ဒီဆောင်းပါးဟာ အနာဂတ်ဝါဒီတစ်ယောက်ရဲ့ စဉ်းစားချက်ဖြစ်ကောင်းဖြစ်မှာပါ။ သို့တည်းမဟုတ် အနာဂတ် ဝါဒီတစ်ယောက်ရဲ့ စိုးရိမ်သောကလည်း ဖြစ်ကောင်းဖြစ်မယ်။ သို့မဟုတ် အနာဂတ်ဝါဒီတစ်ယောက်ရဲ့ မေးခွန်း များလည်းဖြစ်ကောင်းဖြစ်မယ်။

ဘယ်လောက်ထိ စဉ်းစားမလဲ

ကျနော်တို့ခေတ်၊ ကျနော်တို့ မျိုးဆက်၊ ကျနော်တို့လူ့အဖွဲ့အစည်းထဲမှာ အနာဂတ်အကြောင်းကို စဉ်းစားတဲ့သူ ဘယ်လောက်လောက်ရှိနိုင်မယ် ထင်ပါသလဲ။ အနာဂတ်အကြောင်းကို စဉ်းစားတာဟာ လက်တစ်ကမ်းက မနက်ဖြန်အကြောင်းကို စဉ်းစားရုံနဲ့ မရပါဘူး။ လာမယ့်နှစ်အတွက် စဉ်းစားရုံနဲ့လည်း မလုံလောက်သေးဘူး။ နောင် သုံးလေးငါးနှစ်နဲ့လည်း မလုံလောက်သေးဘူး။ ဆယ်စုနှစ်တစ်ခုစာဆိုရင်တော့ မဆိုးသေးဘူး။ ဒါပေမယ့် ဒါနဲ့ ရပ်လို့ မရသေးဘူး။ နောင်ဖြစ်လာမယ့် နှစ်ပေါင်း သုံးလေးဆယ်ငါးဆယ်မှာ ဖြစ်လာမယ့် အခင်းအကျင်းကို ကြိုတင်စဉ်းစားထားကြဖို့၊ ကြိုတင်မှန်းဆထားကြဖို့၊ ကြိုတင်မြော်မြင်ထားကြဖို့ လိုလိမ့်မယ်။ လိုကို လိုလိမ့်မယ်။

ပညာတတ်ပုဂ္ဂိုလ်တွေထဲမှာတောင် အတိတ်ထက် အနာဂတ်ကို ပိုစဉ်းစားမိတဲ့သူဟာ နည်းနေလိမ့်မယ်လို့ ယူဆတယ်။ ဒါဟာ သုတေသနလုပ်ဖို့ ခက်တဲ့ကိစ္စဖြစ်လေတော့၊ အချက်အလက်အားဖြင့် မပြနိုင်ဘူး။ ဒါပေမယ့် မှန်းဆချက် (assumption) နဲ့ပဲ ယေဘုယျကောက်ယူလို့ ရနိုင်တယ်။ လူတော်တော်များများဟာ အနာဂတ် ထက် အတိတ်ကို ပိုချစ်ကြတယ်။ အတိတ်ကို ပိုလွမ်းကြတယ်။ မြန်မာတွေဟာ အတိတ်ကို အနာဂတ်ထက် ပိုစိတ်ဝင်စားတယ်ဆိုတာ စာပေတွေ၊ အနုပညာတွေ၊ ဂီတတွေရဲ့ ရေးသားဖော်ပြချက်၊ ဟောပြောပို့ချချက်တွေ ကို လေ့လာကြည့်ရင် သိနိုင်တယ်။ အတိတ်ကို လေ့လာတာဟာ အနာဂတ်အတွက်ပဲ ဖြစ်သင့်တယ်။ သမိုင်း ဆိုတာ အတိတ်က ကိစ္စဖြစ်လို့၊ သမိုင်းကို လေ့လာရင်း အနာဂတ်ဆီ မရောက်နိုင်တာ တွေ့ရတယ်။ နိုင်ငံရေး ကိစ္စရပ်တွေနဲ့ နိုင်ငံရေးဆွေးနွေးချက်တွေ၊ နိုင်ငံရေးဖော်ပြချက်တွေကိုပဲ ယေဘုယျလေ့လာကြည့်ပါ။ စူးစမ်း ကြည့်ပါ။ အားလုံးဟာ အတိတ်က ကိစ္စတွေထဲမှာပဲ ခြေချုပ်မိနေကြတယ်။ အတိတ်ကအနှောင်အဖွဲ့တွေထဲမှာပဲ ဝဲလည်လိုက်နေတယ်။ နိုင်ငံရေးမှာ အတိတ်ရဲ့အကျဉ်းသားဖြစ်နေတဲ့လူတွေ ဒုနဲ့ဒေး အများကြီးပဲ။ မြန်မာပြည် မှာ အနာဂတ်အကြောင်း လူသိရှင်ကြား ထုတ်ပြောတဲ့သူ၊ ပေါ်ပေါ်ထင်ထင် များများစားစားရေးသား ဟောပြော တဲ့သူ အင်မတန်နည်းပါတယ်။ လက်ချိုးရေတွက်ကြည့်မယ်ဆိုရင်တောင် လက်ငါးချောင်းပြည့်မယ် မထင်ဘူး။ ကျနော်တော့ သိပ်မတွေ့ရဘူး။ လက်ငါးချောင်းပြည့်မယ် မထင်ဘူးလို့ ပြောတာ လွန်လွန်းကောင်း လွန်လွန်း မယ်လို့ ထင်လိမ့်မယ်။ လူထုရှေ့မှာ ထွက်နေတဲ့ public intellectual တွေထဲမှာ၊ စာရေးဆရာတွေထဲမှာ၊ လူထုခေါင်းဆောင်တွေထဲမှာ၊ ပညာရှင်တွေထဲမှာ၊ ဟောပြောပို့ချသူတွေထဲမှာ ရှာကြည့်ပါ။ သိပ်များများစားစား မရှိပါဘူး။

