ရေးသားဖော်ပြထားတဲ့ စာတွေအကြောင်း ထူးထွေပြီး မှာစရာ အကြောင်းမရှိပါ။ ထူးထူးထွေထွေ မေးစရာတော့ ရှိပါတယ်။ ဒါ့ကြောင့် အမှာစာလို့ မတပ်ဘဲ အမေးစာ လို့ ခေါင်းစဉ်တပ်ပါတယ်။

တရုတ် အကြောင်း ဆောင်းပါးတွေကို စုစည်းထုတ်ဝေလိုက်ရခြင်း ရည်ရွယ်ချက်ကို ပြောချင်ပါတယ်။ ဒီစာအုပ် ဟာ ကျနော် ထုတ်ဝေဖူးသမျှ၊ စာအုပ်တွေထဲမှာ စာမျက်နှာအနည်းဆုံး စာအုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဆောင်းပါး တစ်ပုဒ်ချင်းစီဟာ ကျနော် အတိုင်းအတာတစ်ခုထိ အားစိုက်ထုတ်ပါမှ ထွက်လာတဲ့ဆောင်းပါးတွေ ဖြစ်ပါတယ်။ ရေးနေကျ နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ ဆောင်းပါးတွေလို ခပ်သွက်သွက်မရေးဖြစ်တဲ့ အကြောင်းအရာမို့ ဖြစ်ပါတယ်။ အကြောင်းအရာတစ်ခုကို အထူးပြုရေးသားဖို့ အားစိုက်ထုတ်ရသလို၊ သမားရိုးကျမဟုတ်တဲ့ အမြင် ရှုထောင့်မျိုးက မဟုတ်ဘဲ အမြင်သစ်၊ ရှုထောင့်သစ်ရဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးတွေဟာ ဆောင်းပါးရှည်တွေသာများတယ်။ တစ်ပုဒ် နှစ်ပုဒ်လောက်သာ ဆောင်းပါး အတိုဖြစ်ပါတယ်။

ချိုင်းနားရီဗျူး စာအုပ်ကို ထုတ်ဝေရခြင်း ရည်ရွယ်ချက်ရှိပါတယ်။ မြန်မာပြည်မှာ တရုတ်ရေးရာကို အထူးပြု အာရုံစိုက်လေ့လာမယ့် လူငယ်မျိုးဆက်သစ် တတ်သိကျွမ်းကျင်နားလည်သူ အကယ်ဒမစ်ပညာတတ်တွေ ထွက်ပေါ်စေချင်လို့ ဖြစ်ပါတယ်။ မြန်မာဟာ တရုတ်ကို ငြင်းပယ်ဖို့ ခဲယဉ်းပါတယ်။ ဒါ့ကြောင့် အသာစီးရဖို့ ဆိုတာထက် တရုတ်ချပေးတဲ့ ဝှက်ဖဲတစ်ချပ်ချင်းစီကို ထိုင်ရှင်းနေရုံနဲ့ အချိန်ကုန် အသက်ကြီးသွားဖွယ်ရာ ရှိပါ တယ်။ တရုတ်အရေးနဲ့ပတ်သက်ပြီး မြန်မာအနေနဲ့ ပေါ့ပေါ့ဆဆ ဖြစ်လို့ မရပါ။ ယဉ်ကျေးမှုအရ၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူဦးရေအရ၊ စစ်ရေးအရ၊ သံခင်းတမန်ခင်းအရ ကိုယ့်ဘက်က များများ ပြင်ဆင်ထုပ်ပိုးထားနိုင် မှ၊ အပေးအယူကိစ္စတွေနဲ့ နှစ်နိုင်ငံစေ့စပ်ညှိနှိုင်းရေးကိစ္စတွေမှာ မြန်မာက ရင်ဘောင်တန်း ကစားနိုင်မှာဖြစ်ပါ တယ်။ ဘယ်ဘက်က ကြည့်ကြည့် မြန်မာနဲ့ တရုတ် တွဲပြီးလုပ်တဲ့ကိစ္စတွေမှာ မြန်မာဘက်က အမြဲတမ်းလိုလို bargaining power ချို့တဲ့တာ တွေ့ရပါတယ်။ ဒါက တတ်သိကျွမ်းကျင်သူတွေကို နဘေးမှာ မထားနိုင်တဲ့ကိစ္စ ဖြစ်သလို၊ နေရာတကာမှာ အလွယ်လုပ်၊ အပေါ့တွေးပြီး အထူးပြုသမားတွေက ပြင်ဆင်ထုပ်ပိုးတဲ့ ပေါ်လစီ အထုပ်အပိုး ချို့တဲ့လို့ဖြစ်ပါတယ်။ အနာဂတ်မှာ ပညာတတ်ကို စနစ်တကျ မွေးပြီး ခိုင်းမစားတတ်တဲ့ အစိုးရတွေရဲ့ ဗီဇစရိုက်ဟာ ဖျောက်နိုင်သေးမယ် မထင်ပါ။ ဒါ့ကြောင့် မြန်မာပြည်မှာ တတ်နိုင်သရွေ့ တရုတ်ရေးရာ ကျွမ်းကျင်သူတွေ တက္ကသိုလ်အဝန်းအဝိုင်းမှာ၊ ထုတ်လုပ်နိုင်ဖို့ လိုတယ်။ နိုင်ငံရေးပါတီနဲ့ မူဝါဒ ရေးရာ သုခမိန်အဖွဲ့တွေမှာလည်း တရုတ်အထူးပြုသမားတွေ အလျှိုလျှိုပေါ်ထွက်ဖို့ လိုတယ်။ ဒါကို အားပေး တယ်။ ထောက်ခံတယ်။ လိုလားတယ်။ ဒါ့ကြောင့် ဒီစာအုပ်နဲ့ ကျေးဇူးပြု မျိုးကြဲလိုက်ခြင်းဖြစ်ပါတယ်။

