ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာ,က ဟောကြားခဲ့ပြီးပါပြီ။ ဘုရားပေါ်ကို အမျိုးသမီး မတက်ရ ဆိုတာကို ‘it’s not Buddhism, it’s tradition’ လို့ ဟောခဲ့ပြီးပါပြီ။ အမျိုးသမီး၊ အမျိုးသားကိစ္စဟာ ဗုဒ္ဓ အဟော မဟုတ်ပါဘူး။ ဗုဒ္ဓအဆုံးအမလည်း မဟုတ်ပါဘူး။ ဗုဒ္ဓကိုယ်တိုင်က လူမျိုးအားဖြင့်၊ လိင်အားဖြင့်၊ ဆင်းရဲချမ်းသာအားဖြင့်၊ ရာထူးအာဏာအားဖြင့်၊ ဒေသအားဖြင့်၊ ဂုဏ်အဆင့်အတန်း ခွဲခြားဆက်ဆံခြင်း မရှိပါဘူး။ ခွဲခြားဆက်ဆံခြင်းဆိုတာကို ဗုဒ္ဓအဟောတွေမှာလည်း မတွေ့ဖူးသလို၊ ဗုဒ္ဓကိုယ်တိုင် ပြုမူဆက်ဆံ ခဲ့တာတွေကိုလည်း လေ့လာဆန်းစစ်ကြည့်ရင် မတွေ့နိုင်ပါဘူး။
မူရင်းဗုဒ္ဓ အဟောတွေမှာ ခွဲခြားဆက်ဆံမှုအကြောင်းကို ဘယ်လိုနည်းနဲ့မှ တွေ့ရမှာ မဟုတ်ပါဘူး။ ဗုဒ္ဓ အဟော တွေဟာ နှစ်ကာလကြာညောင်းလာတဲ့အမျှ ပျံ့နှံ့မှုတွေ ရှိခဲ့တယ်။ ယိုယွင်းမှုတွေ ရှိလာတယ်။ အကြောင်းက တော့ ဗုဒ္ဓအဆုံးအမကို ကိုးကွယ်ယုံကြည်တဲ့လူတွေကြောင့်ပဲဖြစ်ပါတယ်။ ဒေသပေါင်းစုံကို ဗုဒ္ဓအဆုံးအမ တွေ ပျံ့နှံ့ရောက်ရှိကုန်တယ်။ ဒါ့ကြောင့် ဒေသအလိုက် ပြောင်းလဲသွားခဲ့တဲ့အဆုံးအမ သဏ္ဍာန် ဖြစ်တည်မှုတွေ ပေါ်ပေါက်လာတယ်။ မူရင်း ဗုဒ္ဓအဆုံးအမ ဆိုတာကို ထပ်မံလေ့လာဖို့ လိုနေပါတယ်။


တရုတ်မှာလည်း တရုတ်နည်းတရုတ်ဟန် ဗုဒ္ဓဘာသာဖြစ်နေတယ်။ ကိုရီးယားမှာလည်း ကိုရီးယားဗားရှင်းနဲ့ ဗုဒ္ဓဘာသာဖြစ်နေတယ်။ ဂျပန်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဂျပန်ဗားရှင်း ဗုဒ္ဓဘာသာဖြစ်နေတယ်။ ထိုင်းမှလည်း ထိုင်းဗားရှင်း ဗုဒ္ဓဘာသာ ဖြစ်နေတယ်။ သီရိလင်္ကာမှာလည်း သီရိလင်္ကာဗားရှင်း ဗုဒ္ဓဘာသာ ဖြစ်နေတယ်။ ဗီယက်နမ်၊ ကမ္ဘောဒီယား…. စသည်ဖြင့် အားလုံးက ဗားရှင်းအမျိုးမျိုးနဲ့ ဖြစ်တည်နေတယ်။


စကားလုံးအားဖြင့် ထပ်ကွန့်ပြောရရင် –


• China Version Buddhism
• Japan Version Buddhism
• Thailand Version Buddhism
• Korea Version Buddhism
• Sirilandka Version Buddhism
စသည်ဖြင့် ပြောလို့ ရပါတယ်။


