးလိုက်တဲ့အရာတွေက အဟောသိကံဖြစ်ကုန်တယ်။

မြန်မာပြည်မှာ တက္ကသိုလ်က သင်လာတဲ့ ပညာကို လက်တွေ့အသက်မွေးဝမ်းကျောင်းအနေနဲ့ ချက်ချင်း လက်ငင်းသုံးလို့ရမယ့် ဘာသာရပ်တွေက နည်းနည်းလေးပဲ ရှိနေပါတယ်။ တော်တော်များများ တက္ကသိုလ် ဘာသာရပ်တွေဟာ လက်တွေ့ဘဝနဲ့ အပ်စပ်အောင်လုပ်မပေးနိုင်ဘူး။ လက်တွေ့အသက်မွေးဝမ်းကျောင်း လည်း ပြုလို့ မရဘူး။ ဘွဲ့လက်မှတ်ဟာ ကျနော်တို့အတွက် ဘယ်လောက် တန်ဖိုးရှိသလဲ။

ပညာတတ်လက္ခဏာ

ပညာတတ်တစ်ယောက်ဖြစ်ခြင်း မဖြစ်ခြင်းကို ဘယ်ပေတံနဲ့ တိုင်းတာမှာလဲ။ ဘွဲ့လက်မှတ်ကို ဆုပ်ကိုင်ပြီးသွား ရင် ပညာဆက်လက် သင်ယူစရာ မလိုတော့ဘူးဆိုတဲ့ စိတ်ဓာတ်ဟာ ပညာတတ်တစ်ယောက်ရဲ့ လက္ခဏာဖြစ် ပါသလား။ ပညာသင်ယူလိုစိတ်ဆိုတာ ပညာတတ်တစ်ယောက်ရဲ့ လက္ခဏာ မဟုတ်ဘူးလား။ လေ့လာချင်စိတ် စူးစမ်းချင်စိတ်၊ သင်ယူလိုစိတ် ဆိုတာက တကယ့်ပညာတတ်တစ်ယောက်ဖြစ်ဖို့ အရေးမကြီးဘူးလား။
မြန်မာပြည် တက္ကသိုလ်တွေမှာ ဘွဲ့နှင်းသဘင်ကျင်းပတဲ့နေ့ဟာ အသိဉာဏ်တံခါးပိတ်တဲ့နေ့ဖြစ်နေပါတယ်။ ကျောင်းမှာသင်ယူခဲ့တာကလည်း အမှန်တကယ် မဟုတ်ဘူး။ တော်တော်များများက ဟန်ဆောင်၊ ရုပ်ပြတွေသာ ဖြစ်တယ်။ မြင်ကောင်းကြည့်ကောင်းအောင် လုပ်နေကြတာသာဖြစ်တယ်။ အသံသာ ရှိ၊ အဆံမရှိတဲ့ လုပ်ရပ် တွေ ဖြစ်ပါတယ်။

ဆရာတွေကို မေးချင်တယ်

ဘွဲ့ရတွေကို မေးခွန်း မမေးတော့ပါဘူး။ တက္ကသိုလ်မှာ ပညာသင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေကိုပဲ မေးပါရစေ။ ဒီမေးခွန်းက ပညာသင်ယူသူတွေနဲ့ မဆိုင်ပါဘူး။ သင်ကြားပေးသူတွေနဲ့သာ သက်ဆိုင်ပါတယ်။ လေ့လာချင်စိတ်၊ သင်ယူချင်စိတ်၊ ဆည်းပူးချင်စိတ်ဆိုတာ ကျောင်းသားတွေမှာအသာထား၊ အဲသည့် ကျောင်း သားတွေကို ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကိုယ်တိုင်မှာတောင် ဘယ်လောက်ရှိလို့လဲ။ ပညာ တတ်အောင် သင်ကြားပေးနေပါတယ်ဆိုတဲ့ လူတွေမှာ ဘယ်လောက်သင်ယူချင်စိတ် ရှိသလဲ။ ဒီမေးခွန်းကို အထပ်ထပ်အခါခါ မေးဖို့ လိုပါတယ်။ ရက်ရက်စက်စက် ရိုးသားစွာနဲ့ ဖြေဖို့ လိုပါတယ်။ ပညာရေးကို ဦးဆောင် နေတဲ့လူတွေမှာ ဘယ်လောက် လေ့လာသင်ယူချင်စိတ်ရှိသလဲ။ ကိုယ့်ဦးနှောက်နဲ့ ကိုယ့်အသိဉာဏ်ကို ဘယ် လောက်ထိ တန်ဖိုးထားပြီး ဖြည့်ဆည်းနေသလဲ။ ပညာတတ်အောင်လုပ်ပေးတဲ့လူတွေကရော တကယ် တတ်ကြရဲ့လား။ တကယ့်ပညာတတ်တွေက ပညာတွေ သင်ကြားပေးနေတာ ဟုတ်ရဲ့လား။

မြန်မာ့ပညာရေး

ပညာရေးနဲ့ ပတ်သက်ရင် ကျနော်တော့ သံသယရှိတယ်။ သံသယလည်း ကြီးကြီးထားတယ်။ သံသယထားနိုင်မှ တော်ကာကျမယ့်အဖြစ်ဖို့ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ပညာရေးလားရာဟာ ဘယ်ကို ဦးတည်နေသလဲ။ ဦးဆောင်သူ ဆိုသူတွေကို ကြည့်လိုက်စေချင်တယ်။ လူကြီးဆိုတဲ့ လူတွေကို ကြည့်လိုက်စေချင်တယ်။ အဲသည် လို လူတွေမှာ လောက်လောက်လားလား ဆင်ခြင်တုံတရား မြင့်မားတယ်လို့ ဆိုတဲ့သူတွေကို ကိုယ့်ပတ်ဝန်း ကျင်မှာ ဘယ်နှယောက် တွေ့ဖူးသလဲ။ ကိုယ့်နဘေးက လူကြီးတွေထဲမှာ တကယ်အသိဉာဏ်မြင့်မားပါတယ်၊ တကယ်ပညာတတ်လက္ခဏာအပြည့်အဝရှိပါတယ်လို့ ယူဆလို့ရတဲ့လူ ဘယ်နှယောက်ရှိပါသလဲ။ မညှာမတာ ဆန်းစစ်ကြည့်ပါ။ အားလုံးက ယောင်ဝါးတွေသာ များနေပါတယ်။ တတ်ယောင်ကားတွေသာများနေပါတယ်။ မြန်မာပြည် ပညာရေးဟာ အခြေခံပညာရေးမှာရော၊ တက္ကသိုလ်ပညာရေးမှာပါ အင်မတန် စိတ်ပျက်စရာ ကောင်းနေပါတယ်။

ဆင်ခြင်တုံတရား မြင့်မားတဲ့ လူ့အဖွဲ့အစည်းဆိုတာ မြန်မာပြည်မှာ ပျောက်ဆုံးနေတယ်။ အားလုံးက ရောယိမ်း လိုက် ဘသားယိမ်းလိုက်သာ များနေတယ်။ တကယ်လောက်လောက်လားလား ဆည်းပူးလေ့လာနေတဲ့လူတွေ ဟာ အနည်းစုပဲ ရှိနေပါတယ်။ အဲသည်လို အနည်းစုထဲကတောင် ကောက်ရိုးမီးတွေ များနေပါတယ်။ အမြဲတမ်း လိုလို တစိုက်မတ်မတ်၊ ရူးရူးသွပ်သွပ် ၊ စဉ်ဆက်မပြတ် လေ့လာနေတဲ့လူဆိုတာ အင်မတန်နည်းပါတယ်။ မြန်မာပြည်က တကယ့်ပညာတတ်တစ်ယောက်ဟာ လူမှန်နေရာမှန် မရောက်တာများပါတယ်။ ပညာဟာ သူနဲ့ မသင့်တော်တဲ့နေရာမှာ ရှိနေလို့ ကြာလာတဲ့အခါမှ တတ်ထားသမျှလေးတောင် ကန်းသွားပါတယ်။

