အတွေးအခေါ် အယူအဆတွေဟာ သစ်ပင်မျိုးစိတ်တွေနဲ့တူတယ်။ အတွေးအခေါ်၊ အယူအဆတွေကို သေချာ ပြင်ဆင်ထုပ်ပိုးထားတဲ့ the set of ideas လို့ အိုင်ဒီယော်လိုဂျီတွေဟာလည်း သစ်ပင်မျိုးစိတ်တွေနဲ့တူတယ်။ သစ်ပင်တွေဟာ ရေခံမြေခံပေါ်လိုက်ပြီးတော့၊ ပေါက်ပွားလေ့ရှိတယ်။ ပေါက်ရောက်တဲ့ရေမြေဓာတ်ခံနဲ့ မျိုးစိတ် ရဲ့ သဘာဝကိုက်ညီတဲ့အခါ၊ ဓာတ်ကိုက်ညီတဲ့အခါမှာ ဖြစ်ထွန်းတယ်။ တခါတရံလည်း ပိုးမွှားကျလို့ မျိုးသုဉ်း တာလည်း ကြုံတာပေါ့။ ရေမြေအလိုက် ပေါက်ရောက်တဲ့ သစ်ပင်မျိုးစိတ်ဟာ မတူဘူး။ ရေခံမြေခံအလိုက် ပေါက်ရောက်တဲ့ သစ်တောဟာ မတူညီဘူး။


◾️ ရေခံ မြေခံ အလိုက်


သဲဆန်တဲ့မြေမှာ ပေါက်ရောက်တဲ့ သစ်ပင်မျိုးစိတ်တွေ ရှိတယ်။ ရွှံ့မြေမှာ ပေါက်ရောက်တဲ့ သစ်ပင်မျိုးစိတ်တွေ ရှိတယ်။ ကျောက်စရစ်တွေ ရောပြွမ်းနေတဲ့ မြေမှာ ပေါက်ရောက်တဲ့ သစ်ပင်ဟာ တစ်မျိုး။ ကျောက်ကြို ကျောက်ကြားမှာ ပေါက်ရောက်ရင် နောက်တစ်မျိုး။ မြေအဝါ၊ မြေအနီ…. ပုံစံကို လိုက်ပြီးတော့ သစ်ပင်ရဲ့ အသားပင်စည်ကို ခုတ်လှဲလိုက်တဲ့အခါ အဝါဘက် သမ်းနေတာ၊ အနီဘက် သမ်းနေတာလည်း ရှိတယ်။ ရေစပ် စပ်မှာ ပေါက်ရောက်တတ်တဲ့ အပင် ရှိတယ်။ ရွှံ့ညွှန်မှာ ပေါက်ပွားတတ်တဲ့အပင်လည်း ရှိတယ်။ နုံးမြေမှာ ပေါက်ရောက်ဖြစ်ထွန်းတဲ့ အပင်မျိုး ရှိတယ်။ ကျတ်တည်းကုန်းမှာ ပေါက်ရောက်တဲ့ သစ်ပင်မျိုးလည်း ရှိသေး တယ်။ သဲကန္တရမှ ပေါက်တတ်တဲ့ အပင်မျိုးက တစ်မျိုး။ အေးခဲလွန်းတဲ့ နှင်းဖုံးရေခဲဒေသမှာ ပေါက်တတ်တဲ့ အပင် မျိုးစိတ်တွေက တစ်မျိုး။ ပင်လယ်ရေအောက်ထဲမှာ ပေါက်ရောက်တဲ့ အပင်မျိုးစိတ်တွေက တစ်မျိုး။ အမျိုးမျိုး ရှိနေတတ်တယ်။