နိုင်ငံတွေဟာ လူမျိုးအားဖြင့်၊ ဒေသအားဖြင့်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံအားဖြင့် ကွဲပြားသွားကြတယ်။ ဒါ့ကြောင့် လည်း ဗုဒ္ဓဘာသာမှာ ဗားရှင်းအမျိုးမျိုး၊ မူကွဲအမျိုးမျိုး ဖြစ်နေသလို ထင်နေရတယ်။ ဒါတွေသာ အသွင်အပြင် ကိစ္စဖြစ်ပါတယ်။ အနှစ်သာရ ကိစ္စ မဟုတ်ပါဘူး။


သံဃာယနာတွေ အဆင့်ဆင့် တင်လာပြီးနောက်ပိုင်း၊ မူရင်း ဗုဒ္ဓအဆုံးအမကို အထပ်ထပ် စိစစ်ကြပေမယ့် ၊ ပိဋကတ်စာပေမှာကို ဗုဒ္ဓအဟော မဟုတ်တဲ့အရာတွေ ဖြည့်စွက်ပါဝင်လာပါတယ်။ ဗုဒ္ဓတိုက်ရိုက်အဟော မဟုတ်သော်လည်း ဗုဒ္ဓအဟောနဲ့ မဆန့်ကျင်သောကြောင့် ထည့်သွင်းအပ်တယ်လို့ ယူဆပြီး ထည့်လိုက်တဲ့ ပိဋကတ်တွေ ရှိပါတယ်။ နည်းနည်း သတိထားဖို့က၊ ပါဠိမြင်တိုင်း ဘုရားဟော မထင်မိဖို့ ဖြစ်ပါတယ်။ ဒီကိစ္စ ကိုတော့ ဗုဒ္ဓပညာကျော်တွေက ကျနော့်ထက် တိတိကျကျ ပိုတင်ပြနိုင်မယ်ထင်ပါတယ်။


ဗုဒ္ဓအဟောရဲ့အနှစ်သာရဟာ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမ္ပါဒ်တရားအနှစ်အသားတို့သာဖြစ်ပါတယ်။ ဒုက္ခက လွတ်မြောက်ရာ အဆုံးအစွန်ဆုံး လွတ်မြောက်ခြင်းတရားကသာ အနှစ်သာရဖြစ်ပါတယ်။ ကျန်ကိစ္စ ရပ်များဟာ အသွင်အပြင်သဘောမျှသာဖြစ်ပါတယ်။ ပညတ်အားဖြင့်သာ ဖြစ်ပါတယ်။ ပရမတ်တရား စစ်စစ် မဟုတ်ကြပါဘူး။


သို့ပေမယ့် ဗုဒ္ဓဘာသာဟာ အဆုံးအမ သက်သက် မဟုတ်တော့ပဲ၊ လူတွေရဲ့ ကိုးကွယ်ရာဘာသာတရားဖြစ် လာတယ်။ ဘာသာတရားရယ်လို့ ဖြစ်လာလို့၊ လူတို့ကိုးကွယ်ရာ ဘာသာတရားနဲ့တူအောင် လူတွေတီထွင် ဖန်တီးစီရင်တဲ့ အလေ့အကျင့်တွေ၊ အမူအကျင့်တွေ၊ ဓလေ့ထုံးစံဆိုတာတွေ ကပ်ငြိပါလာပါတော့တယ်။ ဒီလိုနဲ့ ဒေသအားဖြင့်၊ လူမျိုးအားဖြင့်၊ ဓလေ့စရိုက်အားဖြင့်၊ အချိန်ကာလအားဖြင့် မူရင်းအဆုံးအမအပေါ်မှာ ပေါင်းစပ် ပါဝင်လာတဲ့ ကိစ္စရပ်တွေ ရှိလာပါတော့တယ်။
မြန်မာပြည်မှာလည်း ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတယ်လို့ ပြောကြပါတယ်။