ပညာ

ပညာဟာ ရေလို အမြဲတမ်း စီးဆင်းနေမှကောင်းပါတယ်။ ပညာဟာ သစ်ပင်လို အမြဲတမ်း ကြီးထွားရှင်သန်နေမှ ကောင်းပါတယ်။ ပညာဟာ သုံးနေမှ ကောင်းပါတယ်။ မသုံးတော့တဲ့ပညာဟာ တစ်ချိန်ကျရင် ကန်းသွားတယ်။ ခြောက်သွားတယ်။ ပညာဟာ လေ့လာနေလို့ချည်း ရကောင်းတဲ့အရာလည်း မဟုတ်ပါဘူး။ အသိကို သုံးပေးမှ ပညာဖြစ်ပါတယ်။ လေ့လာထားတဲ့အသိကို လက်တွေ့ကျင့်သုံးနိုင်တဲ့ ဝန်းကျင် ရှိမှ ပညာဟာ တိုးတက်တယ်။ အသုံးဝင်တယ်။

မြန်မာပြည်မှာ တကယ့်ပညာတတ်တစ်ယောက်ဟာ သူ့ပညာကိုသုံးခွင့်မရဘူး။ သူ့ပညာကို သုံးခွင့်ရတယ် ဆိုရင်တောင် အဲသည့်ပညာတတ်မှာ လုံလောက်တဲ့ ရပ်တည်မှု မရဘူး။ မြန်မာပြည်မှာ တကယ့်ပညာတတ် တစ်ယောက် နေပျော်တဲ့အခင်းအကျင်း မရှိဘူး။ ပညာတတ် မပျော်မွေ့တဲ့နေရာ၊ ဒေသဟာ ဆင်းရဲတာ၊ မွဲတေ တာ ထုံးစံပါပဲ။ သိပ်ထူးဆန်းတဲ့အလုပ်မဟုတ်ပါဘူး။

မြန်မာ့လူ့အဖွဲ့အစည်းမှာ

မြန်မာပြည်လူ့အဖွဲ့အစည်းကိုလည်း ကြည့်လိုက်ပါ။ လူ့အဖွဲ့အစည်းကို ကြည့်လိုက်ရင် ပညာကို လိုလားအား ပေးတဲ့ အမှတ်သရုပ်တွေကို အများအပြားတွေ့နိုင်ပါတယ်။ ရပ်ကွက်ထဲက စာကြည့်တိုက်ကြီးကို လက်ညှိုးထိုး ပြလို့ရတယ်။ နေရာအနှံ့ရှိနေတဲ့ ကျောင်းတွေ၊ တက္ကသိုလ် အဆောက်အအုံကြီးတွေကို လက်ညှိုးထိုးပြလို့ ရတယ်။ နေရာတကာ သင်တန်းတွေ၊ စာမေးပွဲတွေ၊ စင်တာတွေကို လက်ညှိုးထိုးပြလို့ရတယ်။ အာဂုံရတဲ့ စာအောင် သံဃာတော်တွေကို အောင်ပွဲတွေ၊ ချီးမြှောက်ပွဲတွေ ချိမ့်ချိမ့်သဲ ကျင်းပပေးနေတာကို လက်ညှိုးထိုးပြ လို့ရတယ်။ နေ့စဉ်လိုလို အဝိဇ္ဇာအမှောင်ကို ခွင်းဖို့ ဟောပြောနေတဲ့တရားပွဲတွေကို ညွှန်ပြလို့ရတယ်။ ဒါတောင် စာပေဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ မပါသေးဘူး။


တက္ကသိုလ်ကြီးတွေကိုကြည့်လိုက်ရင်လည်း ကြီးလိုက်တဲ့ အဆောက်အအုံတွေ၊ ကျယ်လိုက်တဲ့ တက္ကသိုလ် ဧရိယာတွေ။ များပြားလိုက်တဲ့ ဆရာ၊ ဆရာမတွေ။ များပြားလိုက်တဲ့ တက္ကသိုလ်ကျောင်းသားတွေ။ ဘယ်မှာလဲ တကယ်ပညာတတ်။ ဒီခေတ်မှာ တကယ့် ပညာတတ်တစ်ယောက်ဆိုတာဟာ ဒါပါလို့ လက်ညှိုးထိုးပြလို့ရတဲ့ လူကို ခေါ်လာကြည့်စမ်းပါ။ ကိုယ်သိတဲ့အသိုင်းအဝိုင်းထဲက၊ ကိုယ့်ဝန်းကျင်ထဲက ခေါ်လာကြည့်စမ်းပါ။ လက်ဆယ်ချောင်း ပြည့်အောင်ရှာဖို့ အတော်ခက်နေမယ့်အဖြစ်။

ပညာကို ရှေ့ဆောင်တဲ့၊ အသိကို ရှေ့ဆောင်မယ်ဆိုတဲ့ စာကြည့်တိုက်ကြီးတွေကိုလည်း ကြည့်လိုက်ပါ။ စာကြည့်တိုက် ဆယ်ခုမှာ တကယ်လှုပ်ရှားအသက်ဝင်နေတာ ဘယ်နှခုရှိနေပါသလဲ။ နှစ်ပေါင်းရှည်ကြာစွာ အသက်ဝင်လှုပ်ရှား အသုံးပြုနိုင်နေတဲ့ စာကြည့်တိုက် ဘယ်နှခုရှိနေပါသလဲ။ ကျနော်တို့ လူမျိုးဟာ အသိပညာ ဆိုတဲ့စကားလုံးကို အမြဲတမ်းလိုလို ရေရွတ်နေတတ်တဲ့ လူမျိုးဖြစ်ပါတယ်။ အဲသည်လိုပဲ အသိဉာဏ် အခေါင်း ပါးဆုံးလူမျိုးလည်းဖြစ်နေပါတယ်။ တရားစခန်းတွေမှာလည်း ရွတ်လိုက်ကြတာ၊ ဓမ္မကထိက အမေးကို ဖြေလိုက် ကြတာ။ အဝိဇ္ဇာနဲ့ ဝိဇ္ဇာ အကြောင်းချည်းပဲ။ ဘယ်မှာလဲ။ ဝိဇ္ဇာ။ ဘယ်မှာလဲ ပညာ။

