ဆရာကြီးဒေါက်တာအောင်ခင်ရဲ့ စာအုပ်ကို ဖတ်မိပါတယ်။ စိတ်ဓာတ်တော်လှန်ရေးစာအုပ် ဖြစ်ပါတယ်။ ယခင်က ဒေါက်တာမောင်မောင်ကြီး ရေးတဲ့ ဗမာ့နိုင်ငံရေးတန်ဖိုး စာအုပ်ကို ဒေါက်တာအောင်ခင်က အသံလွှင့် ဆောင်းပါးတွေ ထုတ်ထားတာ ဖတ်ရတယ်။ မြန်မာ့နိုင်ငံရေးအတွေးအခေါ်ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ် ကိုလည်း ကျနော် စာညွှန်းရေးခဲ့ဖူးတယ်။ အဲသည့် စာအုပ်မတိုင်ခင်က ၊ ဒေါက်တာအောင်ခင်ရေးတဲ့ တရုတ် မြန်မာ ဆက်ဆံရေးစာတမ်းများ စာအုပ်ကိုလည်း ဖတ်ဖူးတယ်။ ကျနော့်အတွက် လက်စွဲစာအုပ်တွေဖြစ်ခဲ့ပါ တယ်။

အခုလည်း စိတ်ဓာတ်တော်လှန်ရေး စာအုပ်ကို ဖတ်မိပြန်တယ်။ ဆရာကြီးရဲ့စာအုပ်တွေက ခပ်ပါးပါးပါပဲ။ ဒါပေမယ့် အတွေးအခေါ်နဲ့ ရေးသားတင်ပြချက်တွေက ခပ်လေးလေးတွေချည်းပါပဲ။ အကြောင်းအရာအားဖြင့် လေးလေးနက်နက် ဖြစ်ပေမယ့်၊ ဖတ်ရတာ သွက်တယ်။ ဆရာကြီး ဒေါက်တာအောင်ခင်ဟာ ရေဒီယို အသံလွှင့် ဆောင်းပါးတွေနဲ့ အသားကျလို့ ထင်ပါရဲ့။ သမိုင်းပညာရှင်ပေမယ့် အသိအမြင်တွေကို အတုံးလိုက် အတစ် ထိုးသိပ်မထားဘူး။ အောက်ခြေလူပိန်းနားလည်အောင် ရေးသားတင်ပြနိုင်တဲ့ အရေးအသားကို တွေ့ရတယ်။ ဒါ့ကြောင့် ဖတ်ရတာ လျှောခနဲ လျှောခနဲ ဖြစ်တယ်။ ဖတ်ရတာ ခပ်သွက်သွက်နဲ့ ဆွဲဆောင်မှုရှိတယ်။
ကျနော့်အထင် သမိုင်းပညာနဲ့ သတင်းစာပညာကို ပေါင်းစပ်ထားနိုင်လို့ဖြစ်ပါလိမ့်မယ်။

စိတ်ဓာတ်တော်လှန်ရေးဟာ ခေတ်ပြောင်းစနစ်ပြောင်းမှာ လိုအပ်တယ်။ စိတ်ဓာတ်တော်လှန်ရေးဟာ အတွေး အခေါ် ပြောင်းလဲရေးဖြစ်လို့ လူ့အဖွဲ့အစည်းအတွက် အရေးကြီးတယ်။ သမိုင်းပညာရှင် ဒေါက်တာအောင်ခင် ဟာ သမိုင်းအချက်အလက်များကို လက်တွေ့ဖြစ်စဉ်တွေနဲ့ ဟပ်စပ်ပြီး ပြောပါတယ်။ အတိတ်က ဖြစ်ခဲ့တဲ့ အကြောင်းအချက်တွေကို ချက်ကျလက်ကျ တင်ပြပါတယ်။ ဘုရင်တွေ ခေတ်က ဖြစ်ပျက်ခဲ့ပုံတွေကို ပုံပမာ နှိုင်းပြီး တင်ပြတာဟာ သမိုင်းအနက်ကို အလှမ်းမမှီတဲ့ ကျနော့်လို လူမျိုးအတွက် အတော် အသုံးတဲ့ပါတယ်။