မြန်မာပြည်ရဲ့ ဗုဒ္ဓဘာသာ တော်တော်များများဟာ မဟာယာနနဲ့ ထေရဝါဒကို ဂဃနဏ ရှင်းပြနိုင်မယ့်သူဟာ ရာခိုင်နှုန်းအားဖြင့်၊ အတော် နည်းပါလိမ့်မယ်။ သင်္ကန်းပတ်ထားလို့ လက်အုပ်ချီတယ်။ ရွှေကပ်ထားလို့ ဦးသုံးကြိမ်ချတယ်။ သူများ နမော မို့လို့ ကိုယ်လိုက်ပြီး နမော လိုက်တယ်။ သရဏဂုံသုံးပါးကလွဲလို့ အခြားကိုးကွယ်ရာမရှိလို့ ရဲရဲဝံ့ဝံ့၊ ပြတ်ပြတ် သားသားပြောနိုင်တဲ့လူ ဘယ်နှယောက်ရှိမှာလဲ။ ရာခိုင်နှုန်းအားဖြင့် အတော်နည်းပါလိမ့်မယ်။ နတ်ကိုးကွယ်မှု၊ နတ်ကို ကြောက်ရွံ့မှု၊ နတ်ကို ကိုးစားမှုဆိုတာတွေက တိရိစ္ဆာန် ကိုးကွယ်မှုဝါဒသာဖြစ်ပါတယ်။ ဒါတွေကို လွန်ဆန်ရဲတဲ့လူ အတော်နည်းပါလိမ့်မယ်။


နတ်ကိုးကွယ်မှုနဲ့ လုံးဝ ကင်းလွတ်တယ်ဆိုတာကို ရဲရဲကြီး ပြောဝံ့သလား။ ပြောဝံ့တယ်ဆိုရင်တောင်၊ မဟာလူသား ဗုဒ္ဓဟောကြားခဲ့တဲ့ တရားအနှစ်သာရ စစ်စစ်ကိုသာ ယုံကြည်သက်ဝင်သူ ဟုတ်ပါသလားလို့ ထပ်မေးလိုက်ချင်ပါတယ်။ လူမျိုးတွေက ယဉ်ကျေးမှု ဓလေ့ထုံးစံအားဖြင့် သကာအုပ်ထားတဲ့အရာတွေကို ဖယ်ပြီး ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်တယ်လို့ ပြောနိုင်ပါသလား။ ကိုယ့်ရဲ့ယုံကြည်သက်ဝင်မှုကို ရက်ရက် စက်စက် ရိုးသားစွာနဲ့ မေးခွန်းထုတ်ပြီး၊ အဖြေထုတ်ကြည့်လိုက်စေချင်ပါတယ်။
မြန်မာပြည်မှာ မြန်မာတွေ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဆိုတာလည်း ဗမာဗားရှင်း ဗုဒ္ဓဘာသာသာဖြစ်ပါတယ်။ Burma Version Buddhism သာဖြစ်ပါတယ်။ ဗမာ၊ မြန်မာကို ထပ်ထည့်လိုက်ချင်ရင်လည်း ရပါသေးတယ်။ Myanmar Version Buddhism ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ကိုးကွယ်ရာ ဘာသာတရားကို ဗုဒ္ဓအဆုံးအမ စစ်စစ်ကို မြင်အောင်ကြည့်နိုင်ရဲ့လားဆိုတာကို ထပ်ပြီးမေးခွန်းထုတ်ချင်ပါတယ်။


တကယ်တော့ ဗုဒ္ဓဘာသာဆိုတာကို အင်္ဂလိပ်လို Buddhism လို့ ရေးပါတယ်။ ထပ်ပြီး ငြင်းချက်ထုတ်ရရင်၊ အဲသည့်စကားလုံးကကို မှားနေပါတယ်။ ဗုဒ္ဓတရားတော်တွေဟာ Buddhism လို့ခေါ်တဲ့ ဗုဒ္ဓဝါဒ မဟုတ်ပါဘူး။ ism (အစ်ဇင်) ဆိုတာကို ဝါဒလို့ အနက်ပြန်ပါတယ်။ ဗုဒ္ဓ တရားတော်တွေဟာ ဗုဒ္ဓဝါဒ မဟုတ်ပါဘူး။ ဗုဒ္ဓရဲ့ ဝါဒ မဟုတ်ပါဘူး။ Buddha’s teaching တွေဖြစ်ပါတယ်။ သင်ကြားပြသချက်တွေ ဖြစ်ပါတယ်။ Natural Phenomenon ဖြစ်ပါတယ်။ သဘာဝတရားစစ်စစ်တွေသာ ဖြစ်ပါတယ်။ သဘာဝထဲက ဖြစ်စဉ်၊ သဘောတရားတွေ ကို လမ်းညွှန်ပြသပေးတဲ့ နည်းလမ်းတွေ၊ ရှင်းပြချက်တွေသာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ အတ္တနောမတ္တိတွေ မဟုတ်ပါဘူး။ မဟာလူသား ဗုဒ္ဓကလည်း အတ္တဆိုတာကို ပယ်ခဲ့ပြီးဖြစ်ပါတယ်။ အနတ္တတရားကိုသာ အတပ်ဟောပါတယ်။ မဟာလူသား ဗုဒ္ဓမှာ အတ္တဆိုတာ မရှိလို့၊ အတ္တနောမတ္တိဆိုတာလည်း မရှိပါဘူး။