အတွေးအခေါ်၊ အယူအဆတွေကလည်း ကမ္ဘာပေါ်မှာ ပေါ်ခဲ့တာ အထောင်အသောင်းနဲ့ ချီလို့။ နိုင်ငံရေး အတွေးအခေါ်၊ စီးပွားရေးအတွေးအခေါ်၊ ပညာရေးအတွေးအခေါ်၊ ဘာသာရေးအတွေးအခေါ်၊ ဘဝနေထိုင်မှု အတွေးအခေါ်၊ ပညာရပ်ဆိုင်ရာအတွေးအခေါ် ရှုထောင့်တွေ အမျိုးမျိုးဖြစ်ထွန်းခဲ့တယ်။ ဝါဒပေါင်း တစ်ထောင် တစ်သောင်းဟာ ကမ္ဘာမှာ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပြီးပါပြီ။ ဝါဒတွေ၊ အယူအဆတွေ၊ အတွေးအခေါ်တွေဟာ မျိုးစပ်တွေများပါတယ်။ သူ့ချည်းသီးသန့်ဖြစ်တည်နေတာ ရှားတယ်။ ဆိုင်ရာ ဆိုင်ရာ အိုင်ဒီယာတွေကို စုပေါင်း ပြီးတော့ မူဘောင်တစ်ခုထဲ၊ ရှုထောင့်တစ်ခုထဲ၊ ပုံစံတစ်ခုထဲမှာ ပုံဖော်တည်ထောင်ခံထားရတာများပါတယ်။ အတွေးအခေါ်၊ အယူအဆတွေ စတင်ပေါက်ဖွားတဲ့ဒေသကနေ ရွှေ့လျားလာပြီးတော့ ရေခံမြေခံပေါ်လိုက်ပြီး ပြောင်းလဲတဲ့အတွေးအခေါ်တွေလည်း ရှိတယ်။ ပုံပြောင်းဒဿနတွေ လို့ ပြောလို့ရမယ်။


◾️ မျိုးစုံ


ကွန်မြူနစ်အိုင်ဒီယော်လိုဂျီတွေ၊ ဆိုရှယ်လစ်အိုင်ဒီယော်လိုဂျီတွေဟာ ကမ္ဘာအနှံ့ပျံ့ပြီးတော့ ရေခံမြေခံ အလိုက် ပုံပြောင်းဖြစ်တည်နေတာတွေ အများကြီးဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပဲ၊ အရင်းရှင်ဒဿန၊ ကွန်ဖြူးရှပ် ဒဿန၊ ဗုဒ္ဓဒဿနတွေဟာလည်း ရေမြေအလိုက် ပုံပြောင်းဖြစ်တည်ကြတယ်။ ရေခံမြေခံနိုင်ငံဒေသကို လိုက်ပြီး တော့ ရှင်သန်ရတယ်။ တချို့သော မြေရေမှာ၊ တချို့သော မျိုးစိတ်တွေဟာ အသက်မရှင်နိုင်ဘူး။ ဒါ့ကြောင့် မျိုးပျံ့လာပေမယ့်၊ ရှင်သန်ပေါက်ပွားမှု မရှိတာတွေ့ရတယ်။ တချို့လည်း ပိုးမွှားကျလို့ ကြုံလှီတယ်။ သေဆုံးကုန်တယ်။ တချို့သော အပင်မျိုးစိတ်တွေဟာ ရေခံမြေခံအပေါ်မှာပေါက်တာ မဟုတ်ပါဘူး။ ရာသီဥတု အလိုက် မှီတည်ပြီးပေါက်ရောက်တဲ့ သစ်ပင်ကြီးတွေပေါ် ထပ်ဆင့် ပေါက်ရောက်ကြတာ။ ကပ်ပါးပင်လို အပင် မျိုးတွေပေါ့။ အပင်မျိုးစိတ်မှာတော့ သစ်ခွပင်လို အပင်မျိုးတွေဖြစ်တယ်။