နောက်ကြောင်း လှန်ကြည့်

မြန်မာခေါင်းဆောင်တွေက ပညာတတ်မွေးမြူရေးကိုလည်း အာရုံမစိုက်ကြဘူး။ ပညာတတ်မွေးစားရေးကိုလည်း စိတ်မဝင်စားကြဘူး။ မြန်မာ့သမိုင်းကို ကြည့်လိုက်ရင် ပညာတတ်မွေးမြူရေးအစား ပညာတတ်ကန်ထုတ်ရေး အလုပ်တွေကိုပဲ လုပ်ခဲ့ကြတာတွေ့ရတယ်။ ဆိုရှယ်လစ်ခေတ်မှာ အကြီးအကျယ်တွေ့နိုင်တာပေါ့။ စစ်အစိုးရ ခေတ်မှာလည်း စစ်တပ်ဘက် မလိုက်တဲ့ ပညာတတ်တွေဟာ ဘေးရောက်ကုန်တာ ကြည့်ရင် အထင်းသား တွေ့နိုင်တာပဲ။ ဒါဟာ ဖုံးကွယ်ထားလို့လည်း မရဘူး။ ခံရတဲ့လူတွေ၊ တကယ်လေ့လာတဲ့လူတွေ အထင်အရှား တွေ့နေရတဲ့ကိစ္စပဲ။

မြန်မာပြည်က အခုအချိန်ထိ လူတော်ကြောက်ရောဂါကို ရနေကြတယ်။ နေရာတိုင်း၊ ဌာနတိုင်း၊ ခေတ်တိုင်းပါပဲ။ လူတော်ဆိုသူတွေကလည်း ဘွဲ့ဒီဂရီတွေသာ ပြနိုင်ကြတာများတာ။ တကယ် လူ့အသိုင်းကို အကျိုးပြုသွားတဲ့ ပညာတတ်ဆိုသူတွေကလည်း ခပ်ရှားရှား။ တချို့ကလည်း ပြောကြမယ်။ အကျိုးပြုချင်တယ်၊ အကျိုးပြုခွင့်မရ တာလို့ ပြောကြမယ်။ ကျနော်လေ့လာရသလောက်တော့ ပညာတတ်အမည်ခံသူတွေမှာလည်း ပညာတော့ တတ်တယ်။ ပညာတတ်လို့ တန်ဖိုးတော့ ရှိတယ်။ အသုံးမကျတာများတယ်။ တကယ်လည်း ပညာတတ်တယ်။ အသုံးလည်း ကျတဲ့သူက အတော်ရှားတယ်။ အသုံးချချင်၊ အသုံးကျချင်သူတွေကျတော့လည်း ပညာသင်ယူခွင့် က အကန့်အသတ်နဲ့သာရလို့ ရေရှည်မှာ မြင့်မြင့်မားမား၊ ကျယ်ကျယ်ပြန့်ပြန့် မသင်ယူနိုင်ကြတာများတယ်။ မြန်မာပြည်မှာဖြစ်နေတာကတော့ ဂျာအေးသူ့အမေရိုက်၊ မုန့်လုံးစက္ကူကပ်ဖြစ်နေတယ်။ အဆိုးကျော့သံသရာ စက်ဝန်းက မထွက်နိုင်သေးဘူးလို့လည်း ပြောလို့ရတယ်။

ပညာတတ် တစ်ယောက် နေပျော်တဲ့ အခင်းအကျင်း ဖန်တီးပေးရေးဟာ အရေးကြီးတယ်။ ပညာတတ်တစ် ယောက်အတွက် လိုအပ်ချက် (၃) ခု ရှိတယ်။
နံပါတ် တစ် လိုအပ်ချက်က အသိအမှတ်ပြုမှု။
နံပတ် နှစ် လိုအပ်ချက်က လွတ်လပ်စွာ လုပ်ခွင့်ကိုင်ခွင့်။
နံပါတ် သုံး လိုအပ်ချက်က ထိုက်တန်တဲ့ ခံစားခွင့်။

ရုပ်ပြသက်သက်တွေ

ဘွဲ့ရ (၁၀၀) ရဲ့ ၈၀ ရာခိုင်နှုန်းက ယောင်ဝါးတွေ များတာပါပဲ။ လေ့လာသင်ယူချင်စိတ်ရှိသူ (၁၀၀) ရဲ့ ၉၀ ရာခိုင်နှုန်းက ကောက်ရိုးမီးတွေ များတာပါပဲ။ ပညာတတ်ဆိုသူ (၁၀၀) ရဲ့ ၈၀ ရာခိုင်နှုန်းက ဘွဲ့ဒီဂရီဒိုင်းတွေ ကိုင်ထားကြပြီး ပညာတတ်ယောင်ဆောင်ထားကြသူတွေပါပဲ။
ပညာတတ်မွေးမြူရေးအတွက် လုပ်ကိုင်ရမယ့် အလုပ်တွေ ရှိတယ်။ တော်လှန်ရမှာတွေ ရှိတယ်။ လုပ်ရမယ့် ကိစ္စတွေနဲ့ တော်လှန်ပစ်ရမယ့် ကိစ္စတွေ ဆိုပြီး ခွဲပြောမှ ကောင်းမယ် ထင်တယ်။
တချို့ကိစ္စတွေက တကယ်လက်တွေ့လုပ်ရမှာ။ တချို့ကိစ္စတွေက တော်လှန်ပစ်ရမှာ။

• ပညာရေးစနစ်ကို တော်လှန်ရေးသဘောနဲ့ ပြောင်းဖို့ လိုသလို၊ ဆင့်ကဲပြောင်းလဲဖို့လည်း လိုတယ်။
• ပညာရေးမှာ ရေတို၊ ရေရှည် စီမံကိန်းမျိုးထားဖို့လိုတယ်။
• စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေးကိစ္စကတော့ အကြီးအကျယ်လုပ်ရမယ့်ကိစ္စဖြစ်တယ်။
• စိတ်ဓာတ်လို့ ပြောတဲ့နေရာမှာ၊ လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံးနဲ့ သက်ဆိုင်တယ်။
• မိဘတွေရဲ့ ဂုဏ်တုဂုဏ်ပြိုင် လုပ်ချင်တဲ့စိတ်ဓာတ်တွေကို သင်းသတ်ပစ်ရမယ်။
• ယောင်ဝါးလုပ်နေတဲ့ ဆရာတွေရဲ့စိတ်ဓာတ်တွေကို သုတ်သင်ပစ်ရမယ်။
• ရေသာခို၊ အချောင်လိုက်ချင်တဲ့ ကျောင်းသားတွေရဲ့စိတ်ဓာတ်ကို မြေလှန်ပစ်ရမယ်။
• ပြီးစလွယ်လုပ်တတ်တဲ့ အစိုးရရဲ့စိတ်ဓာတ်ကို တော်လှန်ပစ်ရမယ်။
• အခုရေတွင်းတူး အခုရေကြည်သောက်ချင်တဲ့စိတ်ဓာတ်ကို ခုတ်ထွင်ပစ်ရမယ်။
• ပညာရေးမှာ ငွေကြေးများများ မရင်းနှီးမမြုပ်နှံချင်တဲ့ခေါင်းဆောင်တွေကို ကုလားထိုင်ပေါ်က ဆွဲချရ မယ်။

ပညာဟာ အဆင်တန်ဆာထက်ပိုပါတယ်။ ပညာဟာ ရုပ်ပြထက် ပိုပါတယ်။ ပညာဟာ ဘဝအနှစ်သာရဖြစ်သင့် တယ်။ နိုင်ငံ့ရဲ့ မောင်းနှင်အားဖြစ်သင့်တယ်။ ပညာရေးဟာ လူမှုရေးမဖြစ်သင့်ဘူး။ ပညာရေးဟာ ဘဝရေးဖြစ် ရမယ်။ ပညာရေးဟာ နိုင်ငံ့ရေးဖြစ်ရမယ်။ ပညာရေးဟာ စီးပွားရေးဖြစ်ရမယ်။