၂၀၅၀ ခုနှစ် ၊ ၂၀၇၀ ခုနှစ် ၊ ၂၁၀၀ ခုနှစ်

အနာဂတ်အကြောင်း ပိုစဉ်းစားကြဖို့၊ အနာဂတ်အကြောင်း ဉာဏ်မှီသလောက် မှန်းဆကြဖို့ တိုက်တွန်းလိုပါ တယ်။ အနာဂတ်ဟာ အတိတ်ထက် ပိုအရေးကြီးတယ်။ ပစ္စုပ္ပန်ဟာ အတိတ်ထက် ပိုအရေးကြီးတယ်။ အနာဂတ်နဲ့ ပစ္စုပ္ပန်ဟာ တန်းတူအရေးကြီးပါတယ်။ ပစ္စုပ္ပန်မှာ ပြုမူပြောဆိုတွေးခေါ်လုပ်ကိုင်တဲ့ကိစ္စတွေဟာ အဟောသိကံမဖြစ်သွားဘူး။ အနာဂတ်ကို ကျေးဇူးပြုတယ်။ အနာဂတ်ကို ထောက်ပံ့တယ်။ အနာဂတ်ကို ပုံဖော် တဲ့အရာတွေဖြစ်ပါတယ်။ နေရာတော်တော်များများမှာကြည့်ရင် အနာဂတ်ဆိုတဲ့ကိစ္စဟာ မှေးမှိန်နေပါတယ်။ တော်တော်များများဟာ လတ်တလော အရေးပေါ်ကိစ္စတွေနဲ့ နှစ်ပါးသွားနေတယ်။ လူတွေဟာ လတ်တလော ကိစ္စတွေနဲ့ အတိတ်ရဲ့ဖြစ်ရပ်တွေနဲ့ပဲ အသက်ရှင်သန်နေတယ်။ နောင်နှစ်ပေါင်း (၅၀) (၁၀၀) လောက်အထိကို စဉ်းစားပြီး တွေးခေါ်လုပ်ကိုင်နေတဲ့သူတွေဟာ မြန်မာပြည်မှာ အတော်ရှားပါတယ်။