ကျနော် ရေးသားထုတ်ဝေတဲ့စာအုပ်ဟာ ဇီးရွက်ပမာလောက်သာ ကွက်လပ်ဖြည့်နိုင်ပါလိမ့်မယ်။ သို့သော် တရုတ်အရေးနဲ့ပတ်သက်ပြီး မြန်မာပြည်ကို တစ်ယောက်ယောက်က မပြတ် တပ်လှန့်နေဖို့ လိုပါတယ်။ မြန်မာဟာ ကိုယ့်အချင်းချင်း အလေအလွင့်တွေ၊ အတင်းအဖျင်းတွေ၊ ထိုးနှက်တိုက်ခိုက်မှုတွေ လုပ်ရင်းနဲ့သာ အချိန်ကုန်နေပါတယ်။ ကိုယ့်အလုပ်ကို လုပ်ဖို့ မေ့နေကြတယ်။ မြန်မာဟာ “အိမ်ကျယ်” ဖြစ်နေပါတယ်။ ကိုယ့်အိမ်ထဲမှာပဲ ကိုယ်ကျယ်တဲ့ အိမ်ကျယ် ဖြစ်နေပါတယ်။ နိုင်ငံတကာ / ကမ္ဘာ မပြောနဲ့ အနီးကပ်ဆုံး တရုတ်နဲ့ ယှဉ်ရင်တောင် ခေါင်းငုံ့ပြီး ပြောသမျှ ဟုတ်ကဲ့….. လုပ်ပြီး အစ်ကိုကြီး ညီလေး ဆက်ဆံရေးနဲ့ ဗိုလ်ကျ ခံနေရတာများပါပြီ။ ဒါကိုလည်း သိပ်မနာတတ်ပါ။ နာရင်လည်း ခဏပါပဲ။ ပြီးတော့လည်း မေ့မေ့ပျောက်ပျောက် ပါပဲ။ ဒီ့နောက်ပိုင်းကာလတွေမှာ တရုတ်က ငွေချမ်းသာလာပြီး နိုင်ငံတကာလက်တံပိုရှည်လာလို့၊ အိမ်နီးချင်း မြန်မာကို တခါတရံ နားရွက် တံတွေး ဆွတ်ပါ တယ်။ မြန်မာကတော့ ရှက်ပြုံးကြီးနဲ့ သွားဖြီးပြနေဆဲပါပဲ။ မြန်မာခေါင်းဆောင်တွေထဲမှာ တရုတ်ကို တန်းတူ ရင်ဘောင်တန်းနိုင်တဲ့ အထာမျိုး ပိုင်ဆိုင်နိုင်ဖို့ လိုပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ မလွယ်ကူပါ။ အချိန်ပေးပြီး တည်ဆောက်ရမယ့်ကိစ္စဖြစ်သလို၊ နိုင်ငံရေးသမားတိုင်း၊ နိုင်ငံရေးရည်မှန်းချက်ရှိထားသူတိုင်းဟာ တရုတ် အရေးနဲ့ပတ်သက်ပြီး မပြတ်ထည့်သွင်းစဉ်းစားနေရမယ့်ကိစ္စ ဖြစ်ပါတယ်။