ဘဝရေး

ပညာရေးဟာ ဘဝရေးဖြစ်ရမယ်။

တက္ကသိုလ်က သင်ယူလိုက်တဲ့ ပညာဟာ တကယ့်လက်တွေ့ဘဝမှာ အသုံးတည့်ရမယ်။ ဘဝရပ်တည်ဖို့ အတွက် လုပ်ငန်းခွင်မှာလည်း အသုံးကျရမယ်။ လူမှုပေါင်းသင်းဆက်ဆံရေးအတွက်လည်း အသုံးဝင်ရမယ်။ ဘဝတန်ဖိုးအတွက်လည်း အထောက်အပံ့ပေးနိုင်ရမယ်။ ဘဝမှာ ရပ်တည်ဖို့ ငွေလိုတယ်။ အလုပ်အကိုင်ရဖို့ လိုတယ်။ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ပေါင်းသင်းဆက်ဆံတတ်ဖို့လိုတယ်။ ဘဝအဓိပ္ပာယ်ကို ရှာဖို့ အတွက် နည်းပေးလမ်းပြလုပ်နိုင်ရမယ်။ ဘဝမှာ အဓိပ္ပာယ်ရှိရှိနေထိုင်နိုင်ဖို့၊ ကျန်းကျန်းမာမာ၊ အသက်ရှည်ရှည် နေထိုင်နိုင်ဖို့ လုပ်ပေးနိုင်ရမယ်။ ဘဝဂုဏ်သိက္ခာအတွက်လည်း အထောက်အကူပေးနိုင်ရမယ်။

ဒါဟာ ပညာရေးက ဘဝအတွက် အထောက်အကူပြုရမယ်ဆိုတဲ့ အယူအဆကို ပြောတာဖြစ်ပါတယ်။

နိုင်ငံ့အရေး

ပညာရေးဟာ နိုင်ငံ့အရေးဖြစ်ရမယ်။

ဒီနေရာမှာ နိုင်ငံရေးလို့ မသုံးပါဘူး။ နိုင်ငံ့အရေးလို့ သုံးနှုန်းတာဖြစ်ပါတယ်။ နိုင်ငံ့အရေးဆိုတာ နိုင်ငံငြိမ်းချမ်းရေး၊ နိုင်ငံသာယာဝပြောရေး၊ နိုင်ငံ တိုးတက်ကြီးပွားရေး၊ နိုင်ငံဖွံ့ဖြိုးစည်ပင်ရေး၊ နိုင်ငံ့ဂုဏ်သိက္ခာ ကြီးမြတ်ရေး၊ ကမ္ဘာ့အလည်မှာ နိုင်ငံတကာမှာ ဩဇာတိက္ကမကြီးမားရေးဖြစ်ပါတယ်။ နိုင်ငံဟာ ကောင်းကောင်း နေ၊ ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်နိုင်တဲ့ ပြည်သူလူထုတွေ ရှိရမယ်။ နိုင်ငံမှာ စိတ်ချမ်းသာ ပျော်ရွှင် နေတဲ့ ပြည်သူတွေ ရှိရမယ်။ နိုင်ငံမှာ အေးချမ်းတည်ငြိမ်ပြီး သက်သောင့်သက်သာနေနိုင်တဲ့ ဝန်းကျင်ရှိရမယ်။ နိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် တိုးတက်ရမယ်။ ကြီးပွားရမယ်။ နိုင်ငံမှာ နေပျော်တဲ့ ဝန်း ကျင်ရှိရမယ်။

သာယာချမ်းမြေတဲ့လူ့အသိုက်အဝန်းတွေ ရှိတဲ့ နိုင်ငံဖြစ်ရမယ်။ ရာသီဥတုအားဖြင့်လည်း သာယာ ရမယ်။ စိတ်အားဖြင့်၊ ချမ်းသာရမယ်။ ရုပ်အားဖြင့်လည်း စနစ်တကျ စားသောက်နေထိုင်မှု စရိုက်ရှိရ မယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု မြင့်မားတဲ့ ပြည်သူတွေ ရှိရမယ်။ တစ်ယောက်ကို တစ်ယောက် ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင် ရှိကြတဲ့ ပြည်သူတွေ ဖြစ်နေရမယ်။ ပညာရေးဟာ နိုင်ငံ့အရေးကို အထောက်အပံ့ ပေးနိုင်ရမယ်။

ကိုယ်နေထိုင်တဲ့နိုင်ငံ၊ ကိုယ်နေထိုင်တဲ့ လူ့အသိုင်းအဝိုင်း၊ ကိုယ်နေထိုင်တဲ့ဒေသကို အကျိုးပြု အထောက်အပံ့ မပေးနိုင်တဲ့ ပညာရေးဟာ အလကား ပညာရေးဖြစ်တယ်။ သုံးစားလို့ မရတဲ့ ပညာရေးဖြစ်တယ်။ လူသား အကျိုး ကိုလည်း မပြုဘူး၊ နိုင်ငံ့အကျိုးကိုလည်း မပြုဘူး၊ ကိုယ့်အကျိုးကိုလည်း မပြုဘူး၊ ကိုယ့်မိသားစု ပတ်ဝန်း ကျင်အကျိုးကိုလည်း မပြုနိုင်တဲ့ ပညာရေးဟာ ဘာသုံးစားလို့ ရမှာလဲ။ လွှင့်သာ ပစ်လိုက်ဖို့ ကောင်းပါတယ်။

စီးပွားအရေး

ပညာရေးဟာ စီးပွားရေးလည်း ဖြစ်ရမယ်။

တက္ကသိုလ်က သင်ယူခဲ့တဲ့ ပညာဟာ လူတစ်ယောက်ရဲ့နေ့စဉ် စားဝတ်နေရေးကို အထောက်အကူ မပြုနိုင်ဘူး ဆိုရင်၊ ဘာအသုံးကျတော့မှာလဲ။ လူရယ်လို့ဖြစ်လာရင် နေ့စဉ် စားဝတ်နေရေးကိစ္စ ရှိတယ်။ တစ်ကိုယ်စာ အတွက် ရှာရမယ်။ မိသားစုအတွက် ရှာရမယ်။ ဆွေမျိုးဉာတိတွေအတွက် ရှာရမယ်။ အဲသည်လို ရှာဖွေလုပ် ကိုင်တဲ့နေရာမှာလည်း ရိုးရိုးသားသား၊ တန်ရတန်ကြေး လုပ်လို့ရတဲ့ ငွေကြေးသာဖြစ်ရမယ်။ အမှီးကျက် အမှီးစား၊ ခေါင်းကျက် ခေါင်းစား စရိုက်ကို မွေးဖွားပေးလိုက်တဲ့ ပညာရေးဟာ စီးပွားရေးအဆောက်အအုံ အတွက် အဆိပ်အတောက်သာဖြစ်ပါတယ်။ လူ့အသိုင်းအဝိုင်းအတွက် အဆိပ်အတောက်သာဖြစ်ပါတယ်။