◾️ အသုံးဝင်ပုံ / အသုံးချပုံ မတူ


အတွေးအခေါ် အယူအဆတွေဟာ ရေခံမြေခံပေါ်လိုက်ပြီး ပြောင်းလဲသွားတတ်ကြတယ်။ ပေါင်းစပ်တတ်သော သဘော၊ ပျံ့ပွားတတ်သောသဘော၊ ဆင့်ပွားတတ်သောသဘော၊ ကူးပြောင်းတတ်သော သဘောလည်း ရှိကြ တယ်။ လူ့အတ္တနဲ့ လူ့စိတ်သဘာဝတွေဟာ ဆန်းကြတယ်။ သိပ်ဆန်းကြယ်လွန်းတဲ့အခါ၊ အယူအဆတွေဟာ လည်း ဆန်းကြယ်လာပြန်တယ်။ သစ်ပင်မျိုးစိတ်တွေမှာ အသုံးဝင်ပုံမတူကြသလိုမျိုး၊ ဒဿနတွေမှာလည်း အသုံးဝင်မှု တန်ဖိုးတွေ မတူညီကြဘူး။ တချို့သော အပင်တွေဟာ အလှစိုက်ပျိုးတာ။ တချို့အပင်တွေဟာ အရိပ်အာဝါသအတွက်။ တချို့အပင်တွေဟာ စားသုံးဖို့အတွက်။ တချို့အပင်တွေဟာ ဟင်းခတ် အမွှေးအကြိုင် အတွက်။ တချို့အပင်တွေဟာ ဆေးဝါးအတွက်။ တချို့အပင်တွေဟာ ဆောက်လုပ်ရေးအတွက်။ တံတား အတွက်၊ အိမ်တွေအတွက်၊ အမိုးအကာအတွက်။ တချို့ပင်တွေကတော့ ပတ်ဝန်းကျင် သဟဇာတဖြစ်ဖို့ အတွက်။ တချို့အပင်တွေကတော့….. ဓာတ်နတ်ယတြာအတွက်။


အတွေးအခေါ်၊ အယူအဆ၊ ဒဿနတွေရဲ့ အသုံးဝင်ပုံဟာ မတူပါဘူး။ ဆေးဝါးအတွက် ဒဿနတွေကို နေ့စဉ် စားသုံးဖို့အတွက် သုံးရင် သူ့ရဲ့အသုံးဝင်မှု တန်ဖိုးဟာ ပျက်တယ်။

• နှလုံးသွင်းဖို့အတွက် ဒဿနတွေရှိပါတယ်။
• ကျင့်သုံးဖို့အတွက် ဒဿနတွေ ရှိပါတယ်။
• တွေးခေါ်ရုံသက်သက်အတွက်သာ ဖြစ်သင့်တဲ့ ဒဿနတွေရှိပါတယ်။
• ဖန်တီးတီထွင်ဖို့အတွက် ဆုပ်ကိုင်ရတဲ့ ဒဿနတွေ ရှိတယ်။
• ယှဉ်ပြိုင်တိုက်ခိုက်ရာမှာ အနိုင်ယူဖို့အတွက် သုံးရ တဲ့ ဒဿနတွေရှိတယ်။
• လူနည်းစုကို ကာကွယ်ဖို့ သုံးရတဲ့ဒဿနတွေ ရှိတယ်။
• အများစုကို အလေးထားဖို့ သုံး ရတဲ့ ဒဿနတွေ ရှိတယ်။
• မိုးခါးရေကို ငြင်းဆန်လို့ မရအောင် ဖန်တီးတီထွင်ထားတဲ့ ဒဿနတွေရှိတယ်။
• အကြောက်တရားကို ဆန့်ကျင်နိုင်ဖို့ သုံးတဲ့ဒဿနတွေ ရှိတယ်။
• သွေးသားကို ချစ်တတ်ဖို့ သုံးတဲ့ ဒဿနတွေ ရှိ တယ်။
• လူအထင်ကြီးအောင် ရွတ်ဖတ်ရတဲ့ ဒဿနတွေလည်း ရှိနေပြန်တယ်။
• အများအကျိုးစီးပွားအတွက် ပေါ်ထွန်းလာတဲ့ဒဿန။
• တစ်ကိုယ်တော် လွတ်လပ်ခွင့်အတွက် ပေါ်ထွက်လာတဲ့ ဒဿန။
• လွတ်မြောက်ရာအကျိုးတရားတွေအတွက် ပေါ်ထွက်လာရတဲ့ ဒဿန။