Photo Credit – ဆူးေလ ဘုရား


ဗုဒ္ဓဟောကြားသင်ကြားချက်တွေမှာ၊ သဘာဝနဲ့ လွန်ဆန်နေတာ မရှိပါဘူး။ ဗုဒ္ဓအဟောဆိုပြီး သဘာဝနဲ့ လွန်ဆန်နေရင် ယုတ္တိကင်းမဲ့နေရင် ဒါဟာ ဗုဒ္ဓအဟောအယောင်ဆောင်ထားတဲ့ ပါဠိစကားလုံးတွေသာ ဖြစ် ပါတယ်။
မြန်မာပြည်က တန်ခိုးကြီး ဘုရားတွေ ကြည့်လိုက်ပါ။ ဘုရားရှင် ဗုဒ္ဓနဲ့ ကင်းလွတ်တာကို မရှိပါဘူး။ ရင်ငွေ့တော် လာလှုံပေးတယ်…. တဲ့။ ခြေရာထားသွားတယ်…တဲ့။ ဆံတော်ထားရှိတယ်….တဲ့။ ဒါတွေကို ငြင်းချက် မထုတ် နေတော့ပါဘူး။ မြန်မာပြည် မြစ်ရိုးတစ်လျှောက် ခရီးသွားဖူးကြရင် သိကောင်းမယ် ထင်တယ်။ မြစ်နဘေး မှာ တည်ထားတဲ့ စေတီက အလောင်းစည်သူ ဖောင်တော်ဆိုက်တဲ့ ဘုရားချည်း များနေတယ်။ ဖောင်တော်ဦး၊ ဖောင်တော်ဦး၊ ဖောင်တော်ဆိုက်…. စသည်ဖြင့် ဘုရားသမိုင်းတွေလည်း စုံလို့ စီလို့ပါပဲ။ ဘာသာတရားမှာ စစ်စစ်ဆိုတာတွေ ကွယ်ပျောက်ပြီး၊ လူ့ပယောဂတွေ ဘယ်လောက်စွဲဝင်နှစ်မြုပ်နေပြီလဲ။ ပညာတတ်ပါတယ် ဆိုတဲ့လူတွေကို ပြောချင်ပါသေးတယ်။ ဆင်ခြင်တုံတရားနဲ့ ယုတ္တိကျကျ၊ သဘာဝကျကျလေး ကိုယ့်ဦးနှောက် နဲ့ ကိုယ် စဉ်းစားစေချင်ပါတယ်။ ကိုယ့်ဦးနှောက်ကိုက ဖြုတ်သာသာလောက်ဆိုရင်တော့ ဉာဏ်ကျက်စားမှု ကျဉ်းမြောင်းနေပါလိမ့်မယ်။


ကျနော့်သဘောကတော့ သဘာဝမကျရင်၊ ယုတ္တိလွန်ဖြစ်ရပ်တွေ ဆိုရင် ဗုဒ္ဓနဲ့ဆိုင်ကို မဆိုင်ဘူးလို့ ယုံကြည် ပါတယ်။ လူတွေ ဂျင်းထည့်ထားတဲ့ လူ့ပယောဂတွေသာဖြစ်ပါတယ်။
ဗုဒ္ဓဟာ သင်ကြားချက်တွေနဲ့သာ လမ်းပြပါတယ်။ လမ်းညွှန်ပါတယ်။ ကယ်တင်ရှင်လည်း မဟုတ်ဘူး။ ဖန်ဆင်း ရှင်လည်း မဟုတ်ဘူး။ တန်ခိုးနဲ့,မ တဲ့ နတ်ဒေဝါလည်း မဟုတ်ဘူး။ မဟာလူသားစစ်စစ်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ဆိုတာမှာ ရုပ်တုကိုးကွယ်တာတွေဟာ လူတွေ တီထွင်ထားတဲ့ ကိစ္စဖြစ်တယ်ဆိုတာ မသိကြရိုးသလား။ ဟိန္ဒူ ဘာသာမှာသာ ရုပ်တုကိုးကွယ်တာ ရှိပါတယ်။ ဗုဒ္ဓဘာသာမှာ ဘုရားရုပ်တုတွေ ထုပြီး ကိုးကွယ်တယ်ဆိုတာ ဟိန္ဒူယဉ်ကျေးမှုက လာတာဖြစ်ပါတယ်။