ဆရာကြီးဟာ စစ်အစိုးရ လက်ထပ်က စစ်လုပ်ရပ်တွေကို ဝေဖန်ပါတယ်။ စောကြောပါတယ်။ တိတိကျကျ ထောက်ပြဝေဖန်ပါတယ်။ သဘောထား အမြင် ကောက်ချက်တွေကလည်း ရှင်းရှင်းလင်းလင်း မြင်သာနေပါ တယ်။ ဝေ့ဝိုက်နေတဲ့ အမြင်သဘောထားတွေ မဟုတ်ဘူး။ သမိုင်းဆိုင်ရာ ဒေါင့်ကနေ ဆရာကြီးကြည့်တဲ့ အမြင် ဟာ ခိုင်တယ်။ ကြည်တယ်။ အုတ်မြစ်ကောင်းကောင်းပေါ်ကနေ ထိုင်ပြီး၊ မှန်ပြောင်းအရှည်နဲ့ ကြည့်လို့ ခပ်ဝေးဝေးထိ မြင်ရပါတယ်။ ဝေဖန်ဆန်းစစ်မှု အမြင် ထက်ထက်သန်သန်နဲ့ အဏုကြည့်မှန်ပြောင်းကို သုံးလို့ ကွက်ကွက်ကွင်းကွင်း၊ ထင်းထင်းလင်းလင်း မြင်ရပါတယ်။

ဒေါက်တာ အောင်ခင် ရဲ့ စိတ်ဓာတ်တော်လှန်ရေး စာအုပ် ။

ဆရာကြီးရဲ့ သမိုင်းအမြင်ဟာ ကြည်တယ်။
စိတ်ဓာတ်တော်လှန်ရေးစာအုပ်ထဲမှာ မြန်မာ့လူ့အဖွဲ့အစည်းအကြောင်း ရေးသားထားတာတွေ့ရပါတယ်။ လူ့အဖွဲ့အစည်းလို့ ပြောတဲ့နေရာမှာ အုပ်ချုပ်သူ ဘုရင်တွေ၊ အစိုးရတွေ အကြောင်းကို အဓိက ဇောင်းပေး တင်ပြတာ တွေ့ရပါတယ်။ ဘုရင်တွေရဲ့ အမူအကျင့်တွေ၊ ဘုရင်တွေရဲ့အပြုအမူတွေကို ဝေဖန်စောကြော ထားတာတွေ့ရပါတယ်။ ခေတ်ဟောင်း ပဒေသရာဇ်ဓလေ့ကနေ ဆင်းသက်လာတဲ့ ခေတ်သစ်စစ်ဘုရင် အစိုးရ တွေမှာလည်း ပဒေသရာဇ်စိတ်ဓာတ်တွေ ဘယ်လို ပါဝင်နေကြောင်း စပ်ဟပ်ပြပါတယ်။ လူ့အဖွဲ့အစည်း အကြောင်းကို ဝေဖန်ထောက်ပြထားတာဖြစ်လို့၊ ပစ္စုပ္ပန် အရှိတရားကို ပြတ်ပြတ်သားသားမြင်နိုင်ဖို့ စာအုပ် ကောင်းတစ်အုပ် ဖြစ်ပါတယ်။

ကိုလိုနီခေတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေပါဝင်ပါတယ်။ ကိုလိုနီအစိုးရ အင်္ဂလိပ်ဟာ ဘယ်လို ဘယ်ပုံ ရှုမြင်ခဲ့သလဲ။ ကိုလိုနီနယ်ဖြစ်ခဲ့တဲ့ မြန်မာပြည်ကို ဘယ်လို အုပ်ချုပ်ခဲ့သလဲ၊ ဖက်ဆစ်ဂျပန်ကရော ဘယ်လို ဘယ်ပုံ ပြုမူသလဲဆိုတာကို ပြောပြထားပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှ ဘယ်သို့ ဘယ်ပုံရှိသလဲ ဆိုတာတွေလည်း ပါဝင်ပါတယ်။ ပါလီမန်ခေတ်၊ ဆိုရှယ်လစ်ခေတ်၊ ဗိုလ်နေဝင်းခေတ်၊ စစ်အစိုးရခေတ် ဆိုတာ တွေကို မျက်လုံးပြူးပြဲကြည့်ထားပြီး မြင်မိသလို ဖတ်ရပါတယ်။