◾️ လူသားဗေဒ


ဒဿန၊ အတွေးအခေါ်တွေဟာ အရာအထောင်အသောင်း မက ရှိနေပါလိမ့်အုံးမယ်။ လူတွေ ရှိနေသရွေ့ အယူအဆတွေဟာ ပေါ်ထွန်းလာနေပါတယ်။ ဒါပေမယ့် အတွေးအခေါ်၊ အယူအဆတွေအားလုံးရဲ့ အချုပ် တော့ ရှိတယ်။ အိုင်ဒီယော်လိုဂျီတွေ၊ ဒဿနတွေရဲ့ ရေသောက်မြစ်တွေတော့ ရှိတယ်။ ရှေ့ရှေ့ဆရာ့ဆရာကြီး တွေက ဖော်ထုတ်ထားပြီးသားဖြစ်ပါတယ်။ ဒဿနအတွေးအခေါ်တွေကို လေ့လာတဲ့အခါ အစပိုင်းမှာ သိပ်ရှုပ် တယ်လို့ ထင်ကောင်းထင်မယ်။ ဒါပေမယ့် လိုရင်းကို ဆုပ်ကိုင်နိုင်ရင် ရှင်းပါတယ်။ လင်းပါတယ်။


ဒဿနပိုင်းမှာ၊ ပညတ်ပိုင်းနဲ့ ပရမတ်ပိုင်းကို ခွဲပြီးနားလည်ရင် ဘယ်အရာက အဓိက။ ဘယ်အရာက သာမည လို့ ခွဲခြားနိုင်ပါလိမ့်မယ်။ လူ့သဘော၊ လူ့သဘာဝနဲ့ စိတ်ရဲ့ဖြစ်စဉ်တွေကို နားလည်ရင် ဒဿနိကဗေဒကို လေ့လာရာမှာ ကြီးစွာသော အသုံးဝင်မှုဖြစ်ပါလိမ့်မယ်။ ဒဿနိကဗေဒကို လေ့လာတဲ့သူဟာ၊ စိတ်ပညာကို လည်း လေ့လာဆည်းပူးရတယ်။ အပြုအမူသိပ္ပံ(အမူအကျင့်သိပ္ပံ) လို့ခေါ်တဲ့ behavior science ကိုလည်း လေ့လာရတယ်။ လူမှုဗေဒနဲ့ လူမှုသိပ္ပံကိုလည်း လက်လွှတ်ထားလို့ မရပြန်ဘူး။ သမိုင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု အနုပညာဂီတနဲ့ ဓလေ့ထုံးတမ်းတွေကိုလည်း ပစ်ပယ်ထားလို့ မရပြန်ဘူး။ ဒါတွေဟာ humanity science လို့ ခေါ်တဲ့ ပညာရပ်ထီးရိပ်ကြီးထဲမှာ ရှိနေတယ်။


ကမ္ဘာပေါ်မှာ လေ့လာစရာ ဘာသာရပ်တွေ ပညာရပ်တွေဟာ အထောင်အသောင်းမက ရှိနေပါတယ်။ ဘဝဆို တာ တက္ကသိုလ်လို့ ကိုယ့်ကိုယ်ကို ခံယူထားသူအတွက်၊ လေ့လာစရာတွေက ကုန်ခမ်းနိုင်မယ် မထင်ပါဘူး။ လောကကြီးကို ဆရာတင်ပြီးတော့ လောကထဲမှာ သင်ယူစူးစမ်းဆည်းပူးနေသူအဖို့၊ လေ့လာသင်ယူစရာတွေ က မကုန်နိုင်ပါဘူး။ ဖတ်စရာ စာအုပ်တွေကလည်း အများကြီး။ တွေးခေါ်စရာ ဒဿနတွေကလည်း အပုံအပင်။ စူးစမ်းရမယ့် ဘာသာရပ်တွေကလည်း အများအပြား။ ဒါတွေဟာ ရင်ခုန်ဖို့ ကောင်းပါတယ်။