အခုတော့ မြန်မာပြည်က ဗုဒ္ဓဘာသာသာဟာ ထေရဝါဒ ဗုဒ္ဓဘာသာလို့ နာမည်တပ်ထားပေမယ့်၊ မိရိုးဖလာ အဆင့်က မတက်နိုင်သေးတဲ့ ဗုဒ္ဓဘာသာဖြစ်နေပါတယ်။ မြန်မာတွေရဲ့ရေခံမြေခံနဲ့ ကိုက်ညီအောင် ပြုပြင် စီရင်ခြင်း ခံထားရတဲ့ ဗုဒ္ဓဘာသာဖြစ်နေပါတယ်။ ဗမာနည်းဗမာ့ဟန်၊ မြန်မာ့နည်းမြန်မာ့ဟန် ဗုဒ္ဓဘာသာဖြစ် နေပါတယ်။ Burma Version Buddhism ဖြစ်နေပါတယ်။ လူ့ပယောဂတွေနဲ့ ထုံမွှမ်းနေတဲ့ ဗုဒ္ဓဘာသာဖြစ် နေပါတယ်။


တလောက အွန်လိုင်းစာမျက်နှာပေါ်မှာ ပုဂံဘုရားတွေ ပြုပြင်ခြင်းနဲ့ ပတ်သက်ပြီး အလှူခံထားတဲ့ ကြေညာစာ ကို တုံ့ပြန်ပြောဆိုထားတဲ့ စကားလေး တစ်ခုတွေ့မိပါတယ်။ ‘ပုဂံဘုရားတွေ ပြင်ဖို့အတွက် ပြည်သူဆီက အလှူခံမနေပါနဲ့ဗျာ…တဲ့၊ ပုဂံမှာ ရွှေစည်းခုံ ဘုရားဆီက၊ ဗူးဘုရားဆီက ငွေချေးပြီး ပြုပြင်လို့ ရတာပဲ…တဲ့၊ ဘုရားအချင်းချင်းဆိုတော့ ကူညီမယ် ထင်ပါတယ်…တဲ့၊ တကယ် ဘုရားသာ သက်ရှိထင်ရှားရှိနေရင် ငွေချေး တာ မပြောနဲ့ အလကားတောင် ပေးပစ်အုံးမယ်…’ ဆိုလား။ ကဲ… ကောင်းကြရဲ့လား… အရပ်ကတို့….။


နောက်ရှိပါသေးတယ်။ မိတ်ဆွေ တစ်ယောက်ရဲ့ အပြောကို ပြန်ပြောပြတာပါ။ သိပ်မကြာခင်က ပဲခူးနယ်ဘက် မှာ ရေကြီးတယ်။ ရေလွှမ်းလို့ ပြည်သူတွေ သိန်းနဲ့ချီ ဒုက္ခရောက်တယ်။ အစိုးရကလည်း ကူညီကယ်ဆယ်၊ ပြည်သူတွေကလည်း ကူညီကယ်ဆယ်ကြ… လုပ်ကြတယ်။ မြန်မာပြည် တန်ခိုးကြီး ဘုရားတွေမှာ အလှူငွေ ပိုက်ဆံတွေ နည်းတာ မဟုတ်ဘူး။ မန္တလေး မဟာမြတ်မုနိ၊ ကျိုက်ထိုက ကျိုက်ထီးရိုး၊ ရန်ကုန်က ရွှေတိဂုံ…. ဘုရားတွေမှာ အလှူငွေတွေ နည်းတာ မဟုတ်ဘူး။ ဘဏ်မှာ အပ်ထားလို့၊ ဘဏ်ကတောင် အတိုးမပေးနိုင် တော့ဘူးလို့ ကြားရ၊ သိရတယ်။