ပညာရေးဟာ လူတစ်ယောက်ကို ကိုယ့်အတတ်ပညာနဲ့ ကိုယ် ဂုဏ်သိက္ခာရှိရှိ၊ စိတ်လုံလုံခြုံခြုံစားသောက် ရပ် တည်လို့ရအောင် ပံ့ပိုးပေးနိုင်ရမယ်။ အချောင်လိုချင်တဲ့စိတ်ဓာတ်နဲ့ ဘဝကို ရှင်သန်ရပ်တည်ရတာ ရှက်စရာ ကောင်းတဲ့အလုပ်လို့ နားလည်အောင် လုပ်ပေးနိုင်ရမယ်။ အလကားလိုချင်တဲ့စိတ်ဓာတ်ဟာ ရှက်စရာကောင်း စရာကောင်းပါ့လားလို့ သိနားလည်အောင် ရိုက်သွင်းပေးနိုင်ရမယ်။ အသိပညာမြင့်ရင် မြင့်သလောက် ဘဝ ရပ်တည်မှု၊ စားသောက်နေထိုင်မှုဟာ မြင့်မားလာတယ်ဆိုတာဖြစ်အောင် လုပ်ပေးနိုင်ရမယ်။ အတတ်ပညာ တတ်ကျွမ်းမှု အဆင့်မြင့်ရင် မြင့်သလောက် ဘဝနေထိုင်စားသောက်မှုဟာ အဆင့်အတန်းမြင့်လာတယ်လို့ လူတွေ ယုံကြည်အောင် လုပ်ပေးနိုင်ရမယ်။

ပညာရေးဟာ တစ်ဦးချင်း စားဝတ်နေရေးကိစ္စလည်း ဖြစ်တယ်။ မိသားစု ကြီးပွားချမ်းသာရေးအတွက်လည်း ဖြစ်တယ်။ ဂုဏ်သိက္ခာရှိတဲ့ ငွေကြေးဥစ္စာကို အားထုတ်ကြိုးပမ်းသလောက် ရယူနိုင်တယ်ဆိုတာကိုလည်း ပြုစွမ်းနိုင်ရမယ်။ မိသားစု တစ်စုချင်း ကြီးပွားတိုးတက်ရေးဟာ နိုင်ငံ့ကြီးပွားတိုးတက်ရေးဖြစ်လာအောင်လည်း လုပ်ပေးနိုင်ရမယ်။ ပညာရေးကနေ အစချီပြီး လုပ်ကိုင်ရမယ့် ကိစ္စတွေတော့ မြောက်များစွာ ရှိနေပါတယ်။

ပညာတတ်မွေးမြူရေး

ပညာတတ်ကို မွေးယူမှရမယ်။ သေချာစနစ်တကျ ဂရုတစိုက် မမွေးရင် ပညာတတ်ထွက်မလာနိုင်ဘူး။ ပညာတတ်ဖြစ်ဖို့ ကိစ္စဆိုတာ လမ်းကြုံဝင်လို့ ဝင်လုပ်ရတဲ့ ကိစ္စလည်း မဟုတ်ဘူး။ လုပ်ရင်ကောင်းမယ်ဆိုတဲ့ ထင်ကြေးနဲ့ လုပ်ရတဲ့ကိစ္စလည်း မဟုတ်ဘူး။ ကောင်းနိုးရာရာ လုပ်ရမယ့် အလုပ်လည်း မဟုတ်ဘူး။ ပညာတတ် မွေးမြူရေးကိစ္စဟာ၊ နိုင်ငံ့အတွက်ရော ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်ပါ ရေတို ရေရှည်စဉ်းစား ပြီး သေချာ ဂရုတစိုက် စီမံကိန်းချပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ်။

မြန်မာစကားပုံမှာ ‘သစ်မရခင် ဝါးပေါင်းကွပ်’ ဆိုတဲ့ စကားပုံရှိတယ်။ သစ်မရခင် ဝါးကို သုံးဖို့ လိုတယ်။ ပညာတတ် မွေးမြူရေးကိစ္စဟာ အချိန်ယူရတယ်။ အချိန်ပေးရမယ်။ ရေရှည်သဘော၊ ကာလရှည်သဘောဖြစ် လို့ အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရဘူး။ မြန်မာပြည်လို နိုင်ငံမျိုးမှာ ပညာတတ်မွေးမြူရေးကိစ္စက ပိုလို့ ခက်နိုင်တယ်။ အသစ်တည်ဆောက်ရတာ ခက်ကောင်းခက်မယ်။ အဟောင်းကို ပြန်ပြင်ရတာ ပိုပြီးခက် တယ်။ မြန်မာပြည်ရဲ့ ပညာရေးကို အသစ်ပြန်တည်ဆောက်ရတာတွေလည်း ရှိရမယ်။ အဟောင်းပြင်တာက ပိုများနိုင်တယ်။


အဟောင်းလို့ ပြောတဲ့နေရာမှာလည်း စရိုက်ဆိုး၊ အကျင့်ဆိုး၊ အပြုအမူဟောင်း၊ စိတ်ဓာတ်ဆိုး၊ ဉာဉ်ဆိုးတွေက နေ လွတ်မြောက်အောင်လုပ်ရတဲ့ကိစ္စဖြစ်လို့ ရင်းနှီးသလောက် အကျိုးရလဒ် ထွက်ချင်မှ ထွက်မှာ။ အကျိုး ရလဒ်အထွက်နည်းမှာကတော့ ကြိမ်းသေပေါက်ပဲ။ ဒါ့ကြောင့် တခါတရံ အဟောင်းကိုပြင်ရတာထက် အသစ်ကို တည်ဆောက်ရတာ ပိုလွယ်တယ်။ ဒါပေမယ့် ပညာရေးကိစ္စဟာ လူ့အသိုင်းအဝိုင်းတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်လို့ အဟောင်းကို မပြင်ဘဲ ထားလို့ မရပြန်ဘူး။ တတ်နိုင်သရွေ့ ပြင်ဆင်မှုတွေ လုပ်ထားမှ အနာဆိုး တွေ အကင်းသေမှာဖြစ်ပါတယ်။ တော်က အပ်နဲ့ထွင်းရမယ့် ကိစ္စက ပုဆိန်နဲ့ ပေါက်ရတဲ့ အခြေအနေကို ရောက်နေမှာ စိုးရိမ်ရတယ်။

အစမ်းသပ်ခံလား

မြန်မာပြည်က နိုင်ငံရေးဘက်အစွဲတွေ ရှိတယ်။ နိုင်ငံရေးခေါင်းဆောင်တွေ ပြောင်းတိုင်း၊ နိုင်ငံရေးစနစ်တွေ ပြောင်းတိုင်း ပညာရေးစနစ်က လိုက်ပါ ပြောင်းလဲရသလို ရှိနေတယ်။ မြန်မာပြည်မှာ အခုအချိန်ထိ အောင်မြင် တဲ့ နိုင်ငံရေးစနစ်ကို အသက်မသွင်းနိုင်သေးဘူး။ နိုင်ငံရေးစနစ်တွေဟာ မြေစမ်းခရမ်းပျိုးအဆင့်မှာတင် နိဂုံးချုပ် ကုန်ကြတယ်။ ပညာရေးသစ်ပင်တွေကလည်း ပျိုးပင်အဆင့်မှာတင် သေဆုံးကုန်ကြတယ်။ မြန်မာပြည်ပညာ ရေးဟာ အစိုးရ ဦးစီးတဲ့ ပညာရေးစနစ်ဖြစ်တာမျိုး၊ အစိုးရအမျိုးမျိုးရဲ့စမ်းသပ်ခြင်းကို ခံရတယ်။ ဒါ့ကြောင့် အစမ်းသပ်ခံပညာရေးလို့ ပြောကြတာဖြစ်မယ်။