ပညာရှင်ဟာ ပညာရှင်ဒေါင့်ကနေ ကြည့်လို့ အချက်အလက်အားဖြင့်၊ ကြည်လင်ပြတ်သားတာကို တွေ့ရပါ တယ်။ အတိတ်က ဖြစ်စဉ်တွေကို ပုံဖော် ဆွဲခေါ်လာပြီး ပစ္စုပ္ပန်နဲ့ ချိတ်ဆက်ပြခြင်းဟာ လှပတဲ့တင်ပြချက် ဖြစ် တယ်လို့ ယူဆရပါတယ်။ စာရေးခြင်း အလုပ်ကို လုပ်နေတဲ့ ကျနော့်အတွက် နည်းနာတချို့လည်း ရပါတယ်။

သို့ပေမယ့် ကျနော့် မှာ ပြောစရာ တစ်ချက်တော့ ရှိနေပါတယ်။ ဒါဟာ ကျနော့် ထင်မြင်ချက် ဖြစ်ပါတယ်။ မှားကောင်းမှားနိုင်ပါတယ်။

သမိုင်းပညာရှင် ဆရာကြီးဟာ စစ်အစိုးရကို ဝေဖန်တဲ့နေရာမှာ ဖိခြင်း၊ ဖော့ခြင်း မရှိဘဲ ပကတိအရှိအတိုင်း ကွက်ကွက်ကွင်းကွင်းမြင်အောင် ထောက်ပြတာတွေ့ရပါတယ်။ သို့ပေမယ့် ဖတ်ရသူ ကျနော့်မှာ ဆရာကြီးရဲ့ ဒေါမနဿလေသံကို ခံစားမိနေပါတယ်။ သမိုင်းဆိုင်ရာ ဝေဖန်ထောက်ရှုမှုတွေဟာ ငြင်းစရာ မရှိ (သေး) ကောင်းမွန်ပါတယ်။
ဆရာကြီး ဒေါက်တာအောင်ခင်ဟာ ၁၉၆၂ မှာ ဝိဇ္ဇာဘွဲ့ရတယ်။ နိုင်ငံရေးသိပ္ပံ၊ ခေတ်သစ်အနောက်တိုင်း သမိုင်း၊ ဒဿနိကဗေဒ တွေနဲ့ ဝိဇ္ဇာဘွဲ့ကို ယူခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းထွက် တစ်ယောက် ဖြစ်ပါတယ်။ ၁၉၆၂ ဟာ တော်လှန်ရေးကောင်စီ အာဏာသိမ်းနဲ့ ခုနှစ်ဖြစ်ပါတယ်။


ဆရာကြီး ဒေါက်တာအောင်ခင်ဟာ ပါလီမန်ခေတ်ကိုလည်း မှီခဲ့ပါတယ်။ တော်လှန်ရေးကောင်စီခေတ်မှာ ပညာရေး ဖြတ်သန်းမှု ရှိခဲ့တယ်။ ရန်ကုန် တက္ကသိုလ်ကနေပဲ ၁၉၆၈ မှာ ဥပဒေဝိဇ္ဇာဘွဲ့ကို ထပ်ရပါတယ်။ ၁၉၇၁ မှာတော့ သမိုင်းနဲ့ မဟာဝိဇ္ဇာဘွဲ့ကို ရရှိပါတယ်။ ၁၉၇၁ ခုနှစ်မှာ လမ်းစဉ်ပါတီ မပေါ်သေးပါဘူး။ ၁၉၇၄ မှာမှ လမ်းစဉ်ပါတီပေါ်လာတာ ဖြစ်ပါတယ်။ လူငယ် တက္ကသိုလ်စာသင်သားဘဝမှာတင် (ပထမ) စစ်အစိုးရ အုပ်ချုပ်မှု လက်အောက်မှာ ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေရခဲ့တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။