ကဲ….. တန်ခိုးကြီး ဘုရားတွေဆီက ငွေတွေကို ဒုက္ခရောက်နေသူတွေ ကူညီကယ်ဆယ်ဖို့၊ ရေဘေးသင့် ပြည်သူတွေ ကူညီကယ်ဆယ်ဖို့ သုံးရင် မကောင်းဘူးလား။ အားလုံး မဟုတ်ပါဘူး။ ငွေတွေထဲက (၅) ရာခိုင် နှုန်းလောက်ကိုချေးပြီး ကူညီကယ်ဆယ်ရေးအတွက် သုံးကြရအောင်လား….။ ဒီလောက်ငွေသာ ရှိရင် ဒုက္ခရောက် တဲ့ လူပေါင်း သိန်းနဲ့ချီ ခံစားနေရတဲ့ ဒုက္ခကနေ အတော်ကြီး လွတ်မြောက်သွားကြလိမ့်မယ်။ တကယ် ဘုရားရှင်သာ ရှိနေရင်(၅) ရာခိုင်နှုန်းလောက် ချေးတယ်ဆိုတာ နိမ့်နေသေးတယ်။ အားလုံးကို အလကားပေးပစ်မှာ။ အားလုံး ယူသွားကြကွာ…. ဆိုပြီး လုပ်ပစ်မှာ။
ကဲ…. တန်ခိုးကြီး ဘုရားတွေက ဂေါပက လူကြီးတွေကို မေးခွန်းတစ်ခု မေးလိုက်ချင်ပါတယ်။ အခုပြောတဲ့ အစီအစဉ်ကို စိတ်ဝင်စားရဲ့လား…လို့။ ကျနော် မင်းသေ့ တို့က ရယ်တောင် ရယ်လိုက်ချင်သေးတယ်။


ဟိုးအရင်က ကျနော် စိတ်တိုခဲ့ဖူးတဲ့ အရာလေး တစ်ခုရှိတယ်။
သခင်စိုးနဲ့ ပတ်သက်တဲ့ ကိစ္စ။ ကြားဖူးတာပါ။ ဖတ်ဖူးတာ မဟုတ်ပါဘူး။
သခင်စိုးက ပြောခဲ့ဖူးတယ်…တဲ့။ သူတို့သာ အာဏာရရင် ရွှေတိဂုံ ဘုရားက ရွှေတွေ ခွာပြီး တိုင်းပြည်အတွက် ဘာလုပ်ပစ်မယ်၊ ညာလုပ်ပစ်မယ်ဆိုပြီး ပြောခဲ့သတဲ့။ ကျနော် ငယ်ငယ်တုန်းက အဲဒါကို ကြားတော့ သခင်စိုး ဆိုတဲ့ လူကြီးကို မုန်းလိုက်တာ။ စိတ်ထဲကနေလည်း ဒီလူကြီးက လူမိုက်၊ လူ့တဇောက်ကန်းလို့ ထင်ခဲ့ဖူး တယ်။ ဘုရားမဲ့၊ တရားမဲ့လို့ ထင်ခဲ့ဖူးတယ်။ မုန်းလိုက်တာလည်း လွန်ရော။ ပညာမဲ့လိုက်တာလို့လည်း တွေး လိုက်သေးတယ်။