@@@


ကျနော် စာသမားဖြစ်လာရခြင်း အကြောင်းရင်းက ဒါပါပဲ။ ကျနော့်ကို ရင်ခုန်စေတဲ့ ဘာသာရပ်တွေကို ကိုယ့် ဘာသာလေ့လာရင်း အသိစက်ဝန်းကျယ်လာတယ်လို့ ခံစားရတယ်။ ဖတ်စရာတွေ၊ လေ့လာစရာတွေ တိုးလို့ လေ့လာရင်း ငါ ဘာမှ မသိသေးပါ့လား… ငါ ဘာကိုမှ ရေရေလည်လည် နက်နက်နဲနဲ မသိသေးပါ့လားလို တွေး မိပြီး ထပ်ထပ်လေ့လာရင်း လေ့လာစရာတွေ များလာခဲ့တယ်။ အသိအသစ် တစ်ခုချင်းစီဟာ အသိဉာဏ် အလင်း တစ်ချက်ချင်းစီဖြစ်လို့ အလင်းတွေ စိပ်လာအောင် ကိုယ့်ဘာသာကြိုးစားလာမိတယ်။
မီးချောင်းတစ်ချောင်းက အလင်းရောင် ရနေတယ်ဆိုတာ၊ အလင်းရောင်က အမြဲတမ်း ရှိနေတာ မဟုတ်ဘူး။ လင်းလိုက်မှိတ်လိုက်ဖြစ်နေတာ။ မီးချောင်းက အလင်းဟာ လင်းလိုက် မှိတ်လိုက်၊ လင်းလိုက် ပိတ်လိုက်၊ လင်း လိုက် အလင်းပျောက်သွားလိုက်ဖြစ်နေတာ။ ဒါပေမယ့် လျှပ်စစ်မီးဖွင့်ထားလိုက်ရင် မီးချောင်းဟာ အခန်းတစ်ခု လုံးကို အလင်းရောင်ရနေစေတယ်။ အလင်းရောင်ဟာ အမြဲတမ်း ဖြစ်နေတာ မဟုတ်ဘူး။ ပေါ်လိုက် ပျောက် လိုက်ဖြစ်နေတာ။


ဒါဆို ဘာလို့ အခန်းတစ်ခုလုံးဟာ အချိန်အကြာကြီး လင်းနေသလဲ။ ရှင်းပါတယ်။

မီးချောင်းက အလင်းဟာ ဖြစ်လိုက် ပျက်လိုက် ဖြစ်လိုက် ပျက်လိုက်ဖြစ်နေတယ်။ လင်းလိုက် ပျောက်လိုက်၊ လင်းလိုက် မှိတ်သွားလိုက်ဖြစ်နေတယ်။ ဒါပေမယ့် အလင်းရဲ့ ဖြစ်မှု ပျက်မှုဟာ သိပ်မြန်လွန်းတော့၊ အမြဲတမ်း လင်းနေတယ်လို့ ထင်ရတယ်။ တကယ်တော့ မီးချောင်းက အမြဲလင်းနေတာ မဟုတ်ဘူး။ ခဏ ခဏ လင်းနေ တာ။ တစ်ကယ်တော့ မြစ်ထဲမှာ ရေတွေ ရှိနေတာ မဟုတ်ဘူး။ ရေတွေဟာ ခဏ ခဏ ရှိနေတာ။ အလင်းရဲ့ ပျောက်မှုကို နောက်ထပ်အလင်းဖြစ်မှုက အစားထိုးတာ သိပ်မြန်လွန်းတော့၊ မီးချောင်းဟာ အမြဲတမ်း လင်းနေ တယ်လို့ ထင်ရတယ်။ တကယ်တော့ မီးအရောင်ဟာ အမြဲတမ်း လင်းမနေပါဘူး။ ခဏ ခဏ လင်းနေတာပါ။ အလင်းရဲ့ပျက်မှုနေရာမှာ ဖြစ်မှုက ခဏ ခဏ အစားထိုးတာ မြန်လွန်းတော့၊ အလင်းဟာ အမြဲရှိနေတယ်လို့ ထင်ရတာပါ။


ပညာအသိ၊ ဉာဏ်အသိဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ လေ့လာမှု၊ ဆည်းပူးမှု၊ စူးစမ်းမှုဟာ သတိမလပ် ရှိနေလို့သာ ပညာဟာ တည်နေတယ်လို့ ထင်ရတာပါ။ တကယ်တော့ ပညာဟာ ခဏ ခဏ ပေါ်လိုက် ပျောက် လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ပျက်ခြင်းနေရာမှာ ဖြစ်ခြင်း အစားထိုးလိုက်ဆိုတာဟာ ခဏ ခဏဖြစ်နေတာပါ။

မင်းသေ့

ည ၈ း ၀၃၅ ၊ စက်တင်ဘာ၊ ၂၀၂၀။

Previous post ချိုင်းနားရီဗျူး “မင်းသေ့ အမေးစာ”
Next post ▄ အနာဂတ်ဝါဒီတစ်ယောက်၏ မေးခွန်းများ