ဒီစာကိုဖတ်နေချိန်မှာ၊ ကျနော် ရေးတဲ့ မေးခွန်းတချို့ကို စဉ်းစားစေချင်ပါတယ်။ အနာဂတ်အတွက် မေးခွန်းတွေ များများလိုတယ်လို့ ယူဆပါတယ်။ အဖြေဆိုတာကတော့ ကိုယ်ဉာဏ်မှီသလောက်၊ ကိုယ့်ဉာဏ်အတိုင်းအတာ ရှိသလောက် ခြေဆန့်ဖြန့်ကျက် တွက်ထုတ်ရမယ်လို့ ယူဆပါတယ်။ အနာဂတ်အကြောင်းဟာ အတိတ်ထက် ပို အရေးကြီးပါတယ်။ အတိတ်ဟာ ကျန်ခဲ့ပြီ။ အတိတ်ဟာ ပြောင်းလို့ မရတော့ဘူး။ အတိတ်ဟာ ပြင်လို့ မရတော့ ဘူး။ အတိတ်ဟာ ကျနော်တို့ဘဝကံကြမ္မာကို မပြဌာန်းနိုင်တော့ဘူး။ မစီရင်နိုင်တော့ဘူး။ ပစ္စုပ္ပန်မှာ အနာဂတ် အမြင်သန်သန်နဲ့ မြော်မြင်မှန်းဆလုပ်ကိုင်ကြဖို့ လိုနေပြီ။ မျက်စိကို ဖွင့် နားကိုစွင့်ပြီး…. မြန်မာပြည်ဟာ နောင် နှစ်ပေါင်း သုံးလေးဆယ်မှာ ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအဆင့်အတန်းမျိုး၊ ဘယ်လိုဓလေ့ယဉ်ကျေးမှုမျိုး၊ ဘယ်လို လူမှုအဆင့်အတန်းမျိုးကို ရောက်နေမလဲ… သို့တည်းမဟုတ် ဘယ်လောက်နိမ့်ကျသွားနိုင်သလဲ၊ ဘယ်လိုစိန်ခေါ်ချက်မျိုးတွေ၊ ဘယ်လိုအကျပ်အတည်းမျိုးတွေ ကျရောက်နေမလဲဆိုတာကို ဉာဏ်မှီသလောက် မှန်းဆကြည့်ဖို့ လိုပါတယ်။ ပိုပြီး မှန်းဆပုံဖော်နိုင်အောင်လည်း ကိုယ့်ရဲ့ဉာဏ်အတိုင်းအဆကို စူးစမ်းလေ့လာ ခြင်းအားဖြင့် ချဲ့ထွင်ဖို့ လိုနေပါပြီ။

မေးခွန်းတွေ / မေးစရာတွေ

နောင် သက္ကရာဇ် ၂၀၅၀ မှာ မြန်မာပြည်ဟာ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တည်နေမလဲ။
နောင် သက္ကရာဇ် ၂၀၇၀ မှာ မြန်မာပြည်ဟာ ဘယ်လိုလူ့အဖွဲ့အစည်းမျိုးဖြစ်နေမလဲ။
နောင် သက္ကရာဇ် ၂၁၀၀ မှာ မြန်မာပြည်ဟာ ဘယ်လိုနိုင်ငံမျိုး တိုင်းပြည်မျိုးဖြစ်နေမလဲ။