၁၉၆၂ ကနေ ၁၉၇၀ ထိ နည်းပြဘဝနဲ့ တက္ကသိုလ် သမိုင်းဌာနမှာ ဆရာ လုပ်ခဲ့ပါတယ်။ နည်းပြဆရာဘဝနဲ့ မဟာဝိဇ္ဇာဘွဲ့ကို ယူခဲ့သူဖြစ်ပါတယ်။ ၁၉၇၂ နောက်ပိုင်းကျတော့ ဂျပန်နိုင်ငံ တိုကျိုမှာ ပညာတော်သင် သွားတယ်။ ၁၉၇၇ မှာ အရှေ့တိုင်း သမိုင်းနဲ့ ပါရဂူဘွဲ့ကို ဂျပန်ကနေ ရလာပါတယ်။

သည့်နောက်ပိုင်း ဘာသာပြန်သမား၊ အယ်ဒီတာ အလုပ်၊ သုတေသနအရာရှိ၊ သတင်းစာဆရာ အလုပ်တွေကို နိုင်ငံတကာ သတင်းဌာနတွေမှာ လုပ်ကိုင်ခဲ့ပါတယ်။ စင်္ကာပူအခြေစိုက် အရှေ့တောင်အာရှရေးရာ လေ့လာရေး ဂျာနယ်မှာလည်း တွဲဖက်စာတည်းအဖြစ် လုပ်ကိုင်ခဲ့တယ်။ ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ သတင်းဌာနတွေမှာလည်း သတင်းစာဆရာအဖြစ် လုပ်ကိုင်ခဲ့တယ်။ လက်ရှိလည်း သတင်းစာဆရာ အလုပ် ကို လုပ်ကိုင်နေပါတယ်။


ဆရာကြီးဒေါက်တာအောင်ခင်ဟာ မြန်မာပြည်ကနေ ထွက်ခွာခဲ့တာ ကြာခဲ့ပါပြီ။ သို့သော်လည်း မြန်မာပြည်ကို စွန့်ခွာခဲ့သူ မဟုတ်ပါ။ မြန်မာပြည်ရေးရာကိစ္စတွေကို လေ့လာမပြတ်၊ ဆည်းပူးမပြတ် ရှိနေပါတယ်။ သမိုင်း ဆိုင်ရာ ပညာရပ်နဲ့ မြန်မာပြည်ကို ကျေးဇူးပြုနေပါတယ်။ သမိုင်းပညာရပ်နဲ့ သတင်းစာပညာကို အသုံးချပြီး မြန်မာ့လူ့အဖွဲ့အစည်းအကြောင်း သုံးသပ်တင်ပြနေသူဖြစ်ပါတယ်။
ဒေါက်တာအောင်ခင်ရဲ့စာတွေကို ဖတ်ရတာ၊ အနာဂတ်မြန်မာနိုင်ငံအရေးကို မှန်းဆကြည့်ရာမှာ ကျနော့် အတွက် သက်ပြင်းချစရာတွေချည်း ဖြစ်နေပါတယ်။ လက်ရှိမြန်မာ့လူ့အဖွဲ့အစည်းကို အရှိကို အရှိအတိုင်း ထင်ထင်ရှားရှားမြင်မှ အနာဂတ်အတွက် ကောင်းပါလိမ့်မယ်။ အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေကနေ သမိုင်းအမွေဆိုးကို ချန်ထားရစ်ခဲ့ပါတယ်။ သမိုင်းအမွေဆိုးကို မြန်မာ့လူ့အဖွဲ့အစည်းက ကျေကျေနပ်နပ်ကြီး ပွေ့ပိုက်ဆီးကြိုနေပါတယ်။
အကျင့်ဟောင်း၊ ဓလေ့ဟောင်းတွေက သမိုင်းအမွေအဖြစ် ဆက်ခံရရှိထားပါတယ်။