နိုင်ငံရေးဘက်အစွဲတွေနဲ့ ပြည်သူ့အရေးကိစ္စတွေကို အကောင်အထည်ဖော်တာဖြစ်တာမို့၊ ပညာရေး အစီအစဉ် တွေဟာ နိုင်ငံရေးတိမ်းညွှတ်ချက်တွေပါနေတယ်။ ပညာရေးကို အစိုးရတိုင်းက ခုတုံးလုပ်စဉ်းစားတဲ့အချက်ဟာ ရပ်တန့်နေသင့်ပြီ။ နိုင်ငံရေးစနစ် မတည်ငြိမ်တိုင်း ပညာရေးစနစ်က လိုက်ပါပြောင်းလဲနေတယ်။ တသတ်မတ် တည်း မရှိတဲ့ လုပ်ငန်းအကောင်အထည်ဖော်မှုတွေကြောင့် ပညာရေးဟာ ယိမ်းယိုင်နေတယ်။

အခုကာလဟာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရစနစ်ကို အသက်သွင်းနေပြီ။ ရွေးကောက်ပွဲတစ်ခုပြီးတိုင်း အစိုးရတစ်ခုပြောင်းနိုင်မယ့်အခြေအနေကို ရောက်လာနေပြီ။ အစိုးရတစ်ခုပြောင်းသွားတိုင်း ပညာရေးနဲ့ပတ် သက်ပြီး အကောင်အထည်ဖော်ရတဲ့ အစီအစဉ်တွေ လိုက်ပါပြောင်းလဲနေရင် မဖြစ်ဘူး။ ပညာရေးဟာ မြေစမ်း ခရမ်းပျိုးလုပ်ရမယ့်ကိစ္စ မဟုတ်ဘူး။ ပညာရေးဟာ နိုင်ငံရေးဝါဒဖြန့်ချိရေးယန္တရားလည်း မဟုတ်ဘူး။

စဉ်းစားစရာတွေ

ပညာရေးနဲ့ ပတ်သက်ပြီး ရေရှည်အမြင်၊ မဟာဗျူဟာအဆင့် အစီအမံတွေကို ပြောင်းလဲလာတဲ့ခေါင်းဆောင် တိုင်းက နားလည်ရမယ်။ အပြုသဘောဆောင်တဲ့ လက်ဆင့်ကမ်း အကောင်အထည်မှုတွေ လုပ်ဖို့လိုတယ်။ ပညာရေးယန္တရားမှာ အစိုးရပါဝင်မှုကို ကန့်သတ်ရမယ်။ အစိုးရက မူဘောင် သတ်မှတ်ပေးသူ၊ မူဝါဒချမှတ်ပေး သူ ၊ အရည်အသွေးစစ်ဆေးကြီးကြပ်သူ နေရာမှာသာ နေရမယ်။

ပညာရေးကို လွတ်လပ်ခွင့် အပြည့်ပေးရမယ်။ တစ်ဖက်မှာလည်း ဘွဲ့ဒီဂရီရောင်းစားတဲ့ ကျောင်းတွေ ပေါ်လာ နိုင်တယ်။ ဒါတွေကိုလည်း အာဏာစက်ပြင်းပြင်းနဲ့ ကွပ်ညှပ်မှရမယ်။ အရည်အသွေးကို အဓိကထားတဲ့ ပညာရေး အခင်းအကျင်းကို ဖန်တီးပေးမှကောင်းမယ်။ ပညာရေးဟာ လူတိုင်းနဲ့ အကျုံးဝင်တဲ့ ပညာရေးဖြစ် ရမယ်။ လွတ်လပ်စွာသင်ယူခွင့်၊ လွတ်လပ်စွာသင်ကြားခွင့် ပေးရမယ်။ အရည်အချင်းအလိုက် အခွင့်အလမ်း တွေပေးရမယ်။ ပညာရှင်သန်ကြီးပြင်းနိုင်မယ့် လူမှုဝန်းကျင်ကို တည်ဆောက်ပေးဖို့ လူ့အဖွဲ့အစည်းတစ်ခုလုံး မှာ တာဝန်ရှိတယ်။

တော်သူ၊ ထူးချွန်သူကို နေရာပေးတဲ့စနစ်ကို ချမှတ်ကျင့်သုံးရမယ်။ အထူးသဖြင့် ဆရာများရဲ့အရည်အချင်းကို အမြဲတမ်း အကဲဖြတ်နေတဲ့စနစ်ကို ပြဌာန်းကျင့်သုံးစေရမယ်။ လေ့လာသူ၊ သင်ယူသူတွေကို အတန်းအစား ခွဲခြားတာ မရှိစေရဘူး။ ကိုယ့်စရိုက်၊ ကိုယ့်ဝါသနာနဲ့ ကိုက်ညီတဲ့ ပညာရေးကို သင်ယူနိုင်ဖို့ အခွင့်အလမ်း အပြည့်အဝရှိစေရမယ်။ ပညာရေးစစ်ဆေးတဲ့နေရာမှာ ဘက်လိုက်တာလို့၊ လာဘ်စားတာ၊ ခြစားတာတို့ကို အပြင်းအထန် ကန့်ကွက်ရမယ်။ ကန့်သတ်ရမယ်။ ကြီးလေးတဲ့ ပြစ်ဒဏ်ပေးသင့်ကပေးရမယ်။


အစိုးရမူဝါဒဟာ လက်တွေ့လုပ်ငန်းခွင်နဲ့ ကျောင်းတွေကို ကောင်းကောင်းချိတ်ဆက်နိုင်မယ့် အခင်းအကျင်းမျိုး ဖြစ်ရမယ်။ တော်သူ၊ ထူးချွန်သူကို တော်ရင်တော်တဲ့အလျောက်၊ ထူးချွန်ရင် ထူးချွန်တဲ့အလျောက် အကျိုးခံစား ခွင့်ကို ပေးရမယ်။ ထိုက်တန်တဲ့ အဆောင်အယောက်ရှိဖို့ ထောက်ပံ့ရမယ်။

စစ်ဆေးကြီးကြပ်ရေးတာဝန်

ကိုယ်ပိုင်ကျောင်းတွေ၊ ကိုယ်ပိုင် တက္ကသိုလ်တွေကို လွတ်လပ်စွာ ဖွင့်လှစ်ခွင့်ပေးရမယ်။ အရည်အသွေးကို အစိုးရက စစ်ဆေးရမယ်။ မူဘောင်ကိစ္စတွေကို လက်တွေ့ကျကျ ချမှတ်ရမယ်။ နှုန်းစံတွေနဲ့ ခြေချုပ်မိနေတာ မျိုး မဖြစ်စေရဘူး။ ဘွဲ့လက်မှတ်တွေ ဖောင်းပွနေတာကို ထိန်းချုပ်ရမယ်။ ကျောင်းတည်ထောင်သူ၊ တက္ကသိုလ် တည်ထောင်သူတွေကို အရည်အသွေးနှုန်းစံတွေ သတ်မှတ်ပြဌာန်းပေးရမယ်။ သင်ကြားတဲ့ဆရာ၊ ဆရာမတွေ ရဲ့ အရည်အချင်းကို အမြဲတမ်း အကဲဖြတ်နေရမယ်။