အမလေးဗျာ။ အခုတော့ ကြည့်ပါအုံး။


ကျနော် သခင်စိုးကြီး ဘာ့ကြောင့် အဲသည်လို ပြောတယ်ဆိုတာ အခု နားလည်သွားပြီ။ ဘယ်သူမှားသလဲ ၊ ဘယ်သူမှန်သလဲ ဆိုတာကို စဉ်းစားမိသွားတယ်။ သခင်စိုးက ဘာ့ကြောင့် ဒီစကားကို ပြောခဲ့သလဲဆိုတာကို ကိုယ်ချင်းစာမိသွားတယ်။ ဘယ်သူညံ့ပြီး ဘယ်သူပညာရှိဖြစ်တယ်ဆိုတာ နားလည်သွားပြီ။ တကယ် တုံးတာ ဘယ်သူတွေလဲ ဆိုတာ ထင်ရှားသွားပြီ။ တကယ်တော့ သခင်စိုးကြီးက ဒီ့ထက် ပိုပြီးတော့တောင် ပြောသင့် တာ။
မျောက်ပြ ဆန်တောင်း… ဆိုတဲ့ စကားရှိတယ်။ ဘုရားကို မျောက်တော့ အဖြစ်မခံနိုင်ပါဘူး။ ဘုရားပြ အလှူခံ ဆိုတာတွေ ဖြစ်နေတယ်။ အလှူခံပြီး ဘာတွေ လုပ်ကြသလဲ ဆိုတာကိုတော့ ကိုယ်တော်တွေ သိကြကောင်း မယ် ထင်ပါတယ်။ မသိလည်း မပြောတော့ဘူး။ အာညောင်းလို့။ ရေးရတာလည်း လက်ညောင်းလို့။


ဘုရားစေတီ ပရဝုဏ်တွေထဲမှာ ဆင်ဖြူတော်မှီ၍ ကြံစုပ်… တဲ့ကောင်တွေ ပေါလို့။ ဂျပန် မကြောက်ရဘူး၊ စကားပြန် ကြောက်နေရတယ်…. ဆိုတဲ့ စကားလို။ ဘုရားမကြောက်ရဘူး၊ ဂေါပက ကြောက်နေရတယ် ဆိုတာက ဆိုးလှသား။


အခုလည်း ကြည့်လေ။
ဘုရားပေါ် အမျိုးသမီး မတက်ရ… ဆိုတဲ့ကိစ္စ။


မြန်မာပြည်မှာကတော့ လစ်ဘရယ်ဒီမိုကရေစီ လှိုင်းနဲ့ ကွန်ဆာဗေးတစ်မြန်မာ့ယဉ်ကျေးမှု လှိုင်းတို့ တွန်းတိုက် မိကြပြီ။ မြန်မာပြည်က စနစ်အပြောင်းကို သွားနေရတယ်။ စနစ်အပြောင်းမှာ မူဝါဒအပြောင်း၊ အိုင်ဒီယော်လိုဂျီ အပြောင်းလည်း လိုက်လာတယ်။ လစ်ဘရယ်လှိုင်းနဲ့ ကွန်ဆာဗေးတစ်ယဉ်ကျေးမှုလှိုင်းတို့ တိုးတိုက်မိကြ တယ်။
ဒီကိစ္စဟာ ကိုးကွယ်ယုံကြည်မှု ကိစ္စ မဟုတ်ဘူး။ ယဉ်ကျေးမှု ကိစ္စသာဖြစ်ပါတယ်။ ဓလေ့ထုံးစံ ကိစ္စသာ ဖြစ် ပါတယ်။ မြန်မာတွေ ဘာကို ရွေးကြမလဲ။ ဓလေ့ဟောင်း၊ ယဉ်ကျေးမှုဟောင်းက အိုင်ဒီယော်လိုဂျီအသစ်လှိုင်း နဲ့ ထိပ်တိုက် မတွေ့သေးတဲ့အခါမှာ ကိစ္စမရှိဘူး။ ပြဿနာ မဟုတ်သေးဘူး။ ထိပ်တိုက်တွေ့လာတဲ့အခါ၊ ဘာကို ရွေးကြမှာလဲ။ နှစ်ခုထဲက တစ်ခုကို ရွေးကြကြေးဆိုရင် ဘယ်အရာကို ရွေးမှာလဲ။ ဓလေ့ဟောင်း ကလည်း ခံနေတယ်။ စရိုက်ဟောင်းကလည်း ကျန်နေတယ်။ စနစ်သစ်အနေနဲ့ အိုင်ဒီယာလှိုင်းသစ်ကလည်း ဝင်လာတယ်။


မြန်မာပြည်ရဲ့လစ်ဘရယ်ဒီမိုကရေစီ ခရီးဟာ တိုးတိုက်မှုတွေနဲ့ နှစ်ပါးသွားနေရပါတယ်။ ပြည်သူတို့ကိုယ်တိုင် ဘာကို ရွေးချယ်ပြီး ဘာကို ပစ်ပယ်ရမယ်ဆိုတာ ဝေခွဲရခက်နေပါတယ်။ ဉာဏ်အမြင်တိမ်ရင် ဒါတွေကို နား လည်နိုင်ဖို့ ခက်ပါလိမ့်မယ်။