1) တိုင်းပြည်ရဲ့ မြေပုံ အပြောင်းအလဲဟာ ဘယ်လိုဖြစ်နေမလဲ။
2) တိုင်းပြည်ရဲ့ လူမျိုးစုတွေရဲ့ဖြစ်တည်မှုက ဘယ်လိုဖြစ်နေမလဲ။
3) တိုင်းပြည်ရဲ့ ဓလေ့စရိုက်နဲ့ အပြုအမူတွေဟာ ဘယ်လိုဖြစ်နေမလဲ။
4) ပြည်သူလူထုတွေရဲ့ လူနေမှုအဆင့်အတန်းဟာ ဘယ်လိုဖြစ်နေမလဲ။
5) လူတွေရဲ့ တွေးခေါ်ပုံနဲ့ ပြောဆို၊ ပြုမူပုံတွေ၊ နေထိုင်စားသောက်မှုပုံစံတွေဟာ ဘယ်လိုဖြစ်နေမလဲ။
6) နေ့စဉ်လူတွေရဲ့ တစ်နေ့တာ ဝင်ငွေဟာ ဘယ်လောက်ရှိနေမလဲ။
7) လူတွေဟာ ဘယ်လို အသုံးအဆောင်မျိုးကို သုံးနေမလဲ။
8) လူတွေဟာ ဘယ်လို စကားမျိုးကို ပြောနေမလဲ။
9) လူတွေဟာ ဘယ်လို အဝတ်မျိုးကို ဝတ်နေမလဲ။
10) လူတွေဟာ ဘယ်လိုအလုပ်မျိုးကို ဆက်လုပ်နေမလဲ။
11) လူတွေဟာ ဘယ်လို ပညာမျိုးတွေကို လေ့လာသင်ယူနေမလဲ။
12) လူတွေဟာ ဘယ်လိုစာပေမျိုးတွေကို ပိုကြိုက်နေမလဲ။
13) လူတွေဖန်တီးတဲ့ အနုပညာတွေဟာ ဘယ်လိုဖြစ်နေမလဲ။
14) လူတွေတွေးခေါ်ယူဆတဲ့ အတွေးအခေါ်တွေဟာ ဘယ်လိုဖြစ်နေမလဲ။
15) လူတွေဟာ ဘယ်လိုဒေသမျိုးမှာနေထိုင်မလဲ။
16) စစ်ပွဲတွေဟာ ဘယ်လိုပုံစံမျိုး ရှိနေမလဲ။
17) လူတွေရဲ့ စာပေဖန်တီးမှု၊ လူတွေရဲ့နိုင်ငံရေးဆွေးနွေးမှုတွေဟာ ဘယ်လိုပုံစံဖြစ်နေမလဲ။
18) တိုင်းပြည်ရဲ့ စက်မှုနည်းပညာတွေဟာ ဘယ်လိုဖြစ်နေမလဲ။
19) မြန်မာပြည်ရဲ့ စစ်တပ်ဟာ ဘယ်လိုအဆင့်အတန်းမျိုးမှာ ရှိနေမလဲ။
20) မြန်မာပြည်ရဲ့ နိုင်ငံရေးပါတီတွေဟာ အခုလို ပုံစံတော့ ဖြစ်မယ် မထင်ဘူး။
21) မြန်မာပြည်ကို အုပ်ချုပ်နေမယ့် တိုင်းပြည်ခေါင်းဆောင်တွေဟာ ဘယ်လိုအမူအကျင့်မျိုး၊ ဘယ်လိုကိုယ်ရည်ကိုယ်သွေးမျိုး၊ ကိုယ်လိုအတွေးအခေါ်မျိုး၊ ဘယ်လိုဘဝနေထိုင်မှုမျိုးမှာနေထိုင်တဲ့ လူပုဂ္ဂိုလ်တွေဖြစ်မလဲ။
22) မြန်မာတွေဟာ ဘာသာရေးကို ဘယ်လိုပုံစံမျိုးနဲ့ ယုံကြည်သက်ဝင်နေမလဲ။
23) မြန်မာတွေဟာ ဘယ်လိုစာအုပ်မျိုးကို ဖတ်နေမလဲ။
24) မြန်မာလူငယ်တွေဟာ ဘယ်လိုလူမျိုးကို လေးစားအားကျနေမလဲ။
25) မြန်မာမိဘတွေဟာ သူတို့သားသမီးတွေကို ဘာတွေ လက်ဆင့်ကမ်းအမွေပေးနေမလဲ။
26) မြန်မာကျောင်းဆရာတွေဟာ စာသင်ခန်းတွေမှာ ဘယ်လိုဘာသာရပ်မျိုးတွေကို သင်ကြားပို့ချနေမလဲ။
27) မြန်မာငွေကြေးဟာ ဘယ်လောက်ထိ တန်ဖိုးတက်နေမလဲ။ သို့မဟုတ် ဘယ်လောက်ထိ ငွေကြေး ဖောင်းပွနေမလဲ။
28) မြန်မာပြည်က စီးပွားရေးသမားတွေက ပါမစ်တောင်း၊ ကန်ထရိုက်ယူ၊ သစ်ခုတ်၊ ပွဲစားလုပ်နေပြီးတော့ပဲ စီးပွားရှာနေကြမှာလား။ သို့တည်းမဟုတ် ဘယ်လို ထုတ်ကုန်မျိုး၊ ဘယ်လိုဝန်ဆောင်မှုမျိုးကို ထုတ်လုပ် ဖြန့်ချိပြီးတော့ အမြတ်အစွန်းရနေကြမလဲ။