• ဒီနေ့ မြန်မာပြည်မှာ တရုတ်ရေးရာကို နယ်ပယ်ပေါင်းစုံမှာ နှိုက်နှိုက်ချွတ်ချွတ် လေ့လာဆည်းပူးနေသူ ပညာတတ်လူငယ်တွေ ဘယ်၍ ဘယ်မျှရှိပါသလဲ။
• လက်ရှိ မြန်မာအစိုးရဆီမှာ တရုတ်ရေးရာကို စနစ်တကျ လေ့လာသင်ယူတတ်မြောက်ထားပြီး ကိုင်တွယ်စီမံထုပ်ပိုးပေးနိုင်တဲ့သူ ဘယ်နှယောက်ရှိပါသလဲ။
• လက်ရှိ တရုတ်ဘာသာစကားတတ်ကျွမ်းသူ မြန်မာနိုင်ငံသားတွေထဲက ဘယ်နှယောက်ဟာ တရုတ်ကို အထူးပြုပြီး နိုင်ငံရေး၊ လုံခြုံရေး၊ နိုင်ငံခြားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာကဏ္ဍတွေမှာ ပညာရပ်ဆန်ဆန် လေ့လာနေပါသလဲ။

မြန်မာ့ တရုတ်လော်ဘီစာရေးဆရာတွေရေးတဲ့ တရုတ်သံရုံးတွေရဲ့ ငွေကြေးအပံ့အပိုးနဲ့ ရေးသားထုတ်ဝေနေတဲ့ စာအုပ်တွေဖတ်ပြီး ပေါ်လစီကိစ္စမှာ ဘဝင်မြင့်နေလို့ မရပါ။ မြန်မာတွေဟာ တရုတ်ရေးရာလေ့လာမှုမှာ နှိုက်နှိုက်ချွတ်ချွတ်၊ နက်နက်နဲနဲ၊ တစိုက်မတ်မတ်နဲ့ တတ်သိကျွမ်းကျင်သူ လူအရေအတွက်များများစားစား မွေးမြူထားနိုင်ဖို့ လိုနေပြီ။
ဒီအရေးအရာကို စိတ်ဝင်စားတဲ့ ပေါ်လစီကော်ရစ်ဒါပေါ်က ခေါင်းဆောင်လူကြီး ဘယ်နှယောက်ရှိနိုင်ပါ့မလဲ။ စိတ်ဝင်စားမှုဟာ မနောကံအဆင့်နဲ့ ရပ်နေလို့ မရပါ။ ကာယကံမြောက် စိတ်ပါဝင်စားဖို့ သင့်ပြီ။

မင်းသေ့
၁၁ ၊ ဩဂုတ်၊ ၂၀၂၀ ။
ရန်ကုန်မြို့၊ ဘားလမ်းတိုက်ခန်း။

Previous post စာရေးချင်သူသို့ / (၂)
Next post ▄ အတွေးအခေါ်သစ်ပင်