ဒီနေရာမှာ လစ်ဘရယ်သဘောတရားတွေ ရွေးချယ်ရမယ်၊ ဓလေ့ထုံးစံကို ပစ်ပယ်ရမယ်ဆိုတာကို တရားသေ မပြောလိုပါဘူး။ ဓလေ့ဟောင်းတွေတိုင်း မကောင်းတာ မဟုတ်သလို၊ ဓလေ့သစ်တိုင်းလည်း ဆိုးတာ မဟုတ် ပါဘူး။ အသိဉာဏ်နဲ့ ဆင်ခြင်ပြီး၊ အနှစ်သာရကို မြင်နိုင်ဖို့သာ ပြောလိုရင်းဖြစ်ပါတယ်။


(၁၉၁၁ ကာလတဝိုက်က တရုတ်ပြည်ကို ကြည့်ပါ။ ဒေါက်တာဆွန်ယက်ဆင်လို ပညာတတ် တော်လှန်ရေးသမားတွေဟာ၊ ချင်မင်းဆက်ကို တော်လှန်ဖို့အတွက် တရုတ်ရဲ့ဓလေ့ဟောင်းတွေကို တော်လှန်ပစ်ရပါတယ်။ တရုတ်အမျိုး သမီးတွေရဲ့ ခြေသေးထုံးစံနဲ့ တရုတ်အမျိုးသားတွေရဲ့ ရှောင်လင်ကတုံးတစ်ဝက် ဆံရှည်ထားတဲ့ထုံးစံတွေ ကို တော်လှန်ပြောင်းလဲပစ်ခဲ့ရတယ်။ ဤကားစကားချပ်)


ဒါပေမယ့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းဟာ အလိမ်အထွေးတွေနဲ့ ညစ်ထေးနေတယ်။ ဓလေ့ ထုံးစံ ကိစ္စကို နိုင်ငံရေး ကိစ္စဆိုပြီး တည်တိုက်တယ်။ ဓလေ့ထုံးစံ ကိစ္စကို ဘာသာရေးကိစ္စ ဆိုပြီး ပုံဖော်တယ်။ ယုံကြည်သက်ဝင်မှု ဆိုတာကို ဆန်းစစ်ဖို့ အားမထုတ်ကြဘူး။ ဓလေ့ထုံးစံကို ဖယ်ထားပြီး ဘာသာရေးနဲ့ နိုင်ငံရေးကို တည်ပြီး တိုက်ပေးတယ်။ ခွဲခြားမြင်နိုင်မယ်ဆိုရင်တောင် နိုင်ငံရေးဘက်အစွဲက မကင်းတော့၊ ခွဲခြားလက်မခံနိုင်ဘူး။ ဉာဏ်တိမ်တာလား၊ ဥပါဒါန်အစွဲကြီးတာလား ဆိုတာတောင် မေးရမှာဖြစ်ပါတယ်။


စကားပုံကတော့ ရှိနေတယ်။
အစွဲကြီးရင် သရဲကြီး ဖြစ်တတ်တယ်….. တဲ့။


ဗုဒ္ဓ ဘာသာရဲ့ အန္တိမပန်းတိုင်ဟာ နိဗ္ဗာန်ဖြစ်ပါတယ်။
နိဗ္ဗာန်ဆိုတာ အဆုံးစွန်ဆုံး လွတ်မြောက်ရာ ဖြစ်ပါတယ်။
အစွဲအကြီးဆုံး လူမျိုးဟာ အမြင့်မားဆုံး လွတ်လပ်မှု၊ လွတ်မြောက်မှုကို ရည်မှန်းကြိုးစားဖို့ လမ်းပြတဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ်သူများဖြစ်ပါကြောင်း…. တင်ပြလိုက်ရပါတယ်… ခင်ဗျား။


မင်းသေ့
နေ့လယ် ၁၂ း ၁၉
၁၁ ၊ မေ ၊ ၂၀၁၉ ။

Previous post လက်သီးမျိုးဆက်မှ လက်ချောင်းမျိုးဆက်သို့
Next post ပညာတတ်ကိစ္စ