အစိုးရ တက္ကသိုလ်တွေကို အထောက်အပံ့အပြည့်အဝပေးတာမျိုးတွေ လုပ်ရမယ်။ ပညာရေးလွတ်လပ်ခွင့်ပေး ပြီး ရလဒ်အခြေပြု တိုင်းတာမှုတွေ လုပ်ရမယ်။ အစိုးရတက္ကသိုလ်တွေက ဆရာ၊ ဆရာမတွေဟာ သင်ကြားရေး ကို လုပ်ချင်လို့ ဆရာဆရာမအလုပ်ကို လုပ်သူ ရှားတယ်။ အုပ်ချုပ်ရေးရာထူးရာခံ လိုချင်လို့ ဆရာ၊ ဆရာမလုပ် သူများနေတယ်။ အုပ်ချုပ်ရေးအလုပ်နဲ့ သင်ကြားရေးအလုပ်ကို ခွဲခြားထားရမယ်။ သဘောချင်းလည်း မတူဘူး။ သဘာဝချင်းလည်း မတူဘူး။ သုတေသနကို အခြေခံတဲ့ ပညာရေးစနစ်ကို သွတ်သွင်းရမယ်။ ဆွေးနွေးခြင်း၊ ငြင်းခုံခြင်း၊ တီထွင်ဖန်တီးခြင်း အလေ့အကျင့်တွေ ရလာအောင် လုပ်ရမယ်။ အမှတ်ပေးစနစ်ကို ပြောင်းရမယ်။ စာမေးပွဲစနစ်ကို ပြောင်းရမယ်။ သင်ယူမှုအောင်မြင်ရေးအတွက် တိုင်းတာတယ်ဆိုတာ စက္ကူပေါ်က စာအရေး အသားတွေနဲ့ချည်း သတ်မှတ်ပြဌာန်းရမှာ မဟုတ်ဘူး။ သင်ယူသူရဲ့ ဆွေးနွေးချက်၊ တင်ပြချက်၊ ရှာဖွေလေ့လာ မှု၊ ပါဝင်လုပ်ဆောင်မှုတွေကနေ တစ်ဆင့် တိုင်းတာရမှာဖြစ်ပါတယ်။ ဘွဲ့ဒီဂရီကို ကျောင်းကအလွယ်တကူ ထုတ်မပေးဘူးဆိုတဲ့ အမြင်မျိုး ကျောင်းသားတွေမှ ရှိထားအောင် လုပ်ရမယ်။

ယာယီစနစ်

လက်တွေ့ မပါတဲ့ ပညာရေးဟာ အကျိုးနဲ့တူတယ်။ သဘောတရားမပါတဲ့ ပညာဟာ အကန်းနဲ့တူတယ်။ လက်တွေ့နဲ့ သဘောတရားပေါင်းစပ်နိုင်အောင် ခင်းကျင်းထားရမယ်။ ပညာရေးဝန်ထမ်းဟာ မှိန်းနေတတ်တဲ့ သဘောရှိတယ်။ အနေကြာရင် မေဂျာဖြစ်ချင်စိတ်ပေါက်နေတတ်တယ်။ ခံစားခွင့်ရရှိခြင်းဟာ အသစ်လေ့လာ တွေ့ရှိမှုတွေနဲ့ ဆိုင်တယ်။ ဝန်ထမ်းသက်တမ်းနဲ့ မဆိုင်ဘူးဆိုတာ သိနားလည်စေရမယ်။ အမြဲတမ်း ဆရာ အဖြစ် ခန့်အပ်တဲ့စနစ်ကို ပယ်ဖျက်ရမယ်။ ဆရာရဲ့အရည်အချင်းကို ကြည့်ပြီး၊ ဆက်လုပ် ခန့်ထားခြင်း ရှိ၊ မရှိ ကို လုပ်ဆောင်တဲ့စနစ်မျိုးဖြစ်ရမယ်။

မက်လုံး

ပညာတတ်မွေးမြူရေးမှာ မက်လုံးလည်း ပါမှ တိုးတက်မယ်။ ပညာသင်ယူရေး၊ ပညာသင်ကြားရေးမှာ အားထုတ်ရင်အားထုတ်သလောက် အကျိုးခံစားခွင့်ရတယ်၊ လုပ်ခွင့်ကိုင်ခွင့်ရတယ်ဆိုရင် ပညာ့ဝန်းကျင်မှာ ပျော်တဲ့လူတွေ များလာမယ်။ ပညာရပ်ဝန်းမှာ ပျော်တဲ့လူတွေများလာလေလေ၊ ပညာတတ်မွေးမြူရေး အောင် မြင်လေလေဖြစ်ပါတယ်။ မက်လုံးမရှိရင် ရေရှည်ကြိုးစားချင်စိတ် မရှိဘူး။ ကြိုးစားချင်စိတ် မထက်သန်ရင် ပညာဟာ ကန်းတာပဲ။ လေ့လာချင်စိတ်၊ သင်ယူချင်စိတ်ကို အမြဲမီးထိုးပေးနေရမယ်။ လေ့လာချင်၊ သင်ယူချင် အသစ်ရှာဖွေချင်စိတ်တွေများလာလေလေ ပညာတိုးတက်ရေးစခန်းကို သွားနိုင်လေလေဖြစ်တယ်။

ပညာတတ်မွေးစားရေး

ပညာတတ် တစ်ယောက် နေပျော်တဲ့ အခင်းအကျင်း ဖန်တီးပေးရေးဟာ အရေးကြီးတယ်။ ပညာတတ်တစ် ယောက်အတွက် လိုအပ်ချက် (၃) ခု ရှိတယ်။

နံပါတ် တစ် လိုအပ်ချက်က အသိအမှတ်ပြုမှု။
နံပတ် နှစ် လိုအပ်ချက်က လွတ်လပ်စွာ လုပ်ခွင့်ကိုင်ခွင့်။
နံပါတ် သုံး လိုအပ်ချက်က ထိုက်တန်တဲ့ ခံစားခွင့်။

အခြေခံလိုအပ်ချက်

ပညာတတ် တစ်ယောက်ဟာ လူဖြစ်တာမို့၊ လူ့လိုအပ်ချက် ရှိတယ်။ လူတစ်ယောက်ရဲ့အခြေခံလိုအပ်ချက်က တော့ စားဝတ်နေရေးဖြစ်တယ်။ ပညာတတ်တစ်ယောက်ဟာ သူလုပ်ကိုင်တဲ့ အနေအထား၊ အခြေအနေနဲ့ ကိုက်ညီတဲ့ နေထိုင်စားသောက်မှု အဆင့်အတန်းရှိရမယ်။ ရပ်တည်မှုအတွက် စိတ်ချလုံခြုံရတဲ့အနေအထားမျိုး ရမှ ပညာတတ်တစ်ယောက်ဟာ အလုပ်ကို အာရုံစူးစူးစိုက်စိုက်နဲ့ တစိုက်မတ်မတ်လုပ်နိုင်တယ်။ သူ့မှာ ဆက်လက်လုပ်ကိုင်ဖို့၊ လေ့လာဖို့၊ အသစ်တီထွင်ဖန်တီးဖို့၊ အရည်အသွေးကောင်းကောင်းတွေကို ထုတ်လုပ်ဖို့ စိတ်အားထက်သန်မှု ရတယ်။ စိတ်အားထက်သန်မှုဆိုတာ စိတ်လုံခြုံမှုကနေလည်း လာတယ်။ ဒါ့ကြောင့် ပညာ တတ်တစ်ယောက်မှာ ထိုက်တန်တဲ့ခံစားခွင့်ကို အပြည့်အဝပေးထားရမယ်။