မြန်မာသစ်တည်ဆောက် ရေးဟာ အတွေးအခေါ်တော်လှန်ရေး၊ စိတ်ဓာတ်တော်လှန်ရေး မပါဘဲ မပြီးနိုင်ပါဘူး။ အနောက်နိုင်ငံတွေမှာ ကောင်းကွက်တွေ ရှိခဲ့သလို ဆိုးကွက်တွေလည်း ရှိခဲ့ပါတယ်။ ကိုလိုနီအမွေဆိုးကို တော်လှန်ရာမှာ မြန်မာပြည် က လုပ်နိုင်ခဲ့တယ်။ သို့ပေမယ့် ကိုလိုနီကောင်းကွက်ကို ဆက်ခံရာမှာ တော်လှန်ရေးနဲ့အတူ ကောင်းကွက် တွေလည်း ရောပါသွားတယ်။ ခွဲခြားကြည့်မြင်နိုင်စွမ်း နိမ့်ပါးပြီး ဝါးလုံးသိမ်းရှုမြင်တတ်တဲ့ မြန်မာ့လူမှုဓလေ့ကို တွေ့ခဲ့ရပါတယ်။

အတိတ်သမိုင်းမှာ ရှိခဲ့တဲ့ မြန်မာ့လူ့အဖွဲ့အစည်းအကြောင်းကို သိခွင့်ရခဲ့တယ်။ မရှေးမနှောင်း သမိုင်းဖြစ်ရပ် ကိုလည်း ကြည့်နိုင်ခဲ့တယ်။ လက်ရှိ လုပ်ရပ်တွေကိုလည်း ကြည့်နိုင်ခဲ့တယ်။ ဒါ့ကြောင့် စိတ်ဓာတ်တော်လှန် ရေးစာအုပ်ကို စာကြည့်စားပွဲနဲ့ ခပ်နီးနီးစာအုပ်စင်မှာ ထားလိုက်တယ်။ မကြာမကြာဖတ်ဖြစ်အောင် အလှမ်းမှီ မယ့် စာအုပ်စင်ပေါ် ကျနော် ရွေးထားခဲ့ပါတယ်။

စာအုပ်ထဲမှာ –

• သမိုင်းဆိုင်ရာ ဝေဖန်စောကြောချက်တွေ ပါတယ်။
• ကိုလိုနီခေတ်ကိစ္စရပ်တွေ ပါတယ်။
• အင်္ဂလိပ် လုပ်ရပ်၊ ဗမာ့ ပြုမူချက်တွေကို ပြောပြထားတယ်။
• လူမှုစီးပွား အခြေအနေနဲ့ လူမှုဓလေ့၊ နိုင်ငံရေးဓလေ့ကိုလည်း တို့ထိထားတယ်။
• ဒီမိုကရေစီအရေး၊ စစ်တပ်နိုင်ငံရေးကိစ္စတွေလည်း ပါတယ်။
• တရားရေးကဏ္ဍ၊ သတင်းမီဒီယာနဲ့ ပဋိပက္ခအကြောင်းတွေလည်း ပါတယ်။
• တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ဆင်းရဲမွဲတေမှု အကြောင်း
• ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေအကြောင်း
• လူ့အဖွဲ့အစည်း ကိစ္စ
• ပြည်ပရေးရာကိစ္စ
• ခေါင်းဆောင်မှု ကိစ္စ
• ဝါဒဖြန့်လုပ်ရပ်တွေ အကြောင်း …
ပုံနှိပ်ဖော်ပြထားတဲ့ အသံလွှင့်ဆောင်းပါးများ ဖြစ်ပါကြောင်း…..။

မင်းသေ့
ည ၁၁ း ၁၉
၁၆ ၊ မေ ၊ ၂၀၁၉ ။

Previous post ပညာတတ်ကိစ္စ
To Review Teaching Methodology Next post သင်ကြားရေးအလုပ်