29) မြန်မာပြည်တွင်းက ပညာရှင်တွေဟာ ဘယ်လိုအယူအဆအတွေးအခေါ်တွေ ဟောပြောပို့ချနေမလဲ။
30) မြန်မာပြည်က ဘုန်းတော်ကြီးတွေရဲ့ ကိုယ်ကျင့်သိက္ခာဟာ ဘယ်လောက်ထိ ကိုးကွယ်ထိုက်နေမလဲ။
31) မြန်မာပြည်က လယ်သမားတွေဟာ ဘယ်လိုစိုက်ပျိုးနေကြမလဲ။
32) မြန်မာပြည်တွင်းက စစ်သားတွေရဲ့ လေ့ကျင့်ရည်နဲ့ သတ္တိဗျတ္တိဟာ ဘယ်လိုမျိုးလဲ။ စစ်တက္ကသိုလ်ထဲ ကို ဝင်တဲ့ လူငယ်တွေရဲ့ စိတ်ဓာတ်က ဘယ်လိုစိတ်ဓာတ်မျိုးတွေဖြစ်နေမလဲ။
33) နိုင်ငံရေးသမားတွေဟာ ဘယ်လိုဝါဒ၊ အတွေးအခေါ်၊ အယူအဆမျိုးနဲ့ နိုင်ငံရေးလုပ်နေကြမလဲ။
34) မိဘတွေဟာ သားသမီးတွေကို ဘာတွေ သွန်သင်ပြီး၊ ဘယ်လိုပြုစုပျိုးထောင်နေကြမလဲ။
35) စာရေးဆရာတွေဟာ ဘယ်လိုစာတွေ ရေးနေပြီး၊ လူထုဟာ ဘယ်လိုစာမျိုးတွေကို အငမ်းမရဖတ်နေ မလဲ။ စာရော ဖတ်ကြပါအုံးမလား။
36) လူတွေရဲ့ ဖုန်းထဲမှာ ဘယ်လို application တွေ များပြားနေမလဲ။ လူတွေရဲ့ ကျောပိုးအိတ်ထဲမှာ ဘယ်လိုအရာတွေကိုထည့်သယ်ကြမယ်လို့ ထင်သလဲ။
37) မြန်မာပြည်ဟာ ဘယ်လိုနိုင်ငံရေးစနစ်မျိုးဖြစ်နေမလဲ။
38) လူထုရဲ့လွတ်လပ်ခွင့်ဟာ ဘယ်လောက်ထိ ရှိနေမလဲ။
39) မြန်မာပြည်တွင်းက အဖွဲ့အစည်းတွေရဲ့ လူမှုအရင်းဟာ ဘယ်လိုရှိနေမလဲ။
40) အသွေးအရောင်ကွဲပြားမှု၊ လိင်ကွဲပြားမှုနဲ့ ကိုးကွယ်ယုံကြည်မှုကွဲပြားခြင်းမှာ ဘယ်လောက်ထိ နားလည်လက်ခံပေးနိုင်တဲ့ အသိဉာဏ်အဆင့်အတန်းမှာ မြန်မာပြည်ဟာ ရှိနေမှာလဲ။
41) မြန်မာလူငယ်တွေဟာ သူတို့ ချစ်သူရည်းစားကို ပိုးပန်းတဲ့ပုံစံဟာ ဘယ်လိုဖြစ်လာမလဲ။
42) မြန်မာတွေရဲ့ အိမ်ထောင်ရေး အကွဲအပြဲတွေနဲ့ အိမ်ရာတည်ထောင်မှုတွေဟာ ဘယ်လိုဖြစ်နေမလဲ။
43) လူတွေရဲ့ လိင်မှုဆက်ဆံရေးဟာ ဘယ်လိုပုံစံတွေဖြစ်လာမလဲ။
44) လူတွေစွဲလမ်းတဲ့ အရာတွေဟာ ဘာတွေဖြစ်မလဲ။ (ဂိမ်းလား၊ အရက်လား၊ လိင်မှုလား) ဂိမ်းဆိုရင် ဘယ်လို ဂိမ်းမျိုးတွေကို စွဲလမ်းနေကြမလဲ။ အရက်ဆိုရင်ရော ဘယ်လိုအရက်မျိုး၊ ဘယ်လိုမူးယစ်ဆေးဝါးမျိုး၊ ဘယ်လို ယမကာမျိုး၊ ဘယ်လိုဆေးလိပ်မျိုးတွေကို သောက်သုံးနေကြမလဲ။ လူတွေရဲ့ လိင်မှုကိစ္စတွေဟာ ဘယ်လိုပုံစံမျိုးဖြစ်နေမလဲ)
45) မြန်မာတွေဟာ ဘယ်လိုအရာတွေကို တန်ဖိုးထားအားကျလေးစားနေပြီးတော့ ဘယ်လိုအရာတွေကို အရာတွေကို ပစ်ပယ်ရှုတ်ချနေမလဲ။

စဉ်းစားစရာတွေ အများကြီး ရှိနေအုံးမှာပါ။ မေးစရာတွေ အများကြီးရှိနေပါလိမ့်မယ်။ မေးခွန်း နံပါတ် (၁၀၀) မက မေးခွန်းထုတ်ချင်ပါတယ်။ အခုတော့…. နံပါတ် (၄၅) နဲ့ပဲ ရပ်လိုက်ပါ့မယ်။

မင်းသေ့
နေ့လယ် ၂ း ၁၇
၅ ၊ စက်တင်ဘာ၊ ၂၀၂၀
ရန်ကုန်မြို့၊ ဘားလမ်းတိုက်ခန်း။

Previous post ▄ အတွေးအခေါ်သစ်ပင်
Next post ▄ မင်းသေ့အမှာစာ