စီမံခန့်ခွဲမှု ဘာသာရပ်မှာ စကားတစ်ခုရှိတယ်။ ‘ငှက်ပျောသီးပေးရင် မျောက်တွေပဲလာလိမ့်မယ်’ ဆိုတဲ့စကား။ ပညာတတ်တစ်ယောက်၊ ပညာသမားတစ်ယောက်နဲ့ ထိုက်တန်တဲ့ ခံစားခွင့်ပေးထားမှ ပညာတတ်မွေးစားရေး က အောင်မြင်လိမ့်မယ်။ ပညာသမားတစ်ယောက်ရဲ့အဆင့်အတန်းတဲ့ ကိုက်ညီတဲ့အဆောင်အယောက်က လည်း အရေးကြီးတယ်။ ပညာသမားတစ်ယောက်အဖို့၊ အလွန်အမင်း ထည်ဝါတောက်ပြောင်နေခြင်းက လိုအပ် ချင်မှ လိုအပ်ပါလိမ့်မယ်။ သို့သော် သာမန် ရွက်ကြမ်းရေကြိုအဆင့်ထက် ကျော်လွန်တဲ့ တည်တည်ငြိမ်ငြိမ် အဆောင်အယောင် ထောက်ပံ့ပေးနိုင်ဖို့ လိုတယ်။

လွတ်လပ်မှု

ပညာသမားဟာ လွတ်လပ်မှုကို လိုလားတယ်။ လွတ်လပ်မှုကို ကြိုက်တယ်။ လွတ်လပ်မှုဟာ သူ့တန်ဖိုးဖြစ် တယ်။ လွတ်လပ်မှု မရှိဘဲ စိတ်ကြိုက်လေ့လာဆည်းပူးမှုကို လုပ်လို့ မရဘူး။ လေ့လာသမျှ၊ တတ်သိနားလည် ထားသမျှကိုလည်း လွတ်လပ်စွာ ဖြန့်ချိခွင့်၊ သင်ကြားခွင့်၊ စူးစမ်းလုပ်ကိုင်ခွင့်ရမှ ပညာသမားက နေပျော်တယ်။ လွတ်လပ်တဲ့အခင်းအကျင်း ရှိထားတာဟာ ပညာသမား ပျော်တဲ့ဝန်းကျင်ဖြစ်ပါတယ်။ လွတ်လပ်မှုဟာ ပညာ သမားတွေအတွက် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်ပါတယ်။

အသိအမှတ်ပြုမှု

ပညာသမားမှာ သူကိုင်စွဲထားတဲ့ နှုန်းစံတွေ ရှိပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ သို့သော် လည်း အားလုံးလိုလို တူညီတဲ့အရာရှိပါတယ်။ အဲဒါကတော့ အသိအမှတ်ပြုမှုဖြစ်ပါတယ်။ အသိအမှတ်ပြုမှုရှိတဲ့ လူ့အသိုင်းအဝိုင်းမှာသာ ပညာသမားက သူ့အစွမ်းကို ထုတ်ပြလေ့ရှိတယ်။ ပညာသမားရဲ့အစွမ်းတွေ ထွက် လာဖို့အတွက် သိမ်မွေ့တဲ့ အသိအမှတ်ပြုမှု လိုအပ်တယ်။ ပညာသမားဟာ အသိအမှတ်ပြုမခံရရင် ၊ သူ့ပညာ ကို ညစ်ထုတ် အသုံးမချချင်ဘူး။ သူ့ပညာတွေ အသုံးကျလာဖို့၊ သူ့ပညာတွေကို သူကိုယ်တိုင် လိုလိုချင်ချင် အသုံးချနိုင်ဖို့အတွက် အသိအမှတ်ပြုမှုကို ပေးမှရမယ်။ ပညာသမားကို ဖူးဖူးမှတ်၊ ခယသင့်ရင် ခယရမယ်။ ဒါက အဆုံးအစွန်ဆုံးထိ ပြောလိုက်တာဖြစ်ပါတယ်။ သူ့ အရည်အချင်းကို ကိုယ်က လိုအပ်ရင် လိုအပ်သလောက် အသိအမှတ်ပြုမှု ပေးရမယ်။ ပညာသမားဟာ သဘောထားပြည့်ဝသူဖြစ်ရင် ရိုးရိုးရှင်းရှင်း အသိအမှတ်ပြုမှုနဲ့ တင် လုံလောက်ပါတယ်။ အလွန်အကျွံ အသိအမှတ်ပြုစရာ မလိုပါဘူး။ ဒီသုံးချက်နဲ့ ကိုက်ညီပြီး စီမံခန့်ခွဲသူက ပါးပါးနပ်နပ်နဲ့ ပညာတတ်ကို ခိုင်းစားလို့ရပါတယ်။ ပညာတတ်တွေဟာ ဒီလိုအပ်ချက် သုံးမျိုးကို ကောင်းကောင်း ထားပေးနိုင်ရင်၊ လုပ်ပြကိုင်ပြချင်စိတ်တွေ လွန်ကဲလွန်းလို့ ထိန်းတောင်ယူရပါအုံးမယ်။

ကိုယ့်စွမ်းကိုယ်စကို လူအများရှေ့မှာ ထက်ထက်သန်သန် ထုတ်ပြချင်သူတွေထဲမှာ ပညာသမားတွေက ထိပ်ဆုံးက ပါနေပါတယ်။ နိုင်ငံ့ခေါင်းဆောင်လုပ်မယ့်သူတွေဟာ အရေးအရာအားလုံးကို ကျွမ်းကျင်ပိုင်နိုင်ဖို့ ခဲယဉ်းနိုင်ပါတယ်။ လူဟာ အကန့်အသတ်ရှိတာမို့ အရေးအရာအားလုံးမှာ ပေါက်မြောက် ကျွမ်းကျင်မှု မရှိနိုင်ပါ ဘူး။ ဒါ့ကြောင့် ကိုယ့်နဘေးမှာ ပညာတတ်တွေကို ခေါ်ထားပြီး ခိုင်းစားနိုင်ရင် ၊ အောင်မြင်နိုင်ပါတယ်။ လူ့အဖွဲ့ အစည်းမှာ သူ့နေရာနဲ့သူ နေရာချ တာဝန်ပေးထားနိုင်ရင် လူ့အဖွဲ့အစည်းကောင်းကို တည်ဆောက်လို့ရနိုင် ပါတယ်။ နေရာလွဲ၊ အံလွဲနေရင်တော့ ကျောက်ကောင်းတွေ၊ သံကောင်းတွေ ဘယ်လောက်ရှိရှိ အဟောသိကံ ဖြစ်နိုင်တယ်။ အလကား အချည်းနှီးဖြစ်နိုင်ပါတယ်။

ပညာတတ်တွေကို ဘယ်လိုမွေးကြမလဲ။
ပညာတတ်တွေကို ဘယ်ပုံမွေးစားကြမလဲ။
ပညာတတ်တွေကို ပျော်အောင် ဘယ်လိုထားမလဲ။
ပညာတတ်တွေကို ဘယ်လို ခိုင်းစားမလဲ။
ပညာတတ်တွေကို ဘယ်လို နေရာချထားမလဲ။

စဉ်းစားတွေးခေါ်နိုင်ကြပါစေကုန်။

မင်းသေ့
ည ၁၁ း ၀၇
၂၇ ဧပြီလ ၂၀၁၉ ။

Previous post Burma Version Buddhism အကြောင်း ရှင်းချက်။
to read Myanmar Book Review and to know about of Historical View Next post သမိုင်းဆိုင်ရာဝေဖန်စောကြောချက်